ဗိုလ်ဖိုက်တာ
ကျနော်ဗိုလ်ဖိုက်တာ ကလေးဘ၀မှာ ကြုံခဲ့ရတဲ့ စစ်ရဲ့အနိဋ္ဌာရုံတွေကို အချိန်ခါကာလလိုအပ်ချက်အရ တင်ပြပါပြီခင်ဗျ။
စစ်တိုက်ရင်း ထိန်းမရတဲ့ဒေါသစိတ်နဲ့ အော်ဟစ်ကြိမ်းဝါးကြလို့ ကျယ်လောင်စူးရှလှတဲ့ ကြောက်ခမန်းလိလိ အသံနက်ကြီးတွေကို ကျနော်ဗိုလ်ဖိုက်တာ ကြားခဲ့ရပါတယ်။
ဒီဘက်စစ်တပ်က ဟိုဘက်စစ်တပ်ကိုအသံကုန်လှမ်းအော်ပါတယ်။
“မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ်”
ဟိုဘက်စစ်တပ်ကလည်း ချက်ချင်းတုန့်ပြန်ပါတယ်။
“မင်းတို့ကလေးတွေ ဖတဆိုးဖြစ်ကုန်မယ် … ဟိတ်”
ကျက်သရေလည်းယုတ် ခြောက်ချားစရာလည်းကောင်းပါဘိ….။ ဒီအသံမျိုးကို ဘယ်သူကကြားချင်မှာလဲ..။
ဒါဟာ စစ်ရဲ့အနိဋ္ဌာရုံက လှစ်ဟလိုက်တဲ့ အရုပ်ဆိုးအကြည့်တန်တဲ့ ပြကွက်ကလေးတကွက်မျှသာ….။
ဇာတ်လမ်းအလယ်မှ ဆွဲထုတ်လိုက်တဲ့ ဒီပြကွက်ကို ဒီနေရာမှာ ခေတ္တခဏထား..။ ဇာတ်လမ်းအစကို ပြန်သွားကြစို့လား..။
အစပထမ ကြုံရတဲ့ည
ညနေစောင်းလာပြီမို့ ထမင်းစောစောစားပြီး အထုပ်ကို အဆင်သင့်ပြင်ထားရတယ်။ “သုံးရက်လ ခုံးမျက်စ” ဆိုတဲ့လဆန်း (၃) ရက်သာသာလေးကို ရောက်လာပြီလေ..။ ဖိုးရွှေလမင်း ထွက်လာလို့ အလင်းရောင် အတော်အသင့်မျှလည်း ရလာရော သေမင်းခေါ်သံကလာပြီခင်ဗျ။
“ဖေါက် … ထိုင်း … ရွှီး”
ဟိုး..ခေတ်က အသုံးများတဲ့ ရိုင်ဖယ်သေနတ်သံပါခင်ဗျာ..။ ဘာမျှငေးမနေနိုင်…။ တွေးမနေနိုင်…။ အထုပ်ဆွဲပြီး လွတ်ရာကျွတ်ရာသို့ ပုန်းခိုဖို့ရာပြေးကြရပြီ…။ မှောင်မှောင်မဲမဲထဲမှာ မြွေ..ကိုက်ကိုက်၊ ကင်း..ကိုက်ကိုက်၊ ခလုတ်..တိုက်တိုက်၊ ဆူး … စူးစူး …။
ဖြစ်ချင်ရာဖြစ် လွတ်ရာကျွတ်ရာ ပြေးကြရပြီ..။ အသက်ကိုဖက်နဲ့ထုပ်ပြီး ပြေးရတယ်ဆိုတာ ဒါမျိုးလေလား။ သြော် … “ဖေါက် ... ထိုင်း ... ရွှီး” အသံကို ကြားလိုက်ရုံမျှနဲ့ စစ်ပြေးဘ၀ရောက်သွားရပြီကိုး.။
စစ်ပြေးဘ၀နဲ့ ဒုန်းစိုင်းလာလိုက်တာ အတန်အသင့်မျှကြာတော့ လွတ်မြောက်နယ်မြေကိုရောက်ပြီ။
အထုပ်အပိုးကိုအသာချပြီး ကိုယ့်ရွာဘက်ကို သမင်လည်ပြန်ငဲ့စောင်းကြည့်လိုက်တယ်..။ တသက်တာ နေထိုင်လာခဲ့ကြတဲ့ အိမ်တွေ … အိမ်တွေ..။ မီးလောင်ကုန်ပြီလေ..။ မီးတောက်မီးလျှံမီးညွန့်ကြီးတွေက “တရှဲ..ရှဲ..၊ တဟဲ..ဟဲ..” နဲ့…။ စားတော့..၀ါးတော့..မယောင်..။
မီးဒုတ်ကြီးတွေက “ရှူး” ခနဲမိုးပေါ်ထောင်တက်သွား..။ အရှိန်ကုန်တော့မှပြန်ကျလာ..။ ကျလာတဲ့နေရာမှာ လောင်စာရှိနေရင် မီးကူးပြီးလောင်ပြန်ရော...။ မီးက..ခုန် ကျော် လောင်တတ်တယ်ဆိုတာ ဒါမျိုး..ကိုး..။
သက်ငယ်မိုး၊ ၀ါးထရံကာ တဲအိမ်တွေမီးလောင်လို့ ၀ါးလုံးတွေပေါက်ကွဲပြီ..။ ထွက်လာတဲ့အသံဗလံတွေက “တဖောင်းဖောင်း” နဲ့ခင်ဗျ..။ သူလည်းလေ သေနတ်သံပေလားအထင်နဲ့ “လန့်” သူက “လန့်” လို့..။
ဒီလို “လန့်” သွားတာကို ရယ်သူကရယ်တယ်ခင်ဗျ။ သြော်..အရေးထဲမှာ ဗိုလ်ဖိုက်တာတို့လူမျိုးက “ငိုအားထက် ရယ်အားသန်” တတ်ကြသကိုး..။ ဒီ ဆိုရိုးစကားလေးကို ဒီမှာပဲအမှတ်တရ “တို့” ထားခဲ့ပြီး မူလစကားကိုပြန်ကောက်ရလျှင် …
ထိုးတက်လာတဲ့မီးညွန့်ကို လှမ်းအမြင်မှာ “ဟာ … ငါ့အိမ်ပါသွားပြီ” လို့ တွေးဆပြီး ရင်ဘတ်ကို ထုသူက ထု..။ ငိုကာယိုကာ လဲကျသူက လဲကျ..။ ဆွေ့ဆွေ့ခုန်သူက ခုန်...။ ဒါက အစပထမညရဲ့ အနိဋ္ဌာရုံတွေပါခင်ဗျာ။
(ဆက်လက်ဖော်ပြပါမည်)
လက်နက်ကိုင်တဲ့အဖွဲအစည်းတိုင်းဟာဘယ်လိုအကြောင်းပြချက်နဲ့ပဲကိုင်ကိုင် လက်နက်မဲ့တွေအပေါ် ဗိုလ်ကျတတ်ကျတယ်။နောက်လက်နက်အားကိုးလွန်းတော့စဉ်းစားဥာဏ်လဲနည်းပြီးစာနာစိတ်ကင်းလာတယ်။ဘို့တစ်ဘို့ပဲကြည့်ပြီးလူမိုက်တေီစြေ်သွားရော။