လွှတ်တော်အတွင်း ဆန္ဒမဲပေးရာမှာ စက်ခလုတ်နဲ့ လျှို့ဝှက် မဲပေးစနစ် မသုံးတော့ပဲ ဗြောင်မဲပဲတဲ့ စနစ်ကို သုံးတော့မယ်လို့ သိရပါတယ်။
အဲဒီလို စနစ်ပြောင်းပေးဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ဆုံးဖြတ်လိုက်တာလို့ Eleven Media Group ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ရေးထားပါတယ်။
“ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဗြောင်စနစ်ဖြင့် ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့် ဆန္ဒပြုခွင့်များရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အတွင်း ဗြောင်ဆန္ဒမဲပေးသည့်အခါ မည်သူတဦးတယာက်ကိုမျှ ကြောက်စရာ၊ ရွံ့စရာမလိုဘဲ မိမိယုံကြည်သည့်အတိုင်း မိမိဆန္ဒကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်နိုင်” တယ်လို့ ဆိုပါတယ်။
ကြံ့ဖွံ့တွေ ကြီးစိုးပြီး အနိုင်ပိုင်းထားတဲ့ လွှတ်တော်မှာ ဗြောင်စနစ်နဲ့ ခပ်ပြောင်ပြောင်ပဲ သွားကြမယ့် သဘောပါ။
ဗြောင်လိမ်ဗြောင်စား လွှတ်တော်မှာ ဗြောင်မဲ ပေးတယ်ဆိုတာ ဗြောင်ကျကျ မဲလိမ်မဲခိုးစနစ်ကို ကျင့်သုံးပြီး တက်လာတဲ့ စစ်တပ်နောက်ခံလွှတ်တော် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတာ ကမ္ဘာကို ဗြောင်လိမ်နေတာပါ။ အာဏာကို ဗြောင်ကျကျ မတရားအနိုင်ကျင့် ယူထားတာပါ။ လယ်ယာတွေကို ဗြောင်ကျကျ ရမ်းကားစွာ သိမ်းယူထားတယ်။ ဗြောင်လိမ်ဗြောင်စား စီးပွားရေးသမားတွေ အခွင့်အရေးသမားတွေနဲ့ ကျင်းပနေတဲ့ လွှတ်တော်ဆိုတာ ဗမာပြည်သူတွေ ကမ္ဘာ့ပြည်သူကောင်းကောင်းကြီးသိပါတယ်။ ဗြောင်မိုက်ရိုင်းနေတဲ့ ကလိမ်ကကျစ် စစ်အစိုး ဆိုတာ ဒီလိုပါပဲ။ သတ္တိ ရှိရင် မီဒီယာတွေကို အတိုက်အခံကို ဗြောင် ဖွင့် ပေးရဲလား။ ဗြောင်လိမ်ဗြောင်စား လွှတ်တော်၊ ဗြောင်လိမ်ဗြောင်စား စစ်တပ်နောက်ခံ အစိုးရ၊ ဗြောင်ကျကျ ကျဆုံးမှာ မလွဲပါ။ ဗမာပြည်သား။