မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် (အပိုင်း-၂)

Thursday, September 8, 2011


ဗိုလ်ဖိုက်တာ

(အပိုင်း - ၁ ဖတ်ရန်)

မိုးလင်းပြီ၊ ကုန်ပြီ ...။

အမှောင်ပျောက်လို့ အလင်းရောက်လာ၊ မိုးလင်းပါပြီခင်ဗျာ။ ချောင်ကျကျပုန်းခိုရာ ခြုံနွယ်ပိတ်ပေါင်းတွေထဲကနေ လှမ်းကြည့်လိုက်တာ အထင်းသားမြင်ရပါပြီ။

အား … ရွာလုံးကျွတ်ပြာကျသွားပြီကိုး။ သုံး, လေးအိမ်မျှသော အိမ်ကြီးရခိုင်တို့ရဲ့ အိမ်တိုင် တစ်တိုင်စ နှစ်တိုင်စ ကတော့ မီးသွေးတိုင်ဘ၀နဲ့မယိုင်မလဲ အံကိုခဲလို့ မားမား မတ်နေသေးသဗျ။

မကြုံဘူး၊ မတွေ့ဘူးတဲ့… လွမ်းဖွယ်ဆွေးဖွယ် နှမျောတသဖွယ် ဒီမြင်ကွင်းကို တစိမ့်စိမ့်ငေးမောနေရင်း ... ဟယ် … ငွေဒေါင်းတို့၊ ရွှေဒေါင်းတို့ ဘယ်ဝယ်ဘယ်ဆီရောက်နေကြ..။
ဗိုလ်ဖိုက်တာတို့အိမ်က နွားနှစ်ကောင်ပါ့။

အိမ်ကထွက်ပြေးခါနီးမှာတော့ သူတို့ကိုချည်နှောင်ထားတဲ့ကြိုး ဗိုလ်ဖိုက်တာကိုယ်တိုင်ဖြေ...။ “လွတ်ရာ ကျွတ်ရာ ပြေးကြပေတော့ … သားကြီးတို့ရေ” လို့နှုတ်ဆက်ခဲ့ပါရဲ့။ သြော်..`သတ္တ၀ါတစ်ခု ကံတစ်ခု´ ဆိုတဲ့လောကရဲ့နိယာမ ဖယ်ရှောင်လို့မှမရတာ။

ဗိုလ်ဖိုက်တာတို့မိသားစုကို ထယ်ထိုး ထွန်မွှေ ၀န်စည်သယ်လုပ်ငန်းတွေနဲ့ လုပ်ကျွေးသမှုပြုခဲ့တဲ့ ကျေးဇူးရှင်နွားညီနောင်ကို `ဒီဘ၀,ဒီမျှသာ´ လို့ ဖြေသိမ့်ရလေရော့လား..။
ဒီအတွေးမှာ မျောနေတုန်း ဗိုလ်ဖိုက်တာ့ဝမ်းမီးက ဆာလောင်လို့လာ..။ ဘယ်မှာလဲ.. အိပ်ယာထ စားနေကျ`ထမင်းကြမ်းခဲနဲ့ ငါးပိရေ တို့စရာ´..။ နောက်ပြီးတော့..သောက်ရေ..။ ရေ့အသက် တစ်နံနက်..။ ထမင်းအသက် ခွန်နှစ်ရက်..တဲ့..။

ကံကောင်းတယ်လို့ ဆိုရလေမလား။ ပုန်းခိုရာရဲ့မလှမ်းမကမ်းမှာ ရေတငြိမ့်ငြိမ့်စီးနေတဲ့ ချောင်းကလေးရှိနေတာ..။ သောက်ရေအတွက် မပူပင်ရ။ ဒါပေမယ့် ဆန္ဒပြနေတဲ့ဝမ်းမီးကို ဘယ်လိုငြိမ်းရပါ့။ ကိုင်း… ကျနော်ဗိုလ်ဖိုက်တာ ဘာလုပ်ရမလဲ..။

“လူကလေး ဗိုလ်ဖိုက်တာ။ ဘာတွေစဉ်းစား တွေးတောငေးမောနေသလဲကွာ။”

စကားနည်းလွန်းလှတဲ့ အဖေ့မေးခွန်းပါ။ အဖေ့မျက်နှာကို ငဲ့စောင်းကြည့်လိုက်တော့… တစုံတရာပူပင်ဟန်မဖြန်းတဲ့ မထုံတက်တေးမျက်နှာ..။ ဘာဆိုဘာကိုမျှမထီတဲ့ `ဘာမထီ´ ပုံသွင်ပါလား..။

“လူလေး… စစ်ပြေးဆိုလို့ ဒို့သားအဖပဲကျန်တော့တယ်။ သူ့အစုနဲ့သူ အလျှိုအလျှို ပြေးကုန်ကြပြီ။ ဒီတော့.. ဒို့သားအဖ ဘာလုပ်ကြမလဲ။”

ကျနော်ဗိုလ်ဖိုက်တာ အမြီးအတောင်ပေါက်စ မြီးကောင်ပေါက်အရွယ်မျှသာမို့ ရုတ်ချည်းမှာ`တွေ´ရပါတယ်၊ `ဝေ´ရပါတယ်ခင်ဗျာ။

“လူလေး… သေနတ်သံကြားသေးလား”

“တခါတခါ… သဲ့သဲ့လေးတော့ ကြားနေရသေးတယ်… အဖေ။”

‘အဖေတို့ရွာရဲ့… ဟိုးအနောက်ဘက် ကောင်းကင်ထက်ကို ကြည့်လိုက်စမ်း။ ဘာတွေကိုတွေ့ရလဲ… လူလေး”
“မီးခိုးလုံးကြီးတွေပါ အဖေ”

“ကဲ… ဒါဆို လူလေး..။ ဒို့နေထိုင်ရာ အရပ်တကြောမှာ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရမှာလား..။ ကြောက်ကြောက်လန့်လန့်နဲ့နေ နေရမှာလား..။ နေသင့်,မနေသင့် လူလေးကိုယ်တိုင်ဆုံးဖြတ်..။”

ကျနော်ဗိုလ်ဖိုက်တာက ဖြေမယ်အလုပ်..၊ အဖေက`နေဦး´ဆိုတဲ့သဘောနဲ့ လက်ကာပြရင်း ဆက်ပြောပြန်ပါသေးတယ်။

“အဖေတို့ရွာမှာ မီးလောင်လို့ပြောင်ပြီလေ။ ဘယ်မှာလဲ… နေစရာအိမ်။ ခိုကပ်စရာဘုန်းကြီးကျောင်း..။ ဘယ်မှာလဲ… တနှစ်စာလှောင်ထားတဲ့စပါး။ ဘယ်မှာလဲ… လယ်လုပ်ငန်းခွင်မှာ မရှိမဖြစ်တဲ့ နွား၊ လှည်း၊ ထယ်၊ ထွန်”

သြော်… ကျနော်ဗိုလ်ဖိုက်တာတို့ မိသားစုမှာ ဗလာနတ္ထိ..ဘာမျှမရှိတော့ပါ။

“ကဲ… လူလေး … ကိုယ်တိုင်ဆုံးဖြတ်..။ မေးစရာရှိလျှင်မေး။ ပြောစရာရှိလျှင်ပြော..။ လူလေးသဘော”

“ငြိမ်းချမ်းတဲ့နေရာ..၊ အမေခဏသွားနေတဲ့ အဖွားတို့ရွာကိုသာ သွားကြပါစို့… အဖေရာ”

“မှန်တယ်..လူလေး..။ စစ်ဘေးစစ်ဒဏ်အကြောင်းကို သူတပါးပြောသံကြားနဲ့ သိရတာမျိုးမဟုတ်။ လူလေးကိုယ်တိုင် တွေ့ကြုံပြီးမှ ခံစားချက်နဲ့ သိရတဲ့အသိမျိုး၊ အဲဒီအသိမျိုးကို ရနိုင်သလောက်ရစေချင်လို့ ဒီနေရာက မခွာသေးတာ”

လက်စသတ်တော့… အဖေက သူ့အကြံနဲ့သူကိုး..။

“ခုတော့လူလေးကိုယ်တိုင် ညကတစ်ကြိမ်၊ ခုမနက်တစ်ကြိမ် တွေ့ကြုံပြီးပြီ။ ခံစားချက်နဲ့သိရပြီ..။ အဖေ့ရည်ရွယ်ချက် တစိတ်တပိုင်းအထမြောက်ပြီ..။ ကိုင်း...ဒီတော့ သွားကြစို့… လူလေး။”

ကျနော်ဗိုလ်ဖိုက်တာတို့ သားအဖ အမေရှိရာအဖွားအိမ်သို့ စတင်ခရီးနှင်ကြပြီ။ မကြာမတင်မှာပဲ အဖေကလက်ညှိုးထိုးပြပြီး ပြောလှာပါတယ်။

“ဟေ့… လူလေး။ ဟောဟိုက ပြောင်းဖူးပင်တွေအောက်မှာ ဖရဲသီးတွေ၊ သခွားမသီးတွေ..။ ဝေလီဝေလင်းအချိန်ထဲက ဒီနားတ၀ိုက်ကို အဖေလှည့်ပတ် ကြည့်ရှုလေ့လာထားတာ..။ ပိုင်ရှင်လည်းပြေးပြီ။ ကိုင်း.. အ၀အပြဲသာစားပေတော့။”

ဗိုလ်ဖိုက်တာ ၀မ်းသာလိုက်ပုံများ ပြောမဆုံးနိုင်အောင်ပါပဲဗျာ။ ခုတော့… အရည်ရွှမ်းတဲ့ဖရဲသီးတန်ခိုးဖြင့် ရေငတ်ပြေပြီ။ ၀ါဖျော့ဖျော့ရောင်၊ မွှေးတေးတေးရနံ့နဲ့ နူးညံ့ညံ့အသားရှိတဲ့ သခွားမသီးတန်ခိုးဖြင့် ဆာလောင်နေတဲ့ဝမ်းမီးလည်း ငြိမ်းသွားလေပြီ။
ပျောက်ဆုံးသွားတဲ့ အားအင်တွေပြန်ပြည့်လာတာ၊ တဖျန်းဖျန်းပဲလို့ပင် စိတ်ထဲမှာထင်မိပါရဲ့..။ တလှမ်းချင်းလှမ်းနေတဲ့ခြေလှမ်းတွေ၊ သွက်လို့ သွက်လို့ လာတာကိုလည်း သတိပြုမိပါရဲ့..။

ဒါပေမယ့် အဖွားအိမ်မှာခိုကပ်နေရရင်..၊ အဖွားချွေးမ ဒေါ်လေးမေနဲ့ အဆင်ပြေပါ့မလား..။ အဖွားရဲ့ချွေးမက သူ့ခင်ပွန်း၊ အမေ့မောင်ကို တတီတီတတာတာနဲ့ ပလီပလာတွေ လုပ်လေမလား..။

ပြီးတော့ သူတို့ဇနီးမောင်နှံက ဗိုလ်ဖိုက်တာ့အဖေ၊ ခိုခိုကပ်ကပ်နေရသူကို သွေးမတော်သားမစပ်မို့ ဆေးဖေါ်ကြောဖက်လေးမျှ လုပ်ပါ့မလား..။ သြော်… သိမ်ငယ်သူတို့ရဲ့သဘာဝ၊ တ`လား´ပြီး တ`လား´ စိုးရိမ်ဘွယ်ရာတွေ ပွားပွား..လာပါကလား..။ အင်း..လွှဲရှောင်မရတဲ့ ခိုကပ်နေရမယ့်ဘ၀ ဘယ်လိုများဖြစ်လာပါ့..။

(ဆက်လက်ဖော်ပြပါမည်)




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved