မနေ့က အွန်လိုင်းမှာ တွေ့ရတဲ့ စိတ်ဝင်စားစရာ ဆောင်းပါး နှစ်ပုဒ်ကို လက်တို့ချင်ပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြထားတဲ့ ဒေါက်တာ သန့်မြင့်ဦးရဲ့ လသာတုန်း ဗိုင်းငင်ပါ In Myanmar, Seize the Moment နဲ့ The Economist မဂ္ဂဇင်းကြီးမှာ ဖော်ပြထားတဲ့ မလိုချင်လည်း ဝဲလိုက်ပေါ့ Dammed if they don’t တို့ ဖြစ်ပါတယ်။ သူတို့ဘာပြောသလဲ သိရအောင် အနှစ်ချုပ် မိတ်ဆက်ပေးလိုက်ပါတယ်။
ဦးသန့်မြင့်ဦးရဲ့ ဆောင်းပါးကတော့ အစိုးရအဖွဲ့အတွင်း ခေါင်းမာတဲ့ အုပ်စုတွေက လက်ဦးမှုမရခင် သမ္မတ အိုဘားမားအနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို လူသိရှင်ကြား ထောက်ခံသင့်ကြောင်းနဲ့ ဒီလို ထောက်ခံခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အထီးကျန်မှုကို အဆုံးသတ်နိုင်ဖို့ အကူအပံ့ပေးနိုင်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။
ဦးသန်းရွှေဟာ သူ့လူဟောင်းတွေနဲ့ချည်း အစိုးရသစ်မှာ ထားခဲ့တာမို့ အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်ချက် နည်းခဲ့ကြတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေက အားလုံးကို အံ့အားသင့်စေတယ်။ သမ္မတ မိန့်ခွန်းမှာလည်း အရင်က မကြားဖူးတာတွေ ပြောပြပြီး ကတိတွေ ပေးခဲ့တယ်။ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းချုပ်ကိုင်မှုတွေကို လျှော့ချတာ၊ နိုင်ငံခြား ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ဖို့ ကြိုးပမ်းတာတွေ လုပ်တယ်။ အသိပညာရှင် အတတ်ပညာရှင်နဲ့ စီးပွားရေးသမားတွေရဲ့ အကြံဥာဏ်ကို ယူတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်။ မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားဖို့ သမ္မတ ဦးသိန်းစိန် ဆုံးဖြတ်တာကိုလည်း ဆောင်ပါးမှာ ဖော်ပြထားပါတယ်။
သမ္မတ အိုဘားမား အစိုးရဟာ အချက်သုံးချက်ကို အမြန်ဆုံး လုပ်သင့်တယ်။ ပထမတချက်က အလောတကြီး ဖြစ်ချင်တာတွေချည်း တောင်းဆိုမနေဘဲ စိတ်ရှည်ရှည်ထားပြီး လက်ရှိ အပြောင်းအလဲတွေကို ထောက်ခံမှု ပေးသင့်တယ်။
ဒုတိယအနေနဲ့က မြန်မာပြည်ဟာ အထီးကျန်နေလို့ ကဏ္ဍတိုင်းမှာ လူသားအရင်းအမြစ်တွေ လိုအပ်နေတာမို့ အမေရိကန်အနေနဲ့ တင်းကြပ်ထားမှုတွေကို လျှော့ပေါ့ပေးပြီး လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ အကူအညီတွေကို ပေးသင့်တယ်။ အဲလိုပေးတာမှာ ငွေချည်းသက်သက်မဟုတ်ဘဲ အသိပညာနဲ့ အတတ်ပညာတွေပါ ထောက်ပံ့ပေးဖို့။
နောက်ဆုံးတချက်ကတော့ စီးပွားရေး ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေးဖို့ပါ။ အရင်းအနှီးတွေ လှိမ့်ဝင်လာရင် အလုပ်အကိုင်တွေ ပေါ်လာမယ်၊ လူလတ်တန်းစား အားကောင်းလာမယ်၊ ဒီမိုကရေစီ အရေး မြန်ဆန်လာမယ်။
ဒါကတော့ ဒေါက်တာသန့်မြင့်ဦးရဲ့ ဆောင်းပါးကို အနှစ်ချုပ် ပြန်ပြောပြတာပါ။
The Economist မဂ္ဂဇင်းကြီးမှာ ဖော်ပြထားတဲ့ Dammed if they don’t မှာတော့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်လို့ ပြည်တင်းရင် မင်းမခံနိုင်ဘူး ဆိုတဲ့သဘောနဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် အနောက်နိုင်ငံများ အမြင်ကို ရေးထားတာပါ။ အနောက်နိုင်ငံတွေ ပိတ်ဆို့ထားမှုကြောင့် မြန်မာပြည်ဟာ တရုတ်ကို ပိုကပ်သွားတယ်။ တရုတ်ဟာ မြန်မာပြည်မှာ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်လာတယ်။
သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက်မှုကို ဆိုင်းငံ့လိုက်တော့ တရုတ်က အနာပေါ်တုတ်ကျ ဖြစ်သွားတယ်။ The Economist မဂ္ဂဇင်းရဲ့ လေ့လာမှုအရ တရုတ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် လမ်းတွေဖောက်၊ တန်းလျားတွေဆောက်၊ ဒေသခံတွေကို ဖယ်ခိုင်းတယ်။
မြန်မာအစိုးရဟာ မြစ်ဆုံဆည် ဆောက်လုပ်မှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခြင်းအားဖြင့် အိမ်နီးချင်း တရုတ်ရဲ့ သြဇာကနေ လွတ်မြောက်ဖို့ အချက်ပြမှု တခုလည်းဖြစ်တယ်။ ပြီးတော့ မြန်မာအစိုးရဟာ ပြည်တွင်းက အတိုက်အခံတွေရော ပြည်ပက သူတို့ကို ဝေဖန်သူတွေနဲ့ပါ သင့်မြတ်ဖို့ လုပ်လာတယ်။ ဒါပေမယ့် ပြဿနာက အနောက်နိုင်ငံတွေ ဘဝင်ကျလောက်တဲ့ အခြေခံပြုပြင်ပြောင်းလဲမှုတွေ မြန်မြန်နဲ့ များများ ဖြစ်မလာသေးတာပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သင့်မြတ်ဖို့ ကြိုးပမ်းမှု မအောင်မြင်တာနဲ့ ကဏ္ဍကောစ လုပ်မယ့် ခေါင်းမာတဲ့သူတွေက အသင့်ရှိခဲ့ဖူးတယ်တဲ့။
ဒါကတော့ The Economist မှာ ရေးထားတာကို အကျဉ်းချုံး ပြောပြတာပါ။
ဗိုလ်ချုပ်သန်းရွှေက တမင်ကို အရောင်အသွေးကွဲတဲ့ သဘောထား ၁မျိုးစီရှိတဲ့ အဖွဲ့ ၂ဖွဲ့ကို ဖန်တီးထားတာလား၊ ခြေစစ်ပွဲသဘောမျိုးနဲ့ ထိုင်ကြည့်နေတာလား ဒါကတချက်ပါ၊ နောက်တချက်က လက်ရှိအစိုးရတွင်း ပျော့/တင်း ၂ဖွဲ့ဟာ သူတို့ကိုရွှေ့ကစားနေတယ်ဆိုတာတောင်သူတို့ကိုယ်တိုင်သိပါရဲ့လား အဲ့သလို ကစားကွက်တကွက်ခင်းထားပြီး NLD နဲ့ ဒေါ်စု ကို တဖြေးဖြေးကျုံးသွင်းသလို သွင်းလာနေတာလားပေါ့ အဖြေကတော့ NLD အနေနဲ့ မှတ်ပုံတင်မတင် ကိုတချက်စောင့်ကြည့်ရတော့မှာပါပဲ