လိုရင်းတိုရှင်း (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
အဦးအစ ပထမ မို့..၊ မိတ်ဆက်ပါရစေ.. အိုမိတ်ဆွေ..။
ကျွန်တော့်နာမည်က‘မောင်လိုရင်း’ပါ..ခင်ဗျာ..။ ကျွန်တော်နှင့်အတူ ဟိုစကား,ဒီစကား ပြောကြားလေ့ရှိသူက..‘မောင်တိုရှင်း’ ပါ တဲ့..။
ယခု တင်ပြမည်က ၁၉၉၀ ရွေးကောက်ပွဲပြင်ဆင်စ အခါသမယက ဖြစ်ရပ်မှန်ပါ။
ကျွန်တော် မောင်လိုရင်းနှင့်မောင်တိုရှင်းတို့၊ လဘက်ရည်ဆိုင်တွင် ထိုင်နေစဉ်..၊ ရှေ့က စားပွဲ၌ လူနှစ်ယောက် စကားပြောဆိုနေကြ၏။
အငယ်လူ၏ စကားကို ဦးစွာကြားရသည်။
“ရှစ်လေးလုံးတိုက်ပွဲမှာ၊ အသေအလဲ နွှဲခဲ့ပြီးပြီဗျာ.။ ရေကြည်အိုင် ထောက်လှမ်းရေးမှာ၊ အသက်ထွက်လုနီးပါး ခံခဲ့ပြီးပြီဗျာ။ ကိုယ်တိုင် တိုက်ဖူးမှသိတာ..။ ကိုယ်တိုင်ခံဖူးမှ သိတာ..။ ပေးဆပ်ခဲ့တာတွေက တနင့်တပိုးဗျ။ ဒီတော့ နိုင်ငံရေးပါတီ ထောင်ချင်ရင် ထောင်လို့ရပြီဗျ”
အကြီးလူကနားကြားပြင်းကတ်သွားလေသလား။ ဤသို့တုန့်ပြန်လေသည်။
“ပေးဆပ်ခဲ့ရတာတွေ အတွက်၊ ထိုက်ထိုက်တန်တန် ပြန်ရခွင့် ရှိတယ်။ ဒါကြောင့် နိုင်ငံရေးပါတီ ထောင်မယ်။ နိုင်ငံရေးလုပ်မယ်။ ဒီလိုလား..ဟဲ..ဟဲ..”
အကြီးလူက တချက်မျှ‘ရိ’လိုက်သည်ထင့်..။ ဘာပဲဖြစ်ဖြစ် ရှေ့ကိုတော့ ဆက်၍ပြောသည်။
“အိမ်း..နိုင်ငံရေးနယ်ပယ်မှာ၊ ဒီသဘောထားမျိုးတွေ ရှိတတ်တယ်။ အစကတော့ နိုင်ငံ့အတွက် သက်သက်ပဲ။ အသက်ပင်သေသေ ရိုးရိုးသားသား စွန့်လွှတ် စွန့်စားခဲ့ကြတယ်။ ကိုယ်ကျိုးအတွက် ဘာကိုမျှ မမျှော်လင့်ခဲ့ကြဘူး..”
အငယ်လူက ဘာမျှ ခွန်းတုန့်မပြန်။ အကြီးလူပြောနေသည်ကိုသာ ကြားနေရသည်။
“အဲ..ကွေ့တကွေ့ကိုလည်း လွန်မြောက်လာရော၊ စိတ်ကဖေါက်လာပြီ။ ဟောဒီမှာ, သီချင်းစာသား အတိုအစလေး ရှိတယ်..‘မောင်..အရင်လို မဟုတ်တော့ဘူး’.. တဲ့.. ဟဲ..ဟဲ..”
အငယ်လူက အနာပေါ်တုတ်ကျသည့်အလား..၊ ခံစားသွားရပေလို့လား...။ ခတ်ပြတ်ပြတ် ခွန်းတုန့်ပြန်၏။
“စိတ်ဖေါက်လာတဲ့လူစားထဲ၊ ကျွန်တော်မပါဘူးဗျ..”
“ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေကိုပြောတာကွဲ့။ ယူတတ်ရင် နေရင်းထိုင်ရင်း သင်ခန်းစာတွေ အလကားရသကွ..”
ဤသို့အစချီပြီးအကြီးလူက ဆက်ပြောသည်မှာ-“နိုင်ငံရေးဟူသည် လူမျိုးစုံနှင့် ပတ်သက်ရသည်။ ထိုလူမျိုးစုံထဲတွင် သန့်စင်မွန်မြတ်သူများ ပါဝင်သည်။ ညစ်ထေးသူအချို့လည်း မလွှဲမရှောင်သာ ရောနှော ပါဝင်လာတတ်သည်။ မူလ အစက သန့်စင်မွန်မြတ်သော်ငြား၊ ခရီးတထောက်တွင် ဖေါက်ပြီး ညစ်ထေးသွားသူများလည်း ရှိတတ်သည်..”တဲ့..။
ခေတ္တနားပြီး ဆက်ပြောသည်-
“ထိုညစ်ထေးသူတို့သည်၊ တပါးသူကို အဆိုးမြင်စိတ်ဖြင့် ကြည့်သည်။ အပြစ်ရှာသည်။ ကိုယ့်ကိုယ်ကို ဆန်းစစ်ရန်မူ၊ စိုးစဉ်းလေးမျှပင် အလေးမထား။ ထို့ကြောင့် မိမိ၏ ငယ်ထိပ်မှာ ကပ်နေသော ‘ငါမှငါ’ အတ္တကို မမြင်တော့။ ကိုယ့်ကိုယ်ကို ထင်တလုံးဖြင့် ဘ၀င်မြင့်ကာ၊ မတန်မရာ ခေါင်းဆောင်ရောဂါ ထတတ်သည်”.တဲ့။
အကြီးလူကပင် ဆက်၍ပြောပြန်သည်။
“ခေါင်းဆောင်ဆိုတာ၊ ပြည်သူလူထုနဲ့တကွ မျက်စိကြီးနားကြီး ဂုဏ်သရေရှိလူကြီးတွေက၊ တင်မြှောက်မှ ဖြစ်တာ။ လုပ်ယူလို့ဖြစ်တာ မဟုတ်။ အဓမ္မနည်းနဲ့ ခေါင်းဆောင် လုပ်ရင်၊ ကိုယ့်နိုင်ငံရေးသေတွင်းကို၊ ကိုယ်,ကိုယ်တိုင် တူးတာပဲ။ နိုင်ငံရေးအသေကောင်ဖြစ်သွားမယ်။ နိုင်ငံရေးအပုတ်နံ့ တထောင်းထောင်း ထွက်မယ်။ လူအများရဲ့ရှောင်တာ, ရှားတာ, ဖယ်ကြဉ်,တာကို ခံရမယ်..။ အဲဒါ ဇာတ်သိမ်းခန်းပဲ..”
အငယ်လူကဘာမျှခွန်းတုန့်မပြန်၍၊ အကြီးလူကပင်ဆက်ပြောသည်။
“နိုင်ငံရေးပါတီထောင်တာဟာ၊ ကလေးကလား,ခလေးကစားတာ မဟုတ်ဘူးကွ။ တပြည်လုံး အတိုင်းအတာနဲ့၊ လှုံ့ဆော်,စည်းရုံး,လှုပ်ရှား,နိုင်ရမယ်။ ပြည်ထောင်စုသားချင်း လူပါးဝ ဗိုလ်ကျတဲ့ မဟာဗမာလူမျိုးကြီးစိတ်ဓါတ် ကင်းစင်ရမယ်။ တိုင်းရင်းသားအားလုံးရဲ့ယုံကြည် ကိုးစား ထောက်ခံမှု ရှိထားရမယ်။ ဒါက ပြည်တွင်းရေးရာအတွက် အနည်းဆုံး လိုအပ်ချက်.”
အကြီးလူက တကဏ္ဍကို ဖြတ်ပြီး၊ နောက်တကဏ္ဍကို ဆက်သည်။
“နိုင်ငံတကာနယ်ပယ်မှာလည်း၊ ကမ္ဘာ့အဆင့် အရည်အချင်းရှိသူအဖြစ်၊ ရပ်နိုင်စွမ်းရမယ်။ ပညာရဲ့ရင့် ပွဲလယ်တင့်ရမယ်။ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များရဲ့ အသိအမှတ်ပြုလေးစားသမှုကို၊ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ထားနိုင်ရမယ်။ ဒါက,ပြည်ပရေးရာအတွက်၊ အနည်းဆုံး လိုအပ်ချက်..”
အငယ်လူက တုပ်တုပ်မလှုပ်၊ ကျောက်ရုပ် လုပ်နေသဖြင့်၊ အကြီးလူကပင် ဆက်ပြောသည်။
“ပြောခဲ့တဲ့လိုအပ်ချက်တွေမဖူလုံပါဘဲ နိုင်ငံရေးခေါင်းဆောင်တက်လုပ်ဖို့ အားထုတ်မိရင်..၊ နိုင်ငံရေးခေါင်းဆောင်တော့ ဖြစ်လာမှာ မဟုတ်ဖူး။ နိုင်ငံရေးအကောင်ပဲ ဖြစ်လာမယ်။ ကိုင်း, ငါပြောချင်တာ..ဒါပဲ။ အချိန် အတော် လင့်သွားပြီ။ သွားကြစို့..”
ထိုနှစ်ယောက်သား ထွက်သွားကြလေပြီ။ သည်တော့မှ, မောင်တိုရှင်းက မော်လမြိုင်စကားဖြင့် မှတ်ချက်ချလိုက်၏။
“နိုင်ငံရေးခေါင်းဆောင် တဲ့..၊ နိုင်ငံရေးအကောင် တဲ့..အာပါး..”
//ပြီးပါပြီ//
လိုရင်းတိုရှင်း [ 12:31AM;Feb 13,2012 ]
အစစ်ပဲဗျိုးးး အစစ်ပဲ အစစ်ပဲ မောင်ကောင်းတို့ မြန်မာပြည်ကြီးမယ် ခုနေချိန်ခါ နိုင်ငံရေးအကောင်တွေ ပေါမှပေါ မှိုထ နေသလိုပဲ " နိုင်ငံရေးအမြတ်ထုတ်ရအောင် နိုင်ငံရေးသမားမှ မဟုတ်ထာ" ဆိုပြီး သဲ့သဲ့ သဲ့သဲ့ အမြတ်ထုတ်နေတဲ့ ပေါချောင်ကောင်း ကြားကောင်တွေလဲ ရှိသေးသဗျ။