လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Yangon Press International
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၂ (YPI)
ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က လှည်းတန်းလမ်းဆုံ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယင်းသန့်စင်ခန်း ၀န်ထမ်း တဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသူ မခင်မြတ်နွယ်မှာ ဆေးရုံတွင်လနှင့်ချီ ကုသမှုခံယူလျက်ရှိသည်။
YPI ။ ။ အခုလို ဗုံးဖောက်ခွဲတဲ့လူတွေအပေါ်ဘာများပြောချင်ပါသလဲ။
မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး ။ ဒါကတော့ ကိုယ့်ကုသိုလ်ကံပေါ့နော်။ ကုသိုလ်ကံမကောင်းဘူး။သူလည်းတစ်နေ့ကျရင် သူ့ဒုက္ခနဲ့သူ သွားမှာဘဲ။ သူ့လည်းကိုယ်ဘာမှ မလုပ်ချင်ဘူး ။ကိုယ့်ကုသိုလ်ကံ မကောင်းလို့ပေါ့နော် ။ဟိုဘ၀က ဒီလိုဖြစ်မယ်ဆိုတာ ပါလာလို့ဖြစ်တာဘဲ။ အဲလိုမျိုးတော့ယူဆတယ်။ ကိုယ်ကမှ ကုသိုလ်ကံကောင်းတယ်လို့ ပြောရအုန်းမယ် ဟိုတစ်ယောက်ဆို သေသွားတာ တစ်စစီဖြစ်သွားတယ် ။ ကိုယ်လည်းပြန်ပြန်ပြီး ဖြေသိမ့်တယ်။ ဘယ်သူ့ကိုမှ ပြစ်မတင်ပါဘူး ။ ကုပေးတဲ့လူကိုတော့ ကျေးဇူးတင်တယ်။ အစိုးရကုပေးတယ်ပြောတာပါဘဲ။ ကိုယ်တော့မမြင်ရပါဘူး။ ကိုယ်က ဘာမှမ၀ယ်ရဘူး သူတို့လာလုပ်ပေးတာ အသင့်နေရတာဘဲရှိတယ်။ သူတို့ကိုတော့ ကုလက်စနဲ့ မျက်နှာလေးပါကောင်းအောင် ကုပေးပါလို့တော့ စာတင်ခိုင်းထားတယ်။ ကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့ မကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့နော်။
YPI။ ။ နောက်ရောဘာပြောချင်ပါသေးလဲ။
မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်။ မျက်နှာပြန်ကောင်းချင်တယ်။ အဲဒါ အလုပ်မြန်မြန်ပြန်လုပ်လို့ရအောင် ။ ဒီမျက်နှာနဲ့ ကျတော့ ဘယ်မှမသွားရဲဘူး ။ ယောင်္ကျားးလေး ဆိုရင်တော့ မလုပ်ခိုင်းဘူးပေါ့ ။မိန်းခလေးဖြစ် တော့လည်းရှက်တာပေါ့ လူကြားထဲအလုပ်လုပ်ရမှာလေ။ မကောင်းတာ လုပ်စားတာလည်းမဟုတ်ဘူး ။ လူတော သူတောထဲမှာ သူများတွေဝိုင်းကြည့်တော့ အားငယ်တာပေါ့ ။ မျက်နှာမကောင်းတာတော့ အဲလိုမျိုးပေါ့နော် ဟိုတစ်လောကဆိုမှန်ထဲကြည့်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ငိုရတယ်။ ခြေထောက်တွေလက်တွေ မကောင်းတာတော့ ကိစ္စမရှိဘူးပေါ့နော်။
ညွှန်း - Yangon Press International http://www.facebook.com/ygnpress
ဆင်ချင်ကြပါဆရာတို့ ရေ။ ဘာအတွက်နဲ့ လုပ်တယ် ဘယ်သူ့ အတွက်လုပ်တယ်။ ရည်ရွယ်ချက်ကဘာလဲ ခိုင်းတိုင်းလုပ်သင့်မလုပ်သင့်။ ငွေရတိုင်းလုပ်သင့်မလုပ်သင့် တွေးဆ ချင့်ချိန်နိုင်ကြပါစေ။
သိပ်ပြီးတော့ခံယူချက်ပြင်းပြင်းနဲ့ ဗုံးခွဲ မယ်ဆိုလဲ ကိုယ်ချင်းစာတရားလေးထားပြီးခွဲပါ။ ကိုယ်ချင်းစာတရားထားပြီးခွဲပါဆိုတာ အသေခံဗုံးခွဲတာကိုပြောတာနော်။ ကိုယ်ကျတော့မသေရဲဘဲ အပြစ်မဲ့သူတွေကံဆိုးသူမောင်ရှင်တော့မလုပ်ပါနဲ့ 