၈၈ ခေါင်းဆောင် ကိုကိုကြီးရဲ့ စာတမ်း

Sunday, June 3, 2012



ရှမ်းခေါင်းဆောင်များနှင့် တောင်ကြီးမြို့ရောက် ကိုကိုကြီး ဓာတ်ပုံ- ၈၈

ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email- 88generation.k3@gmail.com
ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂

နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး

“နိုင်ငံတော် ” ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် “နိုင်ငံသားများ” အနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။

အမှန်စင်စစ် “အစိုးရ ” နှင့် “နိုင်ငံတော် ” ကို လုံးထွေးသုံးစွဲခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြည်ညို ပျက်အောင် လုပ်ခြင်း - ပုဒ်မ ၁၂၄(က)ကို ကျင့်သုံးနိုင်ရန်အတွက် “နိုင်ငံတော် ” ဆိုသည်မှာ “ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တည်ထောင် ခန့်အပ်သော အစိုးရ ” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရအကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုတ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉာဉ်စာချုပ်ပင်ဖြစ်သည်။

ပဋိဉာဉ်စာချုပ်တစ်ခု တရားဝင်ခိုင်မာမှုရှိစေရန်မှာ ခြိမ်းခြောက်ခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်း တစ်စုံတရာ မပါ ဘဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက်ရှိစဉ် မိမိဆန္ဒသဘောအလျောက် ချုပ်ဆိုသော စာချုပ်ဖြစ်ရန် လိုအပ် သည်။

ဤအချက် သည် စာချုပ်၏ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုက်နာ ဖော်ဆောင်ရမည့် နိုင်ငံသားများနှင့် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၏ ဂုဏ်သိက္ခာ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင်လျှင် “ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ ဆင်း သက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ” ဟူ၍ နိုင်ငံတော်အခြေခံမူများ၊ အခန်း(၁)၊ ပုဒ်မ(၄)တွင် အတိအလင်း ပြဋ္ဌာန်း ထားသည်။

ထို့ကြောင့် နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အမြင့်ဆုံးဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားများထံမှ ဆင်းသက်ခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်းသည် တရားမ၀င်ကြောင်း၊ နိုင်ငံတော်ဟူ၍ သတ် မှတ်ခေါ်ဝေါ်ခြင်း မပြုနိုင်ကြောင်း ထင်ရှားပေါ်လွင်ပြီးဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၁) နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညို ပျက်စေ မှု ဆိုင်ရာ ပြဋ္ဌာန်းချက်များအရလည်း “ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ ” ဟူ၍ အတိအလင်း ဖွင့်ဆိုပြဋ္ဌာန်းချက်အရ အခြားနည်းဖြင့်တည်ထောင်ဖွဲ့စည်းသော အစိုးရများကို နိုင်ငံတော်ဟူ၍ မသတ်မှတ်ကြောင်း သိသာထင်ရှားပြီးဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရပ်အရ “ နိုင်ငံတော် ” ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း နိုင်ငံတော်၏ အင်္ဂါရပ်များ အဖြစ် -
၁။ ပထ၀ီနယ်နိမိတ်
၂။ နိုင်ငံသား
၃။ အစိုးရ နှင့်
၎။ အချုပ်အခြာအာဏာ ဟူ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းဖွင့်ဆိုချက်သည်ပင် နိုင်ငံရေးစနစ်အားလုံးအတွက် ခြုံငုံဖွင့်ဆိုချက်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ကျင့်သုံးသည့် နိုင်ငံများအတွက်သာ သီးခြားပြဋ္ဌာန်းချက်မျိုး မဟုတ်ပေ။

ထို့ကြောင့်လည်း သက်ဦး ဆံပိုင်ဘုရင်အစိုးရ၊ လူနည်းစုမှူးမတ်များအုပ်ချုပ်သည့်အစိုးရ၊ တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင် အစိုးရများ သည်ပင်လျှင် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

မိမိကိုယ်မိမိ နိုင်ငံတော်ဟူ၍ မသတ်မှတ်နိုင်ပေ။ အစိုးရနှင့် နိုင်ငံတော်ကို ထပ်တူပြု၍ မရပေ။
“ နိုင်ငံတော်ဆိုတာ ငါဘဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဘဲ ” ဟူ၍ သမိုင်းတွင်ခဲ့သည့် စကားကို သုံးစွဲခဲ့သူမှာ ပြင်သစ်နိုင်ငံမှ (၁၆)ဆက်မြောက် လူဝီဘုရင် ဖြစ်သည်။ နိဂုံး မကောင်းခဲ့ပါ။

အာဏာရှင်နိုင်ငံ များ တွင် အစိုးရများက “နိုင်ငံတော် ” ဆိုသည့်ဝေါဟာရကို ပုဂ္ဂလိကပိုင်ပြုလုပ် သုံးစွဲခဲ့ရာမှ “ အမည်ခံ နိုင်ငံတော် ” ၏ အခန်းကဏ္ဍမှာ အတိုင်းအဆမရှိ ကြီးမားနေပြီး နိုင်ငံသားများ၏ အခန်း ကဏ္ဍ မှာ မှေးမှိန်ပျောက်ကွယ် ခဲ့ရသည်။

ယနေ့ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းသည် တစ်စတစ်စ ကျယ်ပြန့် ကြီး ထွားလာ နေပြီဖြစ်သည်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် နိုင်ငံသားများ၏အခန်းကဏ္ဍသည် အခြေခံ မဏ္ဍိုင်ဖြစ်သည်။

နိုင်ငံသားများ၏အခန်းကဏ္ဍ ကြီးမားအရေးပါလာခြင်း၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ မြင့်မား လာခြင်း သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြှင့်တင်ခြင်းပင်ဖြစ်သည်။ နိုင်ငံသားများ၏ အခန်းကဏ္ဍကို ပစ်ပယ်သည့် အစိုးရများ၊ နိုင်ငံသား အခွင့်အရေး များကို ပိတ်ပင်ညှင်းပန်းသည့် အစိုးရများကို နိုင်ငံတကာ မိသားစုများ က ဝေဖန်ပြစ်တင်ခြင်း၊ အရေးယူ ပိတ်ဆို့ခြင်းများ သည်လည်း အထင်အရှားပင်ဖြစ်သည်။

နိုင်ငံတော်၏ ပုံရိပ် ထိခိုက်နိမ့်ကျခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြင့်သာ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပေ မည်။

တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ စိုးမိုး အုပ်ချုပ်ခြင်းနှင့် လုံးဝ ဆန့် ကျင် ခြားနားသည်။

တရားဥပဒေစိုးမိုးသည့် အခြေအနေတွင် လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးသည် တရား ဥပဒေရှေ့ မှောက်တွင် တန်းတူသာဖြစ်သည်။ တရားဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင်ခွင့်များ အတိုင်း သာ ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင် တရားဥပဒေသည် နိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ရန် နိုင်ငံသားအခွင့်အရေးများကို အာမခံနိုင်ရန် နိုင်ငံသားများ၏ အကျိုးကို ရှေ့ရှု ပြ ဋ္ဌာန်းရမည်ဖြစ်သည်။

တည်ဆဲဥပဒေများသည် နိုင်ငံသားများ ဘက်မှ ရပ်တည်သလော၊ အုပ်ချုပ်သူ များဘက်မှ ရပ်တည် သလော ပြန်လည် ဆန်းစစ် ဝေဖန်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

အထူးသဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေများကို ပြန်လှန် သုံးသပ်၍ ပြုပြင်ပယ်ဖျက်ပေးပါရန် တင်ပြ တောင်းဆိုရမည့် အချိန်လည်း ဖြစ်သည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေအချို့ကို တင်ပြ ဆွေးနွေး သွားပါမည်။

၁။ (၁၉၀၇)ခုနှစ် ကျေးရွာနှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်း
ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်း ခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်သည်။
သက်တမ်း အားဖြင့် (၁၀၅)နှစ် ရှိခဲ့ပြီဖြစ်သည်။ (၁၈၈၅)ခုနှစ် မြန်မာဘုရင် သီပေါမင်းအစိုးရကို ဖမ်းဆီး ကျွန်ပြုပြီး နောက်ပိုင်း မြန်မာမျိုးချစ်များ ၏ လက်နက်ကိုင်ပုန်ကန်မှုကို ဓါးပြမှု၊ လုယက်မှု၊ သောင်းကျန်းမှု များအဖြစ် ချိုးနှိမ် စွပ်စွဲပြီး ပြင်းပြင်း ထန်ထန် နှိမ်နင်း ခဲ့ သည့် ကာလလည်းဖြစ်သည်။

(၁၉၀၄)ခုနှစ်၊ ရုရှား - ဂျပန် စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ပြီး မြန်မာမျိုးချစ်များအကြား အာရှသားများ ၏ အောင်ပွဲအဖြစ် အမျိုးသားရေးစိတ်ဓါတ်များ စတင် နိုးကြားလာသည့် ကာလလည်းဖြစ်သည်။

ထို့ကြောင့်လည်း အုပ်စိုးသူအစိုးရ၏ လုံခြုံ ရေး လိုအပ်ချက်အရ ကိုလိုနီနိုင်ငံသားများ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ရန် ဤဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ဤဥပဒေ အနှစ်တစ်ရာကျော်လာသည့်အချိန်ထိ ဆက်လက်ကျင့်သုံးနေခြင်းကို အလေးအနက် ပြန်လည် သုံးသပ် ကြရပေတော့မည်။ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာ သည့် အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်းတိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံတွင်း ခရီးသွား လည်ပတ်သည့်အခါ ဧည့်စာရင်းတိုင်ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန်လိုအပ်ပေလိမ့်မည်။

နိုင်ငံသားအားလုံး သန်းပေါင်း(၆၀)ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (suspected) အဖြစ် သတ်မှတ်ခံရသည့်သဘော ဖြစ်သည်။ ဧည့်သည်အဖြစ် သွား ရောက်လည်ပတ်သည့် တည်းခိုသည့် ဧည့်သည်များသည်လည်းကောင်း၊ လက်ခံခွင့်ပြုသည့် အိမ်ရှင်များသည်လည်းကောင်း၊ နိုင်ငံသား အားလုံးသည် ယုံကြည်စိတ်ချဖွယ်ရာမရှိသည့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဖွယ်ရှိသည့်သူများအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

ရံဖန်ရံခါဖြစ်ပေါ်တတ်သည့် ဗုံးကွဲမှုတစ်ချို့ရှိခဲ့ခြင်းအတွက် နိုင်ငံသားသန်း (၆၀)က ၀န်ထုတ် ၀န်ပိုး တစ်ခု အဖြစ် လိုက်နာ နေကြရခြင်း ဖြစ်သည်။ ဧည့်စာရင်းဥပဒေကြောင့်လည်း ယင်းဖြစ်ရပ်များကို ကာကွယ် နိုင်ခြင်း မရှိပါ။ နိုင်ငံတွင်း အဂတိ လိုက်စားမှု၊ ခြစားမှုများကြောင့် အမှန်တကယ် ကျူးလွန်မည့်သူများအတွက်မူ ယင်းဥပဒေကို ကျော်လွှားနိုင်သည့် အခြေ အနေများ ရှိနေပြီးဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် ယင်းဥပဒေကြောင့် စာရွက်စာတမ်း၊ အချိန်၊ လုပ်အားဆုံးရှုံးမှုများ သည် နိုင်ငံ တော်အတွက် လေလွင့် ပြုန်းတီးမှုများပင်ဖြစ်သည်။ အဆိုးဝါးဆုံးမှာ မြန်မာနိုင်ငံသားများအနေဖြင့် ရုံးပြင်ကနားဆိုလျှင် အထိတ်ထိတ် အလန့်လန့်ဖြင့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုပင်ဖြစ်သည်။

မူရင်းကျေးရွာနှင့်မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ(၄)တွင် “ဤဥပဒေအာဏာသက်ရောက် ရမည့်မြို့ များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်နိုင်သည် ” ဟု သီးခြားပြဋ္ဌာန်းထားသည် ကို တွေ့ရှိရပါ သည်။

ဆိုလိုသည်မှာ အစိုးရ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ထုတ်ပြန်သော အက်ဥပဒေ တွင်ပင်လျှင် တစ်နိုင်ငံလုံး အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဤဥပဒေကျင့်သုံးရန် လိုအပ်မည့် ကာလအလျောက် လိုအပ်မည့်မြို့ များကိုသာ သတ်မှတ်ကျင့် သုံး ရမည်ဟု အထင်အရှား ပြဋ္ဌာန်းထားသည်ကို သတိပြုရန်လိုပေ လိမ့်မည်။

မူရင်းပြဋ္ဌာန်း ကျင့်သုံးခဲ့သည့် တိုင်းတပါးအစိုးရပင်လျှင် ၄င်း၏လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြို့များမှအပ အခြားပြည်သူ ( နိုင်ငံသားများ) အားလုံးအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ဂရုတစိုက် သတ်မှတ် ပြဋ္ဌာန်းမည် ဟု ဆိုလိုသည်။

သို့သော် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ( ၆၀ ) ခန့် ကြာခဲ့သည့်အချိန်တွင် နိုင်ငံ နယ်နိမိတ်အတွင်း ကာလ၊ ဒေသ မရွေး သက်ရောက်နေသည်ကို တွေ့ရသည်။ တရားဥပဒေဆိုသည်မှာ မပြဋ္ဌာန်းမီ ဥပဒေချိုးဖောက်သူ မရှိဘဲ၊ ပြဋ္ဌာန်းလိုက်သည့် အချိန်တွင်မှ ဥပဒေချိုးဖောက်သူများ အဖြစ် ရောက်ရှိသွား ရခြင်းဖြစ်သည်။

ပြဋ္ဌာန်းရန်မလိုအပ်သည့် ဥပဒေများ၊ လိုက်နာရန်မလွယ်ကူသည့် ဥပဒေများကို ပြဋ္ဌာန်းလိုက်ခြင်းသည် နိုင်ငံသားများအား ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့လိုက်သည့်သဘောလည်း ဖြစ်သည်။ နိုင်ငံသားများ၏ ဂုဏ်သိက္ခာကိုထိပါးစေခြင်းလည်းဖြစ်သည်။

အထက်ပါဥပဒေ၏ ကျေးရွာအက် ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲ(၂) တွင် ဧည့်စာရင်းတိုင်ထားသည့် ဧည့်သည်ပြန် သွားလျှင် အိမ်ရှင်က သတင်းပို့ တိုင်ကြားရမည်ဟု ဆက်လက် ပြဋ္ဌာန်းထား သည်ကို တွေ့ရှိရသည်။ သို့သော် မည်သည့်အိမ်ရှင်ကမှ ဧည့်သည် ပြန်သွားပြီဖြစ်ကြောင်း သတင်းပို့တိုင်ကြားလေ့မရှိပေ။

ဆိုလိုသည်မှာ နိုင်ငံသားအားလုံးအနေဖြင့် သိလျှက် ဖြစ်စေ၊ မသိ၍ဖြစ်စေ ယင်းဥပဒေကို ချိုးဖောက်မိ လျှက်သား ဖြစ်နေ ပေသည်။ ထို့ကြောင့် (၁၉၀၇)ခုနှစ် ကျေးရွာ နှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရခြင်း ဥပဒေသည် နိုင်ငံသား အားလုံးအား သံသယ ဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ(suspected) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူ များ အဖြစ် တွန်းပို့နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ ရှိရပါသည်။


၂။ (၁၉၅၀)ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
ဤဥပဒေကို ပြဋ္ဌာန်းသည့်ကာလသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးစ ရောင်စုံလက်နက်ကိုင် ပုန်ကန်မှုများ ကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့် ကာလ(အရေးပေါ် အခြေအနေ ဖြစ်ပေါ် နေသည့် ကာလ) ဖြစ်သည်။ အမှန်စင်စစ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ ( တရားဥပဒေ စိုးမိုးနေသည့် အခြေအနေ) တွင် ပြစ်မှု ဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင် ဖြစ်သည်။

သို့သော် ယင်းကာလက တည်ဆဲအစိုးရ အနေ ဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံး နိုင်သည့် အခြေအနေ မရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေ ကို အရေးတကြီး ပြဋ္ဌာန်း ကျင့်သုံးရခြင်း ဖြစ်သည်။

နိုင်ငံတော်တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင်တည်ရှိနေသည်၊ ပုံမှန်အခြေအနေ ပျက်ပြားနေ သည်ဟု ဆိုလိုသည်။

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ် တစိုက် ကျင့်သုံး ခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေပြီ။

တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်(၇)နှစ် အစား (၁၉၈၈) စစ်အာဏာသိမ်းပြီးနောက် အနှစ် (၂၀)၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။

နိုင်ငံတကာမိသားစုအလယ်တွင် မြန်မာနိုင်ငံတော် သည် ပုံမှန်အခြေအနေ မရှိသည့်နိုင်ငံ၊ အရေးပေါ် အခြေအနေ ပြဋ္ဌာန်းထားရသည့်နိုင်ငံအဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက်စေသော ဥပဒေပင်ဖြစ်သည်။

၃။ (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက် များ၊ နိုင်ငံသားများ၏ အခန်းကဏ္ဍ သတ်မှတ်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အဆင့်အတန်း ဂုဏ်သိက္ခာကို ထင်ဟပ် ဖော်ပြခြင်းလည်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက်များတွင် အငြင်းပွားဖွယ်ရာ လက်မခံနိုင်သည်များ ပါဝင်နေခြင်း၊ ရေးဆွဲ စဉ် သဘော တူညီမှုမရ၍ ချန်လှပ်ထားခဲ့ရခြင်းများ ဖြစ်ပေါ်လေ့ရှိပါ သည်။

ပြောင်းလဲလာသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး လိုအပ်ချက်များအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင် ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ် နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို အခန်းတစ်ခန်း သီးသန့်ရေးဆွဲ ပြဋ္ဌာန်းရပါသည်။

နိုင်ငံတော်ကို ထိခိုက်နာကျင်မှု နည်းနိုင်သမျှ နည်းလမ်းဖြင့် ပြုပြင် ပြောင်းလဲရာတွင် အရေးကြီး လှသဖြင့် ရေနွေးငွေ့ ဗွိုင် လာအိုးအတွင်း ဖိအားများလွန်းသည့်အခါ ပေါက်ကွဲမှု မဖြစ်စေရန် အသုံးပြုသည့် လုံခြုံရေးအဆို့ရှင် (safety valve) အဖြစ်လည်း တင်စားသုံးနှုန်းလေ့ရှိပါသည်။

တင်းကျပ်လွန်းလျှင် ပေါက်ကွဲထွက်နိုင်သည့် အန္တရာယ်မှာ အချိန်မရွေး ဖြစ် ပေါ်လာနိုင်ပေသည်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ယခုချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ခါစ မြန်မာနိုင်ငံတော်ကို ပါတီစုံ ဒီမို ကရေစီ စနစ်၊ လွှတ်တော်နှစ်ရပ်စနစ်ကို အခြေခံ၍ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြ သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း(၁၁)၊ ပုဒ်မ(၂၀၉)၊ အပိုဒ်ခွဲ(၃)တွင် လွှတ်တော် နှစ်ရပ်ရှိ အမတ် များ၏ သုံးပုံနှစ်ပုံအောက်မလျော့သော အမတ်များ (၆၇ ရာခိုင်နှုန်း) က အတည်ပြု လျှင်..ဟု ပြဋ္ဌာန်းထားခြင်းကြောင့် နိုင်ငံ သားများ၏ အလိုဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင် ရန် သင့်တင့်လျှောက်ပတ်သည့် အခွင့်ရေးရှိသည်ကို တွေ့ရပါသည်။

သို့သော် (၁၉၆၂) ခုနှစ်၊ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပိုက်မှုကြောင့်(၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ပျက်ပြား သွားခဲ့ ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ တည်ဆဲလွှတ်တော်နှစ်ရပ်နှင့် နိုင်ငံရေးပါတီများ အသင်းဖွဲ့များအားလုံးကို ဖျက်သိမ်းပြီး တစ်ပါတီစနစ်၊ လွှတ်တော်တစ်ရပ်စနစ်ကို အခြေခံသည့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၅)၊ ပုဒ်မ(၁၉၄)တွင် အပိုဒ်ခွဲ (က)ပါ ပုဒ်မများကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်း သဘောတူညီချက် ရယူပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ထက်ဝက်ကျော်ထောက်ခံမှုဖြင့် ပြင် ဆင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပေသည်။

၁၉၈၈ ကာလ၊ နိုင်ငံသားမျာ၏ ပြုပြင်ပြောင်းလဲလိုသောဆန္ဒအရ နိုင်ငံတော်ကို ပြု ပြင်ပြောင်းလဲနိုင်ရန် ခက်ခဲတင်းကျပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းလုပ်ထုံးလုပ်နည်းများကြောင့် အုံကြွ ပေါက် ကွဲပြီး ၁၉၇၄ အခြေခံဥပဒေကို ဖျက်သိမ်းကာ စစ်တပ်မှ အာဏာသိမ်းယူမှုထပ်မံဖြစ်ပွားခဲ့ရပေသည်။

ပြီးခဲ့သည့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ရပ်စလုံး၏ လွှတ်တော်များမှာ နိုင်ငံသားများမှ တိုက်ရိုက် ရွေးချယ် တင် မြှောက်သော လွှတ်တော်ကိုယ်စားလှယ် (၁၀၀) ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် များဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရမူ နိုင်ငံသားများမှ တိုက်ရိုက်ရွေးချယ် တင်မြှောက် လိုက်သော လွှတ်တော်ကိုယ်စားလှယ် အရေအတွက်သည် လွှတ်တော်နှစ်ရပ်စလုံး၏ (၇၅) ရာခိုင်နှုန်း သာရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ (က)တွင် ပြည်ထောင်စု လွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။

၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခို်င်နှုန်းကျော်ဟု ပြဋ္ဌာန်း ထားပြီး ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း (ရာနှုန်းပြည့်)က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပါယ် သက်ရောက်ပေသည်။

နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက် အသေးစိတ်များနှင့်ပက်သက်၍ မဆွေးနွေးလိုသေးသည့်တိုင် ခေတ် ကာလ အလိုက် ပြောင်းလဲနေသော နိုင်ငံသားများ၏ လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေး လုပ်ငန်းစဉ် များတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မှေးမှိန်ထိခိုက်နေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄ ပါ “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်” ဟူသောပြဋ္ဌာန်းချက် စစ်မှန်စွာ အသက် ဝင် ခန့်ငြားလာစေရန် နိုင်ငံတကာ မိသားစုအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်စေရန် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မြင့်မားလာစေရန်မှာ တရားမျှတသောဥပဒေများ ရှင်သန်ထွန်းကား လာရန် လိုအပ်သည်။

ယခုတင်ပြဆွေးနွေးခဲ့သည်များမှာ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ် နေသည့် ဥပဒေအချို့ကို ကောက်နှုတ်ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။ တရားဥပဒေကို အုပ်ချုပ်ရေးအဖွဲ့စည်းများ စိတ်ကြိုက် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုအသုံးချနေသည့်၊ အသုံးချနိုင်သည့် ဥပဒေများကိုလည်း ဆက်လက် ဆွေးနွေး နိုင်ကြရန် လိုအပ်မည် ဖြစ်ပါသည်။

တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာအတွက် အခြေခံအုတ်မြစ် ဖြစ်သည့် အားလျှော်စွာ….
ဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်းတန်းတူဖြစ်ပါသည်။
ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါ။

ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားများ

၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၁ရက်၊ ညနေ (၃)နာရီ တော်ဝင်နှင်းဆီ တွင် ပြုလုပ်သော"ရှေ့နေများကွန်ယက်"၏ ဥပဒေ ရေးရာဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖတ်ကြားသည်။

3 comments :

  1. Kyaw Kyaw
    U Ko Ko KYi is a true politician and he is the future hope of Myanmar people. And he is also a good analyst.I admire him.

  1. Kyaw Kyaw,

    U Ko Ko Kyi is a true politician of Myanmar and he is the future hope of Myanmar people and the so-called the minority of the ethnic nationalities.I hope that the President and the two speakers of Hluattaw will take the words of Ko Ko Kyi in action and into consideration in practice for the people of Myanmar who originally own the sovereignty and power of the State.

  1. I agree with Kyaw Kyaw's comment.
    http://www.nationmultimedia.com/politics/PM-asks-Surapong-to-mend-ties-with-Nay-Pyi-Taw-30183451.html

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved