နအဖ နိုင်ငံရေး ကစားကွက်အတွင်း ရော့စ် ဒန်ကလေ ကျဆုံးခြင်း (၂)

Thursday, March 3, 2011

ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၊ ယင်းနှင့် ပလဲပနံသင့်လှသည့် ဒေါက်တာ တင်ထွန်းဦး (ဓာတ်ပုံ - MWJA)

သင်းအောင်၊ မတ် ၃၊ ၂၀၁၁

---> အပိုင်း (၁) ပြန်လည် ဖတ်ရှုလိုလျှင်

နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များအနက် မြန်မာတိုင်း CEO ရော့စ် ဒန်ကလေသည် နိုင်ငံရေးနယ်ပယ်တွင် စိတ်မချရဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အစိုးရအဖွဲ့ထံ တချိန်က ကိုယ်တိုင် တင်ပြခဲ့ဖူးသည် ဟူသော သတင်းများ မှန်ကန်နေပြီလောဟု ပြည်တွင်းမီဒီယာများအကြား ဆန်းစစ်ဝေဖန်မှုများ ရှိနေခဲ့သည်။

ဖေဖော်ဝါရီလ တတိယပတ် ဘန်ကောက်ပို့စ် သတင်းစာ ခေါင်းကြီးပိုင်း၌ ယခုဖြစ်စဉ်သည် မြန်မာပြည်ရောက် နိုင်ငံခြားသား လုပ်ငန်းရှင်များ သတိထားစရာဖြစ်ကြောင်း၊ မြန်မာအစိုးရသည် နိုင်ငံခြားသား လုပ်ငန်းရှင်များကို အသုံးချလေ့ရှိပြီး ၎င်းတို့ မလိုအပ်တော့ပါက ယခုလို ဖယ်ရှားလေ့ရှိကြောင်း ဖော်ပြထားသည်။

မစ္စတာ ရော့စ် ဒန်ကလေအား ကမာရွတ်ရဲစခန်းမှ (ပ) ၂၃/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၃၅၄/၃၄၂ ဖြင့် ဇန်န၀ါရီ ၂၀ ရက်က လည်းကောင်း၊ (ပ) ၂၄/၂၀၁၁၊ နယ်စပ်ဖြတ်ကျော် လ၀က အက် ၁၃/ခ ဖြင့် ဖေဖော်ဝါရီ ၂၄ ရက်က စတင်စစ်ဆေး ကြားနာခဲ့သည်။

ထိုနေ့က အခြေအနေနှင့် ပတ်သက်၍ မြန်မာတိုင်းမ် အယ်ဒီတာတဦးက “၃၂၅/၃၅၄/၃၄၂ တွေကို ဇန်န၀ါရီ လကုန်ပိုင်း ကတည်းက ကာယကံရှင်ကိုယ်တိုင် ပြန်လည်ရုပ်သိမ်းပြီးကြောင်း အဲဒီနေ့ရုံးတော်မှာ ပြည့်တန်ဆာမလေးက ထွက်ဆိုခဲ့ပါတယ်။ အဲဒီလို တရားလိုက အမှုကို ပြန်လည်ရုပ်သိမ်းပြီးကြောင်း မီဒီယာမှာ ဖော်ပြခြင်း မပြုတာဟာ ပြန်ကြားရေးရဲ့ မရိုးသားမှုဖြစ်ပါတယ်” ဟု ပြောသည်။



 
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကမာရွတ် တရားရုံးတွင် မစ္စတာ ဒန်ကလေကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ထို့အပြင် ရော့စ် ဒန်ကလေ၏ ဗီဇာသက်တမ်း ကျော်လွန်နေသည်မှာလည်း မှန်ကန်ကြောင်း၊ သို့သော် နေ့စဉ် အခွန်ပေးသွင်းကာ ဗီဇာသက်တမ်းတိုးကို တရားဝင် မူဘောင်အတွင်းမှ စောင့်ဆိုင်းကာ လ၀က အက်ဥပဒေအရ ရော့စ် ဒန်ကလေ နေထိုင်နေခြင်းသာ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ လဆန်းပိုင်းက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းမှာလည်း သက်ဆိုင်ရာ၏ တရားဝင် ခွင့်ပြုချက် ရယူပြီးမှ သွားခြင်းသာ ဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။

ပြည်တွင်း လုပ်ငန်းရှင်ကြီး တဦးကလည်း “ဒီလို ဗီဇာသက်တမ်း ကျော်လွန်နေသူတဦးကို ရန်ကုန်လေဆိပ်က ဘာကြောင့် ထွက်ခွာခွင့်ပြုသလဲ။ ဂျပန်လေဆိပ်ကရော ဘာကြောင့် ၀င်ခွင့်ပြုလဲ။ ဗီဇာသက်တမ်း ကျော်လွန်နေသူကို ဘယ်နိုင်ငံကမှ ခွင့်မပြုဘူး။ အဲဒါ ဂျပန်သွားတယ်။ ပြန်လာတယ်။ ရန်ကုန်လေဆိပ်ကရော ဘာလို့ အ၀င်ခံလဲ။ မြန်မာပြည်တွင်း ပြန်ရောက်ပြီးခါမှ နယ်စပ်ဖြတ်ကျော် အက် ၁၃/ခ နဲ့ ထိန်းသိမ်းလိုက်တာကို နားမလည်နိုင်တော့ဘူး” ဟု ဆိုသည်။

လက်ရှိတွင် မြန်မာတိုင်းမ် ၀န်ထမ်း ၃၅၀ ခန့်သည် ရော့စ် ဒန်ကလေအား လေးစားကြကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က လွှဲပြောင်းရယူခဲ့သည့် CEO လက်သစ် ဒေါက်တာ တင်ထွန်းဦး လက်အောက်၌ တာဝန်ထမ်းဆောင်လိုသူ မရှိသလောက် ဖြစ်နေကြောင်း၊ အယ်ဒီတာနှင့် သတင်းထောက် တချို့ ယခုလကုန် နုတ်ထွက်ရန် ပြင်ဆင်နေကြကြောင်း၊ မြန်မာတိုင်းမ် အင်္ဂလိပ်ပိုင်းကို တာဝန်ယူရန် သြစတြေးလျနိုင်ငံသား မစ္စတာ ဘီလ်ကလောက်လည်း မြန်မာပြည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာတိုင်းမ်ကို ငွေကြေးအရ ထိန်းရန် ရော့စ် ဒန်ကလေအနေဖြင့် လတ်တလော အခက်အခဲ ရှိနေသည်ဟူသော သတင်းများအပေါ် မြန်မာတိုင်းမ် အယ်ဒီတာတဦးက “ဒီမီဒီယာရဲ့ ရှယ်ယာ ဟိုလ်ဒါက မစ္စတာ ဘီလ်ကလောက် ဖြစ်ပါတယ်။ အများထင်ထားကြတဲ့ ရော့စ်ဒန်ကလေက CEO သာ ဖြစ်ပါတယ်။ မြန်မာတိုင်းမ်ကို ထိန်းနိုင်လို့သာ ကမ္ဘောဒီးယား ဖနွမ်းပင်ပို့စ်ကို ထပ်မံ ထုတ်နေခြင်းဖြစ်ပါတယ်။ မြန်မာတိုင်းမ် ပုံနှိပ်အရာရှိ ဦးဌေးမောင်၊ ဒီဇိုင်းနာ ကိုထွေးတို့ကို ကမ္ဘောဒီးယားပို့ပြီး ဖနွမ်းပင်ပို့စ်ကို သွားရောက်အားဖြည့်စေပါတယ်။ အရင် အရှုံးပြနေတဲ့ ဖနွမ်းပင်ပို့စ်ဟာ အခု အတော် အခြေအနေကောင်းနေပါပြီ။ ဟိုက ၀န်ထမ်းတွေက ဒီကိုလာပြီး Train လုပ်တယ်။ ဒီက ၀န်ထမ်းတွေလည်း ဟိုကို လွှတ်တယ်” ဟု ပြန်လည် ချေပသွားသည်။

၂၀၀၁ ခုနှစ်ဝန်းကျင်က အပတ်စဉ်ထုတ် မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) ကို စစ်မဟာဗျူဟာ ဌာနကြီး၏ ခွင့်ပြုမှုဖြင့် ဗဟိုစည်ဝင်းအတွင်းမှ စတင်ထုတ်ဝေခဲ့သည်။ သြစတြေးလျနိုင်ငံသား မစ္စတာ ဘီလ်ကလောက်၊ ဗိုလ်မှူးချုပ် သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေနှင့် ဇနီး ဒေါ်ယမင်းထင်အောင်တို့ အချိုးကျ ပိုင်ဆိုင်ခဲ့သည်။
အဆိုပါဂျာနယ်သည် စာပေစိစစ်ရေးသို့ တင်ပြခြင်းမပြုဘဲ စစ်မဟာဗျူဟာဌာန လေတပ်ထောက်လှမ်းရေး ဗိုလ်မှူး သန်းနိုင်မှတဆင့် အဆင့်ဆင့်တင်ပြကာ ၎င်းတို့၏ ခွင့်ပြုမှုဖြင့် ထုတ်ဝေခဲ့သည်။

CEO ရော့စ် ဒန်ကလေ၊ အယ်ဒီတာ ဦးစံထွန်းအောင်၊ ထုတ်လုပ်ရေး မန်နေဂျာ ဦးဌေးမောင်တို့ဖြစ်သည်။
ထို့နောက် ၂၀၀၂ ခုနှစ်တွင် သမ္မတ ဟိုတယ် ပထမထပ်သို့ ရုံးခန်း ပြောင်းရွှေ့ဖွင့်လှစ်ရင်း အပတ်စဉ်ထုတ် မြန်မာတိုင်းမ် (မြန်မာပိုင်း) ထပ်မံ ထုတ်ဝေရန် ပြင်ဆင်ကြသည်။ ၂၀၀၃ တွင် မြန်မာတိုင်း (မြန်မာပိုင်း) အတွဲ ၁၊ အမှတ် ၁ ကို စတင် ထုတ်ဝေသည်။ ဦးခင်မောင်အေး၊ ဦးသန်းအောင် (သန်းအောင်လှိုင်)၊ ဦးသန်းလွင်တို့မှာ အယ်ဒီတာများ ဖြစ်ကြပြီး CEO မှာ ရော့စ် ဒန်ကလေပင် ဖြစ်သည်။
အိမ်တိုင်ရာရောက် ဖြန့်ချိသည့်စနစ်အတွက် ဖြန့်ချိရေးဝန်ထမ်း ၃၀ ကျော် ခန့်ထား အသုံးပြုခဲ့သည်။

မြန်မာတိုင်းမ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော ဦးဆန်နီဆွေက မန္တလေးမြို့၊ စွမ်းဟိုတယ်၏ အခန်းတခန်းကို မြန်မာတိုင်းမ် (မန္တလေးရုံးခွဲ) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအ၀င် ထောက်လှမ်းရေးတပ်များအား ထိန်းသိမ်းလိုက်သည့် ၂၀၀၅ ခုနှစ်အတွင်း ဦးဆန်နီဆွေ၏ ဖခင် ဗိုလ်မှူးချုပ် သိန်းဆွေအား ထောင်ဒဏ် ၁၆၄ နှစ် ချမှတ်ခဲ့သည်။

ထိုနှစ်အတွင်းမှာပင် ဗိုလ်အောင်ကျော်လမ်းရှိ ယခင် ပြန်ကြားရေးရုံးအား ငှားရမ်းကာ မြန်မာတိုင်းမ် (အင်္ဂလိပ်/မြန်မာ) ရုံးခန်း ဖွင့်လှစ်လိုက်သည်။

ဦးဆန်နီဆွေသည်လည်း မန္တလေး ဘူတာကြီး၌ ထိန်းသိမ်းခံလိုက်ရပြီး ပြစ်ဒဏ် ၁၄ နှစ်နှင့် လက်ရှိတွင် လားရှိုး အကျဉ်းထောင်၌ ရှိနေဆဲဖြစ်သည်။

ထို့နောက် ဦးဆန်နီဆွေ၏ ဇနီး ဒေါ်ယမင်းထင်အောင်မှ မြန်မာတိုင်းမ် ရှယ်ယာဝင်အဖြစ် ဆက်လက်ရှိနေသော်လည်း အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ၎င်းတို့ပိုင်ဆိုင်သည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းအား ဒေါက်တာ တင်ထွန်းဦးနှင့် ဇနီး ဒေါက်တာ ခင်မိုးမိုးတို့လက်သို့ လွှဲပြောင်းရောင်းချခဲ့ရသည်။
ယခု အမှု ဖြစ်ပွားသည်အထိ ရော့စ် ဒန်ကလေသည် CEO သာဖြစ်ပြီး မြန်မာတိုင်းမ်၊ NOW, CRIME အပတ်စဉ်ထုတ် ဂျာနယ်များ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ရှင်မှာ သြစတြေးလျနိုင်ငံသား မစ္စတာ ဘီလ်ကလောက်ဖြစ်ကြောင်း သိရသည်။

မစ္စတာ ဘီလ်ကလောက်သည် ခရစ္စတိုဖာဒေးဗစ် အပါအ၀င် နိုင်ငံခြားသား ၅ ဦးခန့်နှင့် မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) CEO အဖြစ် ဆက်လက် တာဝန်ယူထားဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved