Showing posts with label Youth. Show all posts
Showing posts with label Youth. Show all posts

“ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်”

Friday, December 25, 2015 0 comments




မေဘရဏီ - MTV ဒါရိုက်တာ
အသက်  - ၂၆ နှစ်
ပညာအရည်အချင်း - BA (Eng) ၊ Dip In computer Art

ညီမ MTV တွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးမှုက ၂၀၀၆ခုနှစ်ကစခဲ့တာပါ။ ဘိုဘိုအင်တာတိန်းမန့်က ထုတ်တဲ့ အဆိုတော် Bobby Soxerရဲ့ ပွဲ ဆိုတဲ့သီချင်းလေးကို စပြီးရိုက်ဖြစ်ခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ ဗီဒီယိုတွေ လုပ်ခဲ့တယ်။ နောက်ပြီး Dream walker က ကိုအောင်မြတ်နဲ့ သူငယ်ချင်းတွေပါပဲ။ သူရိုက်တဲ့ ဗီဒီယိုတွေကို လုပ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာသူတို့ Fly ဆိုတဲ့ ပရောဂျက်တခုကိုလုပ်ဖို့ရှိတယ်။ အဲဒီမှာတနိုင်ငံက ၂ ယောက်ရွေးပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ညီမနဲ့ ကိုအောင်မြတ်နဲ့ကအရွေးခံခဲ့ရပါတယ်။ အဲဒီမှာအာဆီယံ နိုင်ငံကလူငယ်တွေရယ်၊ ကိုရီးယား၊ ဂျပန်တို့်က သူတွေပါတယ်။ ညီမသွားခဲ့ရတာက ကိုရီးယားရယ်၊ ဂျပန်ရယ်၊ ထိုင်းရယ်ကိုသွားခဲ့ရတာပါ။ သူတို့နဲ့ ပရောဂျက် အတူတူလုပ်ခဲ့ရတယ်။     စကောလားရှစ်အတွက်ကို အဖွဲ့တဖွဲ့ဆီက တယောက်စီရွေးခဲ့တယ်။ အဖွဲ့ကနှစ်ဖွဲ့ဆိုတော့ နှစ်ယောက်    ရွေးတယ်။ အဲဒီမှာညီမရယ်၊ ဖိလစ်ပိုင်က တယောက်ရယ် ရခဲ့တယ်။ သူတို့က စကောလားရှစ်ရတဲ့ ဒေါ်လာငွေ ငါးထောင်နဲ့ ဗီဒီယိုရိုက်ပြီး သူတို့ကို ပြန်ပို့ခိုင်းတယ်လေ။ အဲဒီလိုနဲ့ ဒါရိုက်တာဘဝကို စတင်ခဲ့ပါတယ်။ ပြန်ရောက်တဲ့အချိန်မှာလည်း အဆိုတော်တွေ အကုန်လုံးကလည်း ကိုယ့်ကိုခင်ကြတယ်။ သူတို့နဲ့     လည်း သိနေတော့ သူတို့အခွေတွေရိုက်ဖို့အတွက် စပြီးတော့ အလုပ်တွဲလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အကုန်လုံးက ယုံယုံကြည်ကြည်နဲ့ သူတို့ MTV တွေပေးရိုက်ကြတယ်။ များသောအားဖြင့် မိန်းကလေး အဆိုတော်တွေရဲ့သီချင်းတွေကို ရိုက်ဖြစ်တာများတယ်။ MTV တပုဒ်ရိုက်ကူးဖို့ ရိုက်ကွင်းပေါ်ရောက်ရင် Crew တွေ အကုန်လုံးကအစ ကြီးကြပ်တယ်၊ ကိုယ်တိုင်ကလည်း Editor တယောက်အဖြစ်က တက်လာတဲ့အတွက် Edit ကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်လေ။

လူငယ်မိန်းကလေး ဒါရိုက်တာတယောက်အနေနဲ့ ကိုယ့်အတွက်စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်လဲ     ဆိုတော့၊ အခုနောက်ပိုင်းကင်မရာတွေက တော်တော်များများလည်း ကိုင်နိုင်လာကြတယ်။ လူငယ်ဒါရိုက်တာ တော်တော် များများလည်း ပေါ်လာကြတယ်။ Creation တွေကလည်း တယောက်နဲ့တယောက်မတူဘဲ အရမ်းကောင်းလာ ကြတယ်။ သူများထက် ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်။ အရင်ကကိုယ့်ထက် အခုကိုယ်က ပိုကောင်းအောင် အမြဲ ပြန်ပြန်ပြီးတော့ ကြိုးစားနေတယ်။ တခါတလေကျရင် စိတ်ဖိစီးမှုတွေတော့ ရှိတာပေါ့။ အဲဒီအခါ ကိုယ်အရင်ရိုက်ခဲ့တဲ့ MTV အဟောင်းလေးတွေကို ပြန်ကြည့်တယ် အဲဒီ Mood ကို ပြန်သွင်းပြီးတော့ ကြိုးစားပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ MTV တွေမှာ ပရိသတ်တွေကြိုက်တာဆိုရင် ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား တေးစီးရီးခွေထဲက အိမ်မက်လှေ ဆိုတဲ့ သီချင်းရယ်၊ Bobby Soxer ရဲ့ ပွဲ ဆိုတဲ့ သီချင်းရယ်ပါ။ မိန်းကလေးသီချင်းတွေ ရိုက်ဖြစ်တာများတယ်ဆိုတော့ ရိုမန့်ဆန်ဆန်လေးတွေ၊ Cute ဖြစ်တဲ့ပုံစံလေးတွေ ရိုက်ဖြစ်တာများပါတယ်။ နောက်ပြီး ညီမယူတဲ့ ကာလာကို ကြိုက်ကြတယ်၊ လှတယ်ဆို         ပြီးပြောကြတယ်။ တခါတလေကျရင် အဲဒီအရောင်ကိုပဲ သပ်သပ်ရိုက်ပေးပါဆိုပြီး ပြောကြတဲ့သူတွေရှိတယ်။ MTV တွေ အရိုက်များတဲ့ ဒါရိုက်တာတွေမှာ တခါတလေကျရင် အိုင်ဒီယာတွေ တူတာတွေရှိတယ်။ အဲဒီ   အတွက်ကြောင့် ကိုယ်က MTV ကို များများကြည့်တယ်။ သူတို့ရိုက်ထားတဲ့ပုံကို ကိုယ်ကကူးယူတာမဟုတ်ဘဲနဲ့ အိုင်ဒီယာအသစ်တွေရအောင်ကြည့်တယ်။ Effect လုပ်တဲ့ Tutorial တွေကို ထိုင်ကြည့်တယ်။ အဲဒါကိုမှ ကိုယ်ကျရင် ဘယ်လိုဆန်းသစ်မလဲပေါ့။ လောလောဆယ်တော့  ဒီပညာနဲ့ ပတ်သက်ပြီး ပညာသင်သွားဖို့တော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကဒီမှာအခုလုပ်နေတာတွေ အဆက်ပြတ်သွားမှာ လည်းစိုးရိမ်လို့ပါ။ Up Date ဖြစ်အောင်တော့ အမြဲတမ်းလေ့လာမှုတွေက လုပ်နေမှာပါ။

ညီမရုပ်ရှင်တွေ၊ ဗီဒီယိုတွေရိုက်တဲ့ ဒါရိုက်တာလည်းလုပ်မှုာပါ။ ၂၀၁၆ ခုနှစ်အတွင်းမှာ အဆိုတော်တွေ၊    မော်ဒယ်လ်တွေချည်းပဲပါတဲ့ ရုပ်ရှင်တကားရိုက်ဖို့ရှိတယ်။ အဲဒီဇာတ်ကားရဲ့ အဓိကရည်ရွယ်ချက်က မတူညီတဲ့ ပုံစံတခုကို ပရိသတ်ကို ချပြချင်လို့ပါ။ လုပ်နေကြပုံစံမဟုတ်ဘဲနဲ့ သရုပ်ဆောင်တွေဆိုရင်လည်း Training ပေးမယ်။ ရုပ်ရှင်ကားရိုက်မယ်ဆိုတော့ ကိုယ့်အတွက် စိန်ခေါ်မှုက ဘာတွေဖြစ်မလဲဆိုတော့ ခြေလှမ်းတခုစရင် အတွေ့အကြုံ သစ်တွေကတော့ ရမှာပဲလေ။ ဇာတ်ညွန်းအပိုင်းတွေ၊ ဒိုင်ယာလော့ခ်တွေ၊     ရိုက်ကွင်း တည်တာစတာတွေကအသစ်တွေဖြစ်ပြီး ကိုယ့်အတွက် စိန်ခေါ်မှုအသစ်တွေ ဖြစ်လာမှာပါပဲ။ အများကြီး လေ့လာထားပြီး ကိုယ်ဘက်က သေချာပြီဆိုလို့ရှိရင် လုပ်ဖြစ်သွားမှာပါ။

အခုနောက်ပိုင်း လူငယ်တော်တော်များများမှာ Talent ရှိကြတာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း ဒီဘက်ပိုင်းကို စိတ်ဝင်စားလာကြတယ်။ facebook မှာဆိုရင်လည်း သူတို့က ကိုယ့်ကိုအားကျကြတယ်၊ သိချင်တာလည်း လာလာမေးကြတယ်။ လူငယ်တော်တော်များများကလည်း ကြိုးစားကြပါတယ်။ သူတို့ကိုလည်း        ဖြစ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ နောက်ပြီး ဖြစ်ချင်တဲ့ လူငယ်တွေကို ပြောပြချင်တာက အဓိက Creation ပဲလိုပါတယ်။ ကိုညိုမင်းလွင်ရိုက်တဲ့ ကားတကားဆိုရင် ဖုန်းတလုံးနဲ့ ရိုက်ခဲ့တယ်။ ဒါဆိုရင်လည်း ခွဲထွက်သွားတဲ့ Creation တခုပဲပေါ့။ တော်တော်များများလည်း စိတ်ဝင်စားတဲ့သူတွေဆိုရင် ဖုန်းတလုံးနဲ့ Short Film လေး ရိုက်လို့ရတယ်။ အခုနောက်ပိုင်းက ဖုန်းတွေကလည်းတော်တော် ကောင်းလာတော့ သူတို့ အပျော်ရိုက်ထားတဲ့ Short Film လေးတွေလည်း တင်လာကြတာကိုတွေ့ရတယ်။ အဓိက ပြောချင်တာကတော့ အနုပညာ၊ Creation က အဓိကပါပဲ။ ကိုယ့်မှာအိုင်ဒီယာဆန်းဆန်းလေး ရှိရင်တော့ ချပြလိုက်ပါလို့သာ ပြောချင်ပါတယ်။


ယုမွန်ကျော်


“အမြဲတမ်း ကြိုးစားနေမှ တန်ကာကျမယ်”

Tuesday, December 15, 2015 0 comments




အမည် - ခိုင်ဇာသွယ်
အသက် - ၁၉နှစ် (Second year MCC Training Institute)

ကျောင်းက MCC Training Institute မှာ တက်ပါတယ်။ Second year ပြီးသွားပြီ။ Third year တက်ဖို့ စောင့်နေတာ။ သင်တာတွေကတော့ အများကြီးပဲ။ ဒါပေမယ့် တက်တာက BIT ဆိုတဲ့ Course ပေါ့။ သူက ၃ နှစ်တက်ရတယ်။ ပြီးရင်တော့ Advance Diploma ပေးမှာပါ။ ဘာကို အဓိကထားပြီး သင်လဲဆိုတော့ Computer programming ပြီးတော့ Web developing ပိုင်းပေါ့။ Third year ကိုတော့ အလုပ်နဲ့တွဲ လုပ်ဖြစ်မှာပါ။ ဒီမှာတက်ဖြစ်ဖို့လည်း မသေချာဘူး။ စင်ကာပူလိုနေရာမျိုးမှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ဖို့ စဉ်းစားထားတယ်။ အစီအစဉ်တော့ မဆွဲရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကြားထဲမှာ တနှစ်လောက်နားပြီး အလုပ်လုပ်ဦးမလို့။ Work experience ရှိဖို့လိုတယ်လေ။

ကျောင်းပြီးသွားရင်လည်း IT field ထဲမှာပဲ Programmer အဖြစ်နဲ့ ဆက်နေသွားမှာပါ။ ငယ်ငယ်တည်းက ဝါသနာပါတာလားဆိုတော့ ၈ တန်းနှစ်လောက် ကတည်းကပေါ့။ ငယ်ငယ်တုန်းကတော့ ဆရာဝန်ဖြစ်ချင်တာ။ ဒါပေမယ့် ကျောင်းမှာဆရာမက စာစီစာကုံးတပုဒ်ရေးခိုင်းတယ်။ “ပိုမိုကောင်းမွန်သောဘဝကို ဦးတည်နိုင်မည့် သိက္ခာရှိသည့် လုပ်ငန်း” ဆိုတဲ့ခေါင်းစဉ်နဲ့။ ပေးစာသဘောမျိုးရေးခိုင်းတယ်။ အဲဒီမှာ ဆရာမကဆရာဝန်လို၊ အင်ဂျင်နီယာလိုလူတိုင်းသိပြီးသား အသက်မွေးဝမ်းကြောင်းလုပ်ငန်းထက်စာရင် လူသိပ်မသိသေးပဲ သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် လုပ်ငန်းမျိုးကိုရွေးပါလို့ပြောတယ်။ အဲဒီမှာအိမ်ကလည်း Computing နဲ့ ပတ်သက်တာကို ရေးဖို့အားပေးတယ်။ အဲ့တုန်းကတော့ ၂၀၀၈ လောက်ဆိုတော့ အိုင်တီအကြောင်းက သိတဲ့လူတွေသိပေမယ့် အလယ်တန်းကျောင်းသားတယောက်အနေနဲ့က သိပ်မလွယ်ဘူးလေ။ Cyber café တွေလည်း ခေတ်မစားသေးဘူး။ အင်တာနက်ဆိုတာလည်း ဘာမှန်းမသိသေးတော့ အဲဒီအပိုင်းကို နားလည်အောင် အရင်လေ့လာရပါတယ်။ စာတွေလည်း ဖတ်ရတာပေါ့နော်။ ဒီလိုနဲ့ ပေးစာပုံစံ စာစီစာကုံးတပုဒ်ဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ တိတိကျကျ ဝါသနာပါသွားတာပေါ့။ စာစီစာကုံးမှာလည်း ဆုရခဲ့ပါတယ်။
ပရဟိတလည်းလုပ်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အဖွဲ့ဖွဲ့ထားပါတယ်။ အဓိကလုပ်တာကတော့ မိဘမဲ့ ကလေးငယ်တွေအတွက်ပါ။ ပါတဲ့သူတွေအားလုံး ပိုက်ဆံထည့်ရပါတယ်။ ဝါသနာကတော့ Computer game တွေဆော့တယ်။ Chess ထိုးတာဝါသနာပါတယ်။ ကစားတာမဟုတ်ဘဲနဲ့ဆိုရင်တော့ စာဖတ်တာပေါ့နော်။ ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ ဘာသာပြန် စာအုပ်တွေဖတ်တယ်။ ဆရာကြီးရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှားတို့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ သွေးစုပ်မြေကို ကြိုက်တယ်။ ဘာသာပြန်ဆုရထားတာပေါ့။ အမေရိကန်နိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေမှုဘဝကို ပုံဖော်ပြီးရေးထားတာပါ။ နောက်ပြီးဆရာကြီးဒဂုန်ရွှေမျှားဆိုရင် ဆော်လမွန်ရတနာသိုက်ဆိုတဲ့ စာအုပ်ကို ကြိုက်တယ်။

ဘဝကို ခံယူချက်က အမြဲတမ်းကြိုးစားနေမှ တန်ကာကျမယ်ပေါ့နော်။ တခုခုအခက်အခဲ ကြုံလာလို့ မဖြစ်တော့ပါဘူးဆိုပြီး ထိုင်နေလိုက်ရင် ဖြစ်မှာမဟုတ်ဖူးလေ။ ဥပမာလမ်းတခုက ဆုံးသွားပြီ၊ ဒါပေမယ့် နောက်မှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရှိနေမယ်ဆိုရင် ရောက်အောင် သွားရတော့မယ်လေ။ အဲဒီတော့ တဖက်ဖက်က ကွေ့ပြီးသွားရမလား၊ ဒါမှမဟုတ် ဘယ်လိုသွားရမလဲလို့ နည်းလမ်းရှာရတော့မယ်။ ကွေ့ကောက်ပြီး သွားရတဲ့အတွက် နည်းနည်းတော့ ကြာမှာပေါ့နော်။ ဒါမှလည်း ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာလေ။ အဲဒါကြောင့် ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာပဲ။

ရည်မှန်းချက်က ကိုယ်တိုင် ကိုယ်ပိုင် အလုပ်လုပ်ချင်တာ။ Programmer ကို တသက်လုံးမလုပ်ပါဘူး။ ကိုယ်ပိုင်အလုပ်လုပ်နိုင်တဲ့တနေ့ကျရင် Programming ကတော့ ဝါသနာတခုအနေနဲ့ ဆက်လုပ်သွားမှာပါ။ ဘာလို့မလုပ်တာလဲဆိုတော့ Programmer ဆိုတာသူများအလုပ်ကို လုပ်ရတာလေ။ ကိုယ်တိုင် ပိုက်ဆံ စိုက်ထုတ်၊ ကိုယ်တိုင်လုပ် ကိုယ်တိုင် စီစဉ်ရတာမျိုးကို ကြိုက်တာ။ အဲဒီတော့ ကိုယ်တိုင်ကိုယ်ပိုင် ဖြစ်ဖို့က ရည်မှန်းချက်ပါ။

လူငယ်တွေအပေါ် မြင်တာကတော့ ပျင်းတာပေါ့။ တော်တော်များများ ဘယ်သူ့ပဲ ကြည့်ကြည့် ဖုန်းပွတ်နေတာချည်းပဲလေ။ ကိုယ်လည်းအဲဒီလိုပါပဲ။ ပြီးတော့ နားကျပ်တတ်ပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး ဒီ Virtual world ကြီးထဲမှာပဲအချိန် တော်တော်များများက ကုန်ဆုံးနေကြတယ်။ အဓိကက Time management အားနည်းတာပေါ့။ Time management သေချာလုပ်နိုင်တဲ့ သူတွေကတော့ အောင်မြင်သွားကြတယ်။

ပြောချင်တာကတော့ ကိုယ်ကိုယ်တိုင် Game ကစားတာ လျှော့ရမယ်ပေါ့နော်။ အဲဒီအချိန်တွေအစား ကိုယ့်ဘဝအတွက် ကြိုးစားဖို့ပေါ့။ ကစားတဲ့အချိန်တွေကို လုံးဝလျော့ခိုင်းတာတော့ မဟုတ်ဖူးလေ။ စိတ်အပန်းဖြေတဲ့ အချိန်ကိုလုံးဝလျော့ချလိုက်ရင် Stress တွေဝင်လာမှာပဲ။ အဲဒါကြောင့် မလိုအပ်ဘဲ ပိုယူထားတဲ့ ကစားချိန်တွေကို လျှော့ချဖို့ပြောတာပါ။ ဥပမာ- ခါတိုင်း ၅ နာရီကစားရင် နာရီဝက်လောက် လျော့ပြီးကစားတာမျိုးပေါ့။ နောက်ပို်င်းမှာတဖြည်းဖြည်းချင်းလျှော့ချတာမျိုးပါ။ ကြာလာရင်တော့ ကျင့်သားရသွားမှာပေါ့။ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကမဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိဘူး။


ထက်ဦးဝေ



လူငယ်တွေကိုလူကြီးတွေက ယုံကြည်စေချင်တယ်

Tuesday, December 8, 2015 0 comments


ဓာတ်ပုံ - သီဟတိုး/ The Irrawaddy


ကိုအောင်ကိုထက်
အသက် (၂၄) နှစ်
Community Manager (NEX)

ကျနော် အခုလုပ်နေတဲ့ အလုပ်က Social Marketing Manager ပါ။ လက်ရှိ ဒီဘက်မှာတော့ NEX ကုမ္ပဏီမှာ Community Manager Position နဲ့ အလုပ်ဝင်လုပ်နေပါတယ်။

ကျနော် Social Marketing Managing လိုင်းထဲကိုဘယ်လို စရောက်ခဲ့လဲဆိုတော့ စစချင်းမှာ ကျနော် Blog တွေရေးတယ်၊ နောက်ပိုင်း ကျနော်အင်တာနက်မှာ လေ့လာတယ်၊ ပြီးတော့ ကိုအောင်ခမ်း (ရိုးရာလေး) တို့၊ တခြားသူတွေနဲ့ ချိတ်ဆက်မိပြီး ဒီလိုင်းထဲကိုစရောက်လာတာပါ။

၂၀၁၃ ခုနှစ်၊ ၆ လပိုင်းလောက်မှာစပြီး Blog တွေရေးရင်းကနေ အင်တာနက်မှာတောက်လျှောက် လေ့လာတယ်။ Blog တွေရေးခဲ့တာတော့ နည်းပညာ Blog တွေများတယ်။ အဲဒီတုန်းကကျတော့ ဖုန်းတွေသုံးတာအခုလို အရမ်းမများသေးဘူးလေ။ အဲဒီချိန်က Google Play Store က ဒီနိုင်ငံမှာ ဖွင့်မထားပေးတော့ ဆော့ဖ်ဝဲတွေ၊ Application တွေ Download ဆွဲပြီး ကိုယ့် Blog တွေကနေ ပြန် Share ပေးတယ်။ ပြီးတော့ ဖုန်းသုံးပုံသုံးနည်းစတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ဗဟုသုတ ရေးခဲ့တယ်။

စစချင်းကျနော် Blog ရေးတုန်းက ကျနော်ကိုယ်တိုင်လည်း အဲဒီတုန်းကစပြီး လေ့လာနေတဲ့သူဆိုတော့ Blog နာမည်ကို “IT Studier” ဆိုပြီးရေးတယ်။ အဲတုန်းက Blog မှာ စာဖတ်သူ တနေ့ကို တသောင်းကျော် လောက်တော့ ရှိတယ်။ ဒီ Blog ကတော့ ကျနော့် ကိုယ်ပိုင် Blog ပါ။ ကျနော်တို့ အိုင်တီသမားတွေ စုပြီးလုပ်ကြတဲ့ Blog လည်းရှိတယ်၊ အဲဒါက Wingabarkyaw.net ဆိုတဲ့ နည်းပညာ Blog ပေါ့။ အဲဒီ Blog ကတော့ ဝင်ကြည့်တဲ့သူတနေ့ကို တသိန်းကျော်တယ်။

အခုနောက်ပိုင်းကတော့ အင်တာနက်အသုံးပြုသူတွေ Blog ကို သိပ်ပြီးဝင်မကြည့်ကြတော့ဘူး။ Social Media တွေကို ပိုအသုံးပြုလာကြတယ်။ Blog ကိုတော့ မရေးဖြစ်တော့ဘူး၊ Social Media မှာပဲရေးဖြစ်တယ်။ Social Media မှာ ရေးပြီးသမျှကိုတော့ ကျနော်က Blog မှာ ပြန်တင်တယ်။

ကျနော် နည်းပညာလောကထဲကို ဘယ်လိုစရောက်လာလဲဆိုတော့ ကျနော် တက္ကသိုလ် စတက်တော့ ၂၀၀၉ ခုနှစ်မှာ ပထမနှစ် အဝေးသင်တက်ရင်းနဲ့ အလုပ်လုပ်တယ်၊ သင်တန်းတက်တယ်။ အဲဒီကနေစပြီး ၂၀၁၂ ခုနှစ်မှာ “Youth” သင်တန်းကျောင်းကနေ ကျနော် Networking နဲ့ သင်တန်းပြီးတော့ တောက်လျှောက် ဒီနည်းပညာလိုင်းထဲကို ဇောက်ချလုပ်ဖြစ်သွားတာပါ။

အခုလောလောဆယ်မှာတော့ လေ့လာဖြစ်နေတာကတော့ ဒီ Social Marketing ပိုင်းကိုလေ့လာဖြစ်နေတယ်။ အရင်တုန်းကလည်း Website တွေ ဘာတွေလုပ်ခဲ့တော့ Website ရေးတဲ့ အပိုင်းလည်းလေ့လာနေတယ်။ ကိုယ်ပိုင်လည်း Website လုပ်ကြည့်တယ်၊ သူများတွေကိုလည်း လုပ်ပေးဖြစ်တယ်။ နောက်ပိုင်းမှာတော့ Social Media အပိုင်းကို ဆက်ပြီးလေ့လာဖြစ်သွားမှာပါ။

ကျနော် ငယ်ငယ်တုန်းကတော့ စစ်ဗိုလ်ဖြစ်ချင်တာပါ။ ဒါပေမယ့် (၇) တန်းလောက်မှာ ကျောင်းမှာစပြီး ကွန်ပျူတာအခြေခံသင်ရင်း ကွန်ပျူတာကိုစပြီး ထိတွေ့ခဲ့တယ်။ အဲဒီကနေစပြီး နည်းပညာကို ဝါသနာပါလာခဲ့တာပါ။ တခြားဝါသနာပါတာက အားကစားမှာဆိုရင် ကျနော် ဘောလုံးကန်တာ ဝါသနာပါတယ်။ အနုပညာမှာဆိုရင် သီချင်းဆိုရတာ ၀ါသနာပါတယ်။

ကျနော် အခုချိန်မှာတော့ ရည်မှန်းချက်က ကျနော်တတ်ထားတဲ့ ပညာရပ်တခုနဲ့ ကုမ္ပဏီကို ဘယ်လို အကျိုးပြုမလဲဆိုတာမျိုးပေါ့၊ ဝန်ထမ်းကောင်းတယောက်ဖြစ်အောင် အလုပ်လုပ်မယ်။ ပြီးတော့ ဝန်ထမ်း အနေနဲ့ချည်းပဲမဟုတ်ဘူး၊ ကိုယ်ပိုင်လုပ်ငန်းလည်း ထူထောင်နိုင်ဖို့ စိတ်ကူးထားပါတယ်။

ဒီနေ့ခေတ်မှာ ကြိုးစားနေတဲ့ လူငယ်တွေကို ဘယ်လိုမြင်မိလဲဆိုရင် ကောင်းပါတယ်။ လူငယ်တွေ ဆိုတာ နယ်ပယ်ကဏ္ဍ အသီးသီးမှာ ကြိုးစားရင်း ကိုယ်ရပ်တည်နေတဲ့နယ်ပယ်မှာ အောင်မြင်တယ်ဆိုရင် လူတိုင်းကလည်း ကိုယ့်ကိုယုံကြည်လာမယ်။ နိုင်ငံတိုင်းမှာ လူငယ်အင်အားက အများကြီးလိုအပ်တယ်။ လူကြီးတွေအနေနဲ့က ယုံကြည်ချင်တယ်၊ မယုံရဲဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးကျနော်ကမဖြစ်စေချင်ဘူး။

ကျနော်တို့ လူငယ်တွေမှာ ပိုင်ဆိုင်ထားတာက သင်ယူလိုစိတ်နဲ့ လုပ်နိုင်စွမ်းကိုပိုင်ဆိုင်ထားတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေကိုလူကြီးတွေက ယုံကြည်စေချင်တယ်။ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တာ   ကတော့ ပိုကြိုးစားပါ၊ ဆက်ကြိုးစားပါ၊ ရပ်မသွားနဲ့လို့ ပြောချင်ပါတယ်။ ။


သီဟတိုး



အိမ်မက်တခုကို တကယ်အကောင်အထည်ဖော်ချင်ရင် ဘယ်တော့မှလက်မလျော့နဲ့

Tuesday, December 1, 2015 0 comments





ပန်းရောင်ခြယ်

၁၉နှစ် 

First year Architect (University of  western Aussie)

ပန်းရောင်က ဖေဖေ အဆိုတော်ဂရေဟမ်ရဲ့သမီးအကြီးပါ။ ညီမမှာ  ညီမလေးတယောက်ရှိပါတယ်။ ညီမက မြန်မာပြည်ကနေ ခြောက်တန်းတက်ပြီးတော့ မိသားစုလိုက် သြဇီကိုပြောင်းသွားခဲ့တာပါ။ အခု ဒီကို ပြန်ရောက် နေတာက ဟိုက ပညာရေးကယူနစ်အလိုက် ဖြေလို့ရတယ်ဆိုလိုတာက ခွင့်ယူလို့ရတယ်။ ခွင့်ယူလို့ရတော့ အခု တနှစ်ခွင့်ယူလာတယ်။ ဖေဖေနဲ့တူတူဆိုထားတဲ့ wake up daddy အခွေ MTV အပြီးရိုက်ချင်တာရယ် ညီမရဲ့ တကိုယ်တော်အခွေ လုပ်ချင်တာရယ်ကြောင့်ပါ။

အဲဒီမှာက ဒီဂရီတခုကို အနည်းဆုံးသုံးနှစ်ကြာတယ်။ အများဆုံးဆယ်နှစ်ထိတက်လို့ရတယ်။ ကြားထဲမှာခွင့်က ကြိုက်သလို ယူလို့ရတယ်။ အရေးကြီးတဲ့အကြောင်း မလိုဘူး။ ကိုယ့်ဘာသာ stress များလို့ ကမ္ဘာလှည့် ခရီးသွားချင်တာဖြစ်ဖြစ်၊ ကိုယ့်ဘာသာပိုက်ဆံရှာချင်တာဖြစ်ဖြစ်၊ အဲလိုခွင့်ပေးတယ်။ အခုကတနှစ်ခွင့်ယူထားတယ်။ ညီမက ဘက်ချလာ ဒီဂရီက သုံးနှစ် မာစတာက နှစ်နှစ်ဆိုတော့ ငါးနှစ်တက်ရမှာပါ။

 ဒီကိုပြန်လာပြီး ဖေဖေနဲ့အခွေလုပ်ဖြစ်တာက ညီမကငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ချင်တယ်။ မေမေကို ပူဆာတယ် အခွေထုတ်ပေးဖို့အတွက်ကို ဒါနဲ့မေမေက ၁၂ တန်း ပြီးမှ year 12 hight School  ထုတ်ပေးမယ် လို့ပြောတယ်။ ဖေဖေရယ် မေမေရယ် ညီိမလေးရယ်က ၂၀၁၃ခုနှစ်က မြန်မာပြည်မှာအပြီး  ပြန်လာနေတယ်။ ညီမက ဟိုမှာတယောက်တည်း အဆောင်နေပြီး ကျောင်းတက်တယ်။ အဲဒီမှာ ဖေဖေက မြန်မာပြည်ကိုရောက်တော့ တကိုယ်တော်အခွေမထွက်တာလည်း ၇ နှစ်လောက်ရှိပြီ၊ အဲဒါနဲ့ ဖေဖေက အခွေလုပ်မယ်ဆိုတော့ မေမေက သမီးရဲ့တကိုယ်တော်ခွေမထွက်ခင် ဖေဖေနဲ့တူတူ ၀င်ဆိုလိုက်ပါလားလို့ ပြောတယ်။ Wake Up Daddy ဆိုတဲ့ အခွေခေါင်းစဉ်ကလည်း မေမေရဲ့ အိုင်ဒီယာပါပဲ။ အဲဒါက တကယ့်ကို ညီမတို့ရဲ့ သြဇီတုန်းက Life Style လေးပါပဲ။ သီချင်းစဆိုတော့ မတူတာက အပြင်မှာLive ဆိုတာနဲ့ Recording လုပ်တဲ့အခါ ဆိုတာနဲ့က ကွာတယ်လေ။ အဲဒီအတွက် ဘယ်လိုဆိုရမယ်ဆိုတာ ဖေဖေကတော့ ပြောပြပေးတယ်။ သေချာသင်ပြပေးတော့ အခက်အခဲ တော့သိပ်မရှိပါဘူး အဆင်ပြေပါတယ်။ ညီမရဲ့သီချင်းလေးတွေ ဆယ်ကျော်သက်အရွယ်တွေကလည်း ကြိုက်ကြတယ်၊ အားပေးကြတဲ့အတွက်လည်း ပျော်ပါတယ်။ တကိုယ်တော်ခွေက ညီမ အခု Wake Up Daddy MTV ထွက်ပြီးမှ တကိုယ်တော်ခွေအတွက် သေချာစီစဉ်မှာပါ။ အခုတော့သီချင်းတွေ စစုနေပါပြီ။

ညီမက သီချင်းဆိုတာ ၀ါသနာပါတယ်။ အဆိုတော်ပဲ ဖြစ်ချင်တယ်။  ဒါပေမယ့် ဟိုနိုင်ငံမှာက ယူထားတဲ့မေဂျာက Architectureပေါ့။ဘယ်လိုကြောင့်ယူဖြစ်တာလဲဆိုရင် ပညာရေးအတွက် ဘွဲ့တခုလိုချင်လို့ပါ။ နောက်တခုက မေမေက အခုဆိုရင် မြေလေးတွေဝယ်တယ်။ ပြီးရင် သူ့ဘာသာ ဒီဇီုင်းဆွဲတယ်ဆောက်တယ်။   ပြီးရင်နေတယ်။ နောက်တခုတွေ့ရင်လည်း အဲလိုပဲ သူဆောက်တယ် ပြီးရင် ရောင်းရင်ရောင်းလိုက်တယ် ။ ဒါမှမဟုတ်ရင် ဌားထားတယ်ပေါ့။ Business လုပ်တာတော့ မဟုတ်ပေမယ့် သူ့ဝါသနာအရလုပ်တယ်။    ဒါကြောင့် ညီမကလည်း ဒီမေဂျာကို ယူပြီး နောက်တချိန်ကြရင် အမေနဲ့လည်း လက်တွဲပြီး တူတူအလုပ်လုပ်လို့ရတယ်လေ။ Architecture ကုမ္ပဏီဖွင့်တာပဲဖြစ်ဖြစ် တခုခုလုပ်လို့ရတယ်လေ။ ဒါပေမယ့် တကယ့်ဖြစ်ချင်တာကတော့ အဆိုတော်ပါပဲ။ Architecture ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်စိတ်ဝင်စားမှုက သိပ်အများ    ကြီးမဟုတ်ပေမယ့် စိတ်ဝင်စားတယ်။ အခုက ညီမက First Year ကိုတက်နေတုန်းပဲလေ။ Architecture က စာကျက်စရာမလိုဘူးလေ။ ဒုတိယနှစ်ကျရင်တော့ History တွေဘာတွေပါလာရင်တော့ ကျက်ရင်ကျက်ရမယ်။ အခုကတော့ Drawing တွေ အဓိကလုပ်ရတယ်။ Architecture ကတော့ Stress တော်တော်များတယ်။ သူများတွေလို တခြားဘာသာဆိုရင် မကျက်ထားတဲ့ ဘာသာတွေဆိုရင် စာမေးပွဲနားနီးရင် ကောက်ကျက်လိုက်လို့ရတယ်။ Architecture ကကျတော့ အဲလို စာမေးပွဲမဟုတ်ဘူးဆိုတော့ သူက အချိန်တလပေးထားရင် အဲဒီတလအတွင်းမှာ Drawing တွေဆွဲရမယ်။ နေ့စဉ် တစိုက်မတ်မတ်လုပ်မှ နို့မို့ဆိုရင် အပ်ရမယ့် ညကျမှ ကောက်ဆွဲလို့လည်း မရဘူးလေ။ အဲဒီိအတွက် stress တွေတော့များတယ်။

ဟိုက ပညာရေးစနစ်ကို ဘယ်လိုမြင်မိလည်းဆိုတော့ ပိုကောင်းတာပေါ့နော်။ ညီမကလည်း ဒီမှာက ၆    တန်းကို International School မှာ တက်ခဲ့တာ။ ဟိုက ပညာရေးစနစ်ကတော့ ပိုပြီးတိုးတက်တာပေါ့။ လွတ်လွတ်လပ်လပ်လည်းရှိတယ်။ အလွတ်ကျက်ရတာတွေ သိပ်မရှိဘူး။ Hight school တုန်းကဆိုရင်လည်း အလွတ်ကျက်လို့မရဘူး။ ကိုယ်ရဲ့ Opinian နဲ့ကိုယ် ၊ နောက်ပြီး အဖြေက တခုထဲ မရှိဘူး။ အဲဒီလိုမျိုးပေါ့။ ဟိုက ညီမရဲ့ Life Style က အခု ညီမက တယောက်ထဲဆိုတော့ အဆောင်မှာနေတယ်။ အဆောင်က အရင်တုန်းက ဒီက တက္ကသိုလ်နဲ့ အဆောင်နဲ့တွဲတဲ့ပုံစံမျိုးလေ။ အဲဒီမှာနေမယ်။ အဆောင်က သူငယ်ချင်းတွေနဲ့ပေါင်းဖြစ်တယ်။ ညီမက Hight School Year Elevel ထဲက တယောက်ထဲအဆောင်နေရတာလေ။ အဲဒီတုန်းက Under 18 ဆိုတော့ အရမ်း စည်းကမ်းကြီးတဲ့အဆောင်မှာနေရတယ်။ အခုက Over 18 ဆိုတော့ အဲဒီထက်တော့ ပိုလွတ်လပ်သွားတယ်။ တယောက်ထဲနေရတာတော့ အခုချိန်မှာတော့ Used To ဖြစ်သွား  ပြီပေါ့။ စစချင်းတုန်းကတော့ အိမ်ကို သတိရတယ်။ မိဘတွေကိုလည်း သတိရတယ်။ မိဘတွေ ဒီမှာရှိတုန်းကလည်း ရန်ကုန်ကို တနှစ်တခါပြန်လာနေကျလေ။ အခုကျတော့ မိဘတွေကလည်း မရှိတော့ ကျောင်းကလည်း အသစ်လေ လူတွေကလည်းအသစ် နေရာကလည်း အသစ် ဘယ်သူမှလည်း မရှိဘူးဆိုတော့ စစချင်းကတော့ ၀မ်းနည်းတာပေါ့လေ။ နောက်ပိုင်းကျတော့ သူငယ်ချင်း အသစ်တွေလည်း ရတယ် နေရတာလည်း နည်းနည်း used to ဖြစ်သွားတော့အဆင်ပြေလာတယ်။

ကြိုးစားနေတဲ့လူငယ်တွေအတွက် အချင်းချင်းပြောပြချင်တာက အလုပ်တခုက ကိုယ့်ကို တကယ်ပျော်ရွှင်စေတယ်။ ကိုယ်ကလည်းယုံကြည်မှုရှိတယ်။ ကိုယ့်ကိုအားပေးမယ့် သူတွေလည်းရှိတယ်။ ကိုယ်တကယ် ပျော်တဲ့အရာတခုကို အိမ်မက်တခုကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် ဘယ်တော့မှ လက်မလျော့ဘဲနဲ့ တစိုက်မတ်မတ် ကြိုးစားစေချင်ပါတယ်။ ညီမကိုယ်တိုင်လည်း ပရိသတ်လက်ခံတဲ့အဆိုတော်တယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။


ယုမွန်ကျော်


ဆယ်ကျော်သက်ပြောက်ကျားစစ်သမီးမှသည်နာမည်ကျော်အားကစားသမားတစ်ဦးဆီသို့

Friday, November 27, 2015 0 comments


နီပေါနိုင်ငံသူ မီရာရိုင် (ဓာတ်ပုံ - Mira Rai facebook)

မီရာရိုင်ဆိုသော ဆယ်ကျော်သက် အမျိုးသမီးလေးတစ်ဦးဟာ လွန်ခဲ့သော (၁၀)နှစ်ခန့်က နီပေါအစိုးရမှ အလိုရှိခဲ့တဲ့ ပြောက်ကျားစစ်သမီးတစ်ဦးဖြစ်ပါတယ်။ ယခုအချိန်အခါမှာတော့ သူမဟာ နိုင်ငံအတွင်းမှာ အအောင်မြင်ဆုံး အပြေးသမားတစ်ဦး ဖြစ်နေပါပြီ။ တစ်ချိန်က ကလေးစစ်သားတစ်ဦးဖြစ်ခဲ့သူ မီရာရိုင်းဟာ ယခုမှာတော့ နိုင်ငံကျော်အားကစားသမားတစ်ဦး ဖြစ်နေခဲ့ပါပြီ။ သူမကိုတွေ့ဆုံချင်တယ်ဆိုရင်တော့ ကတ်မန်ဒူမြို့တော်ရှိ ဖုန်တစ်လုံးလုံးထနေတဲ့ လမ်းမကြီးရဲ့ဘေးမှာရှိတဲ့ ဘားဆိုင်တစ်ခုကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီဘားကို ဦးစီးသူကတော့ ဘယ်လ်ဂျီယမ် ကောင်စစ်ဝန်ဖြစ်ပြီး အင်မတန်မှ ရှားပါးကောင်းမွန် လှတဲ့ ထရစ်ပစ်ဘီယာကို အဲဒီဘားမှာ ရရှိနိုင်ပါတယ်။ သူမဟာ အဖိနှိပ်ခံရတဲ့ မိသားစုဘ၀မှ ထွက်ပြေး လာခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ ကမ္ဘာပေါ်မှာ အင်အားအသုံးရဆုံး အားကစားနည်းတစ်ခုဖြစ်တဲ့ အပြေး သမားတစ်ယောက်အဖြစ်နဲ့ မြေတောင်မြှောက်ခြင်းကို ခံခဲ့ရပါတယ်။

ဒီငယ်ရွယ်နုပျိုတဲ့ အားကစားသမားလေးကို တွေ့ဆုံဖို့ လုံလောက်တဲ့ အကြောင်းအရင်း (၂)ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ သူမဟာ မဖြစ်နိုင်တဲ့ ဘ၀တစ်ခုကနေ ၀င်းလဲ့တဲ့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်တဲ့ အားကစားသမားတစ်ဦး ဖြစ်နေလို့ပါပဲ။ ဒုတိယတစ်ချက်ကတော့ မီရာရိုင်ဟာ အမျိုးသမီးငယ်တစ်ဦး ဖြစ်နေလို့ပါတယ်။


နီပေါနိုင်ငံဟာ ကျားမ ရေးရာကွဲပြားမှုနဲ့ပတ်သက်လာရင် ပြဿနာရှိတဲ့နိုင်ငံတစ်ခု အဖြစ် မှတ်တမ်းတင်ခြင်း ခံရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှ ကမ္ဘာ့ကျားမဆိုင်ရာကွာဟမှု ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၃၆ နိုင်ငံရှိသည့်အနက် နီပေါနိုင်ငံဟာ ညွှန်းကိန်းအဆင့် (၁၂၁)မှာရှိနေကြောင်းသတ်မှတ်ပြီး နီပေါနိုင်ငံမှာ အမျိုးသမီးများကို လူတစ်ဦးတစ်ယောက်ပိုင်ဆိုင်တဲ့ ပစ္စည်းလို့သာ သတ်မှတ်ကြောင်း ဖော်ပြခဲ့ပါတယ်။နီပေါနိုင်ငံအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ မထူးဆန်းတော့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဖွဲ့စည်းပုံဥပဒေသစ်တစ်ရပ်ကလည်း အိမ်ထောင်မရှိသူ အမျိုးသမီးများအနေနဲ့ ၄င်းတို့ရဲ့သားသမီးများကို နိုင်ငံသားဖြစ်ခွင့် လွှဲပြောင်းပေးခွင့်မရှိဟု ပြဋ္ဌာန်းလာပါတယ်။ ဒီပြဋ္ဌာန်းချက်ကြောင့်လည်း အားကစားကြယ်ပွင့်လေးဟာ စကက်ကို သာမန်ထက်ပိုပြီးဝတ်ဆင်လာခဲ့ပါ တယ်။

နီပေါနိုင်ငံ အရှေ့ဖက်မြေမြင့်ဒေသရှိ စနုဓမာ- ၉ ရွာလေးမှာတော့ မိန်းကလေးများအတွက် အခွင့်အလမ်း ဆိုတာ ဖြစ်ပေါ်လာမလာခဲ့ပါဘူး။ သူ့အစ်ကိုတွေ ကျောင်းမှာစာသင်နေချိန်မှာ ရိုင်ဟာ အိမ်မှာပဲနေပြီး အိမ်အလုပ်များကိုလုပ်ကိုင်ရမယ်လို့ သတ်မှတ်ခြင်း ခံထားရသူဖြစ်ပါတယ်။ ပြီးတော့ သူမဟာ အိမ်ထောင်ပြုပြီး ကလေးတွေမွေးပေးရမယ့် မိန်းကလေးတစ်ဦး သက်သက်သာ ဖြစ်ပါတယ်။ သို့ပေမယ့် ရိုင်မှာတော့ ဒီလိုသတ်မှတ်ချက်တွေနဲ့ ကွဲပြားတဲ့ အတွေးအခေါ်လေးတွေ ရှိနေခဲ့ပါတယ်။ “ကျွန်မဟာ ဒီကနေ သုံးနာရီစာလောက်ဝေးတဲ့ ဈေးကို ပြေးသွားပြီး ဆန်အိတ်တွေဝယ်တယ်။ ပြီးတော့ ပြန်ပြေးလာပြီး အဲဒီဆန်တွေကိုရောင်းပြီး အမြတ်အစွန်းရှာခဲ့တယ်” လို့ မျက်နှာလေး ရှုံ့လို့ ဆိုပါတယ်။ သူမ ပြောဖို့ ကျန်ခဲ့တာကတော့..အဲဒီ ဆန်အိတ်တစ်အိတ်ဟာ (၂၈)ကီလို (ပေါင် ၆၀) အလေးချိန်ရှိပြီး အဲဒီအချိန်မှာ သူမဟာ အသက်(၁၁)နှစ်ပဲ ရှိပါသေးတယ်။

သူမမိဘတွေရဲ့ပြောဆိုချက်အရ သူမ ဆယ်ကျော်သက်အရွယ်ရောက်တော့ အင်မတန်မှပြောဆို ဆက်ဆံရခက်သူဖြစ်လာတဲ့အပြင် အာခံဆန့်ကျင်တဲ့အနေနဲ့ နီပေါနိုင်ငံရဲ့တော်လှန်ရေး ပြောက်ကျားအဖွဲ့ထဲကို ၀င်ခဲ့ပါတယ်။ “ကျွန်မ သူပုန်တပ်ထဲဝင်မယ်လို့ အမေ့ကိုပြောလိုက်တယ်။ အဲဒီနောက် အမေ့ကို (၇)လလောက် အဆက်အသွယ်မလုပ်ဘဲ နေခဲ့တယ်” လို့ သူမက ပုခုံးလေးပင့်လို့ဆိုပါတယ်။ နောက်မှပြန်သိရတာက သူမ မရှိတုန်း သူမရဲ့မိခင်ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သေးတယ်ဆိုတာပါပဲ။ “အမေက အိမ်မှုရေးရာ တွေ မနိုင်မနင်းဖြစ်လို့ ဒီလိုလုပ်မိတာ နေမှာပါ” လို့နောက်နောက်ပြောင်ပြောင် ပြောဆိုခဲ့ပါသေးတယ်။ ဒီလို နောက်နောက်ပြောင်ပြောင် ပြောဆိုနိုင်ခြင်းကိုက အသက် (၂၆)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ အစွန့်ပစ်ခံ မိန်းကလေးတစ်ဦးကို အားကစားလောကမှာ ထိပ်သီးတစ်ဦးဖြစ်လာအောင် ဆွဲခေါ်သွားနိုင်ခြင်းကို ဖော်ပြလိုက်တာပါပဲ။

(၂၀၀၃)ခုနှစ်က ရိုင် တစ်ယောက် သူပုန်တပ်ထဲကို ၀င်တော့ သူတို့တော်လှန်ရေးတပ်ဟာ စစ်ပြေးနေ ရချိန်ဖြစ်ပါတယ်။ အမေရိကန်၊ အိန္ဒိယနဲ့ ဗြိတိသျှတို့ရဲ့အကူအညီရနေတဲ့ နီပေါစစ်တပ်ဟာ စစ်သွေးကြွနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကွပ်မျက်မှုတွေ၊ ညှင်ပန်းနှိပ်စက်မှုတွေ၊ ရုတ်တရက်ပျောက်ဆုံးမှုတွေ များလွန်းခဲ့တာမို့ ရိုင် ကတော့ အဲဒီအချိန်ကို “မရေရာမှုတွေဆက်တိုက်ဖြစ်ချိန်” လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ တကယ်လည်း အန္တရာယ်တွေနဲ့ ပြည့်ခဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ရိုင် တစ်ယောက် သူပုန်တပ် အတွင်းထဲမှာ သဘောအကျဆုံးအရာကတော့ ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ် အစရှိတဲ့ သူတို့ရဲ့ အားကစားအစီအစဉ်တွေပဲ ဖြစ်ပါတယ်။ “ကျွန်မအတွက်တော့ အံ့မခန်းဖွယ်ယ် အခွင့်အရေးတွေပါပဲ” လို့ သူမက ဆိုခဲ့ပါတယ်။


(၂၀၀၆)ခုနှစ် စစ်ပွဲတွေပြီးသွားတော့ ရိုင်ဟာ အစိုးရဲ့ပြန်လည်သန်စွမ်းရေး အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး အပျော်တမ်းအပြေးပြိုင်ခဲ့ပါတယ်။ သူမရဲ့ပထမဆုံး အပြေးပြိုင်ပွဲကတော့ (၂၁) ကီလိုမီတာတန်း ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူမမှာ ဗိုက်ဖြည့်ဖို့အတွက်တောင် ပိုက်ဆံမရှိတာမို့ အစာမစားပဲ ၀င်ပြေးခဲ့ပြီး ပန်းမ၀င်ခင် မီတာ (၄၀၀)အလိုမှာ မူးလဲသွားခဲ့ပါတယ်။

ကတ်မန်ဒူမြို့ကို သူမပြောင်းရွှေ့လာတော့ ကရာတေး ဆရာတစ်ဦးရဲ့အကူအညီနဲ့ သူမ အပြေးပွဲတွေမှာ ဆက်လက်ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီဆရာဟာ သူမကို ဖုန်းလိုင်းကတဆင့် သင်ကြားပေးခဲ့ပြီး သူမကတော့ အာရှမှာ အဆိုးရွားဆုံး ကတ္တရာလမ်းထဲက တစ်လမ်းလို့ သတ်မှတ်ခြင်းခံရတဲ့ မြို့ပတ်လမ်းမှာ အပြေး လေးကျင့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမ ၀င်ပြိုင်ချင်တဲ့ ပြိုင်ပွဲအမျိုးအစားတွေကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ အားအင်အကုန်ခမ်းဆုံး ကီလိုမီတာ (၈၀)ကျော် ပြိုင်ပွဲများနဲ့ ကျောက်တောင်တန်းများပေါ်မှာ ပြေးရတဲ့ ခရီးကြမ်းအပြေးပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သူမရဲ့ပထမဆုံး ပြိုင်ပွဲကတော့ မတ်လ (၂၀၁၄)မှာ ပါဝင်ခဲ့တဲ့ ကတ်မန်ဒူရွာရဲ့ ကီလိုမီတာ (၅၀)ခရီးရှည်ပြိုင်ပွဲပဲ ဖြစ်ပါတယ်။နည်းပြကြေး (၄)ဒေါ်လာ (၂.၆ စတာလင်ပေါင်) အတွက်အစာငတ်ခံခဲ့ရပါတယ်။

ဂျပန်နိုင်ငံမှအပြေးသမား မီကီ အပရီတီ ကတော့ “ သူမဟာ အင်မတန်မှ ဆင်းရဲဒုက္ခခံခဲ့ရပြီး ပံ့ပိုးခြင်းကို မခံရတဲ့ အပြေးသမလေးဟာ တောတောင်ထဲမှာ ပြေးနေတဲ့ မှင်စာကောင်လေးတစ်ကောင်းနဲ့တူပါတယ်”လို့ ရိုင် ကို မှတ်ချက်ပေးခဲ့ပါတယ်။ ပြိုင်ပွဲရဲ့တစ်ဝက် သူမူးမလဲတဲ့ နေရာရောက်တုန်းက သူမဟာ ရူပီး (၅၀) (အမေရိကန် ပြား၅၀) ချေးပြီးတော့ ခေါက်ဆွဲပြုတ်နဲ့ လိမ္မော်ရည်တစ်ကာတွန် ၀ယ်သောက်ခဲ့တယ်။ ပြီးတော့ သူမ ဆက်ပြေးတယ်။ နောက်တော့ သူမ အဲဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်။”

အပြေးပြိုင်ပွဲများကို စီစဉ်သူ ရစ်ချက်ဘူးလ်ကလည်း “သူမကိုတွေ့တဲ့အခါ တကယ့်စွမ်းရည်ရှိတဲ့ လူငယ် တစ်ယောက်ကို ကျွန်တော်ရှာတွေ့ပြီဖြစ်ကြောင်းချက်ချင်းသိလိုက်ရတယ်။ လေ့ကျင့်မှုတွေ အဆက်မပြတ်ရဖို့ ဘာလိုအပ်လဲလို့ သူကို ကျွန်တော်ကမေးတော့ အစားအသောက် စားရဖို့အတွက် ငွေရရင်ပြီးပါပြီလို့ ပြန်ဖြေတယ်”လို့ ရစ်ချက်ဘူးလ် က ဆိုပါတယ်။ ဘူးလ်ရဲအားပေးလှုံ့ဆော်မှုကြောင့် ရိုင် ဟာ နီပေါနိုင်ငံရဲ့ ကီလိုမီတာ ၂၀၀တန်း ရှိတဲ့ မက်စတန်းတောင်ကြားအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘူးလ်ဟာ သူမကိုဥရောပကိုပို့ပြီး ပြိုင်ပွဲဝင်ခိုင်းဖို့ အစီအစဉ် စတင်ရေးဆွဲပါတော့တယ်။    “အဲဒီအချိန်ဟာရင်မောရတဲ့အချိန်ပါပဲ။ သူမရဲ့ပြည်ဝင်ခွင့် ဗီဇာဟာ လေယာဉ်မထွက်မီ (၆)နာရီအလိုမှ ရခဲ့တယ်လေ။ အဲဒီအချိန်ရောက်မှ သိရတာက ရိုင်ဟာ တစ်ခါမှလေယာဉ်မစီးဖူးသေးဘူးဆိုတာပါပဲ” လို့ ရစ်ချက်ဘူးလ် ကဆိုပါတယ်။

အဲဒီနောက်မှာပဲ ရိုင်ဟာ အောင်မြင်မှု ဆက်တိုက်ရရှိခဲ့ပါတယ်။ ဟောင်ကောင်မှာ ပြုလုပ်တဲ့ ပြိုင်ပွဲတွေနဲ့  အခြားသော ပြိုင်ပွဲ (၇) ပွဲမှာ ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ (၈၂)ကီလိုမီတာတန်း ဘလန့်ခ်တောင်ပေါ် ကမ္ဘာ့အပြေးပြိုင်ပွဲ အစီအစဉ်မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီပြိုင်ပွဲဟာ ကမ္ဘာ့အခက်ခဲအကြမ်းတန်းဆုံးအပြေးပြိုင်ပွဲပါ။ ဒုတိယရရှိသူရဲ့ ၂၁ မိနစ်စောပြီး ပန်းဝင်ခဲ့လို့ ဆုရရှိပြီးအိမ်ပြန်လာနိုင်ခဲ့ပါတယ်။ ထောက်ပံ့မှုတွေကြောင့် နီပေါနိုင်ငံမှာ နာမည်အကျော်အကြားဆုံးသူ ဖြစ်လာနိုင်တဲ့ အလားအလာတွေ       ရယ်ကြောင့် မီရာရိုင်ရဲ့ ရှေ့ရေးဟာ လင်းလက်တောက်ပလို့ နေပါတယ်။ အဲဒီလိုမှတ်ချက်ပေးတော့ ရိုင် ဟာရယ်မောလို့ နေပါတယ်။ ဒါပေမယ့် သူမရဲ့အပြုံးကတော့ တောက်ပတဲ့ အနာဂတ်ကို လက်ခံလိုစိတ်မရှိကြောင်း ဖော်ပြနေပါတယ်။ “အခုတော့ အနာဂတ်ကိုရှောင်ပြေးဖို့ စတင်နေပါပြီ” လို့ ရိုင် ကဆိုပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။http://www.bbc.com/news/magazine-34704385



“အရည်အချင်းရှိတဲ့ Nurse တယောက် ဖြစ်ချင်တယ်”

Monday, November 23, 2015 0 comments




အမည် - ဆုမြတ်မိုးသျှံ
အသက် - ၁၇နှစ် 
Technological University (TU - Thanlyin) ပထမနှစ်

အ.ထ.က (၁) သန်လျင်ကနေ ဆယ်တန်းအောင်ပါတယ်။  ပြီးတော့ TU မှာ EP မေဂျာတက်နေပါတယ်။ First year ဖြေထားပါတယ်။ အခုလက်ရှိကျောင်းပိတ်ထားတော့ သင်တန်းတွေပဲတက်ဖြစ်နေပါတယ်။ Success မှာ အင်္ဂလိပ်စာသင်တန်းတက်နေတယ်။ Scholarship ဖြေတော့ အဲဒီမှာလည်း သင်             တန်းပေးသေးတယ်။ နောက်ပိုင်းတော့ တရုတ်စာလည်း ဆက်တက်ဖို့ရှိပါတယ်။

TU တက်နေတယ်ဆိုပေမယ့် စိတ်မဝင်စားတော့ အခုကျောင်းနားတဲ့အချိန်မှာ Scholarship ဝင်ဖြေ        လိုက်တော့ အောင်သွားတယ်ပေါ့။ စင်ကာပူမှာ သွားတက်ရမှာပါ။ ဟိုမှာ ကျောင်းတက်ရင်း အလုပ်လုပ်ရမှာပေါ့။ Nursing နဲ့ သွားရမှာပါ။ ကျောင်းက (၃) နှစ်တက်ရပြီး ကျောင်းပြီးသွားရင်ဟိုကဆေးရုံမှာ (၆) နှစ်အလုပ်လုပ်ရမယ်။ TU ကိုတော့ ဖြတ်ထားခဲ့မှာပါ။ ဝါသနာပါတာလားဆိုတော့ ဆေးဝါးပိုင်းကတော့ အစကတည်းက ဝါသနာပါတာပေါ့။ ဒါပေမယ့် ၁၀တန်းအောင်တဲ့အချိန်မှာ အမှတ်နည်းတော့ဆေးကျောင်းမရ ဘူးလေ။ အဲဒါနဲ့ Scholarship ဝင်ဖြေပြီးတော့ အဲဒီမှာပဲသွားတက်ဖို့ စိတ်ကူးတာပါ။ လာမယ့် ဒီဇင်ဘာ (၂၆)၊ (၂၇) လောက်မှာ သွားဖြစ်ပါမယ်။

Scholarship က အမှတ်နဲ့ခေါ်တာပါ။ မြန်မာစာ၊ အင်္ဂလိပ်စာဆိုရင် (၆၀)၊ သင်္ချာကဂုဏ်ထူးထွက်ရတယ်။ ကျန်တဲ့ Science သုံးဘာသာကတော့ ပျမ်းမျှ (၇၆) မှတ်ပေါ့နော်။ လာဖြေတဲ့သူတွေကတော့ အများကြီးပါပဲ။ Nurse နဲ့ ကျောင်းပြီးတဲ့သူတွေတောင် လာဖြေကြတယ်။ အားလုံးပေါင်း (၁၂၈) ယောက်ပေါ့။ နောက်ပိုင်း Writing မှာ( ၅၇) ယောက်အောင်တယ်။ Oralမှာ (၄၈) ယောက်ပဲအောင်ပါတယ်။

ရည်ရွယ်ချက်က Qualified Nurse ဖြစ်ဖို့ပေါ့။ အရည်အချင်းရှိတဲ့ Nurse တယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေလိုလဲဆိုတော့ အဓိကကတော့ စိတ်ရှည်ရမယ်၊ သည်းခံတတ်ရမယ်၊ လူနာကို ပြုစုစောင့်ရှောက်တတ်ရမယ်ပေါ့။ ငယ်ငယ်တုန်းကတော့ ဆရာဝန်ဖြစ်ချင်တာပေါ့။ ဒါပေမယ့် တကယ်တမ်း အမှတ်နည်းတော့ ဆရာဝန်နဲ့နီးတဲ့ Nurse ကိုရွေးလိုက်တာပါ။ ဝါသနာက စာဖတ်တာပါ။ ဘယ်လို စာမျိုးတွေဖတ်ဖြစ်လဲဆိုတော့ တခါတလေတော့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာမျိုးတွေဖတ်ဖြစ်ပါတယ်။ တခါတလေတော့  လည်း အပျင်းပြေကာတွန်းလေးတွေပေါ့။

ပရဟိတအနေနဲ့တော့ အပြင်မှာ သိပ်မလုပ်ဖြစ်ဘူး။ အိမ်မှာစာသင်တော့ ပိုက်ဆံမတတ်နိုင်တဲ့ ကလေးတွေကို အလကားသင်ပေးတာမျိုး လုပ်ဖူးပါတယ်။နောက်ပိုင်း ဟိုမှာ ကျောင်းတက် အလုပ်လုပ်ပြီးပြန်လာ        ရင်တော့ ဒီမှာ ကိုယ်ပိုင်ဆေးရုံတခုထောင်ချင်ပါတယ်။ပြီးရင် မတတ်နိုင်တဲ့သူတွေကို အချိန်ပိုင်း ပရဟိတအနေနဲ့ ကုသပေးပါမယ်။ ဥပမာ တရက်မှာဘယ်နှနာရီဆိုတာမျိုး၊ ဒါမှမဟုတ် တပတ်မှာ ဘယ်နှရက်ဆိုတာမျိုးပေါ့၊ ဘယ်ရောဂါ ဘယ်လို လူနာမျိုးပဲ ဖြစ်ဖြစ်ပါ။ ဒီအလုပ်ကို တသက်လုံးလုပ်သွားမှာလားဆိုတော့ ဟုတ်ပါတယ်။ ကိုယ်ကလည်းစိတ်ဝင်စားတယ်၊ ကုသိုလ်လည်းရတယ်ဆိုတော့ တသက်လုံး ဒီပညာနဲ့ပဲ အ     သက်မွေးဖို့ စဉ်းစားထားပါတယ်။

ရွယ်တူ ကြိုးစားနေသူတွေကို ဘာပြောချင်လဲဆိုတော့ ဘဝမှာကိုယ်ဖြစ်ချင်တာတွေချည်းပဲ အမြဲတမ်းဖြစ်တယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်တော့ ဖြစ်မှာပဲလေ။ တနေရာရာမှာ ကိုယ်မလုပ်နိုင်တဲ့အတွက် စိတ်လျော့စရာမလိုပါဘူး။ ကိုယ်အမြဲတမ်း ကြိုးစားရင် ကိုယ့်အတွက် ကောင်းတဲ့နေရာတနေရာတော့ ရှိမှာပါ။ လက်ကိုင်ထားတဲ့ဆောင်ပုဒ်က “မဖြစ်နိုင်တာ မရှိဘူး၊ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။”


ထက်ဦးဝေ


“တနေ့တော့ အောင်မြင်မှာပါ”

Thursday, November 19, 2015 0 comments




ကျနော် သီချင်းဆိုနေတာ ၇ နှစ်ကျော်လောက် ရှိနေပါပြီ။ ဂီတကိုလုပ်ဖြစ်တာ ခံစားချက်က ဘယ်လို ရှိလဲဆိုတော့ ဂီတဟာ စိတ်ညစ်တာကို ဖြေဖျောက်လိုက်လို့ရတယ်၊ အဲဒီအတွက် ဂီတကို လေ့လာတယ်။ ကိုယ်တိုင်ဖန်တီးနိုင်အောင်လည်း ကြိုးစားခဲ့တယ်။ ခံယူချက်ကတော့ ရိုးရှင်းပါတယ်။ ကျနော် ဆုရခဲ့တဲ့ လူငယ်များရဲ့အသံ (Voice of the Youth) ပရောဂျက်ကို မြန်မာနိုင်ငံမှာရှိတဲ့ ဒိန်းမတ်သံရုံးကတဆင့် ဒိန်းမတ်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (DANIDA) ရဲ့ အကူအညီနဲ့ ဒီက  Turning Tables Myanmar
က ပြုလုပ်ခဲ့တာပါ။ အဲဒီသီချင်းတွေ ဝင်ပြိုင်လို့ရတယ်၊ သူတို့ သတ်မှတ်ထားတဲ့ဘောင်ကလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တာတို့၊ လူသားချင်းစာနာတာတို့ အဲဒီလိုမျိုးတွေကို ဦးစားပေးပြီးတော့ လုပ်တာ။ ကျနော့်မှာက အရင်က အဲဒီလို ဆိုဖူးတဲ့သီချင်းတွေရှိတယ်လေ။ သိပ်အများကြီး မဟုတ်ပေမယ့် ၂ ပုဒ်၊ ၃ ပုဒ်လောက် ရှိတယ်လေ၊ သူများတွေလည်း နားထောင်ဖူးပါတယ်။ သူငယ်ချင်းတွေက အဲဒီသီချင်းတွေ နားထောင်ဖူးတော့ ဒီပြိုင်ပွဲလည်း ရှိတဲ့အခါကျတော့ အဲဒီမှာ မင်းသီချင်းတွေ ပေးလိုက်ပါလားလို့ ပြောတဲ့အတွက် ဝင်ပြိုင်ဖြစ်ခဲ့တယ်။ အဲဒီပွဲနဲ့လည်းကိုက်တယ် ဒီလိုသီချင်းမျိုး ဆိုတဲ့သူကလည်း ရှားတဲ့အတွက် ပေးလိုက်တယ်။ အဲဒီမှာ သူတို့ဘက်က အဲဒီသီချင်းကို ရွေးလိုက်တယ်။ သီချင်းနာမည်က အိမ် ပါ။ အဲဒီပုဒ်ကိုပဲ ပေးလိုက်တာပါ။ အဲဒီသီချင်းက ဘယ်လိုပုံစံမျိုးလဲ ဆိုတော့ ကျနော်တို့ရဲ့ ကမ္ဘာကြီးကို အိမ်တလုံးနဲ့ တင်စားထားတာပါ။ ကမ္ဘာကြီးဆိုတာ အိမ်တလုံးပဲ၊ ဒီကမ္ဘာကြီးမရှိရင် ကျနော်တို့ ဘယ်မှာသွားနေရမလဲ၊ ဒီအိမ်ကြီးထဲမှာ  ဘယ်လိုပဲ ကွာပြားခြားနားမှုတွေ ရှိနေပါစေ၊ ဘယ်လိုပဲ အတိုက်အခံတွေရှိနေပါစေ အားလုံးစာနာစိတ်တွေ ထားပြီးတော့၊ မေတ္တာကို ရှေ့တန်းတင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်ဆိုရင် အကောင်းဆုံးပဲ   ဆိုတဲ့ ပုံစံလေးပါ။ အွန်လိုင်းကနေပဲ ပို့လိုက်တယ်။ သူတို့ရွေးတယ်၊ ဆုရတယ်ဆိုတော့ အီးမေးလ်ကနေပို့တယ်။ ဖုန်းလည်း ဆက်ပြီး အကြောင်းကြားတယ်။ အဲဒီမှာ သူတို့တင်ထားတဲ့အခါ ဝင်ပြီးနားထောင်တဲ့သူတွေ အများကြီးပဲလို့ ပြောတယ်။ သီချင်းက မြန်မာလိုဆိုပေမယ့် နိုင်ငံခြားသားတွေအတွက်က ဘာ   သာပြန်နဲ့ပေါ့။ ဒီသီချင်းက အခု လူငယ်တွေ ပါဝင်သီဆိုထားတဲ့ လူငယ်များအသံ သီချင်းခွေမှာပြန်ပါမယ်။ အဲဒီစီးရီးခွေ နိုဝင်ဘာ ၆ ရက်နေ့မှာ ထွက်ရှိပါမယ်။

လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားလာမှု အပိုင်းကိုပြောရရင် လူငယ်တွေဆိုတာကဗျာ၊ လူကြီးတွေလိုတော့ အမှန်တရားအတွက် နှုတ်ပိတ်မနေတတ်ကြဘူး။ လူငယ်ပီပီ ထုတ်ဖော်ပြောကြတာတွေရှိတယ်။ အဲဒါကို နားလည်ပေးပြီးတော့ ကျနော်တို့ ဘာကိုပြောချင်တာလဲဆိုတာကို တကယ်သိအောင် လုပ်ပေးစေချင်တယ်။ ကျနော်တို့ ဒီလိုသီချင်းတွေ ဆိုပြတယ်ဆိုတာက ဒါမျိုးစိတ်တွေရှိလို့ပဲ။ ကျန်တာ ဘာမှမလိုပါဘူး။ နောက်ပြီးအဓိက လူကြီးတွေကို ပြောချင်တာမဟုတ်ဘူး။ နောက်လာမယ့် ကလေးလေးတွေကို  Future အတွက်ဆိုပြတဲ့ ပုံစံမျိုးပါ။ ကျနော်က Hip Hop ဆိုတာလေ။ အဲဒီအတွက်  Rap စာသားကိုလည်း သူတို့နားလည်အောင် ရိုးရိုးရှင်းရှင်းနဲ့ ဆိုထားတယ်။ Melody ကိုလည်း ကလေးတွေ ငယ်ငယ်က သင်ရတဲ့စာတွေလိုပဲ ရေးထားတယ်။

ဂီတနဲ့ လူအများကြီးကို အကျိုးပြုနိုင်မယ့်အရာကို ဖန်တီးတဲ့သူ တယောက်အနေနဲ့ဆိုရင် ကျနော်တို့ပေးတဲ့ Message လေးကို ရသွားမယ်ဆိုရင် ကျနော်တို့ ဖန်တီးတဲ့သူတွေက ကျေနပ်တယ်ဗျာ။ ကျနော်တို့သီချင်းကို ကြိုက်နေမှလည်း မဟုတ်ဘူး။ ကျနော်တို့သီချင်းကို အော်ဆိုနေမှလည်း မဟုတ်ဘူး။ ကျနော်တို့ သူတို့ကိုပေးချင်တဲ့ Message လေးတခု၊ အသိတရားလေးတခု သူတို့ခေါင်းထဲကို ရောက်သွားရင် ကျနော်တို့ ကျေနပ်တယ်။ အခု ကျနော်ရေးတဲ့ သီချင်းက နိုင်ငံရေးသီချင်းတော့ မဟုတ်ဘူး။ ရှေ့မှာတော့ နိုင်ငံရေး ဆန်ဆန်ပုံစံမျိုးတွေ ရေးခဲ့ဖူးတာမျိုးတော့ရှိတယ်။ ကျနော်တို့ တွေ့ကြုံနေရတဲ့ နေထိုင်မှုစနစ်တွေ၊ ပုံစံတွေကို ရေးထားတာတွေရှိတယ်။ အဲဒါကိုလည်း  Hip Hop ဆန်ဆန် ကြမ်းကြမ်းလေးတွေ ရေးထားတာရှိတယ်။ ကြမ်းပေမယ့် ရိုင်းတာတော့မပါဘူး။ အခု ဆုရတဲ့ အိမ်ဆိုတဲ့သီချင်းကတော့ အနုအရွလေးပဲ၊ ကလေးတွေ အတွက် ရည်ရွယ်တာ။ သူတို့နားထောင်ပြီး ပျော်ပြီး ဆိုပြီးကနေလို့ရတဲ့ ပုံစံမျိုးပဲ ရေးထားတာလေ။ လူသားချင်းစာနာဖို့က အဓိကပါပဲ။ ဒီလိုသီချင်းတပုဒ် ဖန်တီးမှုအပိုင်းနဲ့ ကျနော့်ရဲ့ Thinking က ဘယ်လိုရှိလဲ ဆိုရင် ကျနော်တို့ ကလေးဘဝကတည်းက အခုချိန်ထိ ဖြတ်သန်းလာခဲ့တာပဲ၊ ပတ်ဝန်းကျင်ကို သိနေတာပဲ။  TV တွေကြည့်ရင်လည်း ကမ္ဘာအရပ်ရပ်က ဖြစ်နေတာတွေလည်း အကုန်မြင်တွေ့နေရတာပဲ၊ သမိုင်းတွေလည်း ကျနော်တို့ လေ့လာခဲ့ရတာပဲလေ။ ဒီလို သီချင်းမျိုးတွေလည်း ကမ္ဘာပေါ်မှာ အများကြီးပဲလေ။ လူငယ်အချင်းချင်းအနေနဲ့လည်း ဘယ်လိုမြင်မိလဲဆိုရင် တချို့ကျတော့လည်း ဂီတဆိုရင် လုံးဝကို ပေါက်ကွဲထွက်ပြီး ဆူညံနေတာကို ကြိုက်ကြတယ်။ တော်လှန်ပုန်ကန်တဲ့ အထာတွေကို အားကျကြပေမယ့် တချို့ကျတော့ ငြိမ်းချမ်းရေးလို ပုံစံမျိုးကို သဘောကျကြတယ်ဗျာ။ ကျနော်ကိုယ်တိုင်ကလည်း အဲလိုပုံစံအမျိုးမျိုးကို လုပ်တယ်ဆိုတော့ သူတို့နဲ့ အဆင်ပြေပါတယ်ဗျာ။ ကျနော်ကိုယ်တိုင်လည်း တခါတလေ သီချင်းတွေမှာ ပေါက်ကွဲတဲ့အခါ ပေါက်ကွဲတယ်။ တခါတလေ Positive ဘက်ပဲ ကောင်းပါတယ်ဆိုပြီး ငြိမ်းချမ်း ရေးဘက်က ရေးတာလည်း ရှိ တယ်။

အခုလက်ရှိနိုင်ငံရေးအပေါ် လူငယ်တယောက်အနေနဲ့ မြင်မိတာဆိုရင် ကျနော်တို့ မြင်တွေ့နေရတာပဲဗျာ၊ ဘယ်ပါတီက ဘယ်လိုလုပ်တယ်၊ ဘယ်ပါတီက ဘာလုပ်တယ် ဆိုတာကို ကျနော်တို့ မြင်တွေ့နေရတာပဲလေ။ အရှင်းကြီးပဲလေ။ ကျနော်မှာ အစွဲမရှိဘူး။ တကယ်တော့ အမှန်တရားနောက်ကိုပဲ ကျနော်ကလိုက်တာ။ ပြောရရင် ကျနော့်အမေကလည်း ကျနော်ငယ်ငယ်တုန်းက NLD ပါတီကဗျာ။ အဲဒီတုန်းက NLD က အခုလို NLD လို မဟုတ်ဘူးနော်။ ပေါ်တင်လုပ်လို့မရဘူး။  အော်ကြီးဟစ်ကျယ်နဲ့ ပြောလို့မရဘူး။ အမြဲ ၁၂ ရာသီ ထွက်ပြေးနေရတာ။ ကျနော်တို့အိမ်ကို အမြဲတမ်းလိုလို ရဲတွေ၊ စစ်သားတွေ ရောက်ရောက်လာပြီး အမေ့ကို လိုက်ရှာနေကြတာ။ အမေက ခဏခဏ ထွက်ပြေးနေရတာလေ။ ကျနော်သိတဲ့ NLD ကတော့ အဲဒီ NLD ပဲ။ အဲဒီအတွက် ကျနော့်အမေကိုလည်း ကျနော်လေးစားတယ်။ အဲဒီအတွက် ကျနော်က သူရှိတဲ့ပါတီကိုပဲ အားပေးမှာပါ။

ကြိုးစားနေကြတဲ့ လူငယ်တွေကို ပြောပြချင်တာက ကိုယ်လုပ်နေတဲ့ အလုပ်တခုကို မဖြစ်လို့ အားမလျှော့ပါနဲ့၊ ဆက်ပြီး ဇွဲရှိရှိနဲ့လုပ်ပါ၊ ကြိုးစားပါ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ တနေ့တော့        အောင်မြင်မှာပါ မဖြစ်ဘူးဆိုတာ မရှိပါဘူး။


ယုမွန်ကျော်


Telenor Youth Forum ကို မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်နှစ်ဦး တက်ရောက်မည်

Tuesday, November 10, 2015 0 comments


Telenor Youth Forum တွင် မြန်မာကိုယ်စားပြု တက်ရောက်မယ့် မောင်ဖြိုးသူရဌေးနှင့် မဆုဝေစိုး(ဓာတ်ပုံ - တယ်လီနော မြန်မာ)

ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကျင်းပမယ့် Telenor Youth Forum ကို မြန်မာနိုင်ငံမှ ကိုယ်စားပြု လူငယ်နှစ်ဦး တက်ရောက်မှာ ဖြစ်တယ်လို့ တယ်လီနော မြန်မာမှ ယခုလ ၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မယ့် လူငယ်နှစ်ဦးကတော့ အသက် (၂၁) နှစ် အရွယ်ရှိပြီး B.Com (Management & Marketing) ဘွဲ့ရထားတဲ့ မဆုဝေစိုးနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ Chemical Engineering မေဂျာ တက်ရောက်နေတဲ့ အသက် (၁၉) နှစ် အရွယ် မောင်ဖြိုးသူရဌေးတို့ ဖြစ်ပါတယ်။

မဆုဝေစိုးက “အိမ်တွင်းအကြမ်းဖက်မှုအတွက် အကြံဥာဏ်ပေးဆွေးနွေးမှု Hot-Line ကို တည်ထောင် ခြင်း” ဆိုတဲ့ အဆိုတင်သွင်းမှုနဲ့ Telenor Youth Forum ကို လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။ မဆုဝေစိုး အနေနဲ့ မိသားစု စီးပွားရေးလုပ်ငန်းကို ပါဝင်ကူညီရင်း မြန်မာနိုင်ငံမှာ အိမ်တွင်း အကြမ်း ဖက်မှုများ ဖြစ်ပေါ်လျက်ရှိတာကို သိရှိပြီးနောက်မှာ ဖိနှိပ်ခံအမျိုးသမီးတွေကို ကူညီနိုင်ဖို့ တဖက် တလမ်းကနေ ပါဝင်ဆောင်  ရွက်ချင်စိတ်ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုတင်သွင်းမှုနဲ့ ပတ်သက်ပြီး မဆုဝေစိုးက “အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီး တွေက သူတို့ရဲ့ အခြေအနေကို ပြောပြဖို့ ရှက်နေတာ၊ ဒါမှမဟုတ် သူတို့အကြောင်းကို ပြောပြတဲ့အခါ လုံလောက်တဲ့ အားပေးမှု မရလောက်ဘူးလို့ ခံစားနေရတဲ့အတွက် သူတို့ ဖြစ်နေတဲ့ကိစ္စတွေကို တခြားသူတွေနဲ့ ဆွေးနွေးဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမက အမျိုးသမီး တွေအတွက် သူတို့ရဲ့ အိမ်တွင်ြး ပဿနာတွေကို ဖုန်းဆက်ပြီး ကျွမ်းကျင်သူတွေနဲ့ အမည်မသိသူက ဖုန်းခေါ်တဲ့ပုံစံနဲ့ ဆွေးနွေးနိုင်ဖို့ Hot-Line တစ်ခုကို တည်ဆောက်ချင်တာပါ” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “Telenor Youth Forum ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့  တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာမိပါတယ်။ အော်စလိုမှာ တခြားနိုင်ငံက လူငယ်တွေနဲ့ ဆွေးနွေး ပြီးတဲ့နောက် အမျိုးသမီးတွေကို ကူညီဖို့ အကြံဥာဏ်ကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ် အသက် ၁၉ နှစ်အရွယ် ကျောင်းသား မောင်ဖြိုးသူရဌေး ကတော့ တက္ကသိုလ် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို မိုဘိုင်း Application ကို တီထွင်နိုင်ရန် ကြံဆနေသူတဦး ဖြစ်ပါတယ်။

“ကျနော်တို့ တက္ကသိုလ်တွေမှာ စာသင်ကြားတာအပြင် ကျောင်းသားတွေက သူတို့ သင်ယူနေတဲ့ ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ၊ ဗဟုသုတတွေကို ရရှိနိုင်ပါတယ်။ ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖို့အတွက် Telenor လိုမျိုး နည်းပညာကုမ္ပဏီကြီးတွေရဲ့ အကူအညီ လိုအပ် ပါတယ်။ အခုလို Telenor Youth Forum မှာ ရွေးချယ်ခံခဲ့ရသူတဦးအနေနဲ့ ဒါကို အကောင်အထည် ဖော်ဖို့ ကျနော့်အတွက် ပထမဆုံး ခြေလှမ်းတခု ဖြစ်ပါတယ်” လို့ မောင်ဖြိုးသူရဌေးက ဆိုပါတယ်။

ယခုနှစ် ကျင်းပမယ့် Telenor Youth Forum (#TYF15) ကို တယ်လီနော စီးပွားရေးလုပ်ငန်း တည်ထောင်ထားတဲ့ နိုင်ငံများမှ ကိုယ်စားပြုလူငယ်များ (၂၅) ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။

“ကျနော်တို့ အခုရွေးချယ်ခဲ့တဲ့ လူငယ်နှစ်ဦးက မိုဘိုင်းချိတ်ဆက်မှုကို အသုံးပြုပြီး လူမှုပတ်ဝန်းကျင် ကို ထိရောက်စေမယ့် ထိုးဖောက်မှုမျိုးကို ဆောင်ကျဉ်းပေးမယ့် ရည်ရွယ်ချက်တွေ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ တွေ့ရပါတယ်။ သူတို့က မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်ကောင်းတွေ ဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Petter Furberg မှ ပြောပါတယ်။

သူက ဆက်ပြီး “ကမ္ဘာတဝှမ်းက သူတို့လိုမျိုး အတွေးအခေါ်ချင်းတူတဲ့ တခြားလူငယ်တွေနဲ့ အပြု သဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး လူထုအသိုင်းအဝိုင်းကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆန်းသစ်မှုရှိတဲ့ အကြံဥာဏ်တွေ ဖလှယ်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

Telenor Youth Forum တွင် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဗဟုသုတ အချက်အလက်များ စုဆောင်းရာ နေရာ Wikipedia ကို တည်ထောင်သူ Jimmy Wales မှ အဓိက အမှာစကား မိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး Forum အတွက် အခြားသော နယ်ပယ်အသီးသီးမှ အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များကို မိန့်ခွန်ပြော        ကြားပေးရန် ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

နှစ်စဉ် ကျင်းပတဲ့ Telenor Youth Forum ပွဲဟာ နိုဘယ်လ်ဆုပေးပွဲ ရက်သတ္တပတ်နှင့် တချိန်ထဲ ဖြစ်ပြီး ယခုနှစ်အတွက် Theme ကို #KnowledgeForAll လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။


သီဟတိုး



“ကိုယ်ဘာဖြစ်ချင်လဲဆိုတာသေချာသိပြီး ဆန္ဒပြင်းထန်ရင် ဘာမဆိုဖြစ်နိုင်တယ်”

Wednesday, November 4, 2015 0 comments






အမည် - ဇေယျာဦး
အသက် - ၂၅ နှစ် (Zilpa Tech)


ကျောင်းကတော့ အများကြီးတက်ဖူးတယ်။ ဒါပေမယ့် မပြီးပါဘူး။ ပထမဆေးကျောင်းတက်တယ်ပေါ့။ Second year မှာထွက်လိုက်တယ်။ Second year ရဲ့ ပထမနှစ်ကကျောင်းခေါ်ချိန်မပြည့်လို့ မဖြေရဘူး။ ကျောင်းမတက်ဘဲ Library တွေသွား AC တို့ BC တို့မှာစာသွားဖတ်ပေါ့။ IT စိတ်ဝင်စားတော့ ကွန်ပျူတာပဲလုပ်ဖြစ်တယ်။ ဆေးနဲ့ ပတ်သက်တဲ့ စာတွေကိုစိတ်မဝင်စားတော့ စာသိပ်မလုပ်ဖြစ်ဘူး။ နောက်တနှစ် ပြန်တက်ရတော့ နှစ်လလောက် တက်ပြီးထွက်လိုက် တယ်။
ကျောင်းထွက်လိုက်တော့ IT ဘက်ကိုလုံးဝကူးဖြစ်သွားတယ်။ သင်တန်းတော့ ကျနော် မတက်ဖြစ်ဖူးဗျ။ သင်တန်းမတက်ရတဲ့ အကြောင်းရင်းကဒီမှာသင်တန်းတော်တော်များများက Business ပုံစံမျိုးတွေ ကျနော်တွေ့ရတယ်။ ကျောင်းသားတွေ အများကြီးခေါ်တယ်၊ Certificate ပေးတယ်၊ ကျောင်းသားတွေ တကယ်တတ်လား၊ မတတ်လားသူတို့မသိဘူး။ KMD မှာကျနော် သွားတက်သေးတယ်။ Networking နဲ့ ပတ်သက်တာပဲ။ ကျောင်းအတွက် Certificate လိုလို့ သွားတက်တာ။ တပတ်လောက်တက်ပြီး Certificate ယူလိုက်တယ်။ ဘာမှတော့ မတတ်လိုက်ပါဘူး။

အခုဘာအလုပ်လုပ်လဲဆိုတော့ IT ပဲပေါ့နော်။ ဘယ်အပိုင်းလဲဆိုတော့ အေဂျင်စီတွေနဲ့ လုပ်ဖြစ်တယ်။ Marketing ၊ PR ၊ Advertising ၊ Creative agencies အဲဒါတွေပေါ့။ ပြီးတော့ အိန္ဒိယတို့၊ ဂျာမနီိတို့ကလာတဲ့ Hotel system တွေကို Manage လုပ်တယ်။ Maintenance တွေ လုပ်ပေးတယ်။ ပြီးတော့ Customer တွေအတွက် Hosting တွေ လုပ်ပေးတယ်။ Web Hosting, email hosting ပေါ့။ VPS ဆိုတာရှိတယ်၊ Virtual private server ပေါ့။

နောက်ပြီး VPN၊ Virtual Private Network ပေါ့။ သူကနေရာတခုနဲ့တခု Data တွေ ပြောင်းပို့တဲ့အခါ နောက်ပြီးကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တာတွေကိုလုံခြုံအောင် လုပ်ပေးတယ်။

Telecom တွေ အတွက် Test လုပ်ပေးတယ်။ Quality of Service (QOS testing).Ooredooတို့ Telenor တို့ MPT တို့ အကုန်လုံးမှာအဲဒါတွေလိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့နေရာတွေ ဇုန်တွေမှာဖုန်းလိုင်းတို့၊ အင်တာနက်လိုင်းတို့ ပိုပြီးကောင်းအောင် အဲဒီလိုမျိုး Service တွေရဲ့ Quality တွေကိုထိန်းပေးတယ်ပေါ့နော်။

ငယ်ငယ်တည်းကဝါသနာပါတာလားဆိုတော့ ကျနော်ငယ်ငယ်ကအိုင်တီဆိုတာကိုမသိဘူးဗျ။ အိမ်မှာကွန်ပျူတာမရှိဘူး။ ကျောင်းမှာရှိတဲ့ ကွန်ပျူတာကိုလည်းမကိုင်ရဘူးလေ။ အဲဒီတော့ အိုင်တီဆိုတာဘာမှန်းမသိဘူး၊ စိတ်ဝင်စားတာပဲရှိတယ်။ ကျနော်ငယ်ငယ်ကဂိမ်းတအားဆော့တယ်။ ဂိမ်းဆော့တော့ အိုင်တီစိတ်ဝင်စားတယ်။ ဂိမ်းထဲမှာ hack လုပ်တာတွေ ရှိတယ်လေ။
ဝါသနာကတော့ ကျနော် စာဖတ်တာဝါသနာပါတယ်။ အထူးသဖြင့် Economics နဲ့ ပတ်သက်တာတွေ စိတ်ဝင်စားတယ်။ နောက်ပြီး International Political Economy ပေါ့။

ကြိုးစားနေတဲ့ လူငယ်တွေကိုပြောချင်တာကတော့ အခုလက်ရှိကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ်ဘာဖြစ်ချင်လဲဆိုတာသိအောင်ကြိုးစားပါ။ အဲဒီလိုသိပြီး ဆန္ဒပြင်းထန်ရင် ဘာမဆိုလုပ်လို့ရပါတယ်။


ထက်ဦးဝေ


“လူငယ်တွေသာလွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်ထဲအများကြီးဝင်သွားရမယ်ဆိုရင် လာမယ့် လွှတ်တော်ကြီးက သစ်လွင်သွားလိမ့်မယ်”

Friday, October 23, 2015 0 comments


ကိုနေလင်းအောင် (ခ) ပေါက်စ
အသက် ၃၅ နှစ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁)၊ သန်လျင်မြို့နယ် မဲဆန္ဒနယ်

ကျနော်က သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ Reform လုပ်တော့ သန်လျင်မြို့ ထန်းပင်ကုန်းရပ်ကွက်မှာ NLD လူငယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ     အဖြစ် တာဝန်ယူခဲ့တယ်။ ၂၀၁၃ ခုနှစ် မေလမှာကျင်းပတဲ့ လူငယ်ညီလာခံမှာ ရန်ကုန်တောင်ပိုင်းခရိုင် တာဝန်ခံအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ကျနော့် ဆန္ဒ    အလျောက် လျှောက်ခဲ့ပါတယ်။ ဗဟိုက ကိုယ်စားလှယ်လောင်းအဖြစ်ရွေးခဲ့တယ်။ နိုင်ငံရေးအလုပ်ဆိုတာ အများအကျိုး အတွက် လုပ်တာလို့ ကျနော်မြင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပေါ့။ နိုင်ငံရေးအလုပ်ဆိုတာ  အမြင့်မြတ်ဆုံးပရဟိတတဲ့။ ဒါကြောင့်           အများကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ်ထင်လို့ ပါတီဝင်ခဲ့ တယ်၊ လုပ်ခဲ့တယ်။

ဒီ ၂၀၁၅ မှာတော့ NLD ပါတီက ရန်ကုန်တိုင်းမှာကော၊ မြို့နယ်အများစုမှာပါ ကိုယ်စားလှယ်လောင်း ရွေးလိုက်တဲ့အထဲမှာ လူငယ်အများစုပါတယ်။ လူငယ်တော်တော်များများကို မွေးထုတ်လိုက်တယ်ပေါ့။ ကျနော်တို့  သန်လျင်မှာဆိုရင်လည်း ကိုယ်စားလှယ်လောင်း ၄   ယောက်မှာ ၃ ယောက်က လူငယ်တွေ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ၊ ပညာရေးအခြေအနေအရ လူငယ်တွေက မျက်စိပိတ် နားပိတ်    တောက်လျှောက် ဖိနှိပ်ခံခဲ့ရတယ်။ ဒီနေ့ခေတ်မှာ အခုလိုလူငယ်တွေ တော်တော်များများ ပါတီနိုင်ငံရေးမှာ ပါဝင်လာတာကတော့ ကွင်းဆက်တခုကို ပြန်ချိတ်ဆက်လိုက်တာလို့ပဲ ကျနော်မြင်ပါတယ်။

ကျနော်တို့ သန်လျင်က ဝန်ထမ်းတွေ အဓိကနေကြတာများတယ်။ နေရာတိုင်းမှာ ဖြစ်နေသလိုပဲ ကိုယ့်ဆန္ဒကို ပေါ်ပေါ်တင်တင် မဖော်ထုတ်ရဲဘူးလို့ ကျနော်ထင်တယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ ရှိနေမှာပေါ့နော်၊ လာမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတမှု ရှိခဲ့ရင်တော့ သန်လျင်မှာ NLD အနိုင်ရလိမ့်မယ်။


ဒီနေ့လူငယ်တွေကို ဘယ်လိုမြင်လဲဆိုတော့ လူငယ်ဆိုတာ ခွန်အားပဲလေ၊ လူငယ်ရဲ့ တန်ဖိုးနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာအများကြီးရှိတယ်။ လူငယ်တွေသာ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်ထဲ အများကြီးဝင်သွားရမယ်ဆိုရင် လာမယ့် လွှတ်တော်ကြီးက သစ်လွင်သွားလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။ တကယ်တော့ လူကြီးဆိုတာက လူငယ်တွေထက် အတွေ့အကြုံပိုရှိတာမှန်ပါတယ်။

ဒါပေမယ့် ရဲရဲရင့်ရင့်နဲ့ လုပ်ရဲပြောရဲတာ လူငယ်တွေပဲ။ ဒီတော့လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ လူငယ်တွေရဲ့ ခွန်အားပေါင်းမှသာ အောင်မြင်မယ်လို့ ကျနော် မြင်ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ပါဝင်လာတယ်ဆိုတာ တွေ့လာရတယ်။ ဒီထက်ပိုပါဝင်လာရင် ပိုကောင်းမယ်။ လူငယ်ဆိုတာ အများပြောနေကျစကားရှိပါတယ်၊ ဖရောင်းလိုပဲတဲ့၊ ပုံသွင်းတဲ့သူကောင်းမယ်ဆိုရင် လှပလာမှာပေါ့။ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တာက    ဆက်ကြိုးစားကြပါလို့ပဲပြောချင်ပါတယ်။


အေးချမ်းမြေ့


လက် မရှိတဲ့ ဆယ်ကျော်သက် မျက်လှည့်ဆရာ

Wednesday, October 21, 2015 0 comments




ဦးနှောက်အမြှေးရောင်ရောဂါကြောင့် လက်ချောင်းအများစုကို ဆုံရှုံးနေရတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသားလေးတဦးဟာ မျက်လှည့်ပညာကို တတ်ကျွမ်းသူလို့ဆိုရင် အံ့သြနေကြမှာပါ။

ဘာကြောင့်လည်းဆိုတော့ မျက်လှည့်ပညာရှင်တော်တော်များများဟာ လူတွေရဲ့ မျက်စိကို သူတို့ရဲ့ လက်ကလေးတွေ စိတ်စွမ်းအားတွေနဲ့ လှည့်စားပြီး ပြသတတ်ကြတာများပါတယ်။



မျက်လှည့်ပြဖို့ ဖဲချပ်လေးတွေကို ကိုင်နိုင်ရုံမျှရှိတဲ့ လက်ချောင်းတိုလေးတွေနဲ့ အသက် ၁၈ နှစ်အရွယ် Dean Lahan ဆိုသူ လူငယ်လေးဟာ ဘယ်တော့မှ ဘ၀ကို အရှုံးမပေးဘဲ သူရဲ့ အိမ်မက်ဖြစ်တဲ့ အောင်မြင်တဲ့   မျက်လှည့်ပညာရှင်တဦးဖြစ်လာဖို့ကို ကြိုးစားနေသူပါ။

Dean ရဲ့ မျက်လှည့်ပြကွက်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်အား အင်တာနက်မှာ စတင်ဖြန့်ချိလိုက်ပြီးတဲ့ နောက် ကြည့်ရှုသူ အရေအတွက် ၆ သောင်း ၅ ထောင်ကျော် ရှိခဲ့ပြီး အခုဆိုရင် သူ့ကို လက်မဲ မျက်လှည့်ဆရာလို့  လူတော်တော်များများသိလာခဲ့ပါပြီ။



ဦးနှောက်အမြှေးရောင်ရောဂါကြောင့် အသက် ၁၈ လ လောက်ကတည်းက လက်ချောင်းလေးတွေနဲ့   ညာခြေထောက်ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း Dean ဟာ မျက်လှည့်ပညာကို လေ့လာဆည်းပူခဲ့ပါတယ်။

Dean ဟာ ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ညာခြေ၊ ဘယ်လက်ရှိ လက်ချောင်းလေးများ၊ လက်မတ၀က်နှင့် ညာလက်ရှိ လက်ချောင်းများ တ၀က်နီးပါး ဆုံရှုံးခဲ့ရပါတယ်။



သူ့ရဲ့ ရှိုးပွဲမှာပြသလေ့ရှိတဲ့ မျက်လှည့်ပြကွက်အများစုကတော့ ဖဲချပ်ဖြင့်ပြတဲ့ မျက်လှည့်၊ လူတယောက်ရဲ့  စိတ်ကို ဖတ်ပြခြင်း၊ အကြွေးစေ့လေးများကို အသုံးပြုပြီး မျက်လှည့်ပြခြင်း တို့ဖြစ်ပါတယ်။

Dean ဟာ သရုပ်ဖော်ခြင်းဆိုင်ရာ ပညာရပ်ကို သင်ကြားနေသူဖြစ်ပြီး မျက်လှည့်ပညာကို လွန်ခဲ့တဲ့      ငါးနှစ်လောက် သူ့ရဲ့ ဦးလေးနှင့်အဒေါ်ရဲ့ မင်္ဂလာပွဲမှာ စတင်ပြသခဲ့ပါတယ်။



Ref: daily mail


“တွေးခေါ်စဉ်းစားပြီးပရိသတ်ရယ်ရတဲ့ ပြကွက်ကိုပဲ ပြတယ်”

0 comments





လင်းဏေ
၂၇ နှစ်
မျက်လှည့်ပညာရှင်

ကျနော့်ဇာတိက စစ်ကိုင်းတိုင်းရွှေဘိုခရိုင် ဝက်လက်မြို့နယ်ကပါ။ ကျနော် မျက်လှည့်ပညာကို စိတ်ဝင်စားခဲ့တာက ၁၉၉၅ ခုနှစ်က TV Channel ဆိုလို့ မြန်မာ့ရုပ်မြင်သံကြားတခုတည်းရှိနေတဲ့ အချိန်တုန်း ကပေါ့။ အဲဒီမှာကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော်ပါဖီးရဲ့ မျက်လှည့်တွေကို အပတ်စဉ်ပြတယ်လေ။ အဲဒီမှာကျနော် အပတ်စဉ် စောင့်ကြည့်ရင်းနဲ့ စိတ်ဝင်စားလာတယ်။ ဘေးကလူတွေက ဘာပြောလဲဆိုတော့ သူက သာမန်လူမဟုတ်ဘူး၊ မှော်အောင်ထားတာပေါ့။ ဒါကို ကျနော်က လက်မခံဘူး၊ ဒါဟာ မျက်လှည့်ပညာပဲ၊ ငါလည်းသင်ရင်ရတယ်ဆိုပြီး အဲဒီမှာမျက်လှည့်ပညာကို စပြီးစိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာ အင်တာနက်တွေ၊ စာအုပ်တွေမှ မရှိသေးဘူး။ ပိုဆိုးတာက မြန်မာပြည်မှာတောင် မျက်လှည့်ဆရာတွေက လက်ချိုးရေလို့ ရတဲ့အချိန်လေ။ နောက်ပြီး ကျနော်က ရန်ကုန် မန္တလေးလို မြို့ပြကြီးမှာနေတာ မဟုတ်ဘူးလေ။ နယ်မြို့လေးမှာနေတဲ့အတွက် စာအုပ်စာပေဆိုတာလည်း ကျနော်တို့ဆီမှာရှားပါးတယ်။ ရှေးက မြန်မာယောက်ျားတွေ တတ်အပ်တဲ့ အဌာရသ ၁၈ ရပ်မှာ မျက်လှည့်ပညာဆိုတာပါတယ်။ မျက်လှည့်ပညာက အမှန်အတိုင်းပြောရရင် လူတွေနဲ့ သိပ်မစိမ်းဘူးလေ။

အဲဒီမှာ ဘယ်နေရာဘယ်လို မျက်လှည့်လေးတွေ ပြနေတယ်ဆိုရင် အဲဒီနေရာကို ချက်ချင်းပြေးပြီး ကျနော်ကိုသင်ပေးပါ၊ သင်ပေးပါဆိုပြီး တခုရလာတယ်။ အဲဒီလိုနဲ့ သင်လာခဲ့တယ်။ သူတို့ကလည်း တကယ့် ပရော်ဖက်ရှင်နယ် မျက်လှည့် ဆရာကြီးတွေ မဟုတ်ဘူး ဒီလိုပဲသာမန် အရပ်သားတွေပဲ။ အဲဒါကို ကျနော်က သူတို့ဆီက နည်းနည်းဆီသင်လာခဲ့တာ။ ကျနော် ကိုယ်တိုင်ကလည်း ပါရမီပါတဲ့အတွက် သူတို့သင်ပေးတဲ့ ပြကွက်လေးတွေမှာ ဟိုပြကွက်နဲ့ ဒီပြကွက်နဲ့ ပေါင်းတယ်၊ ပြကွက်အသစ်လေးတွေ ထွင်တယ်။ သူငယ်ချင်းတွေကို ပြဖြစ်တယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ၊ စုံညီပွဲတော်မှာ ဆရာမတွေက မျက်လှည့်ပါဆိုလို့ စင်ပေါ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပြခဲ့ဖူးတယ်။ ဒီလိုနဲ့ ကျနော် ၁၉၉၇ ခုနှစ် လောက်ရောက်မှ ဆရာဝမ်းတင်လို့ခေါ်တဲ့ မျက်လှည့်ဆရာတယောက်၊ သူကကျနော်တို့ ဇာတိဘက်ကို အလည်လာရင်းနဲ့ ကျနော်က စိတ်ဝင်စားမှန်း သိတော့ ကျနော့်ကိုခေါ်တယ်။ အဲဒီမှာ ဆရာ့ဆီရောက်တော့ ဆရာက ကျနော့်ကို သဘောကျပြီး ဉာဏ်ပူဇော်ခ   တြ ပားမှမယူဘဲနဲ့ မျက်လှည့်ပညာနဲ့ ပတ်သက်တဲ့ အနှစ်သာရတွေ၊ ပညာတွေအကုန် သင်ပေးခဲ့တယ်။ အဲဒီမှာ ကျနော် မျက်လှည့်ပညာနဲ့ ပတ်သက်ပြီး သေချာသင်ယူခဲ့ရတယ်။ ကျနော်ကအဲဒီမှာ ကျောင်းသွားရင်လည်း ပုဆိုးနဲ့ အင်္ကျီဝတ်ရတာကို ကျနော်ကမျက်လှည့် ဆရာဆိုပြီးမှော်ဆန်ဆန်တွေ ဝတ်ချင်ခဲ့တာ။ အဲဒီတော့ ပုဆိုးအောက်က ဘောင်းဘီရှည်ကို ခံဝတ်တယ်၊ အပေါ်ကလည်း လောင်းကုတ် အင်္ကျီကိုထပ်ဝတ်တယ်။

လွယ်အိတ်ထဲမှာ ကျောင်းစာအုပ်တွေပါသလို၊ တဝက်လောက်က မျက်လှည့်ပစ္စည်းတွေ ပါလာတာ။ အားရင်လည်း ကျောင်းမှာသူငယ်ချင်းတွေကို မျက်လှည့်တွေပြနေတာ။ အားရင်အားသလို မျက်လှည့်ပဲ ပြနေတာ။ နောက်ပိုင်းကျတော့ မျက်လှည့်ပြရင် တယောက်ကိုဘယ်လောက်ဆိုပြီး ယူပြီးတော့ မျက်လှည့်အတွက် လိုတဲ့ပစ္စည်းတွေ ကျနော် ပြန်ဝယ်ခဲ့တာ။ အဲဒီလောက်အထိ ရူးသွပ်တော့ ကျောင်းစာဘက် အားနည်းလာတယ်။ အဲဒီမှာအိမ်က အဖေနဲ့ အမေက ဒီလိုလုပ်တာကို မကြိုက်ကြဘူး။ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇ ခုနှစ်လောက်အထိ ကျနော်မျက်လှည့်ကို စိတ်ဝင်စားနေပြီး လုပ်နေမှန်းသူတို့မသိဘူး။ ကျနော် ကျောင်းမှာအဆင့်တွေကျလာတော့မှ အဖေကဘာတွေလုပ်နေမှန်းသိတာ။

အဲဒီမှာအဖေကလည်းဆရာဝန် ဆိုတော့ ကျနော့်ကိုသူကပညာရေးဘက်ကိုပဲထူးချွန်စေချင်တာလေ။ အဲဒီမှာမျက်လှည့် မပြရတော့ဘူး ဆိုပြီး အဖေကကျနော့်ရဲ့ မျက်လှည့်ပစ္စည်းတွေ အကုန်လုံးကို မီးရှို့ပြီး ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီမှာ ၈ တန်းနှစ် ကျောင်းသားစုံညီပွဲတော်မှာ သူငယ်ချင်းတွေက မျက်လှည့်ဝင်ပြဖို့ ပြောတယ်။ အဲဒီမှာအဖေ့ကို အဖေ ပြချင်တယ် ပြောတော့၊ အဖေကမင်းပြချင်ရင် ဒီလစာမေးပွဲမှာအဆင့် ၁၊ ၂၊ ၃ ဝင်ရမယ်တဲ့၊ ပြီးတော့ ဝင်ရင်လည်းဒီတခါပဲ ပြရမယ်လို့ ပြောတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ကျနော့်ဦးနှောက်က စာလိုက်နိုင်တယ်။ အဲဒီမှာကျနော် စာလုပ်တာမျက်လှည့်ပြချင်စိတ်နဲ့ လုပ်တာလေ။ ထူးဆန်းတယ်၊ အဲဒီမှာ ကျနော်အဆင့် ၂ ရတယ်။ ဆရာမတောင် အံ့သြသွားတယ်။ ဟယ်၊ နင်ဘယ်လိုများဖြေလိုက်တာလဲ၊ မျက်လှည့်ပြပြီး ဖြေလိုက်တာလားလို့လေ။ အဖေကလည်း ကျနော့်ကိုအံ့သြသွားတယ်။ အဲဒီမှာအဖေလည်း နားလည်သွားတယ်။ သားကိုမျက်လှည့်မပြဖို့ အတင်းတားမြစ်ရင် ဖြစ်မှာမဟုတ်ဘူးဆိုတာကို။ အဲဒီမှာ အဖေက မင်းစာလည်းတော်ရင် မျက်လှည့်ပြတဲ့အခါ မင်းကိုပိုအထင်ကြီးကြမယ်ပြောတော့ ပိုလည်း ကြိုးစား ဖြစ်လာတယ်။

မျက်လှည့်ပညာကဘာသာရပ်တွေ အများကြီး ဖြစ်တဲ့အတွက် ဆရာတယောက်တည်းဆီမှာမဟုတ်ဘဲ၊ ဆရာတွေ အများကြီးဆီမှာ ကျနော်သင်ဖြစ်တယ်။ ဆရာအာလာဒင်၊ ဆရာစက္ကောမတို့၊ Mr. Top တို့၊ ကျန်တဲ့ ကျနော့်ရဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတွေလည်းအများကြီးပါပဲ။ ကျနော် ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ဟိုကခေါ်ပြ၊ ဒီကခေါ်ပြနဲ့နေရင်း ပွဲအတွေ့အကြုံတွေ ရလာတယ်။ စင်ပေါ်မှာပရိသတ်နဲ့ ဘယ်လိုပြောရမယ်ဆိုတာ သိလာတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မြို့ကိုစက်မှု ၁ ဝန်ကြီးဌာနက ဈေးရောင်းပွဲတော် လာလုပ်တယ်။ အဲဒီမှာ မြို့က လူကြီးတွေကပြောတယ်၊ ငါတို့မြို့မှာမျက်လှည့်ပြတတ်တဲ့ လူငယ်တယောက်ရှိတယ် အဲဒါ ခေါ်ပြကြည့်ပါလားလို့ ပြောတယ်။ အဲဒါနဲ့ သူတို့နဲ့ စစ်ကိုင်းတိုင်း အတွင်း မျက်လှည့်လိုက်ပြတယ်။ အဲဒီတုန်းက တခါပြရင် ငွေတသောင်းရတယ်။

ရန်ကုန်ကိုရောက်လာတာက ကျနော်ဆယ်တန်းဖြေပြီးပြီဆိုတဲ့အချိန်ကျတော့ ကျနော့်အိမ်ကိုခွင့်တောင်းတယ်။ အဲဒီမှာ အဖေကလည်းခွင့်ပြုတာနဲ့ ကျနော် ရန်ကုန်ကိုရောက်လာတယ်။ ရန်ကုန်မှာ ကျနော် တောင်ဥက္ကာလာမှာ နေတယ်။ အဲဒီမှာသစ္စာလမ်းပေါ်က မိုးကောင်းဘုရားပွဲရှိတယ်လေ၊ ဇာတ်တွေလည်း ကကြတယ်။ အဲဒီမှာဇာတ်မင်းသားလေးဖိုးချစ်တို့ပွဲရှိတယ်။ ကျနော့်အစ်ကိုတယောက်နဲ့ ကိုဖိုးချစ်နဲ့က ရင်းနှီးတယ်။ အစ်ကိုပြောပေးဆိုတာနဲ့ အဲဒီမှာမျက်လှည့် စပြဖြစ်တယ်။ ရန်ကုန်မှာဆိုရင် ပထမဦးဆုံး ပရော်ဖက်ရှင်နယ်ပွဲကို ကိုဖိုးချစ်ပွဲမှာစပြီးပြဖြစ်ခဲ့တယ်။ သူလည်းသဘောကျတယ်၊ အဲဒီမှာကျနော့် အစီအစဉ်လေးတိုးလာတယ်။ အဲဒီနောက်ပိုင်း ကျနော့်ကို နည်းနည်းသိလာကြပြီး ပွဲတွေအတွက် လာပြဖို့ ဖုန်းဆက်ခေါ်ကြနဲ့        လင်းဏေဆိုပြီးနာမည်လေးတခု ရလာတယ်။

မျက်လှည့်ပညာဆိုတာမျက်လှည့်ဆရာတွေ ပြနေကျ ပြကွက်တွေရဲ့ သဘောတရားကတော့ အကုန်လုံး တူတူပါပဲ။ ဒီပြကွက်ကို ဘယ်သူတီထွင်ခဲ့လဲဆိုပြီး သီးခြား    ကြီးကွဲထွက်နေတာမရှိပါဘူး။ အဓိက Performance ကို ပြတယ်လို့ ဆိုကြတယ်ပေါ့။ တီထွင်ကြံဆမှုလည်းပါတာပေါ့။ ကျနော်ဆိုရင် မျက်လှည့်ပြတာကို မျက်လှည့်ဆရာက တကယ့်ကိုကြောက်စရာ၊ နောက်ကလည်း ပြင်ဆင်ထားတာက ကြောက်စရာပုံစံမျိုး မကြိုက်ဘူး။ ကျနော်ဆိုရင် ကြည့်ရှုတဲ့ ပရိသတ် တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ နောက်က ဒစ္စကို မြူးဇစ် ကောင်းကောင်းဖွင့်ပြီး ဝတ်စားတာလည်း ဒီဘက် အပြင်ကသူတွေ ဝတ်တဲ့အတိုင်းပဲ ကျနော်ဝတ်တယ်။ နောက်မှာ သရဲပုံတွေ၊ ဝိဉာဉ် ပုံတွေ ကျနော်မကြိုက်ဘူး။ သာမန် လူထဲက လူတယောက်ပုံစံနဲ့ပဲ ကျနော်နေတယ်၊ ဖျော်ဖြေတယ်။ တွေးခေါ်စဉ်းစားပြီးပရိသတ် ရီရတဲ့ ပြကွက်ကိုပဲကျနော်ပြတယ်။ မျက်လှည့်နဲ့ ပတ်သက်ရင်လည်းကျနော် သင်တန်းဖွင့်ထားတယ်။ ဒါကြောင့် Facebook မှာလည်းမျက်လှည့်ပညာဆိုတဲ့ အကောင့်လေးတခုဖွင့်ထားပါတယ်။ မျက်လှည့်ပညာကိုတကယ် စိတ်ဝင်စားတဲ့ သူတွေကိုပြောပြပေးတယ်၊ အကြံလေးတွေ ပေးဖြစ်တယ်။ အပြင်မှာတွေ့ချင်လည်းဖုန်းနံပါတ် ဘယ်လောက် ဘယ်လောက်ကိုဆက်ပါ ချိန်းပြီးကျနော်သင်ပေးတယ်။ မျက်လှည့်ပညာမတိမ်မြုပ် မပျောက်ကွယ်အောင် လုပ်ရပါတယ်။ Skynetမှာလည်းကျနော်တို့ MYM (Myanmar young Magician) ဆိုပြီးကဏ္ဍလေးတခုရှိပါတယ်။ အဲဒါကလမ်းသွားရင်းလမ်းသွားလမ်းလာတွေကို ပြတဲ့ ပုံစံလေးပါ။ အဲဒါလေးကအပတ်စဉ် သောကြာနေ့တိုင်းညနေခြောက်နာရီခွဲကနေခုနစ်နာရီအထိပြပါတယ်။

ဒီမျက်လှည့်ပညာဟာလည်းအနုပညာတခုပါပဲ။ တတ်ထားရင် သူငယ်ချင်းတွေကို ပြချင်ရင်လည်းပိုပြီးရင်းနှီးမှု တခုကို ဖြစ်စေပါတယ်။ အိမ်မှာမောင်နှမတွေ ရှိရင်လည်းမောင်နှမတွေပျော်အောင်၊ ကျောင်းမှာလည်းကန်တင်းလေးထိုင်နေတုန်းသူငယ်ချင်းတွေကိုပဲ ပြပြ၊ ဒါဟာရင်းနှီးမှုကိုပိုပြီး ဖြစ်ပေါ်စေတယ်။ တတ်ထားရငလည်းမမှားတဲ့ ပညာရပ်လေးတခုပါ၊

မျက်လှည့်ပညာနဲ့ပတ်သတ်ပြီးကျနော်ရည်ရွယ်ချက်တွေကအခုလက်ရှိကျနော်ရဲ့ မျက်လှည့်ကဏ္ဍလေးကိုSkynetမှာ ပြနေပေမယ့် ဒါက Free to air မဟုတ်သေးဘူးလေ။ လူအများကြည့်တဲ့ Free to air ဖြစ်တဲ့ MRTV 4 တို့လို Channel တခုခုမှာ ပြနိုင်အောင် ကျနော် ကြိုးစားမှာပါ။ ဒါကကျနော်ရဲ့ကိုယ်ပိုင် ရိုက်ကူးရေးအဖွဲ့နဲ့ တူတူရိုက်ကူး ပြီးတော့ပေါ့။ နောက်တခုကကျနော့်အိပ်မက်ကမျက်လှည့်ဆိုတာတီဗီဖန်သားပြင်မှာ ကြည့်ရတာထက်စာရင် အပြင်မှာကြည့်ရတာပိုပြီးလတ်ဆတ်မှုရှိတယ်၊ အံ့သြစရာကောင်းတယ်။ အပြင်မှာတိုက်ရိုက် ကြည့်နိုင်ဖို့အတွက် မြန်မာတပြည်လုံးကိုပြသနိုင်ဖို့ မကြာခင်မှာနယ်လှည့်ပြီးကွန်တိန်နာမိုဘိုင်းပုံစံနဲ့ နယ်လှည့်ပြဖို့ အစီအစဉ်တွေ ရှိတယ်။ ဒါကကျနော်ရည်ရွယ်ချက်ပါ။

အခုလက်ရှိကျနော်တို့ မြန်မာနိုင်ငံကမျက်လှည့်ပညာရှင်တွေ အသုံးချနေတဲ့ ပစ္စည်းတချို့က နိုင်ငံခြားက ဖြစ်တယ်။ တချို့ပစ္စည်းတွေကကျနော်တို့နိုင်ငံအတွင်းမှာလုပ်ယူလို့ မရနိုင်တာတွေရှိတယ်။ အဲဒါတွေအတွက် ကျနော်တို့က နိုင်ငံခြားကနေလှမ်းပြီးအော်ဒါတွေမှာရတယ်။ ထိုင်ဝမ်တို့၊ ထိုင်းတို့ကပေါ့။ ဒီထက်ပိုပြီးကောင်းတဲ့ ပစ္စည်းတွေ ရဖို့အတွက်လည်းအနောက်နိုင်ငံကနေလှမ်းပြီးအော်ဒါမှာရတယ်။ အခုဆိုရင် Facebook တို့၊ Youtubeတို့မှာလည်း နိုင်ငံခြားကမျက်လှည့်ပညာရှင်တွေ နဲ့လည်း Friend တွေ ဖြစ်ပြီးရင်းနှီးနေပါပြီ။ စကားတွေပြောဖြစ်တယ်။

သူတို့ကလည်းသူတို့နိုင်ငံမှာမျက်လှည့်လာပြဖို့ ကမ်းလှမ်းလာတာတွေ ရှိတယ်။ တချို့မြင့်တဲ့ နည်းပညာတွေ အတွက်ကသူတို့နဲ့ပေါင်းပြီးလေ့လာနိုင်အောင် နိုင်ငံခြားအထိသွားပြီးလေ့လာဖို့လည်းရှိပါတယ်။ အဲဒီလိုသူတို့နဲ့လေ့လာဆွေးနွေးရင်တော့ ကျနော်တို့နိုင်ငံရဲ့ မျက်လှည့်ပညာလည်းပိုပြီးတိုးတက်လာမှာပါ။ နောက်ပြီးမျက်လှည့် ပြိုင်ပွဲတွေကလည်း နိုင်ငံတကာမှာရှိပါတယ်။ အရှေ့တောင်အာရှ သီးသန့်ပြိုင်ပွဲတွေလည်းရှိတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေအနေနဲ့ကကမ္ဘာ့ပြိုင်ပွဲတွေအထိချက်ချင်းကြီးဝုန်းဒိုင်းကြီးမရောက်နိုင်ပေမယ့် အရှေ့တောင်အာရှကတော့ မကြာခင်မှာရောက်နိုင်အောင်၊ ဖျော်ဖြေနိုင်အောင် ကျနော်တို့် ကြိုးစားနေပါတယ်။ လက်ရှိရပ်တည်နေတဲ့ အနေအထားအရကျနော်ကကုန်ပစ္စည်းပွဲတွေ၊ Promotion ပွဲတွေနဲ့ Junction square စတာတွေမှာအမြဲတမ်းလိုလိုဖျော်ဖြေမှုတွေ ပြုလုပ်နေပါတယ်။

ကြိုးစားနေတဲ့ လူငယ်တွေကိုပြောချင်တာကကိုယ်လေ့လာနေတဲ့ ပညာရပ်ကိုလေ့လာပါ။ တကယ်စိတ်နဲ့  လုပ်မယ်ဟေ့ဆိုတဲ့ စိတ်ရှိရင် တကယ်ဖြစ်ပါတယ်။ ဖြစ်အောင်လည်းလုပ်ပါ။ ဖြစ်မှာပါ။


ယုမွန်ကျော်


“နိုင်ငံတကာပညာရေးကိုဒီကကလေးတွေ ဈေးသက်သက်သာသာနဲ့ ရစေချင်တယ်”

Tuesday, October 13, 2015 0 comments




အမည် - မျိုးကျော်သူ
အသက် - ၂၆ နှစ် (Co-operate Fair Executive)

ကျနော် (၂၀၀၅) ခုနှစ်မှာ သန်လျင် အ-ထ-က (၂) ကနေ ဆယ်တန်းအောင်ပါတယ်။ ဆေးတက်ဖို့ အမှတ်မီတယ်။ ဆေးကျောင်းတက်တယ်။ ဒါပေမယ့် စိတ်မဝင်စားတော့ နှစ်လလောက်တက်ပြီး ထွက်လိုက်တယ်။ နောက် နိုင်ငံခြားထွက်ဖို့လုပ်တယ်။ သင်တန်းတွေတက်ရင်းနဲ့ ၂၀၁၁ လောက်မှာ Pre Collages Program ဆိုတာ Diplomatic School ပေါ့နော်၊ အဲဒီမှာ Scholarship ရတော့ ဟောင်ကောင်မှာ ကျောင်းသွား      တက်ဖြစ်တယ်။ Business Economic ပါ။ မနှစ်က ကျောင်းပြီးပါတယ်။

အခုလက်ရှိကတော့ ဥပဒေအကြံပေးရုံးမှာ Co-operate Fair Executive လုပ်နေပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့က သူတို့ကဥပဒေပိုင်းလေ၊ ကျနော်က ဥပဒေသမား မဟုတ်တော့ ဥပဒေပိုင်းဆိုင်ရာ Research တွေလုပ်ပေးတယ်။ နောက်ပြီး Networking, Marketing ပိုင်းတွေပေါ့၊ Business Development နဲ့ ပတ်သက်တာတွေ လုပ်ပေးပါတယ်။ ရှေ့လျှောက်ပြီးတော့ Master ဆက်ဖြေဖို့ ရှိပါတယ်။ ပြီးရင်တော့ စီးပွားရေးလိုင်းဘက်ကိုသွားမှာပါ။

ပရဟိတလည်းလုပ်ဖြစ်ပါတယ်။ အဓိကကတော့ စာသင်တာပါ။ ဆယ်တန်းအောင်ပြီးကတည်းက သန်လျင်က ပညာဒါနတခုမှာ စာသင်ပါတယ်။ နောက်ပိုင်း ဟောင်ကောင် ရောက်တော့လည်း ပါကစ္စတန်က ကျောင်းသားတွေကို အချိန်ပိုင်းသင်ဖြစ်ပါတယ်။ ဝါသနာကတော့ စာဖတ်တာပါ။ ဘယ်လိုစာမျိုးတွေ ဖတ်လဲဆိုတော့ အရင်ကတော့ Fiction တွေပေါ့၊ အခုတော့ Non-fiction ပေါ့။ Economic နဲ့ ပတ်သတ်တဲ့ စာအုပ်တွေဖတ်ပါတယ်။ သီချင်းကတော့ မျိုးစုံနားထောင်ဖြစ်ပါတယ်။ အားကစားလည်း လုပ်ဖြစ်ပါတယ်။ ဟောင်ကောင်မှာတုန်းကတော့ လှေတွေဘာတွေ လှော်ဖြစ်တယ်။

ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ဖို့ပေါ့နော်၊ နောက်ပြီး ပညာရေးပိုင်းဆိုင်ရာပေါ့။ ဥပမာ - ကျောင်းထောင်တာလိုမျိုးပေါ့ဗျာ။ ကျောင်းထောင်ချင်တယ်ဆိုတာက နယ်ကကလေးတွေကို နိုင်ငံတကာ ပညာရေးရစေချင်လို့ပါ။ နိုင်ငံတကာပညာရေးကို ဒီကကလေးတွေ ဈေးသက်သက်သာသာနဲ့ ရစေ ချင်တယ်။ ဒီမှာက အဲဒီလိုပညာရေးတွေရဖို့ အရမ်းဈေးကြီးတော့ အဲဒါမျိုးကို အချိန်ပိုင်းပဲဖြစ်ဖြစ် လုပ်ချင် တယ်။ ဒါမှမဟုတ်ရင်လည်း Language School လိုမျိုးပဲဖြစ်ဖြစ်ပေါ့။ ပြီးတော့ US တို့ ဘာတို့မှာ ဆိုရင်    လည်း Teach for America တို့ Teach for all တို့လို Program တွေရှိတယ်လေ။ သူတို့က                 ကျောင်းကောင်းတွေကနေ ပြန်လာတဲ့ Graduate တွေကို နှစ်နှစ် Train ပေးပြီးတော့ ပြည်တွင်းက          ကျောင်းတွေကို လွှတ်ပြီးစာသင်ခိုင်းတယ်။ အဲဒီလိုမျိုးဆိုလည်း မဆိုးဘူးလို့ ကျနော်ထင်ပါတယ်။

ပညာရေးက ဘယ်လောက်အထိ အရေးကြီးလဲဆိုတော့ တော်တော်လေးအရေးကြီးပါတယ်။ ပညာတတ်တဲ့ လူတွေများမှ အတွေးအခေါ်တွေ မြင့်မားမယ်။ အဲဒါမှ တိုင်းပြည်လည်း တိုးတက်မယ်။ သူများနိုင်ငံတွေနဲ့လည်း ရင်ပေါင်တန်းနိုင်မယ်လေ။ ကြိုးစားနေတဲ့လူငယ်တွေကို ဆက်ပြီး ကြိုးစားကြဖို့ပဲပြောချင်ပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာ Asian Economic Community တွေလည်း ဝင်လာမှာဆိုတော့ လမ်းတွေလည်း    အများကြီးပွင့်လာမယ်။ ပြီးတော့ အပြိုင်အဆိုင်တွေလည်း ပိုများလာမယ်။ အဲဒီတော့ ကိုယ့်ဘက်ကနေ   အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ပြောချင်ပါတယ်။


ထက်ဦးဝေ


“ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အလုပ်တခုအပေါ် ယုံကြည်မှုရှိပါ”

Wednesday, October 7, 2015 0 comments




အောင်မြတ်
၂၅ နှစ်
Music Video Director

ကျနော်က ၂၀၁၀ ပြည့်နှစ်မှာ ဘိုဘိုအင်တာတိန်းမန့်မှာ ဂရစ်ဖစ် ဒီဇိုင်နာအနေနဲ့ စပြီးအလုပ်လုပ်ခဲ့ပါတယ်။ ကျနော်ကစင်ကာပူက Republic Poly မှာ နှစ်နှစ် ကျောင်းတက်ခဲ့ပါတယ်။ ပြန်ရောက်ရောက်ခြင်း ဂရပ်ဖစ်ဒီဇိုင်နာအလုပ်ရယ် Diploma in Computer Art မှာဒီပလိုမာကိုလည်း ကျနော်ဆက်ပြီးတော့ တက်ခဲ့ပါ တယ်။ တချိန်တည်းမှာပဲ ဘိုဘိုအင်တာတိန်းမန့်မှာ ဂရစ်ဖစ်ဒီိဇိုင်နာလုပ်ရင်းနဲ့ Music Video တွေ စပြီးတော့  ရိုက်ကူးခဲ့တာပါ။ ကျနော်က ငယ်ငယ်ကတည်းက အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်ကိုလုပ်နေရရင်  ကျေနပ်နေတာ။ ဒါပေမယ့် ကိုယ်တကယ် လုပ်ချင်တဲ့ အနုပညာကဘာလဲဆိုတာ အစကမသိခဲ့ဘူး။ အရင်တုန်းက အနုပညာအလုပ်တွေလုပ်တယ်ဆိုတာ ကျောင်းကပန်းချီပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ငယ်ငယ်တုန်းက   ကျနော် မှတ်မိသလောက်ဆိုရင် အိမ်မှာကျနော် အသက် ၅ နှစ်၊ ၆ နှစ်လောက်တုန်းက ကာတွန်းတွေဆွဲ တယ်။ ဆွဲပြီးကာတွန်းစာအုပ်လေး ကျနော် လုပ်ထားတယ်။ ကျနော့်မှာ ပြစရာလူမရှိတော့ အဖေ့ ဧည့်သည်လာလာ၊ အမေ့ ဧည့်သည်လာလာလာတဲ့သူတိုင်းကိုကျနော် ထုတ်ထုတ် ပြခဲ့တာပေါ့။ အတန်းကြီးလာတဲ့အခါ  ပန်းချီပြိုင်ပွဲတွေ ကျနော်ဝင်ဝင် ပြိုင်ခဲ့တယ်။ ဒါပေမယ့် ကိုယ်တကယ်လုပ်ချင်တာ ဘာလဲသေချာ      မသိသေးဘူး။

စင်ကာပူရောက်နေတဲ့အချိန် ကျောင်းတက်နေတဲ့ အချိန်အတောအတွင်းမှာ ဓာတ်ပုံတွေရိုက်ခဲ့တယ်။ ဗီဒီယိုပိုင်းနဲ့လည်း ပတ်သက်ပြီး ထိတွေ့ခွင့်ရခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်ကဓာတ်ပုံတွေရိုက်မယ်။ ပြီးရင် ဂရစ်ဖစ်တွေနဲ့ ပြင်မယ်။ အဲဒါနဲ့ကျနော် ဘိုဘိုအင်တာတိန်းမန့်မှာ ဂရစ်ဖစ်ဒီဇိုင်နာလုပ်နေရင်းနဲ့ ဗီဒီယိုပိုင်းကိုပါ ကျနော် စိတ်ဝင်စားလာတယ်။ ငြိမ်နေတဲ့ ပုံလေးတွေထက်စာရင် လှုပ်ရှားနေတဲ့ ပုံလေးတွေက ပိုပြီးတော့  စိတ်ဝင်စားဖို့ ကောင်းမှာပဲဆိုပြီးတော့ ကျနော် Movie ဘက်ကို အာရုံပိုရောက်လာတယ်။ အဲဒီအချိန်မှာ   အဆိုတော် ကိုနိုင်းဝမ်းက သူ့ရဲ့ ကမ္ဘာငယ်လေးသီချင်းကို ရိုက်ပေးပါဆိုတာနဲ့ Music Video ခြေလှမ်းစဖြစ်ခဲ့တယ်။

ဒီလိုပြောင်းလဲလုပ်တဲ့အခါ ဘယ်လိုတွေ့ကြုံရလဲဆိုရင် အရင်တုန်းကတော့ ဒီဇိုင်းပိုင်းက တယောက်တည်း လုပ်ရတဲ့ အပိုင်းဗျ။ ခံစားချက်ရှိတဲ့အတိုင်း ကိုယ်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဇိုင်းတခုကို ချပြီး ဆွဲလိုက်တယ်။ ဗီဒီယိုပိုင်းမှာကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ Team Work ပါလာပြီ၊ အဖွဲ့သားတွေ ပါလာ ပြီ။ အားလုံးက တယောက်တည်းကောင်းလို့ မရတော့ဘူး။ ကျနော်တယောက်တည်း ကောင်းလို့မရတော့ဘူး။ ကျနော် အဖွဲ့တွေချည်းပဲကောင်းနေလို့ မရတော့ဘူး။ အားလုံးစုစုစည်းစည်းနဲ့ ကောင်းမှပဲ၊ Team Work ကောင်းမှပဲ အရမ်းကောင်းတဲ့ဖန်တီးမှုတခုဖြစ်လာမှာလေ။ အနုပညာတခုတည်းကိုပဲ အာရုံစိုက်ထားလို့ မရတော့ဘူး။ စီမံခန့်ခွဲမှုအပိုင်းတွေပါ ပါလာပြီ။ ပြီးတော့ ဦးဆောင်မှုအပိုင်းတွေပါ ပါလာတယ်။         လုပ်ဖော်ကိုင်ဘက်တွေနဲ့လည်း ရင်းရင်းနှီးနှီးပိုပြီးတော့နေဖြစ်လာတယ်။ ဆိုရှယ်ပိုင်းကိုပါ ကျနော်ပိုပြီးတော့  ကောင်းအောင် ကြိုးစားလာရတယ်။ အရင်တုန်းက ဒီဇီုင်းပိုင်းက တယောက်တည်းကိုပဲ အာရုံစိုက် ဖြစ်တဲ့အတွက် အပေါင်းအသင်းလည်းသိပ်ပြီးတော့ မရှိခဲ့ဘူး။

ကျနော်ရိုက်ကူးခဲ့တဲ့ Music Video တွေမှာဆိုရင် ၂၀၁၁ ခုနှစ်မှာ အဆိုတော် ဘန်နီဖြိုးနဲ့တွေ့ပြီးသူရဲ့ တကိုယ်တော်ခွေ “ချစ်တယ်ဟုတ်” အခွေမှာစပြီးရိုက်ဖြစ်တယ်။ “ချစ်တယ်ဟုတ်” အခွေမှာ တော်တော်များများ ရိုက်ဖြစ်တယ်။ ဆယ်ပုဒ်လောက် ရှိမယ်။ အဲဒီနောက်ပိုင်းမှာ ကျနော် တော်တော်များများ ဆက်တိုက်ရိုက် ဖြစ်တယ်။ “ချစ်တယ်ဟုတ်” အခွေမှာက ကျနော်ရိုက်တာများသွားတာကတကြောင်း၊ ကျနော်လည်း ကြိုးစားတယ်၊ အဖွဲ့သားတွေကလည်း ကြိုးစားတယ်။ ဘန်နီရဲ့သီချင်းတွေကလည်း အရမ်းကောင်းတဲ့အတွက် လူသိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ကျနော်ကရိုက်ဖြစ်ရင် သီချင်းတပုဒ်ကို Story ပုံစံအများဆုံး ရိုက်ဖြစ်တာက ကျနော်စပြီးရိုက်ဖြစ်တဲ့သီချင်းတွေကလည်း အချစ်သီချင်း နုနုရွရွလေး ဖြစ်နေတယ်။ အဲဒီအတွက် ကျနော့်ဆီကို ဆက်ပြီးတော့ လာတဲ့ သီချင်းတော်တော်များများကလည်း Pop ပုံစံမျိုးနဲ့ နူးညံတဲ့ အပိုင်းကိုလာတာများနေတယ်။ အဲဒီလိုသီချင်းမျိုးက Story ပုံစံမျိုးနဲ့သွားတာက ပိုလှတယ်လေ။ တချို့ Story ပုံစံနဲ့ မလိုက်ဖက်ဘူးဆိုရင်တော့ အပြ Presentation ကိုပဲ ကျနော် ဦးစားပေးပြီးရိုက်ကူးပါတယ်။ သီချင်းတပုဒ် ကျနော့်ကိုပေးပြီဆိုရင် ကျနော် အရင်ဆုံးနားထောင်တယ်။ တချိန်လုံးကျနော်ဖွင့်ထားတယ်။ အိမ်မှာရော၊ ကားပေါ်မှာရော၊ အိပ်ခါနီးရော၊ မိုးလင်းရင်ရော ဖွင့်ထားတယ်။ အဲဒီသီချင်းကို ကျနော် အလွတ်နီးပါးရနေပြီ၊ ဒီသီချင်းက ကျနော့်ရဲ့ သီချင်းတပုဒ် နီးပါးကျနော် ကိုယ်တိုင် ခံစားလို့ရပြီဆိုရင် ခေါင်းထဲမှာ Story က အလိုလိုပေါ်လာတယ်ဗျ။ တချို့သီချင်းတွေက ပထမအကြိမ် နားထောင်လိုက်တာနဲ့ Story ပေါ်လာတယ်၊ တချို့သီချင်းတွေက တော်တော်နဲ့မပေါ်ဘူး။ ဒါပေမယ့်လည်း အဲဒီသီချင်းကို စိတ်ထဲကနေ နှစ်ပြီး နားထောင်တယ်။ အဲဒီအခါ သူနဲ့သင့်တော်မယ့် Story က ခေါင်းထဲရောက်လာတယ်။ အဲဒီအခါမှာ ကျနော်ကတော့ ဒီလိုပုံစံမြင်တယ်၊ ရိုက်ချင်တယ်၊ တေးရေးတွေ အဆိုတော်တွေက ဘယ်လိုပုံစံပြန်ပြီးတော့ ရိုက်ချင်လဲ ဘယ်လိုပုံစံကြိုက်လဲဆိုတာကို ပြန်ပြီးတော့ ညှိပါတယ်။

MTV တွေဆိုရင်လည်းကျနော်ကတော့ အကုန်ကြည့်တယ်။ Western ဘက်က၊ Asian ဘက်က အကုန်     ကြည့်တယ်။ K pop တွေလည်း ကြည့်ဖြစ်တယ်။ အားလုံးကို လေ့လာတဲ့သဘောရော၊ အတွေ့အကြုံရမယ့် သဘာရောအတွက်ပါ၊ ဒါပေမယ့် ကိုယ်ပိုင်ဟန်တခုထွက်အောင်က ကိုယ့်ဘာသာ ကြိုးစားရတာပေါ့။ ဒီ အလုပ်လုပ်တဲ့အခါ ဖန်တီးမှုအပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ဘယ်လို ထားရှိရလဲဆိုရင် ကျနော့် အလုပ်က တာဝန်ယူမှုအပိုင်းက အကြီးဆုံးလို့ ပြောလို့ရတာလေ။ သူတို့ရဲ့ အရမ်းလူကြိုက်များတယ် ဆိုတဲ့သီချင်း၊ အရမ်းပေါက်တယ်ဆိုတဲ့ သီချင်းကြီးကိုကျနော်ကို ယုံယုံကြည်ကြည်နဲ့ အပ်ပေးတယ်။ ဒီသီချင်းကို  ကျနော်ကအကောင်းဆုံးပုံဖော်ရမယ်။ လူတွေ ပိုပြီးတော့ ကြိုက်လာအောင်ပေါ့ ဒီသီချင်းကပေါက်ပြီးသားဆိုပြီး ဒီသီချင်းကိုမှီပြီးတော့ ကျနော်ရိုက်လို့လည်းမရဘူး။ သူရဲ့ သီချင်းကို ကျနော်က နောက်ထပ် Music  Video ဆိုတဲ့ မူကွဲ ဖန်တီးမှုတခုနဲ့ ပြုလုပ်ရတယ်။ အဲဒီအတွက်လည်း တာဝန်အများကြီး ကြီးပါတယ်။ အဲဒီအတွက်လည်း ကျနော်နဲ့တဖွဲ့လုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြရပါတယ်။ အခုအဆိုတော် ကိုလေးဖြူရဲ့ သီချင်းတပုဒ်ကိုလည်း ကျနော်ရိုက်ကူးပေးထားပါတယ်။ သီချင်းတွေက ကျနော့်ဆီကို များသောအားဖြင့် Pop နဲ့ အချစ်သီချင်းအေးအေးလေးတွေလာတာများတယ်။ ကျနော် အနုပညာသက်တမ်းငါးနှစ်လောက်ရောက်တော့မှ Rock သီချင်းကို Music Video ရိုက်ဖို့ ကိုလေးဖြူက ကမ်းလှမ်းခဲ့တာပါ။ အဲဒီသီချင်းက ကိုလေးဖြူရဲ့ ဒိုင်ယာရီအခွေထဲက “ကမ္ဘာမြေအောက်” ဆိုတဲ့ သီချင်းလေးပါ အခုတော့ ရိုက်ကူးလို့ပြီးသွားပါပြီ။ ဒီသီချင်းလေး ရိုက်ကူးမှုအပေါ် စိုးရိမ်မှုရှိလားဆိုတော့ စိုးတော့ မစိုးရိမ်မိဘူး။ ဒါပေမယ့် တာဝန်တော့ ပိုကြီးသွားတယ်လို့ ခံစားရတယ်။ ကိုယ်သွားနေကျ လမ်းကမဟုတ်ဘဲ နောက် တလမ်းက သွားရမယ်ဆိုတော့ Rock Music mood ကိုရအောင်ပေါ့။ အရင်ကတည်းက သီချင်းအားလုံးကို နားထောင်ပေမယ့်  လက်ရှိရိုက်နေတာက Rap နဲ့ Pop သီချင်းတွေကိုရိုက်နေတာဖြစ်တဲ့အတွက် လေ့လာမှု အပိုင်းမှာက အများကြီးလိုအပ်နေသေးတာပေါ့။ အဲဒီအတွက် Rock Mood ကိုရအောင် လပိုင်းလောက် တော်တော်          အချိန်ပေးပြီးတော့လေ့လာရတယ်။ လေ့လာသင့်တာတွေကို ထပ်ပြီးတော့ လေ့လာရပါတယ်။

နောက်ပိုင်းမှာ ဘာတွေထပ်လုပ်ဖြစ်မလဲဆိုတော့ Music Video ကတော့ ကျနော် ဒါရိုက်တာရယ်လို့ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်အားပေးမှုရခဲ့တဲ့ အလုပ်တခုလည်း ဖြစ်တယ်၊ MTV ပရိသတ် ကလည်းကျနော့်ရဲ့ကျေးဇူးရှင်တွေပါပဲ။ အဲဒီအတွက် MTV တွေကိုလည်း ဆက်ပြီးတော့ရိုက်ဖြစ်နေမှာပါ။ နိုဝင်ဘာလကျရင် စိန်ဌေးထုတ်လုပ်ရေးက ထုတ်လုပ်ပြီးဝတ္ထုဇာတ်ညွန်းစာရေးဆရာမ ပုညခင်ရဲ့ အနမ်းဝိုင် ဆိုတဲ့  ရုပ်ရှင်ကားကြီးကို ရိုက်ဖို့စီစဉ်ထားပါတယ်။

လူငယ်တွေကို ဘယ်လိုအကြံပေးစကားပြောပြချင်လဲဆိုရင် ကျနော်ကိုယ်တိုင်လည်း အခုချိန်ထိ ကြိုးစား    နေတုန်းပါပဲ၊ အချိန်ကိုလည်းအမြဲတမ်း အလဟသမဖြစ်အောင် လေ့လာပါတယ်။ အဓိက ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို နောက်ပြန်မလှည့်တော့ဘဲ ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးထိပ်ဆုံးထိရောက်အောင်လို့  လျှောက်လှမ်းသွားဖို့က အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ အဓိက ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အလုပ်တခုကိုတော့ ယုံကြည်မှုရှိပါ။ ယုံကြည်မှုရှိပြီး ဒါကိုလက်တွေ့အကောင်အထည် ဖော်နိုင်အောင်   ကြိုးစားပါ။ ကျနော်တို့အားလုံးလည်း ကြိုးစားနေကြပါတယ်။


ယုမွန်ကျော်


“ကိုယ်တန်ဖိုးထားတဲ့ ဒီအလုပ်ကိုတသက်လုံးလုပ်သွားမယ်”

Wednesday, September 30, 2015 0 comments




မသဉ္ဇာဖြိုး
Team Leader
Myanmar TTS Engine
Development Project
(Natural Language Processing)
အသက် - ၃၀ နှစ်

ဒီအလုပ်ကိုလုပ်နေတာရှစ်နှစ်ကျော်ပြီ။ ၂၀ဝ၀ ပြည့်နှစ်မှာဆယ်တန်းအောင်ပြီးတော့ ကွန်ပျူတာတက္ကသိုလ် လျှောက်ခဲ့တယ်။ အဲဒီအချိန်တုန်းကကွန်ပျူတာဆိုတာလူသိနည်းသေးတဲ့ နည်းပညာတခုပါ။ ဒါပေမယ့်      ကျောင်းပြီးတဲ့ အချိန်မှာတော့ အတော်လေးလူသိများလာပြီ။ ကိုယ်တတ်ထားတဲ့ ပညာကိုအသုံးချရမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်ဝင်ခဲ့တယ်။ NLP လို့ခေါ်တဲ့ Natural Language Processing ပိုင်းပါ။ ဘာသာစကားနဲ့   ပတ်သက်ပြီး ကွန်ပျူတာမှာဆော့ဖ်ဝဲတွေ ရေးတာပါ့နော်။ အင်္ဂလိပ်စာကိုထည့်လိုက်ရင် မြန်မာလို         ဘာသာပြန် ပေးတာပေါ့။

အခက်အခဲကတော့ အများကြီးရှိပါတယ်။ ပြောရင်တောင် မကုန်နိုင်ဘူးပေါ့။ အဓိကကတော့ Source ပေါ့နော်။ စာအုပ်တွေ မရှိတာ၊ Native speakerတွေ မရှိတာမျိုးပေါ့။ ဒါပေမယ့် ဝါသနာပါတော့လည်း အခက်  အခဲတွေ ကြားထဲကပဲရနိုင်သလောက်နဲ့ ဖြစ်အောင် လုပ်ယူခဲ့ပါတယ်။

အခုလက်ရှိတော့ အမြင်အာရုံချို့တဲ့သူတွေအတွက် ဆော့ဖ်ဝဲတခုရေးနေပါတယ်။ မြင်တဲ့သူတွေလည်း သုံးနိုင်ပါတယ်။ ကွန်ပျူတာမှာ မြန်မာစာရိုက်လိုက်ရင် အသံထွက် ဖတ်ပေးတာပေါ့နော်။ လာမယ့်  December လကုန်ပိုင်းမှာ အချောသတ်ပြီးတင်ပေးမှာပါ။

နေ့တိုင်းထမင်းစားရေသောက်သလိုဒီအလုပ်ကိုလုပ်တာပါ။ လူဆိုတာကိုယ်တတ်နိုင်သလောက် ကိုယ့်ရဲ့  လေ့လာမှုတွေကိုလုပ်နေရမှာလေ။ ရပ်ပစ်လိုက်ဖို့ မသင့်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်  ခွင့်ရှိသလောက် လုပ်နေမှာပါ။ တကယ်လို့ အခွင့်အရေးမရှိတော့ရင်တောင် ဆက်ပြီး လေ့လာနေဦးမှာပေါ့။ လူတိုင်းကတော့ ကိုယ်တန်ဖိုးထားတဲ့ အရာတခုကို တသက်တာဆုပ်ကိုင်ထားကြတာပဲလေ။ အဲ     ဒါကြောင့် ကိုယ်တန်ဖိုးထားတဲ့ ဒီအလုပ်ကို တသက်လုံး လုပ်သွားမှာပါ။

NLP နဲ့ ပတ်သက်ပြီး လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။ အခွင့်အခါ သင့်လာရင်တော့ Project  အကြီးကြီးတွေ လုပ်ဖို့ရှိပါတယ်။ အခွင့်မရှိသေးခင်မှာတော့ လေ့လာနေဦးမှာပါ။ ဒီအလုပ်ကို ဘာကြောင့်    ရွေးဖြစ်လဲဆိုတော့ ဘာသာစကားနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ရမယ်၊ နောက်ပြီးအားလုံးက     လည်း အသစ်တွေချည်းပဲ၊ ကိုယ်ကလည်းကိုယ်ကိုယ်တိုင် ရှာဖွေရတာ၊ စဉ်းစားရတာကို ကြိုက်တယ်။ အဲ   ဒါကြောင့်ပါ။


ထက်ဦးဝေ

“ကာတွန်း ဇာတ်ကောင်တွေကို ထိန်းသိမ်းထားနိုင်လို့ ပျော်တယ်”

Wednesday, September 23, 2015 0 comments




ကိုဝင်းကိုအောင်

၂၉ နှစ်

အာကာသ ဂင်္ဂါကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပို့စ်ကတ်တွေထုတ်ဖို့ အာကာသ ဂင်္ဂါ ကုမ္ပဏီနဲ့ စလုပ်ခဲ့တယ်။  အခုဆိုရင် ကာတွန်းတင်အောင်နီ၊မောင်မောင်လေး၊ မောင်မောင်အောင်၊ စောမင်းဝေ၊ ပိုးဇာ၊ ကိုရွှေထူး၊ အာကာ စတဲ့ ကာတွန်းဇာတ်ကောင်တွေကို အသုံးပြုပြီးတော့ ဆွဲထားတဲ့ ပို့စ်ကတ်တွေရှိပါတယ်။ အရွယ်အစား ၂ မျိုးရှိပါတယ်။ ပို့စ်ကတ်အသေးဆိုရင် ၈၀၀ကျပ် အကြီးဆိုရင်တော့ ၁၂၀၀ကျပ်ပါ။ စာအုပ်အရောင်းဆိုင်တွေ၊ ပန်း အလှ အရောင်းဆိုင်တွေနဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ စူပါမားကတ်တချို့မှာ ဝယ်လို့ရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဖြန့်ချိ ရောင်းချသူတွေကိုလည်း ကျနော်ရှာနေပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ရောင်းချဖို့ အစီအစဉ်ရှိပါတယ်။ အိမ်နဲ့ဝေးနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်ဝင်စားကြမယ်လို့  ထင်ပါတယ်။

တချို့ကို ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့လေးလေးဇာနဲ့ တူမ ၂ ယောက် လေးမွန်၊ ထွေးမွန်။ နောက်တော့ မောင်မောင်လေး၊ ကိုရွှေထူးရဲ့ ကိုမောင်တင့်။ အဲဒီဇာတ်ကောင်တွေက လူသိများတဲ့အတွက် ရွေးချယ်ခဲ့တာပါ။ တခြားကာတွန်းဆရာတွေဖြစ်တဲ့ စောမင်းဝေနဲ့ မောင်မောင်အောင်တို့မှာက ကိုယ်ပိုင်ကာရိုက်တာနဲ့ ဆွဲတာ သိပ်မရှိတော့ လုံးချင်းအနေနဲ့လူသိပ်မသိပေမယ့် သူတို့ရဲ့ ကာတွန်းဒီဇိုင်းတွေကတော့ နာမည်    ကြီးတယ်။ တကယ်လို့ ဒီပို့စ်ကတ်တွေ ရောင်းရတယ်ဆိုရင်တော့ လာမယ့်နှစ်ထဲမှာလည်း တခြားကာတွန်းဇာတ်ကောင်တွေကို ထပ်ပြီး မိတ်ဆက် ပေးချင်ပါသေးတယ်။ ဒီပို့စ်ကတ်တွေကို အမြတ်ငွေမယူဘဲ လုပ်ပေမယ့် ဒီ ကာတွန်းဇာတ်ကောင်တွေကို ထိန်းသိမ်းထား နိုင်လို့ ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ကာတွန်းတွေကို ကြိုက်တယ်လေ။



ကျနော်က ရှေးဟောင်းကာတွန်းတွေကို ကြိုက်တယ်။ ပြီးတော့ ကျနော်စဉ်းစားကြည့်တယ်၊ပြည်ပက ပို့စ်ကတ်တွေကိုတင်သွင်းနေဖို့ကျနော်တို့ဘာလို့ လိုအပ်နေမှာလဲ၊ကျနော်တို့ရဲ့ ကိုယ်ပိုင်အနုပညာကို ပိုပြီး   အားပေးဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါက ကွဲပြားတဲ့ မြန်မာ့အနုပညာတရပ်လည်း ဖြစ်တယ်။ ကျနော်တို့မှာ ရှိတဲ့အရာတွေနဲ့ မြှင့်တင်ချင်တယ်။ နောက်ပြီး နိုင်ငံတကာဈေးကွက်ကိုလည်း ရှာဖွေချင်တယ်။ ကျနော်တို့ တီ ထွင်မှုအသစ်တွေ ပြုလုပ်သင့်တယ်၊ ဒါကြောင့် ဒီပို့စ်ကတ်လေးတွေကိုဖန်တီးဖြစ်တာပါ။

ကျနော် ပို့စ်ကတ်တွေအများကြီးထပ်လုပ်ချင်သေးတယ်။ ရာသီအလိုက်ပွဲတွေအတွက် နောက်ပြီးတော့ အမေများနေ့၊ အဖေများနေ့တွေလို ထူးခြားတဲ့ နေ့တွေအတွက်ပါ။ နောက်တခုက တိုင်းရင်းသားလူမျိုးတွေရဲ့    ဝတ်စားဆင်ယင်မှုတွေကို အခြေခံပြီးတော့ ဒီဇိုင်းတွေ ဖန်တီးချင်ပါသေးတယ်။ ကျနော်မချမ်းသာပါဘူး။    ပိုက်ဆံရှာဖို့အတွက် ကျနော်အလုပ်တွေ အများကြီးလုပ်ရပါဦးမယ်။




“တန်ဖိုးရှိပြီး အောင်မြင်တဲ့ လူတယောက် ဖြစ်ချင်တယ်”

Tuesday, September 15, 2015 0 comments




မဝင်းရတနာတိုး
၁၈ နှစ် (ဘူမိဗေဒ ပထမနှစ်၊ အရှေ့ပိုင်းတက္ကသိုလ် တာဝ)

အခုတော့ ကျောင်းမှာမေဂျာရဲ့ မယ်ပေါ့။ နောက်ပြီးကျောင်းနဲ့ပတ်သတ်တဲ့ Activities တွေလုပ်ဖြစ်ပါတယ်။ မေဂျာမှာ Honest ဝင်ရင်တော့ ရန်ကုန်တက္ကသိုလ်ထဲမှာ သူနဲ့ပတ်သက်တဲ့ ဘွဲ့ထပ်ယူမှာပါ။ မဝင်ရင်တော့ အလုပ်တခုခုလုပ်ဖို့ပဲ စဉ်းစားထားပါတယ်။အားကစားအနေနဲ့တော့ ထွေထွေထူးထူးမလုပ်ဖြစ်သေးပါဘူး။

စာမေးပွဲကလည်း နီးနေတော့ စာကိုပဲ အာရုံစိုက်ဖြစ်နေပါတယ်။ ပရဟိတတော့လုပ်ဖြစ်ပါတယ်။ ရေဘေးအတွက် ရပ်ကွက်ထဲမှာရှိတဲ့ တက္ကသိုလ် ကျောင်းသားတွေပေါင်းပြီး ပိုက်ဆံကောက်၊ ပြီးတော့ပြည်မြို့မှာ သွားလှူခဲ့ပါတယ်။ နောက်ပြီးတော့ လာမယ့်မွေးနေ့မှာ သွေးလှူဖို့ရှိပါတယ်။ အရမ်းကြီးတော့ အားမစိုက်ဖြစ်သေးပါဘူး။
ရည်ရွယ်ချက်ကတော့ အောင်မြင်တဲ့ လူတယောက် ဖြစ်ချင်တာပါ။ ကိုယ်ကိုယ်တိုင်လည်း တန်ဖိုးရှိပြီး အောင်မြင်တဲ့လူတယောက် ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း တန်ဖိုးရှိအောင်၊ အောင်မြင်အောင် လုပ်ပေးချင်ပါတယ်။ ကိုယ်တတ်နိုင်သလောက်ပေါ့နော်။

အနုပညာအလုပ်ကိုတော့လုပ်ချင်ပါတယ်။ ဝါသနာလည်း ပါတယ်။ ဒါပေမယ့် အိမ်အခြေအနေကလည်း ရှိသေးတော့ လုပ်ဖြစ်မယ်မထင်ပါဘူး။ ဝါသနာကတော့ သရုပ်ဆောင်ရတာ ဝါသနာပါတယ်။

လေယာဉ်မယ်အလုပ်ကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့်သူက First year အောင်ပြီးမှ တက်လို့ရမယ်။ အဲဒါကြောင့်အခုအချိန်မှာ အဲဒီအလုပ်ကို မစဉ်းစားသေးတာပါ။ နောက်ပြီးစာဖတ်ရတာလည်း ၀ါသနာပါပါတယ်။ အခုလက်ရှိမှာတော့ ဦးဘုန်း (ဓာတု) ရဲ့ မေတ္တာနံနက်ခင်း၊ တွင်း နဲ့ သုညဆိုတဲ့ စာအုပ်တွေ ဖတ်နေပါတယ်။ တခြား ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ သမိုင်းနဲ့ပတ်သတ်တဲ့စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကို နက်နက်နဲနဲနဲ့ တိတိကျကျသိချင်လို့ပါ။ ဥပမာ- ကိုယ်မရှိခင်အချိန် ဟိုးခေတ်တွေတုန်းကနဲ့ အခု မျက်မှောက်ကာလရဲ့မတူညီတော့တဲ့ ကွာခြားချက်တွေ၊ ပြောင်းလဲသွားတာမျိုးတွေပေါ့နော်။ အခုခေတ်လူငယ်တွေအနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားလာကြတာ ကောင်းပါတယ်။ အရင်ကဆို ပွင့်လင်းမြင်သာမှုမရှိတော့ ဘာလုပ်လုပ် သိပ်မထင်ပေါ်၊ မအောင်မြင်တာများတယ်လေ။ အခုဆိုရင် ကိုယ်ကြိုးစားသလောက် အရာရောက်နိုင်ပြီဆိုတော့ အားရှိပါတယ်။

ကြိုးစားရင်းနဲ့ လမ်းမှား မရောက်အောင် တော့ ထိန်းဖို့လိုပါလိမ့်မယ်။ ရွယ်တူ ကြိုးစားနေတဲ့သူတွေကို အပျော်အပါးတွေ အရမ်းများတဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်အတွက် အရေးကြီးတာတွေကိုပဲ ဆက်လုပ်ပါလို့ ပြောချင်ပါတယ်။ လူငယ်သဘာဝ နည်းနည်းပါးပါးပျော်တာမျိုး မဟုတ်ဘဲ များသွားပြီး ရည်ရွယ်ချက်ပျောက်သွားမှာစိုးလို့ပါ။ အဓိကကတော့ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ဖို့ပေါ့နော်။ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ “လူကိုယုံကြည်ပေးပြီး အသိအမှတ်ပြုပေးရင် စိတ်ဓာတ်ကိုပါ ပြုပြင်ပေးနိုင်တယ်” ဆိုတာပါပဲ။


ထက်ဦးဝေ


“ပန်းချီပညာကို သေချာလေ့လာဖို့ စိတ်ကူးရှိပါတယ်”

Monday, September 7, 2015 0 comments





ဝေယံလှမော်
အသက် (၁၇) နှစ်
သင်္ချာ အဝေးသင် ပထမနှစ်၊ ရန်ကုန်အရှေပိုင်းတက္ကသိုလ် (တာဝ)

ကျနော်က အခု လက်ရှိမှာ English Speaking သင်တန်းတွေ တက်နေပြီးတော့ ဂျပန်ဘာသာစကား သင်တန်း တက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ်တော့ ကျောင်းစာမေးပွဲနီးပြီမို့လို့ ကျောင်းကျူရှင်ကိုပဲ ဦးစားပေးတက်နေပါတယ်။

ကျနော်က ကျောင်းပြီးသွားရင်း သင်္ဘောလိုက်ဖို့ စိတ်ကူးထားပါတယ်။ သင်္ဘောလိုက်မှာမို့လို့ သင်္ဘောသား သင်တန်းတက်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိ အသက်မပြည့်သေးလို့ စောင့်နေရပါတယ်။ သင်္ဘောဘက်မှာက ဦးလေးတွေ၊ အစ်ကိုတွေလည်းရှိတော့ ကျနော် အသက် (၁၈) နှစ်ပြည့်ပြီးသွားရင် လူကြီးတွေက လိုအပ်တာတွေ လိုက်လုပ်ပေးမှာပါ။

ဘာလို့ သင်္ဘော လိုက်ချင်လဲဆိုတော့ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချမ်းသာချင်တာပါ။ ချမ်းသာမှ ကျနော့် မိဘတွေကိုလည်း ဒီထက်ပိုပြီး ကျေးဇူးဆပ်နိုင်မယ်။ ပြီးတော့ ပရဟိတတွေလည်း ပိုလုပ်နိုင်မယ်။ အခုကျနော်တို့က သိပ်မချမ်းသာတော့ ချမ်းသာဖို့က ကျနော့်ရဲ့ ရည်ရွယ်ချက်ပါ။

ငယ်ငယ်က ပုံဆွဲတာဝါသနာပါလို့ ပန်းချီဆရာဖြစ်ချင်တယ်။ အခုလည်းကျနော်ပုံတွေဆွဲဖြစ်ပါတယ်။ ကျနော့်စိတ်ထဲမှာ လေးစားရတဲ့သူတွေ၊ နောက်ပြီး ကျနော်သဘောကျတဲ့ ကာတွန်းပုံလေးတွေ၊ သဘာဝ အလှပုံတွေကို အများဆုံး ဆွဲဖြစ်ပါတယ်။

ကျနော် လေးစားရတဲ့သူတွေထဲက ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆွဲပြီးပါပြီ။ နောက်ထပ် ဗိုလ်ချုပ်အောင်ဆန်းပုံဆွဲဖို့ အစီအစဉ်ရှိပါတယ်။ ပုံက သိပ်အများကြီးတော့ မဆွဲဖြစ်သေးပါဘူး။ ပန်းချီနဲ့ ပတ်သက်ပြီး ကျနော် သင်တန်းတွေတော့ မတက်ဖူးပါဘူး။ အင်တာနက်မှာတော့ ကြုံရင်ကြုံသလို လေ့လာဖြစ်ပါတယ်။

ပုံဆွဲတာကို လက်ရည်တက်လာဖို့ကတော့ ကျနော် အာရုံစိုက်ပါတယ်။ အာရုံစိုက်လေလေ လက်ရည်တက်လေလေပါပဲ။ ပြီးတော့ ပုံတပုံ ဆွဲပြီးတိုင်းမှာ ကျနော်လက်ရည်တက်လာတယ်လို့ ခံစားရတယ်။ ပန်းချီပညာကို သေချာ လေ့လာဖို့ စိတ်ကူးရှိပါတယ်။ သင်တန်းတွေလည်း စုံစမ်းထားပါတယ်။

ကျနော်လေးစားရတဲ့ ပန်းချီဆရာက ကမ္ဘာကျော် ပန်းချီဆရာ “လီယိုနာဒိုဒါဗင်ချီ” ပါ။ ကျနော် အကြိုက်ဆုံးပန်းချီကားက သူစိတ်ကူးနဲ့ ဆွဲသွားတဲ့ “ဟယ်လီကော်ပတာပုံ” ပန်းချီကားပါ။ သူက စိတ်ကူးနဲ့ဆွဲသွားပေမယ့် နောက်လူတွေက အဲဒီပုံကို အတုယူပြီး ဟယ်လီကော်ပတာကို တီထွင်လာကြတယ်။ သူ့စိတ်ကူးက အခုခေတ်ထိ အကျိုးပြုနေတုန်းပါပဲ။

အင်တာနက်သုံးရင် ဘာတွေလုပ်ဖြစ်လဲဆိုတော့ အဓိက ကတော့CoC ဂိမ်း ကစားဖြစ်တယ်။ ကျန်တာကတော့ ကျောင်းက ဆရာမတွေကို Viber မှာ စာတွေမေးတယ်။ သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါး Chat ဖြစ်ပါတယ်။ ကျန်တာကတော့ ကျနော် ပရဟိတလုပ်တာနဲ့ သီချင်းဆိုတာ ဝါသနာပါပါတယ်။

ဘယ်ပရဟိတအဖွဲ့မှာလဲဆိုတော့ ကြုံတဲ့အဖွဲ့မှာ ကြုံတဲ့ ပရဟိတကို လုပ်ပါတယ်။ လမ်းထဲက ရပ်ကွက်ဓမ္မာရုံမှာလည်း ကျနော် လုပ်အားပေးပါတယ်။ ပရဟိတအပေါ် ခံယူချက်ကတော့ ပရဟိတဆိုတာ အကူအညီလိုတဲ့သူတွေကို ကူညီတာပေါ့နော်။ ပရဟိတလုပ်နေရရင် ပျော်တယ်။ ကျနော်ကတော့ ကျနော့်မှာ ငယ်     ငယ်လေးတည်းက အလုပ်တခုကို လုပ်မယ် လို့ စဉ်းစားထားရင် ဖြစ်အောင်လုပ်တတ်တဲ့ အကျင့်တခုရှိတယ်ဗျ။

အဲဒါကြောင့် ကျနော့် ရည်မှန်းချက်ကို ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျနော်ရောက်အောင်သွားမှာပါ။     ကျနော် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့“No pain, no gain” ပါ။ ကျနော့် အဓိက ရည်မှန်းချက် ပန်းတိုင်ကတော့ သင်္ဘောသားတယောက် ဖြစ်ဖို့ပါ။

ကျနော် အားတဲ့အချိန်တွေမှာ ပုံဆွဲတယ်၊ စာဖတ်တယ်။ ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ သုတ၊ ရသ အစုံဖတ်ပါတယ်။ ဆရာချစ်ဦးညိုဆိုရင် ကျနော် လေးလည်းလေးစားတယ်၊ ကြိုက်လည်း ကြိုက်ပါတယ်။ ဆရာ့ စာအုပ်တွေထဲမှာ “လင်္ကာဒီပချစ်သူ”က ကျနော်အကြိုက်ဆုံးပါ။

ဆရာဖေမြင့်နဲ့ တခြား စာရေးဆရာတွေလည်း ကြိုက်ပါတယ်။ အကြိုက်ဆုံးစာအုပ်ကတော့ စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)ရဲ့“ပါပီလွန်နှင့် ဗင်ဂို” စာအုပ်ပါ။ ကျနော်စိတ်ဓာတ်ကျတဲ့ အချိန်တိုင်း အဲဒီစာအုပ်ကို ပြန်ပြန်ဖတ်ပါတယ်။

ကျနော်လေးစား အားကျရသူကတော့ စတိဗ်ဂျော့ပါ။  ဒီနိုင်ငံမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာအမျိုးသမီးတွေထဲမှာ Nobel ဆုကို ရထားတဲ့သူမို့လို့ပါ။  အခုခေတ် ကြိုးစားနေ  ကြတဲ့ လူငယ်တွေကိုတော့ ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကိုရောက်အောင် သွားပါလို့ ပြောချင်ပါတယ်။ ။


ထက်ဦးဝေ


“နောက်ထပ်အံ့သြစရာတွေဖြစ်အောင်ကြိုးစားပြဦးမယ်”

Monday, August 31, 2015 0 comments




ငွေမှုံရတီ

၁၄နှစ်

၉ တန်း(PraviteM3)၊ သရုပ်ဆောင်

ငွေမှုံကသရုပ်ဆောင်ရွှေမှုံရတီရဲ့ညီမပါ။ အခုငွေမှုံအနုပညာအလုပ်တွေလုပ်ပြီး ဇာတ်ကားတွေရိုက်ကူးနေပါပြီ။ အနုပညာအလုပ်ကိုလုပ်ဖြစ်တာကအစ်မကြောင့်လည်းပါသလိုငွေမှုံကငယ်ငယ်လေးကတည်းက ဒီအနုပညာအလုပ်ကို အရမ်း ဝါသနာပါပါတယ်။ အခုဒီလိုလုပ်ခွင့်ရတဲ့အတွက် အရမ်းလည်းဝမ်းသာတယ်။ ငွေမှုံက အခု ကားရိုက် မရှိသေးတဲ့အတွက် ကျောင်းပဲဆက်တက်နေတယ်။ စာမေးပွဲရှိတဲ့အတွက် ကားရိုက်တွေနားထားတယ်။ စာမေးပွဲ ရှိတဲ့အခါ ကျောင်းမှာ စာကို သေချာလုပ်ပါတယ်။

ငွေမှုံစကားဝါအနုပညာသင်တန်းကျောင်းကို တက်ဖူးပါတယ်။ နောက်ပိုင်းမှာသာ ကျောင်းလည်းတက်နေရတဲ့အတွက်ဆက်မတက်ဖြစ်တော့တာပါ။
အခုလက်ရှိမှာ ငွေမှုံနောက်ဆုံးရိုက်ထားတဲ့ ဇာတ်ကားလေးက မင်းသားကိုသူရိယနဲ့ မိန်းမနောက်ပိုးဆိုတဲ့ ဇာတ်ကားလေးပါ။ အခုအချိန်မှာညီမက ဗီဒီယိုဇာတ်ကား ၁၀ကားရိုက်ကူးပြီးသွားပါပြီ။ ရုပ်ရှင်ဇာတ်ကား    ကြီးကတော့ မရိုက်ရသေးပါဘူး။အခုငွေမှုံရိုက်ပြီးတဲ့ ဇာတ်ကား ၁၀ ကား မှာ ၂ ကားက ထွက်ပြီးသွားပါပြီ၊ အဲဒီဇာတ်ကား ၂ ကား မှာလည်းငွေမှုံကိုပရိသတ်တွေကအားပေးကြတယ်လို့ကြားရတယ်။ အဲဒီအတွက်ကြောင့်လည်း ငွေမှုံ အရမ်း ဝမ်းသာရတယ်။ ငွေမှုံက အနုပညာအလုပ်မှာ သရုပ်ဆောင်တာအပြင် သီချင်းဆိုတာကို ဝါသနာပါတယ်။ ကားရိုက်တွေမရှိရင်၊ ကျောင်းလည်းပိတ်ရင် ငွေမှုံနယ်ဘက်တွေမှာ သီချင်းသွား ဆိုဖြစ်မှာပါ။

အခု ငွေမှုံက အသက်လည်းငယ်သေးတယ်၊ ကျောင်းကလည်းတဖက်ဆိုတော့ ကားရိုက်တွေမရှိတဲ့အချိန် ကျောင်းပုံမှန်တက်ပြီးစာသေချာလုပ်တယ်။ကားရိုက်တွေရှိရင်တော့ခွင့်ယူတယ်ပေါ့။ခွင့်ယူပြီးတော့ဇာတ်ကားလေးတွေရိုက်တယ်။ငွေမှုံကမမထက်အရပ်ပိုမြင့်ပါတယ်။မမက၅ပေ၇လက်မလောက်ရှိတယ်။ငွေမှုံက၅ပေ၉လက်မရှိပါတယ်။ အရပ်ကမော်ဒယ်လ်လုပ်လို့ရတယ်၊ဒါပေမယ့်မော်ဒယ်လ်မလုပ်ဖြစ်တာက ငွေမှုံက သရုပ်ဆောင်တဲ့ ဘက်ကို ပိုအားသာတယ်၊ပိုပြီးတော့လည်းဝါသနာပါတဲ့အတွက်သရုပ်ဆောင်လိုင်းဘက်ကို လုပ်ဖြစ်တာပါ။

အခုချိန်မှာဇာတ်ကားတွေလက်ခံရိုက်ကူးတဲ့အခါဘယ်လိုမျိုးကာရိုက်တာကိုရိုက်ကူးမယ်၊ဘယ်လိုကာရိုက်တာကိုမရိုက်ဘူးရယ်လို့တော့မရှိပါဘူး။ပရိသတ်တွေအားပေးမှုလုံလုံလောက်လောက်ရတဲ့အထိကိုငွေမှုံ ဇာတ်ကားတွေ ရိုက်ကူးသွားမှာပါ။ အဓိကကတော့ ပရိသတ်တွေကြိုက်ပြီး အားပေးမှုပိုရတဲ့ ကာရိုက်တာမျိုးကို ပိုပြီး ရိုက်ဖြစ်မယ်လို့ ထင်ပါတယ်။

အခုအနုပညာအလုပ်တွေကိုလုပ်ဖြစ်တဲ့အခါမေမေ့ရဲ့ပံ့ပိုးပေးမှုကလည်းအရမ်းကိုများပါတယ်။မေမေကအရမ်းကိုထောက်ပံ့တယ်။အရမ်းကိုဖြစ်စေချင်ပါတယ်။မမတုန်းကလည်းအရမ်းကိုဖြစ်စေချင်တဲ့အတွက်သူ့ဘေးကနေလိုက်ပြီးအကုန်လုပ်ပေးခဲ့တယ်။ငွေမှုံ့အလှည့်ကျတော့လည်းမေမေကဖြစ်စေချင်တဲ့အတွက်အရမ်းကို  ကြိုးစားနေပါတယ်။အခုမမနဲ့ငွေမှုံနဲ့ရိုက်ထားတဲ့မှုံကြီးမှုံလေးဆိုတဲ့ဇာတ်ကားကလည်းနယ်ဘက်မှာထွက်ပြီးသွားပါပြီ၊အဲဒီကားကိုလည်းပရိသတ်ကကြိုက်ကြတယ်လို့ကြားတယ်။

အခုကကိုယ့်ကိုရွှေမှုံရတီရဲ့ညီမဆိုပြီးသိကြတယ်ပေါ့၊နောက်ပိုင်းမှာကိုယ့်ရဲ့အနုပညာကိုအားပေးရအောင်ငွေမှုံ့ရဲ့ကြိုးစားမှု အပိုင်းကခွဲထွက်နိုင်အောင်ကြိုးစားမယ်။ငွေမှုံ ကြိုးစားနေတယ်။ အရမ်းကိုကြိုးစားနေတယ်။ အဲဒီအတွက် ငွေမှုံကျောင်းတွေလည်းပျက်ပါတယ်။စာမေးပွဲနီးမှသာလျှင်စာကိုကပ်ကျက်ပြီးဖြေလိုက်ရတယ်။အဲဒီလိုကြိုးစားတဲ့ အတွက်လည်းပရိသတ်တွေရဲ့အားပေးမှုလုံလုံလောက်လောက်ရမယ်ထင်လို့လုပ်နေတာပါ။

ဒါပေမယ့်အခုချိန်မှာတော့ငွေမှုံဘာသာခွဲထွက်နိုင်ဖို့ဆိုတာတော့မဖြစ်နိုင်သေးပါဘူး။သရုပ်ဆောင်တွေမှာလည်းငွေမှုံရှေ့ကသူတွေအကုန်လုံးကို  ကြိုက်တယ်။ ငွေမှုံ့မေမေနဲ့ မမကငွေမှုံ့အတွက် စံပြပုဂ္ဂိုလ်တွေပေါ့။ သူတို့က ကိုယ့်ကိုသိပ်ဖြစ်စေချင်တဲ့အတွက် ဘေးကနေလည်းအရမ်းကိုလုပ်ပေးနေတယ်။ငွေမှုံကလည်း     သူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်ကို လုပ်သွားမှာပါ။

ဇာတ်ကားတွေရိုက်ကူးတဲ့အခါကိုယ့်အတွက်ဘယ်လိုအခြေအနေကအခက်အခဲဖြစ်လဲဆိုရင်အများကြီးမရှိပေမယ့်အသစ်တယောက်အနေနဲ့အခုထွက်ထားတဲ့ဇာတ်ကား၂ကားကိုကိုယ့်ဘာသာပရိသတ်နေရာကပြန်   ကြည့်ပြီးကိုယ့်ကိုယ်ကိုယ်တော်တော်လေးအားမရဖြစ်မိတယ်။ဒါပေမယ့်ပရိသတ်တွေကတော့ကြိုက်       တယ်ပြောတဲ့အတွက်ဝမ်းသာရတယ်။အနုပညာဆိုတာကိုငွေမှုံ အများကြီး သိထားတာမဟုတ်ပေမယ့် ရေ ရှည်ရပ်တည်နိုင်ဖို့အတွက် ငွေမှုံ့ဘက်က လုပ်နိုင်သလောက်ကိုအရမ်းကြိုးစားနေပါတယ်။ငွေမှုံကအရင်တုန်းကဒီထက်ဝတယ်၊အခုပိန်သွားတဲ့အတွက်အကုန် လုံးက အရမ်းအံ့သြနေကြတယ်။ ဒီလိုပဲနောက်ထပ်   အံ့သြစရာတွေကြုံရဦးမယ်လို့ငွေမှုံပြောရဲပါတယ်။ ငွေမှုံဆက်ပြီး ကြိုးစားသွားမှာပါ။


ယုမွန်ကျော်



“ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာရပ်တည်နိုင်လို့ LGBT ဖြစ်ရတာ ဂုဏ်ယူတယ်”

Friday, August 21, 2015 1 comments





ဝေယံအောင်(ခ)Wai Yum
အသက် ၂၂ နှစ်
Filmmaker

ကျနော်က အခုလက်ရှိ Miracle Post ဆိုတဲ့ Media Production House မှာ Filmmaking နဲ့ပတ်သက်ပြီး Editing အပိုင်း၊ Editor အဖြစ် အလုပ်လုပ်နေပါတယ်။

ကျနော် Filmmaking လိုင်းထဲကို စရောက်လာတာက ကျနော့်အိမ်နဲ့ ပြဿနာတက်ပြီး ကျနော်အိမ်ပေါ်က ဆင်းလာခါနီးမှာ ရန်ကုန်က သူငယ်ချင်းတယောက်က LGBT & Proud Film Festival အတွက် Participant   ခေါ်တယ်ဆိုတော့ ကျနော်ပါသွားတယ်။ ပါသွားတဲ့အချိန်မှာ ကျနော်အိမ်ပေါ်က ဆင်းလာပြီးတော့ ရန်ကုန်မှာ Filmmaking နဲ့ပတ်သက်တဲ့ သင်တန်း ၁ လ လာတက်တယ်။

အဲဒါပြီးတဲ့အခါမှာ ကျနော်ဆရာမင်းထင်ကိုကိုကြီးဖွင့်တဲ့ Human Rights Film Institute မှာ တခါထပ်တက်တယ်။ ပြီးတော့ ဒီ Filmmaking Filed ထဲကို ဝင်လာတာပါ။ အိမ်နဲ့ ပြသနာဖြစ်တယ်ဆိုတာ အဲဒီတုန်းက ကျနော်လူ့အခွင့်အရေးသင်တန်းသွားတက်လိုက်လို့။ လူ့အခွင့်အရေးသင်တန်းဆိုပေမယ့် LGBT (Lesbian, Gay, Bisexual, Transgender) အခွင့်အရေးသင်တန်းပေါ့။

နယ်မြို့မှာကျတော့ အိမ်က ဘယ်နားမှာ ဘာဖြစ်နေလဲဆိုတာ အကုန်သိတော့ ကျနော့်ကို ရိပ်မိပြီး ပြဿနာ ဖြစ် ကြတာ၊ အဲဒီမှာအတိုက်အခံတွေဖြစ်ကြတော့ ကိုယ်ကလည်း LGBT တယောက် ဖြစ်နေတဲ့အခါ ကျတော့ LGBT တွေ ကောင်းဖို့အတွက် လုပ်ပေးချင်တယ်။ ကိုယ့်ကိုလာထိခိုက်တာလည်း မခံချင်ဘူး။ အဲဒီအခါကျ အတိုက်အခံလုပ်ပြီး အိမ်က ဆင်းလာတာပါ။

LGBT & Proud Film Festival မှာပါဝင်ခဲ့တာတော့ ၂ ကားပါ။“Open”ဆိုတဲ့ ဇာတ်ကားမှာ Camera Man၊ “That the way I am” ဆိုတဲ့ ဇာတ်ကားမှာ Sound Person အနေနဲ့ပါဝင်ခဲ့တာပါ။ Open ဆိုတဲ့ဇာတ်ကားက LGBTGay တယောက်အကြောင်းကို ရိုက်ထားတာ။ သူကပန်းချီဆရာ၊ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တယ်။ Scholarship တွေရခဲ့တယ်၊ နိုင်ငံခြားမှာ Performance Show တွေ ပြခဲ့တယ်။ လုံးဝကို Proud ဖြစ်တဲ့ လူတယောက်၊ Gay တယောက်အကြောင်း ရိုက်ပြထားတာပါ။

That the way I am ဆိုတဲ့ ဇာတ်ကားကကျတော့ သူက Gay တယောက် ဖြစ်နေတယ်ဆိုတာကို သူ့အမေကို သူဖွင့်ပြောချင်တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ LGBT & Proud Film Festival ပြီးသွားတဲ့အခါကျတော့ ကျနော်သူငယ်ချင်းတယောက်အိမ်မှာနေရင်းနဲ့ ဆရာမင်းထင်ကိုကိုကြီးရဲ့ သင်တန်းကို လျှောက်ထားတယ်။ ပြီးတော့မှ သင်တန်းပါသွားတဲ့အခါ ကျနော်က ကိုယ့်ကိုယ်ကိုယ် Gay တယောက်လို့ဝန်ခံပြီးတော့ သင်တန်းမှာ ဖောင်တင်ထားတယ်။ သင်တန်းကလည်း ကျနော့်ကို Gay မှန်းသိလျက်နဲ့ လက်ခံခဲ့ပြီး  သင်တန်း ပါဝင်ခွင့်ရခဲ့တယ်။

ဆရာမင်းထင်ကိုကိုကြီးရဲ့သင်တန်းမှာသင်ခဲ့ရတာတွေက Documentary တခုကို အစအဆုံး ဘယ်လို လုပ်ရတယ်ဆိုတာက အစ၊ စကားပြောတာ၊ မေးခွန်းမေးတာ၊ အင်တာဗျူးလုပ်တာ၊ အသံဖမ်းတာ၊ အဆုံးသတ်စာတန်းထိုးတဲ့အထိ အကုန်လုံး အဲဒီက ဆရာတွေ သင်ပေးခဲ့တယ်။

“လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ”ရုပ်ရှင်ပွဲတော်မှာ ကျနော်ပါဝင်ခဲ့တာ၂ ကားပါ။ ပထမကားက“A Way Back Home”ဆိုတဲ့ကလေးစစ်သားကား၊ အသက်၁၈နှစ်မပြည့်ဘဲနဲ့ တပ်ထဲကို စည်းရုံးခံရတဲ့ ကလေး ၃  ယောက်အကြောင်းရိုက်ထားတဲ့ကားပါ။ အဲဒီကားက ကျနော်အပါအဝင်သင်တန်းသား ၃ ယောက်အတူ  လုပ်ထားတာပါ။

နောက်တကားက“She is a male” ဆိုတဲ့ဇာတ်ကား၊ မိန်းမလျာတယောက်က ငယ်ငယ်တုန်းက အချုပ်ကျခဲ့တာတွေ၊ ကျင်စက်နဲ့အတို့ခံရပြီးတော့အခုချိန်မှာ LGBTCommunity အတွက် လှုပ်ရှားနေတဲ့ သူတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီကားမှာကျနော်ကိုယ်တိုင် တော်တော်များများကို တယောက်တည်းပဲလုပ်တာပါ။ တချို့သူငယ်ချင်းတွေက အားတဲ့နေ့တွေမှာ အသံလာဖမ်း ပေးတာမျိုး Edit လာကြည့်ပေးတာမျိုးတွေရှိပါတယ်။

Filmmaking လိုင်းမှာစလုပ်တော့အခက်အခဲ တွေကအများကြီးပဲ။ ကိုယ်က LGBT တယောက် ဖြစ်နေလို့ ရယ်တော့မဟုတ်ဘူး။ ကိုယ့်အိမ်နဲ့ပြဿနာ ဖြစ်ချိန်မှာ ကိုယ်လိုချင်တဲ့အရာတခုကို လိုချင်လို့ ကိုယ်အရမ်းချစ်တဲ့မိသားစုကို စွန့်ခွာခဲ့ရတယ်။ နံပါတ် ၁ အချက်က LGBT ဖြစ်နေလို့ပါပဲ။ LGBT ဖြစ်နေလို့ ဂုဏ်ယူလားဆိုတော့ ကိုယ့်ဟာကိုယ် ပြောချင်တာက ကိုယ်က LGBT ဖြစ်နေပေမယ့် သူများကို အနှောင့်အယှက်ပေးနေတဲ့သူလည်း မဟုတ်ဘူးလေ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နေတဲ့သူတယောက်  ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။

LGBT ကိုလူ့အသိုင်းအဝိုင်းက လက်ခံမှုနည်းနေသေးတယ်။ ဟာသဆန်ဆန်ပြောရရင် မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာရှိတဲ့ LGBT တွေကိုတခြားကမ္ဘာပို့လိုက်၊ ကမ္ဘာကြီးဘာဖြစ်သွားမလဲဆိုတာ စောင့် ကြည့်လိုက်ပါ၊ အဲဒါပဲ ပြောချင်ပါတယ်။ ကြိုးစားနေတဲ့လူငယ်တွေကို ပြောချင်တာက ဆက်ကြိုးစားပါ၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ကိုယ်ဘယ်လောက်ပဲ တန်ဖိုးထားထား၊ ဘယ်လောက်ပဲ မြတ်နိုးနိုး      စွန့်လွှတ်သင့်တာစွန့်လွှတ်ရမှာပါပဲ။ တချိန်ချိန်ကျရင်တော့အဲဒီအရာတွေကို ပြန်ပြီးတော့ပိုင်ဆိုင်လာမှာပါ။


သီဟတိုး


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved