Showing posts with label ထွေထွေရာရာ. Show all posts
Showing posts with label ထွေထွေရာရာ. Show all posts

မြန်မာအလှမယ်နှစ်ဦးတက်ရောက်ခဲ့တဲ့ASEAN Celebrity Explore Quest Malaysia 2015 မလေးရှားနိုင်ငံတွင်ရက်သတ္တပတ်ကျော်ကြာပြုလုပ်

Friday, November 27, 2015 0 comments


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာနှင့် အမရာငြိမ်း(ဓာတ်ပုံများ - သီဟတိုး/The Irrawaddy)

Tourism Malaysia မှ နှစ်စဉ် ဦးစီးကျင်းပပြုလုပ်ပြီး တတိယအကြိမ်မြောက် ASEAN Celebrity Explore Quest Malaysia 2015 ကို အာဆီယံ (၁၀) နိုင်ငံမှ အနုပညာရှင်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများ ဖိတ်ခေါ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သော မြန်မာ၊ ဘရူးနိုင်း၊ လာအို၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ နိုင်ငံကျော် အနုပညာရှင်များ၊ မော်ဒယ်များ၊ အဆိုတော်များ၊ အစီအစဉ်တင်ဆက်သူများ၊ အလှမယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများစတဲ့ ပါဝင်တက်ရောက်သူ စုစုပေါင်း (၉၄) ဦးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အလှမယ်(၂) ဦး၊ Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာနှင့် Miss Myanmar International 2015 အမရာငြိမ်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

“ကျနော်တို့ အခုလို ASEAN Celebrity Explore Quest Malaysia 2015 ကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ Quest (စူးစမ်းရှာတယ်)ဆိုတာ Quest for Knowledge ၊ ဗဟုသုတတွေကို စူးစမ်းရှာဖွေ မယ်။ Quest for Understanding ၊ နားလည်ဖို့အတွက် စူးစမ်းရှာဖွေမယ်။ ကျနော်တို့က အာဆီယံ       
ဆယ်နိုင်ငံမှ ပါဝင်သူတွေကို မလေးရှားနိုင်ငံနဲ့ စိတ်ဝင်စားဖွယ် နေရာဒေသတွေကို သွားရောက် လေ့လာ   ပြီး အတွေ့အကြုံ အသစ်တွေ ရရှိစေချင်ပါတယ်” လို့ Tourism Malaysia မှ Director General ဖြစ်သူ Mr.Y.Bhg Dato’ Mirza Mohamad Taiyab က ပြောပါတယ်။

ရက်သတ္တပတ်ကျော်ကြာခရီးစဉ်ကို မလေးရှားနိုင်ငံရဲ့ အကောင်းဆုံး ခရီးသွားနေရာများဖြစ်တဲ့ မြို့တော် ကွာလာလမ်ပူမြို့၊ Ipoh နှင့် လန်ကာဝီကျွန်းစတဲ့ နေရာများကို သွားရောက်ပြီး စိတ်လှုပ်ရှားစရာ ဂိမ်းကစား နည်းများ၊ ပြိုင်ပွဲများကို အဖွဲ့လိုက် ပါဝင်ပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံရဲ့ဒေသရိုးရာအစားအစာများ၊ ရိုးရာ ယဉ်ကျေးမှုများနှင့် ရေမြေတောတောင်သဘာဝများကိုပါ လေ့လာခဲ့ကြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် (၃) ရက်တာ နေထိုင်သည့်နေ့များတွင် Sunway Lagoon Theme Park သို့ အလည်သွားခြင်း၊ အဖွဲ့လိုက် ဂိမ်းကစားခြင်းများပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံ၏ အစိုးရရုံးများ အခြေစိုက်ရာ မလေးရှားနိုင်ငံရဲ့ မြို့တော်ဟောင်း ပူထရာဂျာရာမြို့သို့လည်း သွားရောက်လေ့လာခဲ့ပါတယ်။


နောက်တရက်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ Time Square သို့ သွားရောက်ပြီး အဖွဲ့လိုက် ဂိမ်းကစားနည်းများ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ကာ မလေးရှား ဘုရင့်နန်းတော်၊ လွတ်လပ်ရေး အထိမ်း အမှတ် အဆောက်အဦး နဲ့ မလေးရှားနိုင်ငံရဲ့ နာမည်ကျော် Petronas Twin Tower စတဲ့ နေရာတွေကို သွားရောက်လေ့လာ လည်ပတ်ခဲ့ပါတယ်။

အဲဒီနောက် မလေးရှားနိုင်ငံရဲ့ နယ်မြို့တမြို့ဖြစ်တဲ့ Ipoh မြို့ကိုသွားရောက်ပြီး မလေးရှားရိုးရာ ကိုယ်ခံသိုင်းပညာပြသကွက်များ ကြည့်ရှုခြင်း၊ မလေးရှား ကျေးလက်ရိုးရာ ကစားနည်းများ၊ ပျော်စရာ ကစားနည်းများ ကစားခဲ့ကြပါတယ်။ ညပိုင်းမှာတော့ မလေးရှားရိုးရာ မင်္ဂလာဆောင်ပွဲ ကျင်းပပြုလုပ်ပါတယ်။ မင်္ဂလာသတို့သားအဖြစ် ဗီယက်နမ်မှ သရုပ်ဆောင် မင်းသား Ho Vinh Khoh နဲ့ သတို့သမီး အဖြစ် မြန်မာနိုင်ငံမှ ကိုယ်စားပြု အလှမယ် Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာတို့က သရုပ်ပြ မင်္ဂလာဆောင် ခဲ့ကြပါတယ်။



နောက်တရက်မှာတော့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အဖွဲ့(၁) က Gopeng ကိုသွားရောက်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်းများဖြစ်တဲ့ ရေတံခွန်ကမ်းပါးပေါ်မှ ခြေစုံကန်၍ ခါးတွင် ကြိုးချည်ပြီး အောက်သို့လျှောဆင်းရသည့် Water Abseiling ကစားနည်း၊ ရေစီးကြမ်းသောချောင်းထဲတွင် အဖွဲ့လိုက် လှေလှော် Water Rafting စတဲ့ Activities လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဖွဲ့ (၂) ကတော့ Ipoh Theme Park မှာ ကားမောင်းခြင်း၊ ဂေါက်ရိုက်ခြင်း၊ သေနတ်ပစ်ခြင်း စတဲ့ ဂိမ်းကစားနည်းတွေ ကစားခဲ့ကြပါတယ်။


နောက်ဆုံးခရီးစဉ်အဖြစ် မလေးရှားနိုင်ငံရဲ့အလှပဆုံးသော ကျွန်းတကျွန်းဖြစ်တဲ့ လန်ကာဝီကျွန်းသို့ သွားရောက်ခဲ့ကြပါတယ်။ လန်ကာဝီမှာလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားကစားနည်းများဖြစ်တဲ့ သစ်ပင်တပင်နဲ့ တပင် ကြိုးနဲ့ကူးတဲ့ Sky treks၊ သစ်ပင်အမြင့်များပေါ် ခက်ခက်ခဲခဲ တက်ရသော စတဲ့ စွန့်စွန့်စားစား ကစားနည်းများကို ဆော့ကစားခဲ့ကြပါတယ်။


အဲဒီနောက်မှာတော့ လန်ကာဝီရဲ့ အလှပဆုံးသော ရှုခင်းများကို အပေါ်စီးမှကြည့်ရှုနိုင်သည့် လန်ကာဝီ Sky Bridge တည်ရှိရာ တောင်ကို Cable Car ဖြင့် တက်ရောက်ခဲ့ကြပြီး လန်ကာဝီကျွန်းရဲ့ လှပတဲ့ ရှုခင်းတွေကို ရှုမဆုံးနိုင်အောင် ကြည့်ရှုခဲ့ကြပါတယ်။ အပြန်မှာတော့ 3D Art Museum ကိုဝင်လို့ အမှတ်တရ ဓာတ်ပုံတွေ အပြေးအလွှား ၀င်ရိုက်ခဲ့ကြပါတယ်။ 


ခရီးစဉ်ရဲ့ နောက်ဆုံးတရက်မှာတော့ မလေးရှားနိုင်ငံ ပါတိတ်လုပ်ငန်းလုပ်ကိုင်ရာ နေရာတခုကို သွားရောက် လေ့လာခွင့်ရခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ပါတိတ်အရောင်များ ရေးဆွဲခြင်းကို ပါဝင်ပြုလုပ်ခဲ့ပါတယ်။ ပြီးနောက် လန်ကာဝီရဲ့ သဘာဝအလှတွေထဲက တခုဖြစ်တဲ့ ဒီရေတောများကို သွားရောက် လေ့လာရန် Langkawi Geo Park ကို သွားရောက်ခဲ့ကြပါတယ်။ 



သဘာဝအတိုင်း တည်ရှိနေတဲ့ ဒီရေတောတွေကို သွားရောက် လေ့လာခဲ့ပြီး ထိုင်းနိုင်ငံနဲ့ ပင်လယ် နယ်နမိတ် ချင်း ထိစပ်နေသည့် ပင်လယ်ရှိရာဘက် KILIM Geo Park ကို မော်တော်ဘုတ်နဲ့ သွားရောက်ပြီး     
အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ နေ့လည်စာကို Floating Restaurant ရေပေါ်စားသောက်ဆိုင်မှာ စားသောက်ခဲ့ကြပါတယ်။


အဲဒီညမှာတော့ Tourism Malaysia ရဲ့ ASEAN Celebrity Explore Quest Malaysia 2015 Gala Night Dinner ကို Langkawi International Convention Center (LICC) မှာ ကျင်းပခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံကိုယ်စားပြုပြီး တက်ရောက်လာကြသည့် အနုပညာရှင်များမှ မိမိတို့၏ ရိုးရာသီချင်း၊ အက ဖျော်ဖြေမှုများနဲ့ ဖျော်ဖြေခဲ့ကြပြီး ရက်သတ္တပတ်တာ ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သည့် Instagram ဓာတ်ပုံပြိုင်ပွဲ နှင့် Go Pro နဲ့ Movie ရိုက်ထားသမျှကို နောက်ခံသီချင်းဖြင့် Music Video မှတ်တမ်းများကို ပြသခဲ့ပါတယ်။

Instagram ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်သည့် မီဒီယာများထဲမှ ပြည်မြန်မာ ဂျာနယ်မှ မအေးမြတ်သရဖီက Malaysia Airlines မှ ချီးမြှင့်သော ဆုရရှိခဲ့ပြီး၊ Gala Night ရဲ့ အကောင်းဆုံး အမျိုးသမီး ဖက်ရှင်ဆုကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss International Myanmar 2015 အမရာ  ငြိမ်းနဲ့ အကောင်းဆုံး အမျိုးသားဖက်ရှင်ဆုကို ကမ္ဘောဒီးယား မော်ဒယ် Chhun Virak Kosal တို့က ရရှိခဲ့ပြီး အခြားသော အနုပညာရှင်များကလည်း ဆုအသီးသီး ရရှိခဲ့ပါတယ်။ 


မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ နိုင်ငံများမှ ခရီးသွားဧည့်သည်ဝင်ရောက်မှု (၂၀.၄) သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ 



သီဟတိုး


ဗုဒ္ဓဘာသာကို စိတ်ဝင်စားတယ်လို့ဆိုတဲ့ ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်

Tuesday, October 27, 2015 0 comments


ဆုတောင်း ၀တ်ပြုနေတဲ့ မက်ခ်ဇူကာဘတ် (photo- mark zukerberg facebook)

တရုတ်ပြည်အလယ်ပိုင်း Shaanxi ခရိုင်ရဲ့ မြို့တော်ကြီးဖြစ်တဲ့ Xi'an မြို့တော်ရှိ Wild Goose ဘုရားကျောင်းကြီးကို သွားရောက်လည်ပတ်ခွင့်ရခဲ့သော ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်ဟာ အဲ့ဒီဘုရားမှာ ကမ္ဘာကြီး ငြိမ်းချမ်းအေးချမ်းဖို့နဲ့ သူ့မိသားစုအတွက်ပါ ဆုတောင်းမေတ္တာပို့သခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ရေးသားခဲ့ပါတယ်။ မက်ခ်ဇူကာဘတ်ရဲ့ အမျိုးသမီးဖြစ်သူ ပရင်စစ်လာဟာ ဗုဒ္ဓဘာသာဝင်တဦးပါ။ ဒါကြောင့် သူမက သူ့အား ဆုတောင်းခိုင်းတာလို့လည်း ဆိုပါ တယ်။

ဗုဒ္ဓ၀ါဒဟာ အလွန်ပင်အံ့သြထူးဆန်းတဲ့ ဘာသာ၊ အတွေးအခေါ်ကို ဦးစားပေးတဲ့ ဘာသာတခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာလျက်ရှိပါတယ်။ ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း နား လည် ယုံကြည်လာမယ်လို့လည်း မျှော်လင့်ပါတယ် လို့ ရေးသားထားပါသေးတယ်။



Ref: Mark Zukerberg facebook


Bangkok Airways နဲ့ Krabi ကို ခရီးသွားကြမယ်

Monday, August 10, 2015 0 comments


photo - casajaya.com

မြန်မာနဲ့ထိုင်း ၂ နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ ဖြစ်တဲ့အတွက် ပိတ်ရက်တွေမှာ ထိုင်းနိုင်ငံကို အလည်သွားမယ့်သူတွေအတွက် ထိုင်းနိုင်ငံက Krabi ကမ်းခြေမြို့နဲ့ သူ့ ပတ်ဝန်းကျင်က ကျွန်းစုတွေကို အ  လည်သွားဖို့ အကြံပေးချင်ပါတယ်။

Krabi ကမ်းခြေမြို့ဟာဘန်ကောက်မြို့ကနေ လေယာဉ်နဲ့သွားရင် ၁ နာရီခွဲလောက်ပဲကြာပါတယ်။ ကမ်းခြေ မြို့ ဖြစ်တဲ့အတွက် ကမ်းခြေကြိုက်တဲ့သူတွေအတွက်တော့ အကုန်အကျ အရမ်းမများဘဲ ၃၊ ၄ ရက်လောက် အချိန်ပေးပြီး စိတ်ကြိုက်လည်လို့ ကောင်းတဲ့နေရာ ဖြစ်ပါတယ်။

Krabi နားမှာ Klang Island ဆိုတဲ့ မွတ်စလင် ဘာသာဝင် ၇၀ ရာခိုင်နှုန်းနေထိုင်တဲ့ ကျွန်းငယ်လေးဟာ Krabiကမ်းခြေမြို့ကိုလာရောက်လည်ပတ်တဲ့သူတွေ မရောက်မဖြစ် သွားရမယ့်နေရာတွေထဲက တခု အပါအဝင်ဖြစ်ပါတယ်။ Krabi ကနေစက်လှေနဲ့ ၁၀ မိနစ်လောက်ပဲသွားရတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်းလေးလိုအငွေ့အသက်တွေရှိတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာက ရေပေါ်စားသောက်ဆိုင်တွေဟာ ကျွန်းကထွက်တဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကို အဓိကရောင်းချပါတယ်။


နောက်တခုကတော့ Krabi ကနေသင်္ဘောနဲ့ မိနစ်၂၀လောက် သွားရတဲ့ Hong Island ဖြစ်ပါတယ်။ ကျွန်း ခပ်သေးသေး ၄ ခုဆက်နေတဲ့ Hong Island ကိုသွားမယ်ဆိုရင်တော့ ဒီရေကျတဲ့အချိန် သွားတာ        အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒါမှသာ ကျွန်းတခုနဲ့တခုကို လမ်းလျှောက်သွားလို့ရမယ့် သောင်ပြင်လေးတွေ ပေါ်နေတဲ့အချိန် ဖြစ်ပါလိမ့်မယ်။ ထုံးကျောက်တွေနဲ့ ဝန်းရံထားတဲ့ Hong Island ရဲ့ ပင်လယ်ရေ     အရောင်ဟာ စိမ်းပြာကြည်လဲ့နေပြီး ဓာတ်ပုံလှလှ ရိုက်ချင်သူတွေအတွက်တော့ အကောင်းဆုံး ဖြစ်ပါလိမ့် မယ်။

သွားလည်သင့်တဲ့ နောက်ထပ် ကျွန်းနေရာတွေကတော့ Chic-ken Island နဲ့ Poda Island ဖြစ်ပါတယ်။ Chicken Island ကတော့ နာမည်နဲ့ လိုက်အောင် ကြက်ပုံသဏ္ဌာန် ဖြစ်နေတာဖြစ် ပါတယ်။ Chicken Island နားမှာတော့ Snorkeling နဲ့ Snorkeling လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ နေရာတနေရာလည်း ရှိပါတယ်။ Poda Island ကတော့ Picnic Lunch လေးစားပြီး အေးအေးဆေးဆေး နားလို့ ကောင်းမယ့် နေရာလေး ဖြစ်ပါတယ်။

နောက်ထပ်လည်ပတ်ရမယ့် နေရာတွေ ကျန်ပါသေးတယ်။ Backpackers တွေနဲ့ Rock Climbers ခေါ်     ကျောက်ဆောင်တက်တဲ့သူတွေ အကြိုက်ဖြစ်တဲ့ Rai-Ley ကမ်းခြေဖြစ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ ကမ်းခြေတခု ဖြစ်ပါတယ်။

ကျွန်းတွေ အကုန်လုံးဟာKrabi ကနေအလွန်ဆုံးမိနစ် ၂၀ ဝန်းကျင်လောက်စီပဲ သွားရတာဖြစ်ပြီး အချိန်ရမယ်ဆိုရင်တော့ ကျွန်းတွေအပေါ်မှာ ပင်လယ်နဲ့ သဘာဝကျွန်းအလှတွေကို အေးအေးဆေးဆေး ခံစားနိုင်ပါတယ်။

Krabi ကိုသွားလည်သူတွေဟာ အဲဒီကျွန်းတွေတင်မဟုတ်ဘဲ Tiger Cave Temple လို့ လူသိများတဲ့ WatThamSuea ဗုဒ္ဓဘာသာဘုရားကျောင်းကိုလည်း သွားလည်တတ်ကြပါတယ်။ ၁၉၇၅ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ အဲဒီဘုရားကျောင်းဟာ လှေကားထစ်ပေါင်း ၁၂၃၇ ထစ်ရှိပြီး အပေါ်ဆုံးလှေကားထစ်အထိ ၂၇၈ မီတာမြင့်ပါတယ်။ တောင်ထိပ်မှာ ဗုဒ္ဓရုပ်တုကြီးတခုရှိပြီး တောင်ပေါ်ကနေ လှမ်းကြည့်ရင်တော့ Krabi       မြို့တမြို့လုံးရဲ့ အလှကိုတွေ့ရမှာဖြစ်ပါတယ်။ တောင်ခြေမှာ ထူးဆန်းတာတခုကတော့ Tiger Cave လို့   ခေါ်ပေမယ့် မျောက်တွေအများကြီးရှိနေတာ ဖြစ်ပါတယ်။ အဲဒီ ဘုရားကျောင်းကို သွားလည်ဖြစ်ကြတဲ့     သူတွေကတော့ မြန်မာနိုင်ငံက ပုပ္ပားတောင်ကို သတိရမိမယ်လို့ ထင်ပါတယ်။

Krabi ကမ်းခြေမြို့ရဲ့ ညဈေးတန်းကလည်း Krabi အပြန် အမှတ်တရပစ္စည်းတွေ ဝယ်လို့ ကောင်းတဲ့နေရာပါ။ တီရှပ်တွေ၊ ကမ်းခြေနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေ၊ အမှတ်တရသော့ချိတ်တွေဟာ ဈေးလည်းသိပ်မကြီးပဲ ပေါ့ပေါ့ပါးပါးအိမ်ပြန်လက်ဆောင်တွေဖြစ်ပါတယ်။

Krabiကို အလည်သွားမယ်ဆိုရင်တော့ Bangkok Airways ရဲ့ “Fly Me To The Beach” ဆိုတဲ့ မြန်မာနိုင်ငံအတွက် သီးသန့်ပရိုမိုးရှင်းအစီအစဉ်လည်း ရှိနေတယ်လို့ သိရပါတယ်။


နာမည်ကထူးခြားသလိုပျံတက်တဲ့ပုံလည်းထူးခြားတဲ့ ငဟစ်ငှက်

Monday, June 22, 2015 0 comments




ငဟစ်ငှက်ကို ကြားဖူးကြမယ် ထင်ပါတယ်။ ငဟစ်ငှက်ကို အင်္ဂလိပ်လို Purple Heron လို့ ခေါ်ပြီး၊ သူတို့ဟာ 'အာဒီဒေး' (Ardeidae) မျိုးရင်းမှာ ပါဝင်ပါတယ်။ ငဟစ်အမျိုးမျိုးရှိရာမှာ ထင်ရှားတဲ့ ၂ မျိုးက 'အာဒီဆီနာရီရက်တီရော့စထြစ် နဲ့ 'အာဒီပါပြူရီမယ်နီလန်ဆစ်'တို့ ဖြစ်ပါတယ်။

ငဟစ်ကို အာဖရိကတိုက်၊ ဥရောပတိုက် တောင်ပိုင်းနဲ့ အာရှတိုက်တောင်ပိုင်းတို့မှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့မှာ ငဟစ်ကိုတွေ့ရပါတယ်။



ငဟစ်ငှက်ရဲ့ ကိုယ်ခန္ဓာဟာသေးသွယ်ရှည်လျားပြီး၊ ဖြောင့်စင်းတဲ့ နှုတ်သီး၊ ရှည်လျားတဲ့ ခြေတံတို့ရှိ   တာကြောင့် ဥဗျိုင်းနဲ့ ဆင်တူပါတယ်။ အရွယ်က အလျား ၃၈ လက်မခန့်ရှိပြီး လည်တိုင်မှာ အမည်းပြောက်အစင်းကြောင်းများ ပါရှိပါတယ်။ ဦးခေါင်းနဲ့လည်တိုင်မှာလည်း သံချေးရောင်ကဲ့သို့ နီယောင်ယောင်ရှိပြီး   ကိုယ်အောက်ပိုင်းမှာ မည်းနက်ကာ သစ်ကြားခွံရောင် ရှိပါတယ်။



ငဟစ်အမနဲ့ အထီးတို့ရဲ့ အရောင်အဆင်းမှာ အတူတူပင် ဖြစ်ပါတယ်။ ငဟစ်ငှက်တွေဟာ ကျူတော၊ ကိုင်းတောများ ပေါများတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကမ်းပါးတွေမှာ နေထိုင်ကျက်စားလေ့ ရှိပါတယ်။ သူတို့ စပျံကာစနဲ့ ပျံသန်းနေစဉ်မှာ ကျယ်လောင်စူးရှစွာ အော်မြည်တတ်ပါတယ်။ ပျံတဲ့ အခါမှာလည်း လည်တိုင်ကို ရှေ့ကိုဆန့်ပြီး အတောင်ကို တအားခတ်ကာ တွဲလွဲကျနေတဲ့ ခြေတံရှည်တွေနဲ့ ကိုယ်ကိုထိန်းပြီး ပျံတက်ရပါတယ်။ ပျံသန်းရင်း အရှိန်ရလာမှသာ ခြေတံများကို အမြီးအောက်သို့ ရုပ်သိမ်းပျံသန်းပါတယ်။ ဦးခေါင်းကိုလည်း တောင်ပံနှစ်ဖက်ကြား ရောက်အောင် လည်တိုင်ကို ကွေးထားတတ်ပါတယ်။



ငဟစ်ငှက်တွေဟာ ငါးများ၊ ဖားများကို အများအားဖြင့် စားသောက်လေ့ရှိတဲ့အပြင် ရေမှာနေ အင်းဆက်ပိုးကောင်များ၊ ခရုမျိုး၊ ပုစွန်၊ ကဏန်းမျိုးများကိုလည်း စားသောက်လေ့ရှိပါတယ်။

ငဟစ်ငှက်တွေဟာ မိုးရာသီမှာ ဥကနေ ပေါက်ကြတာပါ။ သာမန်အားဖြင့် ငဟစ်တို့ဟာ တကောင်တည်း  နေလေ့ရှိကြပေမယ့် မြန်မာနိုင်ငံ ရွှေဘိုနယ်မှာတွေ့ရတဲ့ ငဟစ်ငှက်တွေကတော့ အုပ်စုဖွဲ့ နေထိုင်ကြတာ တွေ့ရပါတယ်။



သူတို့ရဲ့ အသိုက်တွေကို ကျူပင်တွေပေါ်၊ သစ်ပင်တွေပေါ်မှာ တုတ်ချောင်းများနဲ့ ဆောက်လုပ်ပြီး အရွယ်က အချင်းတပေခန့်ရှိပြီးအနက် ၈ လက်မခန့်ရှိပါတယ်။ တခါဥလျှင် ဥ ၃ လုံးကနေ ၅ လုံးအထိရှိတတ်ပြီး ဥ အရောင်က အစိမ်းနုရောင် ဖြစ်ပါတယ်။



လင်မယား ၂ ယောက်ပဲ နေတဲ့ ထားဝယ်ဒေသက ရွာကြီး

Monday, June 15, 2015 1 comments


  
 အိမ် ၄၈၀ ရှိတဲ့ ရွာမှာ လူ၂ ယောက်ပဲ နေထိုင်တာ ဖြစ်နိုင်ပါ့မလား။

ဒီရက်ပိုင်း ထွက်လာတဲ့ စာအုပ် တအုပ်မှာတော့ ထားဝယ်ဒေသထဲက အဲဒီရွာကြီးမှာ လင်မယား ၂ ယောက်ပဲ နေတယ်လို့ တိတိကျကျ ရေးထားပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် စီမံကိန်းအတွက် နေအိမ်တွေကနေ ဖယ်ပေးရမယ့် ဒေသခံတွေ ရှိပါတယ်။ သူတို့တွေအတွက်  အဲဒီရွာကို ၂၀၁၂ မှာ ဆောက်တယ်။ ဆောက်ထားတာက ပုံစံတူအိမ်တွေ။
 နောက်တနှစ်မှာ အဲဒီရွာ သွားနေရပါတယ်။

ကျေးရွာသစ်နာမည်က ဘဝါ လို့ ဆိုပါတယ်။ ဘဝါရဲ့ ဘဝ အကြောင်း ဆက်ရရင်...
ဘဝါကို ပြောင်းရွှေ့နေသူ စုစုပေါင်း မိသားစု ၄ စု ရှိပေမယ့် အခုတော့  မိသားစု တစုပဲ ကျန်ပါတော့တယ်။ အဲဒီမိသားစုကတော့ အထက်မှာ ရေးခဲ့တဲ့ လင်မယား ၂ ဦးပါပဲ။

သူတို့ရဲ့ သားသမီးတွေက မြိတ်မြို့မှာ အလုပ်သွားလုပ်တာကြောင့် အိမ်မှာ သူတို့ပဲ ကျန်နေတာပါ။ သူတို့ ဒီအိမ်သစ်ကို ရွှေ့ရမယ် ဆိုတာကို ရက်သတ္တပတ် အနည်းငယ်ပဲ ကြိုသိခဲ့ရတာပါတဲ့။


   
 အိမ်က အသစ်ဆိုပေမယ့် မိုးယိုတယ်။ စားရေးသောက်ရေးအတွက် ဒီရေတောမှာရှိတဲ့ ဂဏန်း၊ ခရု၊ ဟင်း ရွက်တွေကို အားကိုးရတယ်၊ အိမ်နီးချင်း မရှိတဲ့အတွက် ရေဒီယိုကို အဖော်ပြုရတယ်၊ ဟိုတုန်းက သူတို့က တံငါသည်။  အခုတော့ နေရာသစ်မှာ ရွာသစ်မှာ အပင်လေးတွေစိုက်၊  ကြက်ဝက်တွေ မွေး၊ ဘဝက အ  သွင်ပြောင်းသွားပြီ။

တခြားအိမ်တွေမှာ လူတွေ ဘာကြောင့် ရောက်မလာသေးတာလဲ၊ ရောက်ပြီးသား မိသားစုတချို့ ဘာကြောင့် ပြန်ထွက်သွားကြသလဲ ဆိုတာကတော့ စာအုပ်ထဲမှာ တိတိကျကျ ဖြေမထားပါ။ 

အခု ဖော်ပြထားတဲ့ ဘဝါ ပြန်လည် နေရာချထားရေးအိမ်ရာ ပုံတွေကို "ပြောင်းလဲမှု၏ ရှုထောင့်များ" ဆိုတဲ့ ဓာတ်ပုံစာအုပ်ကနေ ယူထားပါတယ်။

စာအုပ်ကို ပဒေသာမိုး လူမှုအဖွဲ့အစည်းက ဖြန့်ချိထားတာပါ။

စီမံကိန်းကြီးကြီးတခု လုပ်ပြီဆိုရင် ဒေသခံတွေ နေရာဖယ်ပေးရပါတယ်။ လုပ်လက်စ လယ်ယာမြေတွေကို စွန့်လွှတ်ရပါတယ်။

စွန့်လွှတ်ရတဲ့အတွက် လျော်ကြေး ရသူတွေလည်း ရှိပါတယ်။ အဲဒီလျော်ကြေးကို မစီမံတတ် မခန့်ခွဲတတ် ရင် ဘ၀ ပျက်ပါလိမ့်မယ်။

လျော်ကြေးပေးရာမှာ ငွေကြေးပေးမယ့်အစား မြေနေရာ အစားပေးဖို့ ဒေသခံတို့နဲ့ ညှိနှိုင်းခဲ့ဟန် မတူပါဘူး။
ထားဝယ် အထူး စီးပွားရေးဇုန်မှာတော့ လျော်ကြေး မရတဲ့သူလည်း အများကြီးရှိပါတယ် တဲ့။

အထူးစီးပွားရေးဇုန်ကြောင့် ဘယ်သူတွေ အထူး စီးပွားဖြစ်ကြမလဲ?
ဒေသခံတို့ကတော့ စီးပွားဖြစ်မလား၊ စီးပွားပျက်မလား?

ဒေသခံတွေဟာ သူတို့  မှီခိုအားထားတဲ့ ဥယျာဉ်ခြံမြေတွေ မရှိတော့ဘူး ဆိုရင် အသက်မွေးဝမ်းကြောင်း  အတွက် စိုးရိမ်ရမယ်လို့ ပဒေသာမိုးအဖွဲ့က ဆိုပါတယ်။

စီမံကိန်း အစမပြုခင် မဖြစ်မနေ ပြုလုပ်ရမယ့် လူမှုစစ်တမ်း နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းတွေကို ရွာတချို့မှာ ပြုလုပ်ခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ဒေသခံများ သိခွင့် မရခဲ့ဘူး၊ အရပ်ဘက်  အဖွဲ့တွေလည်း ကြည့်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီစီမံကိန်းကြီးက လောလောဆယ် ပါဝင်ပတ်သက်သူ အားလုံး၊ ဒေသခံတွေ အားလုံးလိုလို အဆင်မပြေတဲ့ ဟန်မကျတဲ့ စီမံကိန်းဖြစ်နေတယ်လို့ ဆိုရမယ် ထင်ပါတယ်။


စည်သူလင်း

ဖိုးလပြည့် သုံးသပ်ပြတဲ့ မြန်မာလူငယ်ဘောလုံးအသင်း ရှုံးနိမ့်ခဲ့ရခြင်းရဲ့ အဓိက တရားခံ

Tuesday, June 2, 2015 0 comments


ဓာတ်ပုံ - ဂျေပိုင် / The Irrawaddy

နယူးဇီလန်နိုင်ငံတွင် ကျင်းပနေတဲ့ U-20 ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လူငယ် လက်ရွေးစင် အသင်းဟာ  ဒုတိယ ပွဲစဉ်ဖြစ်တဲ့ ယူကရိန်းနဲ့ ဒီကနေ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ဒါဇင်ဝက်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရလို့ မြန်မာဘောလုံးပရိတ်သတ်တွေရဲ့အသည်းကွဲနေ့ရက်လို့ ဆိုရလေမလားပဲ။ ဒီလို ဂိုးအမြောက်အများနဲ့ ရှုံးနိမ့်ခဲ့ ရပေမယ့် မြန်မာဘောလုံးပရိတ်သတ်တွေကတော့ မြန်မာအသင်းကိုယ်စား ကျေနပ်တယ်ဆိုတဲ့ ခံစားချက် အပြည့်နဲ့ ပြောဆိုဝေဖန် နေကြတာကိုလည်း တွေ့နေကြရပါတယ်။

ဒီမှာ ထူးခြားတာက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ကလည်း မြန်မာလူငယ်
 ဘောလုံးအသင်း ဘာကြောင့် ရှုံးနိမ့်ခဲ့ရတယ်ဆိုတာကို သက်သေ သာဓကတွေနဲ့တကွ သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှာ သုံးသပ်ဝေဖန်ပြထားတာပါ။ သူသုံးသပ်ပြထားတာကတော့ မြန်မာအသင်းက ယူကရိန်းနဲ့ ပွဲမှာ အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားလို့ပါတဲ့။ ဒီလို အဖြူရောင် အားကစားဝတ်စုံကို ၀တ်ဆင်ခဲ့တဲ့ ခေတ်အဆက်ဆက် မြန်မာဘောလုံးအသင်းတွေ ဘယ်သူ့ကို ဘယ်နှစ်မှာ ဘယ်နှစ်ဂိုးနဲ့ ဘယ်လို ရှုံးနိမ့်ခဲ့ရတယ်ဆိုတာကို ပြောပြထားတာပါ။ စိတ်ဝင်စားဖို့တော့ အကောင်းသားပါ။

ဒါ့ထက် အနီရောင် ၀တ်စုံကို ၀တ်ဆင်ပြီး ကန်တဲ့ ဘယ်ပွဲမှာတော့ မြန်မာအသင်း ဘယ်လို အနိုင်ရခဲ့တယ်ဆို တာကိုပါ သုံးသပ်ပြထားပါသေးတယ်။

ကဲ နေရွှေသွေးအောင်(ခေါ်) ဖိုးလပြည့် သေသေချာချာ သုံးသပ် ဝေဖန်ပြထားတာကို ဧရာဝတီ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


မြန်မာအသင်းဟာအဖြူရောင်နဲ့ လုံးဝကိုမတည့်ပါဘူး... ဘာလို့အဲ့လိုပြောလည်းဆိုတော့ -

၁။ ၂၀၀၄ မှာကန်တဲ့ Tiger Cup၊ Semi Final မှာ Singapore ကို အနီကတ် ၄ ကတ်နဲ့ မိုးတွေ၊ရွံ့တွေကြားမှာမရှုမလှရှုံးခဲ့တုန်းက စိုးမြတ်မင်းတို့ မင်းသူတို့အဖြူရောင်ဝတ်ခဲ့တာအားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

၂။ ၂၀၀၅ Phillipines Seagames မှာ Laos လိုအသင်းမျိုးကို ၃-၂ နဲ့ရှုံးပြီး Vietnam ကို ၁-၀ နဲ့သာကပ်ရှုံးလို့ကျေနပ်မယ်ရှိသေး စစ်ဆေးမှုတွေပြုလိုက်တော့ Vietnam အသင်းကလာဒ်စားပြီး မြန်မာအသင်းကို ဂိုးအများကြီးမသွင်းဘဲ ၁-၀ နဲ့ပဲအနိုင်ကန်ဖို့လုပ်ပွဲကစားတာကို ရှက်ဖွယ်လိလိတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီတုန်းကလည်း အဖြူနဲ့ပါ။

၃။ ၂၀၀၈ Indonesia Suzuki Cup မှာ အိမ်ရှင်အင်ဒိုကို ၃-၀၊ Singapore ကို ၃-၁ နဲ့ရှုံးပြီး စောစောစီးစီးအုပ်စုကထွက်ခဲ့ရတာလည်း အဖြူနဲ့ပါပဲ။

၎။ ၂၀၁၀ Vietnam Suzuki Cup မှာ Vietnam အသင်းကို သမိုင်းဝင်ရလဒ် ၇-၁ နဲ့ရှုံးတာလည်းအဖြူလေးဝတ်လျက်ပါပဲခင်ဗျ။

၅။ ၂၀၁၁ မတ်လက သုဝဏ္ဏမှာကန်တဲ့ London Olympic ခြေစစ်ပွဲမှာ India U-23 ကို ကျော်ကိုကို Free Kick ဂိုးနဲ့ ၁-၀ ဦးဆောင်ထားပြီးမှ ၉၃မိနစ်ကျမှ ချေပဂိုးပြန်ပေးလိုက်ရကာ ပြိုင်ပွဲကထွက်လိုက်ရတာလည်း အဖြူလေးနဲ့ပါပဲ။

၆။ တစ်နိုင်ငံလုံးအသည်းပေါက်ခဲ့ရတဲ့ ၂၀၁၃ Seagames ပွဲမှာ အင်ဒိုကို Penalty ပေးခံလိုက်ရပြီး ၁-၀ နဲ့ရှုံးကာ အုပ်စုမှာတင်ပြုတ်သွားတဲ့ပွဲတုန်းကလည်း ဘာအရောင်ဝတ်ခဲ့တယ်ဆိုတာ ကိုယ့်ဟာကိုသာလေ့လာကြပါတော့..

၇။ အခုလည်း U-20 World Cup မှာအမေရိကန်ကိုအနီရောင်ဝတ်ပြီး အကြိတ်အနယ်ကန်နိုင်ပါလျက် အဖြူနဲ့ကျမှ Ukraine ကို ဂိုးပြတ်ထပ်ရှုံးပြန်ပါတယ်။

ဒါပေမယ့် မြန်မာတွေရဲ့ First Colour ဖြစ်တဲ့အနီရောင်ဝတ်ကန်ခဲ့တုန်းက...

၁။ ၂၀၀၄ Tiger Cup မှာ ထိုင်းကိုသရေ၊ အိမ်ရှင်မလေးကိုအနိုင်ကန်ပြီး ပထမဆုံးအကြိမ် Semi တက်ခဲ့တယ်။

၂။ ၂၀၀၅ Grand Royal Cup မှာ Bangledesh ကို ၂-၁ နဲ့ နိုင်ကာဗိုလ်စွဲခဲ့တယ်။

၃။ ၂၀၀၆ Medeka Cup မှာတော့အနီရောင်ဝတ်လျက် အင်ဒိုကို ၁-၀ နဲ့နိုင်ကာဗိုလ်စွဲခဲ့တုန်းက ပြည်သူတွေသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်။  

၎။ ၂၀၀၇ Medeka Cup နဲ့ Sea Games ပြိုင်ပွဲတွေမှာအနီဝတ်လျက် ဒုတိယဆုများအသီးသီးရရှိကာ ပြည်သူတွေကိုကျေနပ်စေခဲ့တယ်။

၅။ ၂၀၀၈ Grand Royal ပွဲမှာအနီနဲ့ပဲ အင်ဒိုကို ၂-၁ နဲ့နိုင်ကာဗိုလ်ဆွဲခဲ့တယ်။

၆။ ၂၀၁၁ Indonesia Seagames မှာ Vietnam ကို ၄-၁ နဲ့နိုင်ပြီးကြေးတံဆိပ်ဆုနဲ့ ပြည်သူတွေကိုကျေနပ်စေခဲ့တာလည်း အနီနဲ့ပါပဲ။

၇။ ဆယ်စုနှစ်နှစ်ခုလောက်အတွင်းမှာ ဒုတိယအကြိမ်နိုင်ငံတကာဖလားအဖြစ် ၂၀၁၄ Philihppines Peace Cup ကိုအနီဝတ်လျက် ရရှိခဲ့တာတော့မမေ့လောက်ကြသေးဘူးထင်ပါတယ်။

၈။ ၂၀၁၄ အတွင်းမှာပဲ U-19 (ယခု U-20)အသင်း ပြိုင်ပွဲတစ်ခုမှာအိမ်ရှင် Vietnam ကို ၄-၃ နဲ့အနိုင်ကန်ကာဗိုလ်စွဲတုန်းကလည်းအနီနဲ့ပါ။

၂၀၀၄ ခုနှစ်နောက်ပိုင်း အဖြူဝတ်ပြီးနိုင်ခဲ့တယ့်ပွဲများရှိပေမယ့်နည်းပါတယ်။ မရှုမလှရှုံးခဲ့ရတယ့်ပွဲအများစုဟာ အဖြူနဲ့ဖြစ်သလို အနီဝတ်ကန်တယ့်ပွဲအများစုဟာလည်း ရှုံးပေမယ့်ကျေနပ်ခဲ့ရတယ့်ပွဲများဖြစ်ပါတယ်။ ဒါကြောင့်ဒီလောက်ကံမကောင်းတဲ့ အဖြူရောင်ကြီးကို ရာသက်ပန်အနားပေးပြီး ဒုတိယအရောင်အဖြစ် အပြာ၊ အဝါစတာတွေကို သုံးသင့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အခါအခွင့်သင့်တိုင်းတာဝန်ရှိသူများကို အနီရောင်သာ ဝတ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

အယူသည်းသူတစ်ဦးမဟုတ်သော်လည်း ဘယ်သူက သတ်မှတ်ပေးလိုက်တယ်မသိတဲ့ ဒီအဖြူကြီးဝတ်ပြီး တိုက်ဆိုင်မှုများစွာနဲ့ နလန်မထူနိုင်တဲ့အရှုံးမျိုး မလိုချင်တော့ပါကြောင်း စိတ်ဓာတ်ပြင်းပြလွန်းလှတဲ့ မြန်မာပရိသတ်များကိုယ်စား မေတ္တာရပ်ခံရင်း...

PLP


မရယ်ရတဲ့ ဟာသများ

Thursday, May 28, 2015 0 comments




မရယ်ရတဲ့ ဟာသတွေအကြောင်း ပြန်ပြောပြရတာကိုက တော်တော်ရယ်စရာ ကောင်းပါတယ်။

တကယ်တော့ ဟာသ ဆိုတာ ရယ်မောဖို့ပါ။ ဒါပေမယ့် တချို့ ဟာသတွေက မရယ်ရပါဘူး။ တချို့ဟာသ ဆိုရင် ပြောသာပြောလိုက်တယ်၊ ကြားသာ ကြားလိုက်တယ် မရယ်ကြပါဘူး။ ခေတ်ကာလနဲ့ ဆက်စပ်တာတွေ၊ နေရာဒေသနဲ့ ဆက်စပ်တာတွေကို နားမလည်၊ မသိရှိထားဘူး ဆိုရင် ဟာသ မမြောက်ပါဘူး။

အရင်ခေတ်တွေတုန်းက အရမ်းရယ်ရပါတယ် ဆိုတဲ့ ဟာသဟာ အခုခေတ်မှာ မရယ်ရတော့တာတွေ ရှိတယ်။

ဥပမာ လူရွှင်တော် ၂ ယောက် ပြက်လုံးထုတ်ပါတယ်။

`တံတားကြီးပေါ်က ကုလားကြီး ချော်ကျ.. ငါးကြီးကြော်နဲ့ ၂ ပွဲ´ ဆိုတဲ့ ပြက်လုံးမျိုး

`ဒီကောင်က အရက် သောက်တတ်တာ မဟုတ်ဘူး၊ အူအရိုင်းလေး။ လူရိုးလေး။ တပက်လောက် သောက်လိုက်ရင် မူးတာပဲ။ အဲဒီ တပက်ဆိုတာက ခနွဲနဲ့ ပက်တာကို ပြောတာ´ ဆိုတဲ့ ပြက်လုံးမျိုးတွေ ဆိုရင် ကျနော်တို့ အဖိုးအဖွားတွေ ခေတ်က ဘယ်လိုမှ ပတ်တုတ်လို့ မရအောင် ပရိတ်သတ်တွေ ရယ်မောတဲ့ ပြက်လုံးတွေပါ။

ပတ်တုတ် တယ်ဆိုတာက ဒီလိုပါ။ ပတ်မကြီးကို တအားထုရိုက်တီးပြီး ပွဲကြည့်ပရိတ်သတ်ကို ထိန်းသိမ်းတာကို ပြောတာပါ။ တနည်းအားဖြင့် အရမ်း ရယ်မောနေတာတွေ ရပ်တန့်သွားစေဖို့နဲ့ ရှေ့ဆက်လက် ကပြနိုင်ဖို့ သတိပေး ထိန်းပေးတာကို ပြောတာပါ။

အခုခေတ်မှာတော့ အဲဒီ ပြက်လုံးတွေကို မရယ်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်ကာလနဲ့ နေရာဒေသ ကွဲပြားသွားသလို ပရိတ်သတ်တွေရဲ့ အသိအမြင်တွေလည်း ပြောင်းလဲလာတာကြောင့်လည်း ပါပါတယ်။

ဒုတိယ ပြက်လုံးထဲမှာပါတဲ့ ခနွဲ ဆိုတာကို အခုခေတ် လူအများ မသိကြတော့ပါဘူး။ ခနွဲဆိုတာ အိုင်ထဲက ဒါမှမဟုတ် ချောင်းထဲ မြောင်းထဲကနေ ကျေးလက်က စပါးခင်းတွေထဲကို ရေပက်တင်တဲ့အခါမှာ အသုံးပြုတာပါ။ တခါ ပက် တင်လိုက်ရင် သံပုံး တ၀က်ကျော် ပမာဏ (၈ ပုလင်းခန့်) ရပါတယ်။ အဲဒီမှာ တပက်လောက် သောက်တယ်ဆိုတာ ၈ ပုလင်းလောက် သောက်တာကို ရည်ညွှန်းတာပါ။
အခုလို ရှင်းပြနေရတာကိုက တော်တော်ရယ်စရာ ကောင်းနေပြီနော်။

တခါတလေ နိုင်ငံရပ်ခြား ဟာသတွေက ကိုယ့်ကို မရယ်မောစေတာလည်း တွေ့ဖူးပါတယ်။ အဲဒီလို မရယ်ရတာက သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းနဲ့ စရိုက်လက္ခဏာကို နားမလည်တာကြောင့် ဖြစ်ပါတယ်။

ကျနော် ဟာသတပုဒ် ဘာသာပြန်ပါတယ်။ သူငယ်ချင်းတယောက်က အရမ်းရယ်ရလွန်းလို့ ဘာသာပြန်ပေးပါလို့ ပြောတာနဲ့ ဘာသာပြန်ပေးရတာပါ။ ခက်တာက ကျနော် အသေအချာဖတ်၊ အသေအချာ ဘာသာပြန်ပြီးပေမယ့် ကျနော် ဘယ်လိုမှ မရယ်ရဘဲ ဖြစ်နေပါတယ်။

ခင်ဗျားတို့လည်း ဖတ်ကြည့်ပေးပါဦး။ တခါက အလွန်လှပတဲ့ ပန်းခြံကြီးရှိတဲ့ မြို့တမြို့မှာ ပုံတူရေးဆွဲရာမှာ အရမ်းတော်တဲ့ ပန်းချီဆရာတဦး ရှိသတဲ့။ တနေ့မှာ အဲဒီ ပန်းချီဆရာဆီကို လူတဦး ရောက်လာပြီး အလွန်ကြီးမားတဲ့ ပုံတူပန်းချီကားကြီး ရေးဆွဲပေးဖို့ ထိုက်တန်တဲ့ အဖိုးအခငွေကြေးပေး အပ်နှံတယ်တဲ့။ သိပ်မကြာခင်မှာပဲ နောက်ထပ်တဦး ရောက်လာပြီး သူ့အတွက် အလွန်ကြီးမားတဲ့ ပုံတူ ပန်းချီကားရေးဆွဲပေးဖို့ ထိုက်တန်တဲ့ အဖိုးအခပေးပြီး အပ်နှံပါသတဲ့။

အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အဲဒီမြို့ရဲ့ ပန်းခြံနားက ခန့်ငြားတဲ့ ကုမ္ပဏီ အဆောက်အဦကြီး ၂ ခုမှာ ကြီးမားလှတဲ့ ပုံတူ ပန်းချီကားကြီး ၂ ကား ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ပန်းခြံထဲကို လာရောက် အပန်းဖြေသူတွေ၊ အားကစား လှုပ်ရှားသူတွေဟာ အဲဒီ ပုံတူပန်းချီကားကြီး ၂ ခုကို ကြည့်ပြီး..`ဟေ့.. ဟေ့.. ဘုရားသခင်ကိုတော့ မတွေ့ရဘူးနော်´ လို့ နှုတ်ဆက်ပြောဆို ရယ်မောသွားတယ်တဲ့။

ကဲ.. ဘာများ ရယ်စရာပါသလဲဗျာ..။ ကျနော်တော့ ရယ်လို့ မရခဲ့ဘူး။ ဒါပေမယ့် (ခရစ်တော်ကို နှိမ်ချချင်တာကြောင့် ခိုးသား ၂ ယောက်နှင့် အတူထားကာ ချုပ်နှောင်ထားလေသည်) ဆိုတဲ့ သိရတဲ့ အခါမှာတော့.. ကျနော် တော်တော် ရယ်မိပါတယ်။

ဘုရားသခင်ကိုတော့ မမြင်ဘူး၊ ခိုးသား ၂ ကောင်ပဲ မြင်တယ်လို့ ပြောတဲ့သဘောပါ။ ကဲ မရယ်ရတဲ့ ဟာသတချို့ အကြောင်း ပြန်ပြောပြတာကိုက ရယ်စရာများ ဖြစ်နေမလားပဲဗျာ။    ။


နိုင်စွမ်း




အင်္ဂလိပ်ကို ကဗျာနဲ့ ထိုးနှက်တိုက်ခိုက်သူ ကုန်းဘောင်ခေတ်အပယ်ခံ မျိုးချစ်စာဆို

Wednesday, May 27, 2015 0 comments


ပန်းချီ - ဦးရဲသောင်း

မြန်မာလူမျိုး၊ မြန်မာနိုင်ငံကို အလွန်ချစ်ပြီး ကိုလိုနီ အင်္ဂလိပ်ကို အလွန်မုန်းတီးသူ ကုန်းဘောင်ခေတ်နှောင်းမှ အပယ်ခံ မျိုးချစ်စာဆိုတဦး အကြောင်း ပြောပြချင်ပါတယ်။ သူ့လက်ရာ တေးထပ် တပိုင်းတစကို ဖတ်ကြည့်ပါဦး။ ဘယ်သူဖြစ်မလဲ။ အဲဒီ တေးထပ်ကြောင့် အင်္ဂလိပ်ရဲ့ အငြိုငြင်ခံရမှာ စိုးရိမ်ပြီး မြန်မာဘုရင့် အုပ်ချုပ်ရေး အဖွဲ့တွေက သူ့ကို အချုပ်ချ အရေးယူခဲ့ပါတယ်။

ထီးဖြူရုံ ပြသာဒ်နှင့်၊ မအပ်သည့်အရာ၊
လိပ်ဆိုသည့် မိစ္ဆာ၊ ပိတ်ရှာပြီ ဇီဝိ
မင်းတူတု ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ”  
  

ဆိုတဲ့ တေးထပ်တပိုင်းတစပါ။ တေးထပ်ရေးစပ်သူ စာဆိုရှင်က အချုပ်တန်း ဆရာဖေ ဖြစ်ပါတယ်။ အဲဒီတေးထပ် ရေးစပ်ရတဲ့အကြောင်းက ဒီလိုပါ။

၁၂၃၆-ခုနှစ် စင်ကာပူကျွန်း၊ ကပ္ပလီကျွန်းတွေကို အိန္ဒိယ ဘုရင်ခံချုပ် တိုင်းခန်းလှည့်လည်တဲ့အခါ မြန်မာဘုရင်တွေလို ထီးဖြူတော် နှစ်ချက်မိုးပြီး ခမ်းခမ်းနားနား လှည့်လည်ပါတယ်။ အဲဒီလို လှည့်လည်ရာမှာ ကပ္ပလီအကျဉ်းသားတဦးက ဘုရင်ခံချုပ်ကို သက်တော်စောင့်အလစ်မှာ ဓားနဲ့ ၂ ချက်ထိုးပါသတဲ့။ အဲ့ဒီ သတင်းကို ဆရာဖေကြားတဲ့အခါ နယ်ချဲ့အင်္ဂလိပ်ကို ပယ်ပယ်နယ်နယ် ထိပါးထိုးနှက်လိုက်တဲ့ အထက်ပါတေးထပ်ကို ရေးစပ်လိုက်တာပါ။

အချုပ်တန်း ဆရာဖေဟာ တကယ့်မျိုးချစ်ပုဂ္ဂိုလ် စာဆိုတဦးဖြစ်သလို မြန်မာလူမျိုးအပေါ် ဆိုရေးရှိက ဆိုအပ်လှ ဆိုသလို တည့်တည့်ရေး ပြောတတ်၊ စကားကြမ်းကြမ်းနဲ့ ပြောတတ်သူ ဖြစ်ပါတယ်။ မင်းလိုလိုက် မင်းကြိုက် ဆောင်ပြီး ကဗျာမရေး စာမရေးဘဲ မိမိ မြင်သလို မိမိ ခံစားမိသလို ရေးဖွဲ့သူပါ။ ဆရာဖေနဲ့ စလေဦးပုည ကဗျာ တိုက်ပွဲဟာ မြန်မာ့ကဗျာလောကမှာ အလွန်ထင်ရှားပါတယ်။ စာပေပညာအရ ယှဉ်ရင် ဦးပုညကို မမီဘူးလို့ ယူဆနိုင်ပေမယ့် မျိုးချစ်စိတ်နဲ့ တည်ကြည်မှုကတော့ ဦးပုညထက် ပိုလွန်တာ တွေ့နိုင်ပါတယ်။

အချုပ်တန်း ဆရာဖေကို မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်(ခန့်) မှာ အမရပူရမှာ မွေးဖွားတယ်လို့ ယူဆရပါတယ်။ ၁၂၂၂ ခုနှစ်မှာတော့ အမရပူရကနေ မိဘများနဲ့ အတူ မန္တလေးမြို့ရိုးတောင်ဘက် အပ်ချုပ်တန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အပ်ချုပ်တန်းဆိုတာက ဘုရင့်တပ်တော်ကြီးအတွက် ကုန်းနှီးတွေ ချုပ်လုပ် တင်သွင်းရာ အရပ်ဖြစ်လို့ အပ်ချုပ်ဝင်း၊ အချုပ်တန်း စသဖြင့် ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

သူဟာ ၁၂၂၆ ခုနှစ် လောက်ကစပြီး မက္ခရာမင်းသား အထံတော်မှာ အမှုထမ်းခွင့်ရခဲ့ပြီး၊ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းမှာ မက္ခရာမင်းသား နောက်တော်မှ အမှုတော်ကို ထမ်းရွက်ခဲ့တယ်။ အဲဒီနောက် ကနောင်မင်းသားရဲ့ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော် မင်းတုန်းမင်းကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ ထွက်ခွာ သွားသောအခါတွင်လည်း မက္ခရာမင်းသားရဲ့ အမိန့်တော်နဲ့ ပတိမ်းစားရန်ကို တွန်းလှန်ရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဖေဟာ ကုန်းဘောင်မင်းဆက်များ လျှောကျ ပျက်စီးနေချိန်၊ အင်္ဂလိပ်တို့ သိမ်းယူချိန် ခေတ်ကာလ အပြောင်း အလဲကို ဖြတ်သန်းရပါတယ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေထိုင်ခဲ့တဲ့ ဆရာဖေဟာ အင်္ဂလိပ်တွေကို မျက်မုန်းကျိုးပါတယ်။ မကြာခဏ ကဗျာတွေရေး စာတွေစပ်ပြီး တုံ့ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြန်မာလူမျိုးတွေက အင်္ဂလိပ်ကို အောက်ကျို့ ဆက်ဆံတာ၊ အရေးပေး ဆက်ဆံနေရတာကို စိတ်အပျက်ကြီး ပျက်ပြီး `တွေးမိတိုင်း´ ဆိုတဲ့ တေးထပ်ကိုလည်း ရေးစပ်ခဲ့ပါသေးတယ်။

မျိုးချစ်စိတ် ပြင်းထန်တဲ့ ဆရာဖေဟာ မိတ်ဆွေရင်း ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝနဲ့အတူ ၁၂၅၁ ခုနှစ်မှာ ရှမ်းပြည်ကို ပြောင်းရွှေ့ပြီး သုံးဆယ်စော်ဘွားဆီမှာ ကွန်းခိုရင်း တနေ့မှာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည် ပြန်လည် ထူထောင်ဖို့ မျှော်မှန်း ကြိုးစားခဲ့ကြတယ်။ ဆရာဖေ ရှမ်းပြည်ရောက်ပြီး စည်းရုံးရေးလုပ်ရင်း ၅ နှစ်အကြာ ၁၂၅၆ ခုနှစ်မှာ အအေးမိဖျားနာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

တွေးမိတိုင်း
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီး နန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မီတယ်
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ၊ ဖ ရှောင်သွေသည်
ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး၊
မြန်မာ မြန်မာချင်းကျ ကြွားချင်
ဓားပြသွင် သူခိုး
ကုလားမြင် သူ့အမေ ရိုး တော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနေ ပြုမဟေးရယ်နဲ့
သူ့ ပထွေးတော့ ထွက်လို့ မဟောင်
ပြောစမ်းဟဲ့ ရာဇ၀င်တွင်အောင်
ဆာဂျင်တောင် ဦးချလို့
ပလူးကြ ပြေးကျို့ခါခါ ၊ ခွေးသို့ ပမာ ၊
တွေးမိတိုင်း အရိုးနာသည် ၊ အမျိုးပါ ဆဲချင်ပါ့လေး။    ။


အချုပ်တန်း ဆရာဖေ (၁၂၀၀-၁၂၅၆)


ဧရာဝတီ


မြန်မာပြည်ကို ဘာကြောင့် သွားရောက်လည်ပတ်သင့်သလဲ

0 comments



photo - စိုင်းဇော်/ The Irrawaddy

စာရေးဆရာ Will Hatton က မြန်မာပြည်ကို သင်ဘာကြောင့် သွားရောက်လည်ပတ်သင့်သလဲဆိုတာကို အောက်ဖော်ပြပါ အကြောင်းပြချက် ၁၀ မျိုးနဲ့ အတိအကျ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒါတွေကတော့

၁။ မြန်မာပြည်သူတွေက အလွန်ပဲ ကြင်နာသနားတတ်ကြတယ်။

၂။ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ရှေးဟောင်းဘုရားစေတီပုထိုးတွေရှိတယ်။

၃။ တကယ့်ကို စူးစမ်းလေ့လာဖို့ကောင်းတဲ့ နေရာတွေရှိတယ်။

၎။ ခြေလျင်လမ်းလျှောက်ထွက်မယ်ဆိုရင် ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ထူးခြားတယ်။

၅။ မြောက်များစွာသော ဘုန်းတော်ကြီးတွေရှိတယ်။

၆။ အစားအသောက်တွေက အရသာရှိတယ်။

၇။ ဘီယာက ဈေးနှုန်းချိုသာပြီး ကောင်းမွန်တယ်။

၈။ ကမ်းခြေတွေရှိတယ်။

၉။ တကယ့်ကို လှပတဲ့ လိုဏ်ဂူတွေရှိတယ်။

၁၀။ ပြောင်းလဲမှုအရှိန်က မြန်ဆန်တယ်။


ဖော်ပြပါ အကြောင်းပြချက် ၁၀ မျိုးကြောင့် မြန်မာပြည်ကို သွားရောက်လည်ပတ်သင့်ပါတယ်တဲ့။


ကဲ သင်တို့ရော ဘယ်လို မြင်ပါသလဲ။


Ref: mingalarpar facebook

ရွှေရေးထင်ထင်ရဲ့ သရော်စာ

Tuesday, May 26, 2015 0 comments



ဓာတ်ပုံ - shweyay htin htin facebook

မကြာသေးခင်က ဖေ့ဘုတ် လူမှုကွန်ရက် စာမျက်နှာထက်မှာ ခန္တာကိုယ်အချိုးအစား ခပ်လန်းလန်း နာမည်ကလည်း ခပ်မိုက်မိုက် နဲ့ စာရေးဆရာ ကဗျာဆရာမတဦး တဟုန်ထိုး လူသိများလာတာ အားလုံးအသိပါပဲ။ သူကတော့ ရွှေရေးထင်ထင် ဆိုသူပါ။ ခပ်လန်းလန်း ဓာတ်ပုံတွေကြောင့် သူ့ရဲ့ ဖေ့ဘုတ်မှာတောင် သူငယ်ချင်းအဖြစ်လာအပ်သူတွေ follow လုပ်သူတွေ နေ့ချင်းညချင်း များပြားလာတယ်လို့ သူ့ကိုယ်ပိုင် ဖေ့ဘုတ်မှာရေးသားထားပါသေးတယ်။

အဲ့ဒီထဲကမှ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က သူ့ဖေ့ဘုတ်စာမျက်နှာထက်မှာ သရော်စာလေးတစောင် ရေးသားထားတာကိုတွေ့ရပါတယ်။ အဲ့ဒီသရော်စာလေးကတော့ လတ်တလော ဖေ့ဘုတ်လူမှုကွန်ရက် မှာရော အပြင်လောကမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကိစ္စရပ်လေးတွေကို သရော်စာလိုရေး သားထားတာပါ။

“ပြောချင်တာကတော့ ကျမက လတ်တလော up to date ဖြစ်နေတဲ့ current ဖြစ်နေတဲ့ ကိစ္စလေးတွေကို ဟာသအနေနဲ့ ရေးထားတဲ့သဘောပါပဲ။ တခြား ဘာကိစ္စ အကြောင်းတရားမှ မပါဝင်ပါဘူး။ ဖေ့ဘုတ်ပရိတ်သတ်တွေကို ပြောချင်တဲ့၊ ပျော်စေချင်တဲ့ ဆန္ဒနဲ့ရေးထားတာပါ။” လို့လည်း စာရေးဆရာမ ရွှေရေးထင်ထင်က ဧရာဝတီကိုပြောပါတယ်။

သူ့ရဲ့ သရော်စာလေးကို ဧရာဝတီပရိတ်သတ်တွေ ဖတ်ရှုနိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

"ရွှေရေးထင်ထင်၏ မဟာ့…မဟာ ဂန္တ၀င် အိပ်မက်ရှည်ကြီး "
 

" အပိုင်း ၂ "

အကျွန်ုပ် ရွှေရေးထင်ထင် သည် လွန်ခဲ့သောနှစ်က သူငယ်ချင်းများစွာပါဝင်သည့် အိပ်မက်ရှည်ကြီး အား မြင်မက်ခဲ့ပြီးနောက် ……………… ထိုကဲ့သို့ မမြင်မက်တော့သည်မှာ ကာလ အတန်ကြာပင် ရှိခဲ့လေပြီ။

တစ်နေ့သော်…………. အကျွန်ုပ်သည် FB ထဲတွင် " ကျွန်မက နှင်းဆီပါ မောင် " ဟူသော စကားအားပြက်ရယ်ပြုခြင်း ၊ ၅ % အခွန်ကိစ္စ အားဝိုင်းဝန်းရှုံ့ချခြင်း ၊ လတ်တလော ရေပန်းစားကာ ၀န်းရံခံနေရသော FB ဆယ်လီများ သတင်း…….. အစရှိသော Post များအား ဖတ်နေချိန်တွင် သူငယ်ချင်း ၁ ဦးက Screen Shot ရိုက်ထားသော ပုံတစ်ပုံအား ပေးပို့လာလေတော့သည်။

ထိတ်လန့်ဖို့ ကောင်းလှလေစွ။ အကျွန်ုပ်အား ၀န်းရံဖို့  စီစဉ်နေကြသည် ဆိုပါတကား။ အလွန်တုံးအ လှသော အကျွန်ုပ်သည် ဤရက်ပိုင်း Friend Request များလာခြင်း ၊ Follower များလာခြင်း ၊ Chat Box ထဲတွင် ပေးပို့ သော စာတွေ မတရားများလာခြင်းကြောင့် ဖွင့်ဖတ်မရအောင်ဖြစ်လာခြင်း………တို့ သည် ၀န်းရံခံရခြင်းဖြစ်ကြောင်း ယခုမှပင်ရိပ်စားမိတော့၏။

ထိုကြောင့်……… ထိုနေ့ ည၌ ထိတ်လန့် ခြင်းကြီးစွာဖြင့် အိပ်ယာဝင်ရလေရာ အလွန်ထူးဆန်းသော အိပ်မက်အား မြင်မက်လေမိတော့၏။ ထိုအိပ်မက်သည်ကား………………………………………………..

***************************************************************************************

အကျွန်ုပ်သည် ၀တ္တုရှည်ကြီး တစ်ပုဒ်အား ရေးသားရန် အလို့ငှာ ဇာတ်ကွက် စဉ်းစားနေစဉ် ၀ုန်းခနဲ အိမ်တံခါးပွင့်လာ၏။ ၀င်လာကြသည်က အနောက်တိုင်း အနက်ရောင် Suit များ ကျနစွာ ၀တ်ဆင်ထားပြီးနေကာမျက်မှန် အနက်များတပ်ဆင်ထားသော လူ ၃ ယောက် ……… ။ ထိုသူတို့၏ ခက်ထန်မာကြော တိကျပြတ်သားလှသော အသွင်သဏ္ဍာန်သည် အနောက်တိုင်း ရုပ်ရှင်ကားများထဲမှ FBI , CIA တို့နှင့် အလားတူလှပေစွ။ ထိုသူတို့က အကျွန်ုပ်အား ချိုင်းမှ တဖက်တချက် မကာ အိမ် ထဲမှ ဆွဲထုတ်လေတော့သည်။

အကျွန်ုပ်လည်း ကြောက်လန့်တကြီးဖြင့် အကျိုးအကြောင်းမေးရာ " တိတ်စမ်း !!! ရုံးရောက်ရင် အားလုံးသိရမယ် " ဟု မာန်မဲလေတော့သည်။ ထိုလူများသည် ကျွန်ုပ်အား BMW ကားတစ်စီးထဲသို့  အတင်းအကြပ် တင်လိုက်ကြပေ၏။

Oh….My God
ကားထဲရောက်မှ ပို၍ အံ့သြရပေတကား။ ကားထဲတွင် လတ်တလောရေပန်းစား နာမည်ကြီးနေသော FB ဆယ်လီကြီး Thakhin Pilotcaptdaonenine ရှိနေလေသည်။ ထို Pilot ဆယ်လီကြီးက

"ညီမလေး ဘာမှ မလန့် နဲ့ ……ဆွေးနွေးစရာရှိလို့  အကိုတို့ ကို သူတို့ ဆရာက အခေါ်လွှတ်လိုက်တာ "……ဟု အားပေးစကား ပြောရှာသည်။ ထိုသို့ ရှင်းပြနေဆဲ တခဏအတွင်း မောင်းနေသော ကားက တုံ့ခနဲ့ ရပ်သွားကာ ကျွန်ုပ်တို့ ကို ဆင်းခိုင်းလေတော့သည်။

**********************************************************************************************
ဒုတိယအကြိမ်…… Oh My God

ကျွန်ုပ်တို့ ရောက်နေသည်မှာ လွန်စွာလှပတင့်တယ်၍ တိမ်မြူတိမ်စိုင်တွေကြား၌ တည်ရှိသော နတ်ပြည် ဖြစ်နေလေတော့သတည်း။ ရွှေရောင်တ၀င်းဝင်းနှင့် လွန်စွာလှပသော တန်ဆောင်ကြီး တစ်ခု ရှေ့၌လည်း လူသူအများစုရုံးနေကြ၏။

ကျွန်ုပ် က သိ၍ ကျွန်ုပ် ကိုလည်းသိသော...
ကျွန်ုပ် က သိ၍ ကျွန်ုပ် ကို မသိကြသော...
ကျွန်ုပ် က မသိသော်လည်း ကျွန်ုပ် ကို သိကြသော...

FB မှ လူများစွာ ပါရှိကြကုန်၏။ အံ့သြတကြီး နှင့် ငေးမောနေစဉ်… လက်မောင်း၌တာဝန်ဆိုသော စာလုံးကို အနီပတ် ပတ်ထားသော နတ်သား တစ်အုပ်ထွက်လာကာ ကျွန်ုပ် နှင့် Pilot ဆယ်လီကြီး အား ဆွဲခေါ်လေတော့သည်။
( လှည်းတန်း မှာ မဟုတ်ပဲ နတ်ပြည် ဖြစ်လို့သာ တော်သေးပေစွ )

" လာ….လာ… မင်းတို့  ၂ ယောက် ပဲ နောက်ဆုံးကျန်လို့  စောင့်နေတာ.."

တန်ဆောင်းထဲ ၀င်လာကြရာ ဆိုင်းဘုတ်များ ထောင်၍ နေရာများ ကန့်သတ်ထားခြင်းအား တွေ့ ရ၏။
သိကြားမင်း ဦးဆောင်သော တရားသူကြီးအဖွဲ့ 
FB တွင် ၀န်းရံခံရသော ဆယ်လီများအဖွဲ့ 
ဆယ်လီများအား ၀န်းရံကြသူများ အဖွဲ့ 
ပြည်သူများအဖွဲ့ …………………..
ဟူ၍ အမျိုးမျိုးရှိကြကာ ဘယ်အုပ်စုထဲ ၀င်ရပ်ရမည်နည်းဟု စဉ်းစားနေဆဲတွင် တာဝန် အနီပတ်နှင့် နတ်သားတို့က FB တွင် ၀န်းရံခံရသော ဆယ်လီများ အဖွဲ့ထဲသို့  တွန်းထိုး ထည့်သွင်း လိုက်လေတော့၏။

ထိုအဖွဲ့ ထဲတွင် ….. နာမည်ကြီး ဒါရိုက်တာများ ၊ မင်းသားများ ၊ မင်းသမီးများ ၊ အဆိုတော်များ ၊ မော်ဒယ်များ ၊ စာရေးဆရာများ ၊ Sexy ဓါတ်ပုံများဖြင့် နာမည်ကြီးသူများ ၊ အလှပဂေး Lady Boy များ ၊ ဆရာဝန်များ ၊ Pilot များစွာရှိနေကြလေသည်။ ထိုသူများကြားဝယ်…… စာရေးဆရာယောင်ယောင် ဘာယောင်ယောင် အကျွန်ုပ်မှာ အသာလေး ခပ်ကုပ်ကုပ် နှင့် ရပ်နေရလေတော့၏။

ထိုစဉ် နတ်သားကြီးတစ်ဦးထွက်လာ၏။

"ကျုပ်က သိကြားမင်း အိမ်တော် ရဲ့ ပြောရေးဆိုခွင့် ရှိသူပါ ….. အားလုံး စုံညီ စည်းဝေးရတာကတော့ ဖုန်းဆက်သွယ်ရေးများ အပေါ် ၅ % အခွန်ကောက်ဖို့  ကိစ္စနှင့်ပတ်သက်လို့ပါ…ဆက်သွယ်ရေး ကုမ္ပဏီတွေက ဒီအခွန်ကို ပြည်သူတွေက ပေးဆောင်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်….ဒီအခါ ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး သိကြားမင်းဆီ တိုင်တန်းလာပါတယ်…ဖုန်းငွေဖြည့်ရခြင်း ရဲ့  ၇၀%သော အကြောင်းရင်းက FB သုံးကြလို့ ပါတဲ့…ဒီတော့ FB သုံးသူများပဲ အခွန်ဆောင် သင့်ပါတယ်…ပုံမှန် ဖုန်းသုံးစွဲခြင်းအတွက် အခွန်မဆောင်သင့်ဘူးလို့  ငြင်းကြတယ် "

ဤ စကားကြားတော့ FB ပရိတ်သတ်က ပွက်လောညံကုန်သည်။ စာနယ်ဇင်းသမားတွေကလည်း ပြောရေးဆိုခွင့်ရှိသူ နတ်သားကြီး နှင့် ပွဲတက်ပရိတ်သတ်အပေါင်းကို ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်သူ ရိုက် ၊ နတ်သားကြီး ထံ recorder လေး ထိုးပေးသူပေး နှင့် အလုပ်ရှုပ်နေ၏။
သတင်းထောက်များအား ကြည့်လိုက်ရာ …..

တတိယအကြိမ်…… Oh My God

ကျွန်ုပ် Fri List ထဲရှိသူများတွေပါလား။ ကင်မရာ မီးရောင်တွေကြားမှ နတ်သားကြီးက ဟန်ပါပါ နှင့် ဆက်ပြော၏။

" FB သုံးသူတွေကို ဆန်းစစ်လိုက်တော့ ၃၀% က သတင်း၊အတင်း၊ပညာ၊လူမှုဆက်ဆံရေး အနေနဲ့  သုံးတာ ဖြစ်ပြီး ၇၀%ကတော့ ၀န်းရံခံရသူ ဆယ်လီ နဲ့  ၀န်းရံသူပရိတ်သတ် အုပ်စု ဖြစ်နေပါတယ် …ဒီတော့ အခွန်ကို ၀န်းရံသူပရိတ်သတ်ကပဲ တာဝန်ယူဆောင်ပေးဖို့ရာ သင့်တော်ပါတယ်လို့  ဆက်သွယ်ရေးကုမ္ပဏီ နဲ့  ပြည်သူတွေက ဆုံးဖြတ်ထားပါတယ် "

ထိုအခါတွင် ၀န်းရံသူ ပရိတ်သတ်က ဒေါသတကြီး …… တစ်ယောက်တစ်ခွန်း ထအော် လေတော့သည်။

"ကျုပ်တို့ က ၀န်းရံပေးရတယ် ဆိုတာ လွယ်တာ မှတ်လို့  … လိုင်းမကောင်းတဲ့ ကြားက ဆယ်လီတွေ နဲ့ ဆယ်လီဖြစ်လာလတ္တံ့ သူတွေ ရဲ့ ပုံတွေ ရှာဖွေ Post တင်…သူတို့ တွေရဲ့ Acc ကို စုံစမ်း လာသူတွေ ကို လမ်းညွှန်ပေးရသေး… Page တွေမှာ ပုံတွေ ရောက်သွားအောင်လည်း ဖြန့်ပေးရသေး…… အိုး…… လုပ်ပေးရတာတွေ နည်းသလား …… အဲဒါတွေ အားလုံးက အလကား လုပ်ရတာမှ မဟုတ်တာ… MB နဲ့ အမျှ Bill က ကုန်သေး "

" ဟုတ်ပါ့ဗျာ…… ကျုပ်တို့ ဝန်းရံ မှ သူတို့ က ဆယ်လီ ဖြစ်လာမှာ… ကျုပ်တို့ ချီးကျုးပြီး comment ပေးမှ သူတို့ဆယ်လီ ဖြစ်တာ…အမှန်ဆို ကျုပ်တို့ က ဆယ်လီတွေကို ဖော်ထုတ်ပေးနေတဲ့သူ… ဒီတော့ အခွန်တော့ ကျုပ်တို့  မဆောင်နိုင်ဘူး "

" အေးဗျ…..ဖြစ်သင့်တာက အခုလို FB မှာ ကျုပ်တို့  အချိန်ဖြုန်းပြီး ကြည့်စရာ ပုံတွေတင်တဲ့ သူတွေကိုပဲ အခွန်ကောက်သင့်တာ…အဓိက က ဆယ်လီတွေပဲ "

ဟိုက်…ရှားပါး….လိုရင်း က ဒီလိုကိုး ။ အခွန်အတွက် အစိုးရက ဆက်သွယ်ရေး ကုမ္ပဏီ ကို လက်ညှိုးထိုး… ကုမ္ပဏီတွေက ပြည်သူတွေကို လက်ညှိုးထိုး……ပြည်သူတွေက FB သမားတွေကို လက်ညှိုးထိုး…… ထိုထဲကမှ ဆယ်လီတွေကိုပဲ ကွက်ကွက်လေး ရွေးချယ်…… အခွန်ဆောင် ဖို့  ဖိအားပေး……

ဘုရား…ဘုရား… ရှိစုမဲ့စု ပုံလေးတွေထဲက လူ့ သဘာဝ ပီပီ လှတာလေးရွေးပြီး FB တင်မိတာ အခွန်တာဝန်သည် အကျွန်ုပ်တို့ လူနည်းစု ဖက်လှည့်လာပါရော့လား။ ၁ ဦးကို ၅% နှုန်း….. လူသန်း ၆၀ ခန့် ဆိုလျှင် မည်မျှနည်း။ ထိုပမာဏ အတွက် လက်တစ်ဆုပ်စာ ဆယ်လီလူနည်းစုကသာ တာဝန်ယူ ပေးဆောင်ရလျှင် ခက်ရချေရဲ့ ။ ဆယ်လီတွေထဲက တစ်ဦးက မကျေမနပ်နှင့် ထပြောတော့၏။

"ဒါ မတရားဘူး….သိကြားမင်း နဲ့ ပြောမယ် "

ထိုအခါ နတ်သားကြီး က

"သိကြားမင်း အခု ၄ ဦးဆိုင် အစည်းအဝေး ထိုင်နေတယ်…မအားသေးဘူး….တော်ကြာ လာမယ် "
( လေသံက မာလိုက်သည့် ဖြစ်ခြင်း )

" ၄ ဦးဆိုင် ဆိုတော့ ဘယ်သူတွေ နဲ့ လဲ "
" သိကြားမင်း ၊ MPT ၊ Telenor ၊ Oredoo "
" ၄ဦး ဆိုင်ဆိုတာ တသီးပုဂ္ဂလ ဆန်လွန်းတယ်……ငါတို့ က ၁၂ ဦး ဆိုင် ဆွေးနွေးပွဲ ပဲ လက်ခံနိုင်မယ်”
ထိုအခါ…… ပြောရေးဆိုခွင့် နတ်သားကြီး က မှင်သေသေဖြင့်
" ရတယ်လေ……ဟေ့…အားတဲ့ ကောင်လေး ၈ ယောက်လောက် အထဲဝင်ထိုင် ပေးနေလိုက်ကြစမ်း "

ထိုအခါ တာဝန် အနီပတ် နတ်သား ၈ ယောက် က ဆွေးနွေးခန်းထဲသို့ အလျှင်အမြန်ပြေးဝင်သွား၏။ ဆယ်လီတွေထဲမှ ထအော်သည်။

" ကျုပ်ပြောတာ … ပြည်သူ ၊ ဆယ်လီ ၊ ပရိတ်သတ် ၊ စာနယ်ဇင်းတွေထဲက ထပ်ထည့်ပေးဖို့  ပြောတာဗျ…ခင်ဗျားတို့  ကိုယ့်လူတွေကြီးနဲ့ပဲ ပင်းပြီး ကြိတ်ဆွေးနွေးလို့ရမလား "

ပြောရေးဆိုခွင့်ရှိသူ နတ်သားကြီးက ဖြုံတောင် မဖြုံ….မျက်နှာတောင် မော့လိုက်သေး။ စာနယ်ဇင်းသမားများဖက် ဟန်ပါပါ လှည့်ကာ
" အခုဆိုရင် သိကြားမင်းကြီးက ၁၂ ဦးဆိုင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပွဲကြီး လုပ်နေပါပြီ……၄ ဦးဆိုင် မဟုတ်တော့ဘူးနော်…သတင်းမှာ ပြင်ရေးပေးပါ ….သူငယ်တို့ .."
ကဲ….အကျွန်ုပ် ဘာများတတ်နိုင်အံ့…. သိကြားမင်း ထွက်အလာ စောင့်ရုံသာ ရှိတော့သည်။

သိကြားမင်း ထွက်လာလေပြီ။ ဆက်သွယ်ရေးကုမ္ပဏီ မှ လူများခပ်ကုပ်ကုပ် နှင့် အလျှင်စလို ပြန်သွားကြသည်။ သိကြားမင်း က သက်ပြင်းရှည်ကြီး ချရင်း
"ဆွေးနွေးပွဲ ရဲ့ရလဒ် ကတော့ တစ်နိုင်ငံလုံး ဆောင်ရမဲ့ အခွန်ပမာဏ ကို FB ဆယ်လီများက ၇၀% အထိ တာဝန်ယူ ဆောင်ပေးစေ "
ဆယ်လီတွေ ဒေါပွကုန်ကြလေပြီ။ စောဒက တက်၏။ သို့သော်….သိကြားမင်း က သဘောထား မပြောင်း။

"မင်းတို့ပုံတွေတင်လို့  အများက ငွေကုန်ခံ ၀န်းရံပေးရတာ…မင်းတို့ တာဝန် ရှိသပေါ့ကွယ် "
ထိုအချိန်နတ်သမီးထဲမှ တစ်ဦး ထလာ၏။

"ကျွန်မ က သုဇိတာ ပါ…မောင် "

FB ပရိတ်သတ် ၀ါးခနဲ ပွဲကျသွား၏။

"မောင့် ကိုအမြဲ အကြံကောင်းတွေပေးလာတာပါ … ဒီနေ့  ဆွေးနွေးပွဲ ဒီလောက် နဲ့  ရပ်သင့်ပါပြီ …မောင် "

သုဇိတာ က FB ဆယ်လီမမတွေကို ခပ်တင်းတင်း ဝေ့၀ဲကြည့်သည်။ သိကြားမင်း က FB ဆယ်လီ အမျိုးကောင်းသားများကို ခပ်စိမ်းစိမ်း တချက်ကြည့်လိုက်သည်။ ပြီးတော့မှ သိကြားမင်း က

" ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပါတယ် "

အိပ်ငိုက်နေသော နတ်သားအချို့ ဘုမသိ ဘမသိ လက်ခုပ်တီး အားပေးလိုက်ကြလေသည်။

အလိုလေ….ဒီလို အဖြေ နှင့် အဆုံးသတ်တော့ ခက်ရချေပေါ့ ။ သို့နှင့် အကျွန်ုပ်က ထပြောမည် ပြင်ရာ ဆယ်လီ Pilot ကြီးက အသာဟန့်လိုက်၏။

" မပြောနဲ့ တော့ ညီမလေးရေ… သိကြားမင်း က အကိုတို့ ကို မနာလို ဖြစ်နေတာ….သူက တဖက် မှာ ရှိလှ နတ်သမီး ၄၀၀/၅၀၀…စုစုပေါင်း မှ ၁၀၀၀ လောက်ပေါ့…အကိုဆို ဘေးမှာ ၀န်းရံနေတဲ့ အချောအလှ နတ်သမီးလေးတွေ ဘယ်လောက်ရှိမလဲ စဉ်းစားသာကြည့်…သုဇိတာကလည်း ညီမလေး တို့ကို မနာလို ဖြစ်နေတာ…သူကမှ သိကြားမင်း ၁ယောက်တည်းရယ်… ညီမလေး မင်းဆိုရင် စုစုပေါင်း ဘယ်နှစ်ယောက်တောင်ရှိမလဲ…"
ဒီတော့မှ အကျွန်ုပ် တွက်မိ၏။

အင်း…နတ်သား…အဲ…လူသား…ပရိတ်သတ်တွေက တဖက်တချက်စီမှာ ထောင်ကျော်စီ ရံလို့ ……။ အို….သူတို့ အားလုံးအား အကျွန်ုပ် နိုင်နင်းပါမည်လော?? ဆိုလိုသည်က ၀န်းရံသူ အားလုံး စိတ်ချမ်း သာအောင် ပြန်စာရေးဖို့  အကျွန်ုပ် နိုင်နင်းပါမည်လော?? ဒီကြားထဲ ၀န်းရံသူများ ကောင်းမှုကြောင့် ဆယ်လီတန်းထဲ မျက်စိလည် လမ်းမှားလာသော စာရေးဆရာ ယောင်ယောင် ဘာယောင်ယောင် ကျွန်ုပ်သည် မတရား အခွန်ဆောင်ရချေဦးမည်။

အပြန်ခရီးတွက် အကျွန်ုပ်လည်း စိတ်ပျက်စွာဖြင့် နတ်ဗိမ္မာန်ထိပ်မှ ဖြတ်သွားဖြတ်လာ လေယာဉ် တစ်စီးအား တားရန် စောင့်ရင်း
" FB သုံးမိ အပြစ် ရှိပါတယ်…သိကြားမင်း ရယ်"ဟုသာ ရေရွတ်နေမိရတော့၏။

သို့ကလို ရေရွတ်ရင်း နှင့်ပင်….အကျွန်ုပ် ရွှေရေးထင်ထင် သည် မဟာအိပ်မက်ကြီး မှ လန့်နိုး လာခဲ့ရလေတော့သည်တကား ။ ။


အလန်းစားဓာတ်ပုံလေးတွေရချင်ရင် ဒါလေး သတိပြုပါ

Wednesday, May 20, 2015 0 comments


The  Rule of Thirds ဆိုတဲ့  photo composition အခြေခံ rule လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ဒီအခြေခံမူလေးကို သုံးခြင်းအားဖြင့် ဆွဲဆောင်မှုကောင်းပြီး   position အားကောင်းတဲ့ ရိုက်ချက်လေးတွေရဖို့ပါ။ ဒီ rule လေးကို အသုံးချခြင်းအားဖြင့်   အချိန်ကုန်သက်သာပြီးဆွဲဆောင်မှုရှိတဲ့ view လေးတွေ ရတာပေါ့နော်။



အထက်မှာဖော်ပြထားတဲ့နမူနာပုံလေးကိုကြည့်ခြင်းအားဖြင့်အလွယ်တကူသဘောပေါက်မယ်ထင်ပါတယ်။
ကိုယ့်ရဲ့ camera  ချိန်တဲ့ view သို့မဟုတ်  photo မှာ အလျားလိုက်ရော ဒေါင်လိုက်ပါ အညီအမျှ သုံးပိုင်းပိုင်းခြင်းအားဖြင့် မျဉ်းကြောင်း ၄ ကြောင်းနဲ့ ဆုံမှတ် ၄ ခု ရရှိနိုင်ပါတယ်။ ကိုယ် အဓိကရိုက်ကူးချင်တဲ့ subject ကို မျဉ်းကြောင်းဆုံမှတ် (Intersection points) တွေမှာထားပြီး၊ သို့မဟုတ် အဲဒီ Intersection line လေးတွေတလျောက်ထားပြီး ဖမ်းယူ နိုင်ပါတယ်။ ပုံကိုပိုပြီးတော့ dynamic, balance, organized  ဖြစ်စေပါတယ်။ အဓိကအနေနဲ့ကတော့ ပိုပြီး အသက်ဝင် လှုပ်ခတ်စေတဲ့ သဘောပေါ့။

အထက်ကပုံ - (၂) မှာ ဆိုရင် focal point ထားချင်တဲ့ပန်းချီကားလေးကို intersection point နဲ့ line တလျှောက်ပါ ယူထားတာတွေ့နိုင်ပါတယ်။



ပုံ -(၃) မှာဆိုရင် ပျားလေးရဲ့မျက်လုံးကို intersection point ထားပြီးဖမ်းထားခြင်းအားဖြင့်ပိုပြီးသဘာဝကိုပေါ်လွင်စေတာတွေ့ရမှာပါ။

ပုံ - (၄)မှာတော့ အမျိုးသမီးကို intersection line တလျှောက်ထားပြီး ပုံရဲ့အနံအတိုင်း အလယ်နီးပါးယူပြီး ရိုက်ထားတာ တွေ့ရမှာပါ။ ဒီလောက်ဆိုရင် စာဖတ်သူအနေနဲ့ စမ်းသပ်ပြီး အတွေ့အကြုံယူမယ်ဆိုရင် ဒီထက်ပိုပြီး အမျာကြီး အသုံးချနိုင်မှာပါ။



 ဒီပုံ - (၅)မှာ ဆိုရင်မိုးကုတ်စက်ဝိုင်း horizontal မျဉ်းကို horizontal intersection line တလျှောက် ချထားတာ သတိထားမိမယ်ထင်ပါတယ်။ မမြင်ဘူးဆိုရင် Intersection line ကို ကိုယ်တိုင်ဆွဲပြီး စမ်းသပ်ကြည့်ပါ။ အခုပြထားတဲ့ ပုံ - (၆) ကိုလည်း ကြည့်ပါဦး။ ကြည့်ပြီး ပြုံးမိပါလိမ့်မယ်။ တော်တော့်ကို Relax ဖြစ်နေတဲ့ အကောင်ပေါ့။

တခုတော့ပြောချင်ပါတယ်။ ပုံတိုင်းကိုပဲ ဒီ နည်းလမ်းသုံးမျိုးကို သုံးမှ ကောင်းမယ်လို့တော့မဆိုလိုပါ။ အခြေခံအနေနဲ့ စပြီး ချဉ်းကပ်ဖို့အတွက် အထောက်ကူပြုတာလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ subject ကို ပုံရဲ့ centre မှာထားပြီး ယူတာမျိုးလည်း ရှိပါတယ်။ အများအားဖြင့်  object တခုကိုပဲ အဓိကထား ပေါ်လွင်စေချင်တဲ့နေရာမှာ အများကြီး အသုံးဝင်ပါတယ်။ static လို့ ပြောရင်လည်း ရပါတယ်။   


ဧရာဝတီ

ဟေလာမောင်တို့ မျှစ်

Tuesday, May 19, 2015 1 comments





`ဟေ့ စိန်လား´ ` ဟေ့ မြလား´
`ဟေ့ မြလား´ `ဟေ့ စိန်လား´
`ဟေလာမောင်တို့ မျှစ်´
`ဟေ့ကောင်.. ဟေလာမောင်တို့ ၀ါး ပါကွ။ မင်းမှားနေပြီ´
`မင်း ဘာသိလို့လဲ၊ ၀ါးနဲ့ မျှစ် အတူတူပေါ့ ကွ´
`မတူ ဘူးကွ´
`တူတယ်ကွ´
`မတူ ရေးချာ့ မတူဘူးကွ´
`တူ ရေ့လုံးကြီးတင် ဆံခတ် တူတယ်ကွ´
`ကဲ.. ဒါဆို.. မင်း ၀ါးနဲ့ ပတ်သက်ပြီး ဘယ်လောက်များ သိလို့လဲ´
`မင်းကရော မျှစ်နဲ့ ပတ်သက်လို့ ဘယ်လောက်များ သိလို့လဲ´
`သိတာ ပေါ့ကွ၊ မင်းထက် ၀ါး ဆယ်ပြန်လောက် သိတယ်။ ပြိုင်မလား´
`အေး .. ပြိုင်မယ်၊ ငါက စိန်ခေါ်ရင် အိမ်ခေါင် အမိုးပေါ်ထိ လိုက်မယ်ကွ..´

ကျနော်တို့ မန္တလေး အငြိမ့်တခုက လူရွှင်တော် နှစ်ယောက် ပြက်လုံးထုတ်နေကြတာပါ။ ပွင့်လင်းရာသီ ရောက်တိုင်း မန္တလေးမြို့ရဲ့ ရပ်ကွက်တိုင်း လမ်းတိုင်းလိုလိုမှာ အရင်တုန်းကဆို အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေနဲ့ စည်းကားလှပါတယ်။ ည အိပ်မပျော်လို့ စက်ဘီးတစီးနဲ့ ဟိုဟိုဒီဒီ လျှောက်စီးတိုင်း တလမ်းမဟုတ် တလမ်း၊ တရပ်ကွက် မဟုတ် တရပ်ကွက်မှာ ဒီလို အငြိမ့်ပွဲတွေ တွေ့တွေ့နေကျပေါ့။ အခုတော့ အတော်နည်းပါးသွားပါပြီ။

လူရွှင်တော် နှစ်ယောက်ဟာ ၀ါးနဲ့ မျှစ် အကြောင်း ညစ်တီးပတ် အောက်လုံးတွေ မပါဘဲ အပြိုင်အဆိုင်၊ အတိုင်အဖောက် ညီညီ ပြက်လုံးထုတ် နေကြပုံများ ဗဟုသုတလည်းရ၊ ကိုယ်သိတာထက် ကိုယ်ထင်မှတ်မထားတာနဲ့  အချီအချ ပြောဆို ပြက်လုံးထုတ်နေကြတာကို ပရိသတ်က တ၀ါးဝါး တဟားဟား နဲ့ပေါ့။

သူတို့ ပြက်လုံးထဲမှာ ၀ါးကနေ ဖြစ်တဲ့ မျှစ်ကြော်လည်း ပါတယ်၊ ပုလွေလည်း ပါတယ်၊ ရေတံလျှောက်လည်း ပါတယ်၊ ၀ါးကုလားထိုင်လည်း ပါတယ်၊ မျှစ်ချဉ်လည်း ပါတယ်၊ ၀ါးပတ္တလားလည်း ပါတယ်၊ မျှစ်စပ်လည်း ပါတယ်၊ ၀ါးကျည်တောက်လည်း ပါတယ်၊ စာရွက်လည်း ပါတယ်၊ မျှစ်ပြုတ်လည်းပါတယ်၊ ၀ါးခမောက်လည်း ပါတယ်၊ ဖျာလည်း ပါတယ်။ ၀ါးနဲ့ မျှစ်နဲ့ ဆက်စပ်နေတဲ့ အရာတွေ အများကြီးပါဝင်ပါတယ်။ ဗဟုသုတလည်းရ ပျော်လည်းပျော်ပေါ့။

ဒီလို စုံတကာစေ့နေတဲ့ ပြက်လုံးတွေကို သတိရမိတိုင်း ၀ါးနဲ့မျှစ် အကြောင်း ရှုထောင့်တခုက ထပ်စဉ်းစားမိပါတယ်။ တကယ်တော့ မျှစ်လို့ အမည်ပေးထားတဲ့ ၀ါးနုနုလေးလေးတွေကို ကျနော်တို့ နှစ်နှစ်သက်သက် စားသောက်ကြပေမယ့် မျှစ်ထဲမှာ အဟာရ တန်ဖိုး အများကြီး မပါပါဘူး။ မျှစ်စားမိလို့ ဆံပင်ကျွတ်တာတွေ၊ လေပူထတာတွေ ခံစားရတတ်ပါတယ်။

မျှစ်ကိုပါးပါးလေး စိတ်ဖြာ၊ အခြောက်လှန်းပြီး တာရှည်ခံအောင် ထားတတ်ကြတယ်။ ကြော်ခါနီးမှ ရေစိမ်ပြီး ပဲပြုတ်နဲ့ ကြော်တဲ့ မျှစ်ကြော်ကို လူတိုင်း စားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နှစ်သက်စွာ စားသောက်တဲ့ မျှစ်ဟင်း မျှစ်ချက် မျှစ်ကြော်တွေထဲမှာ ကျန်းမာရေးအတွက် အာဟာရတန်ဖိုးအနေနဲ့ အလွန်နည်းပါးစွာ ပါဝင်တယ်ဆိုတာ သိမြင်သူနည်းမယ် ထင်ပါတယ်။

မျှစ်ရဲ့ အာဟာရတန်ဖိုးကို မြန်မာ့ အစားအစာနှင့် အာဟာရတန်ဖိုးများဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတဲ့ အောက်ပါအတိုင်း ဇယားလေးနဲ့ ပြလိုက်ရင် ပိုပြီးမြင်သာမှာပါ။ သတိပြုရမှာက ၁၀၀ ဂရမ် (၆ ကျပ်သား) မှာ ပါတဲ့ အာဟာရတန်ဖိုးတွေပါပဲ။


ဒီလို ကျန်းမာရေးအတွက် အဟာရပနည်းငယ်သာပါတဲ့ မျှစ်ကို မစားကြဘဲ တခြား အဟာရ ဖြစ်စေမယ့် အစားအစာတွေကို ကျနော်တို့ ပိုပြီး မစားသုံးသင့်ပေဘူးလား။ ၀ါးမဖြစ်ခင်မှာ မျှစ်ဘ၀နဲ့ပဲ မျိုးတုံးသွားကြရတော့တယ်။ မျှစ်တချောင်းကို မချိုးခဲ့ရင် ၀ါးတပင် ဖြစ်လာမှာပါ။ ၀ါး တပင်ဖြစ်လာရင် ၀ါးတရုံ ဖြစ်လာမှာပါပဲ။ ၀ါးတရုံ ရှိရင် ၀ါးတောကြီး ဖြစ်ဖို့ ဆိုတာ လွယ်လွယ်လေးပါ။      ။


နိုင်စွမ်း



နွေနေအပူနဲ့ ကင်းဝေးရာ လျှို့ဝှက်ဥယျာဉ်ကမ္ဘာ

0 comments



ဓာတ်ပုံ - တင်ထက်ပိုင်/ The Irrawaddy

ရာသီဥတုက တနေ့တခြားပိုပိုပူလာသလိုပါပဲ။ ဒီလို အရမ်းပူတဲ့ကာလမှာအပြင်ထွက်မယ်၊ သွားမယ်စားမယ်ဆိုရင် ဘယ်သူက သွားချင်မှာလဲနော့။ အထူးသဖြင့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လို Weekend တွေမှာဆို အပြင်မှာ အရမ်းပူလွန်းလို့ အပြင်ကို ပိုလို့တောင် မထွက်ချင်ကြသေးတယ်။

အဲဒီတော့ Weekend မှာ လမ်းသလားချင်တဲ့ လူငယ်တွေအတွက် ဘယ်နေရာမှာ Hang Out လုပ်လို့ ကောင်းမလဲ၊ ဘယ်နေရာကို လူငယ်တွေ အသွားများကြလဲဆိုတာ ပြောပြချင်ပါတယ်။ ကျနော် ပြောပြမယ့် နေရာလေးကိုတော့ လူငယ်တော်တော်များများလည်း ရောက်ဖူးပြီးသား၊ သွားဖူးပြီးသား ဖြစ်မှာပါ။



ဒီလိုပူတဲ့ ရာသီဥတုမှာဆိုရင် အဲဒီနေရာလေးက အပူဒဏ်သက်သာပြီး အပူဒဏ်ကို ရှောင်ပြီးသား ဖြစ်သလို လူငယ်တွေ စုစည်းရာ နေရာလေးတခု၊ ကော်ဖီ၊ အအေး၊ ရေခဲမုန့်၊ ကြက်ကြော်၊ ဆူရှီစတဲ့ လူငယ်ကြိုက် အစားအစာတွေကို ရနိုင်တဲ့စားသောက်ဆိုင်တွေ စုစည်းရာနေရာလေးတခု၊ Facebook မှာ လူငယ်တွေ Check-in အတင်ဆုံး နေရာလေးတခုပါ။ အဲဒီနေရာလေးကတော့  Secret Garden လို့ ခေါ်တဲ့ လျှို့ဝှက်ဥယျာဉ်လေးပါပဲ။

Secret Garden ဆိုတဲ့ အဲဒီလျှို့ဝှက်ဥယျာဉ်လေးကတော့ ရန်ကုန်မြို့ ပြည်လမ်းနဲ့ ကျွန်းတောလမ်းကြားမှာရှိတဲ့ Junction Square ရဲ့ Multi Storey Car Parking ၊ ၆ လွှာမှာ တည်ရှိတာပါ။ “အကောင်းဆုံး စားသောက်ဆိုင်များစုစည်းရာ Secret Garden” လို့ အမည်ပေးထားတဲ့ အဲဒီ လျှို့ဝှက်ဥယျာဉ်ကမ္ဘာလေးမှာ စားသောက်ဆိုင် စုစုပေါင်း ၉ ဆိုင်နဲ့ အပန်းဖြေ သီချင်းဆိုလို့ရတဲ့ Karaoke House တခု ရှိပါတယ်။

အဲဒီမှာရှိတဲ့ဆိုင်တွေကတော့ ဆယ်လ်မွန်၊ ဆာရှိမီ၊ ဆူရှီစတဲ့ ဂျပန်အစားအစာအမယ်စုံရနိုင်တဲ့ “Fuji Japanese Restaurant” ၊ ကြက်ကြော်၊ အာလူးချောင်းကြော်၊ ဘာဂါ၊ ကိုလာစတဲ့ Fast Food တွေ အစုံအလင်ရနိုင်တဲ့ “Marrybrown ကြက်ကြော်ဆိုင်”၊ ကိတ်မျိုးစုံရနိုင်တဲ့ “Rotiboy Bake Shoppe” ၊ ဂျပန်ဆူရှီဘူဖေးအဝစားနိုင်တဲ့ “ဆာဘူရှီဘူဖေး”၊ ကိုးရီးယားနိုင်ငံရဲ့ “bbq ကြက်ကြော်ဆိုင်”၊ Latin အစားအစာတွေရောင်းချပေးတဲ့ “Fortuna” ၊ နှင်းရေခဲမုန့် အေးအေးလေးတွေ စားချင်သူတွေအတွက် “Café Magic Snow” ၊ ကိတ်မျိုးစုံနဲ့ ဖာလူဒါ၊ ဒိုမီနိုစတာတွေ သောက်ချင်သူတွေအတွက် “ရွှေပုစွန်”၊ အအေး Milkshake သောက်ချင်သူတွေအတွက် “Chat Time” နဲ့ သီချင်းဆိုရင်း အပန်းဖြေချင်သူတွေအတွက် “Music Box KTV House” တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမှာဘာတွေ ရှိသေးလဲဆိုတော့ Secret Garden ဝင်ဝင်ချင်းမှာ Secret Garden ကိုရောက်တာနဲ့ ဓာတ်ပုံရိုက်ပြီးတင်ကြတဲ့ ဓာတ်ပုံရိုက်ကူးလို့ရတဲ့ နေရာလေးပါ။ နံရံကပ် အစိမ်းရောင် သစ်ပင် ၊ သစ်ရွက်၊ သစ်ခက်ငယ်လေးတွေနဲ့ အလှဆင်ထားတဲ့ အဲဒီနံရံတွေမှာ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ အဲဒီနေရာလေးက တကယ့်ကို လျှို့ဝှက်ဥယျာဉ် တောအုပ်လေးထဲ ရောက်သွားသလို ဓာတ်ပုံတွေ ရိုက်နိုင်အောင် ဖန်တီးပေးထားတာပါ။


အဲဒါနဲ့ မလှမ်းမကမ်းမှာပဲ Secret Garden ကို အလည်လာတဲ့သူတွေ ထိုင်ပြီးနားဖို့ ပန်းအိုးခပ်ကြီးကြီး နှစ်အိုးကို ဝန်းရံထားတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီးအနားယူနိုင်ပါတယ်။ အဲဒီထိုင်ခုံတွေ နားမှာတော့ ကလေးတွေ ဆော့ကစားနိုင်တဲ့ Mini ကစားကွင်းအသေးလေးကိုတွေ့ရမှာဖြစ်ပြီး အဲဒီနေရာရဲ့ ဘေးပတ်ပတ်လည်က နံရံတွေမှာလည်း အစိမ်းရောင် သစ်ပင်၊ သစ်ရွက်၊ သစ်ခက်တွေနဲ့ အလှဆင်ထားတဲ့ နံရံတွေကို တွေ့ရမှာပါ။

အဲဒီနံရံတွေမှာလည်းပဲ Secret Garden ကို လာလည်သူတွေ အစုလိုက် Groupfie အလှပုံတွေနဲ့ တဦးချင်း Selfie အလှပုံရိုက်တာတွေ ပြုလုပ်နိုင်ပါတယ်။

အဲဒီနေရာတွေမှာ ဓာတ်ပုံရိုက်ကူးပြီးသွားပြီဆိုရင်တော့ Secret Garden ရဲ့ အလယ် ကြမ်းပြင်ကျယ်မှာရေးဆွဲထားတဲ့ Secret Garden 3D art နဲ့လည်းအမှတ်တရ ပျော်စရာကောင်းတဲ့ အလှဓာတ်ပုံလေးတွေ ရိုက်ကူးနိုင်ပါသေးတယ်။ စမ်းချောင်းငယ်လေးကို ဖြတ်ကူးထားတဲ့ တံတားလေး၊ စမ်းချောင်းငယ်လေးဘေးက ကျောက်တုံးကျောက်ခဲလေးတွေ၊ စမ်းချောင်းအတွင်းမှာ ကူးခတ်နေတဲ့ ရောင်စုံငါးလေးတွေ စတာတွေကိုပုံဖော်ရေးဆွဲထားတဲ့ ကြမ်းပြင်ပေါ်က 3D ပုံ အကြီးစားနဲ့ ဓာတ်ပုံတွေကို ခပ်လန်းလန်းအမိုက်စား ရိုက်ကူးနိုင်ပါတယ်။

အဲဒီ 3D ပုံနဲ့ မလှမ်းမကမ်းမှာပဲ Café Magic Snow ရဲ့ ဆိုင်နံရံမှာ ရေးဆွဲပုံဖော်ထားတဲ့ နှင်းရုပ်လူသား Snow Man ကြီးနဲ့ နှင်းရေခဲတိုက်တို့နဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါသေးတယ်။ ဓာတ်ပုံတွေ တဝကြီးရိုက်ပြီးသွားလို့ မောသွားပြီဆိုရင်တော့ အမောပြေအောင် လျှာပေါ်မှာ အေးအေးမြမြလေး ဖြစ်သွားစေမယ့် နှင်းရေခဲမုန့်ပဲစားမလား၊ အေးအေးလူလူဖာလူဒါပဲသောက်မလား၊အဝစားဆူရှီပဲသွားစားမလားမိမိကြိုက်နှစ်သက်ရာကိုရွေးချယ်ပြုလုပ်နိုင်ပါတယ်။

အဲဒီလိုမှ မဟုတ်ရင်လည်းသီချင်းဝါသနာအိုးအဆိုရှင်တွေ အနေနဲ့ Music Box KTV House မှာသူငယ်ချင်းတွေနဲ့ အပန်းဖြေ သီချင်းသွားဟဲနိုင်ပါတယ်။

ကဲ- အပြင်ဘက် နွေနေအပူကိုလည်း ရှောင်ချင်တယ်၊ သူငယ်ချင်းတွေနဲ့လည်း ပိတ်ရက်မှာ ပျော်ပျော်ပါးပါး Hang Out လုပ်ပြီး Facebook မှာ Check-in တင်မယ်၊ ဓာတ်ပုံအမိုက်စားအလန်းစားတွေရိုက်ပြီး တင်ချင်တယ်ဆိုရင်တော့ Junction Square, Multi Storey Car Parking အပေါ်ထပ်၊ ၆ လွှာမှာတည်ရှိတဲ့ လျှို့ဝှက်ဥယျာဉ် Secret Garden ကို အလည်တခေါက် အရောက်သွားဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။


သီဟတိုး


သယံဇာတထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ

Friday, May 15, 2015 0 comments





မြန်မာပြည်မှာ သဘာဝသယံဇာတတွေ ထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ။
နိုင်ငံအတွက်လား၊ အများပြည်သူအတွက်လား၊ လူတချို့အတွက်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ မြန်မာကာတွန်းဆရာတွေကလည်း ကာတွန်းတွေဆွဲ မေးခွန်း ထုတ်ထားတာကို ဒီကနေ့ သောကြာနေ့က စတင်ပြီး ရန်ကုန်မှာ ပြသပါမယ်။

For Who? လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာမယ့် ဒီကာတွန်းပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း အလယ်ဘလောက်၊ အမှတ် ၁၃၄ မှာ ရှိတဲ့ River Ayeyarwaddy ပြခန်းမှာ ပြုလုပ်မှာပါ။

ဒီပြပွဲမှာ ထိပ်တန်း ကာတွန်းဆရာ လူကြီး လူငယ် အယောက် ၂၀ ရဲ့ လက်ရာများ ပါဝင်မယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ရွှေမင်းသား၊ မောင်မောင်အောင်
အော်ပီကျယ်၊ ၀င်းအောင်

ဇော်မောင်၊ ဘဌေးကြည်
စောမင်းဝေ၊ ဧကစာချို


အောင်ဌေးမင်း၊ မိုးထက်မိုး
ဖေသစ်တည်၊ ကျော်သူရိန်

အာကာ၊ နိုင်လင်း
တော်တီဆွေ၊ ATH

မောင်မောင်ဖောင်တိန်၊ ဘီရုမာ
ဆလိုင်းစွမ်ပိ၊ လိုင်လုဏ်



ဆရာ အော်ပီကျယ်က ပြပွဲတင် ကာတွန်း ၃ ကွက်ထဲက ၁ ကွက်ကို သူ့ရဲ့ facebook fan page မှာ ဖော်ပြထားပါတယ်။ 

ဒီနိုင်ငံမှာ ရင်းနီးမြှုပ်​နှံမယ့် ပြည်ပ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ ဒီနိုင်​ငံရဲ့ လက်​ရှိ သဘာဝသယံဇာတအ​ခြေအ​နေ သိသွားစေဖို့ ဒီပြပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ကာတွန်းဆရာတို့ရဲ့ သဘာဝသယံဇာတ​ပေါ်ထားရှိမှု အနုပညာကာတွန်းပြပွဲ​လေးကို ကာတွန်းပရိသတ်များသာမက သဘာဝပတ်ဝန်းကျင်ချစ်သူများ စိတ်ဝင်စားကြပါလိမ့်မယ်။

ပြခန်း တည်နေရာက အချက်အချာကျတဲ့အတွက် လမ်းကြုံလို့ ၀င်ကြည့်လိုသူတို့အတွက် အဆင်ပြေသလို အဝေးကနေလာမယ့်သူတို့အတွက် အဆင်ပြေဖွယ် ရှိပါတယ်။


စည်သူလင်း

နွေပူပူမှာ အေးရာအေးကြောင်း

Wednesday, May 13, 2015 0 comments





ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုကလည်း တနေ့ထက်တနေ့၊ တနှစ်ထက်တနှစ် ပိုမိုပြင်းထန်လာပါတယ်။ အခုလို ပူပြင်းရှည်လျားတဲ့ နွေရာသီကာလမျိုးဟာဆိုရင် ရာသီဥတုတွေထဲမှာ အပူဆုံးအချိန်ကာလဖြစ်ပြီး မနှစ်ကနွေထက်တောင် ပိုပူတယ်လို့ ဆိုရမလားပဲ။ ဒီလို ပူပြင်းတဲ့နွေရာသီမှာ အပန်းလည်းပြေ လန်းဆန်းစေတဲ့ အားကစားနည်းတခုကို လမ်းညွှန်ပေးချင်ပါတယ်။

ရာသီဥတု ဒီလောက်ပူတာ၊ နည်းနည်းလေး လှုပ်တာနဲ့တောင် ချွေးပြိုက်ပြိုက်ကျနေချိန်မှာ အားကစားလုပ်ဖို့ လမ်းညွှန်ရလားဆိုပြီး မတွေးလိုက်ပါနဲ့ဦး။ အခု ညွှန်ပေးမယ့် အားကစားနည်းက ချွေးလည်းမထွက်၊ အပူလည်း သက်သာပြီး လူလည်း လန်းဆန်းစေတဲ့ ရေကူးအားကစားနည်းပါ။



 ရေကူးခြင်းက အားကစားတွေထဲမှာ ကျန်းမာရေးကို အများကြီး အထောက်အကူပြုတဲ့ အားကစားနည်း တခုပါ။ ရေကူးရတာဟာ ပျော်စရာလည်းကောင်းပြီး အသက်အရွယ် မရွေး၊ ကျားမ မရွေး၊ ပိန်ပိန်ဝဝ လူတိုင်း ပြုလုပ်လို့ရတဲ့ သက်တောင့်သက်သာရှိတဲ့ အားကစားနည်းတခုဖြစ်ပါတယ်။

ဝတဲ့သူတွေ ရေကူးရင် ဝိတ်ကျစေသလို ပိန်တဲ့သူတွေ ရေကူးမယ်ဆိုရင်လည်း ခန္ဓာကိုယ် တောင်တင်းကြံ့ခိုင်မှု၊ ကြွက်သားသန်မာမှုတွေကို အထောက်အကူပြုစေပါတယ်။ ဒါတင်ဘယ်ကဦးမလဲ၊ အမောဒဏ်ကို ခံနိုင်ပြီး သက်လုံလည်းကောင်းစေတဲ့ အားကစားနည်းဖြစ်တဲ့ ရေကူခြင်းက အရေးကြုံလာရင် အသက်ကယ်ပေးတဲ့ ကိုယ်လုံပညာတခုလိုလည်း ဖြစ်နေဦးမှာပါ။



ရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ဟုတ်ပါပြီ၊ ရေကူးဖို့အတွက် ဘယ်မှာကူးမလဲဆိုရင် ရန်ကုန်မြို့မှာ သွားလာရ လွယ်ကူမယ့် ရေကူးကန်တချို့ကို လမ်းညွှန်ပေးချင်ပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ အိုလံပစ်ဟိုတယ်ဝင်းထဲက ရေကူးကန်၊ ဗဟိုစည်အိမ်ယာထဲက ရေကူးကန်၊ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီးက တက္ကသိုလ်များရေကူးကန်၊ အင်းလျားကန်အနီး စိမ်းလန်းစိုပြည် ပန်းခြံဝင်းထဲက ရေကူးကန်နဲ့ ကန်တော်ကြီး Western Park ပန်းခြံဝင်းထဲက ရေကူးကန်တို့က သွားလာရလွယ်ကူပြီး ဈေးလည်းသင့်တင့်ပါတယ်။



ရေကူးခနှုန်းထားတွေက တဦးကို ကျပ် ၁၅၀၀ ကနေ ကျပ် ၃၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ ဒီကန်တွေက လူသိများတဲ့ Public ရေကူးကန်တွေပါ။ အခုနောက်ပိုင်းမှာဆိုရင် Gym ဆော့တဲ့ အားကစားခန်းမတွေမှာပါ ရေကူးကန်တွဲလျက် ဝန်ဆောင်မှုတွေ ပါရှိလာတာကြောင့် Gym ဆော့ရင်း ရေကူးမယ်ဆိုလည်း အဆင်ပြေပါတယ်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မလိခ အိမ်ရာဝင်းထဲက FX Fitness Xpress နဲ့ Junction မော်တင် အပေါ်ထပ် ၈ လွှာ မှာရှိတဲ့ FX Fitness Xpress အားကစားခန်းမ၊ ကန်တော်ကြီးပတ်လမ်း၊ နတ်မောက်လမ်းပေါ်က Chatrium ဟိုတယ် အစရှိတဲ့ နေရာတွေမှာလည်း ရေသွားကူးနိုင်ပါတယ်။ အဲဒီနေရာတွေမှာတော့ ရေကူးခနှုန်းထားတွေက တဦးကို ကျပ် ၅၀၀၀ ကနေ ၁၅၀၀၀ ဝန်းကျင်လောက်ထိ ရှိတယ်လို့ သိရပါတယ်။

ရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ရေဘယ်မှာကူးနိုင်သလဲ ဆိုတာတွေ တင်ပြပြီးဖြစ်လို့ ရေပုံမှန်ကူးနေကြသူတွေလည်း ကူးမြဲတိုင်းကူးပြီး  ရေမကူးတတ်သေးလို့ အခုမှ စကူးမယ့်သူများလည်း ရေကူးသင်တန်းစုံစမ်းရင်း ပူပြင်းတဲ့ နွေရာသီမှာ ရေသွားကူးရင်း အပန်းဖြေကြပါလို့ တိုက်တွန်းရေးသားလိုက်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းတွေ များနေတဲ့ ဒီကာလမှာ ရေကူးမယ်ဆိုရင် နေရောင်ကာခရင်မ်လေးတွေ လိမ်းဖို့တော့ မမေ့ကြပါနဲ့ဦး။

ပုံမှာပြထားတဲ့ ရေကူးကန်ပုံတွေကိုတော့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မလိခ အိမ်ရာဝင်းထဲက FX Fitness Xpress နဲ့ Junction မော်တင် အပေါ်ထပ် ၈ လွှာမှာရှိတဲ့ FX Fitness Xpress အားကစား ခန်းမတို့ကနေ ရယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး


စိုင်းစိုင်းနဲ့ ဒိတ်ဒိတ်ကြဲတို့ရဲ့ အမေရိကန်ခရီးစဉ်

Tuesday, May 5, 2015 0 comments

 .

စိုင်းစိုင်းခမ်းလှိုင် နဲ့ အထင်ကရ လူငယ်အဆိုတော်တချို့က အမေရိကန်ပြည်ထောင်စုကို ဒီရက်ပိုင်း သွားကြပြီလို့ ယူဆရပါတယ်။




သူငယ်ချင်းတို့ မင်္ဂလာဆောင်ကြဦးမလား

Thursday, April 23, 2015 0 comments



photo- thecoconutexpress.net

အခုချိန်မှာ နှစ်သစ်ကူးအခါသမယလည်းကျော်လွန်လာခဲ့ပါပြီ။ မကြာခင်ဆိုရင်တော့ ၀ါဝင်တော့မှာပါ။ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးလို့ ၀ါမ၀င်ခင် ကာလ အတောအတွင်းလေးမှာ အသည်းအသန် အမီ မင်္ဂလာဆောင်ကြမယ့် စုံတွဲတွေအတွက် ရယ်စရာဟာသလေး တပုဒ်ကို ဧရာဝတီဘလော့ဂ်က ဖော်ပြပေးချင်တာပါ။

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ ။

ကျားဆိုတာ တောဘုရင် (တောမျက်နှာဖုံး) ဆိုတော့ တောနေ လှေအောင်း မြင်းဇောင်းမကျန်ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာ ဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့။ အဲ ... မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံး အချိန်ရောက်တော့ ပရိသတ်တွေ လည်း စုံစုံလင်လင် ရောက်နေတာပေါ့။
အဲသလောက် ပရိသတ်များများ မမြင်ဖူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ ..

" ကိုနွား"

"ဘာလဲကွ"

"ဒီလောက်စည်ကားတဲ့ မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ" လို့ပြောတော့ ကိုနွားက "ပျော်စရာကြီးကွနော့" လို့ပြုံးပြုံးကြီးပြောသတဲ့။
ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော။ ဒီမှာတင် ခုနကနွားထီးကြီးက ထ ကတော့တာကိုး။ ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့။

"ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ" ဆိုတော့၊  ကိုနွားက "ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ" လို့ သူကပြောသတဲ့။
ဒီတော့ မျောက်ကမေးတာပေါ့ .. .." ကိုနွားကလဲ ကြံကြီးစည်ရာဗျာ၊ ခင်ဗျားကနွား ဟိုကကျား လားလားမှမဆိုင်တာပဲ" လို့ ပြောတော့
ကိုနွားက " ညီလေးမျောက်  လောကမှာ မင်းမသိတာတွေ အများကြီးရှိတယ်ကွ။ တကယ်တော့ ညီလေးရေ ခု မင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ" လို့ပြောသတဲ့။

ဒီမှာတင် မျောက်က " ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်းဟုတ်လား .. ဟား..ဟား..ဟား မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့" လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့။

ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့ ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့။

"ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ"

*(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ)

မိတ်ဆွေတို့ မင်္ဂလာဆောင်ကြဦးမလား မင်္ဂလာ



 

ပျော်ရွှင်ကြပါစေ။
နိုင်စွမ်း

ချစ်စရာ သင်္ကြန်အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ထိုင်းသင်္ကြန်ကို ဆင်နွှဲကြမယ်

Saturday, April 11, 2015 0 comments






photo - bangkokpost.com

 အခုနှစ် သင်္ကြန်အတွက် ရေကစားရာမှာ အသုံးပြုနိုင်တဲ့ ရေသေနတ်လေးတွေနဲ့ အသုံးအဆောင်လေးတွေကို ဘန်ကောက်ဆန်းပန်းဈေး၊ ချင်းမိုင် န၀ရတ်ဈေးကွက်မှတဆင့် မိတ်ဆက်ပေးလိုက်ပါတယ်။

 ရေသေနတ်လေးများ

၂၀၁၅ သင်္ကြန်အတွက် ဒီဇိုင်းမျိုးစုံ ရေပက်ကစားနိုင်တဲ့ ရေသေနတ်များ ထွက်ရှိပါတယ်။ အဲဒီထဲကမှ ကျောပိုးအိတ်ပါတဲ့ ရေသေနတ်လေးတွေကတော့ ချစ်စရာ အကောင်းဆုံးဖြစ်နေပါတယ်။ ဈေးနှုန်းကတော့ အရွယ်အစား ပုံစံနဲ့အလိုက် ထိုင်းဘတ် ၅၀ ကနေ ၄၀၀ အထိ ကျသင့်ပါတယ်။



ထိုင်းဈေးကွက်မှ ဈေးရောင်းသူတွေရဲ့ ပြောကြားချက်အရ ဒီနှစ်အတွက် အရောင်းရဆုံး ဒီဇိုင်းကတော့ ဟလိုကစ်တီ(Hello Kitty) နဲ့  ဂျပန်ကာတွန်းဇာတ်ရုပ် ရီလတ်ကူမာ (Rilakkuma)  လို့ သိရပါတယ်။

လူငယ်ယောကျာင်္းလေးတွေအတွက် မန်ချစတာယူနိုက်တက် ၊ ဘာစီလိုနာ စတဲ့ ဘောလုံးအသင်း တံဆိပ်ပုံစံတွေပါတဲ့ ရေသေနတ်တွေကိုလဲ ဈေးကွက်မှာ ၀ယ်ယူနိုင်ပါတယ်။ ကလေးအရွယ် ယောကျာင်္းလေးတွေ အကြိုက်ဆုံးကတော့ ဘန်တန်း(Ben Ten)ပုံ ရေသေနတ်လေးတွေပဲ ဖြစ်ပါတယ်။


 အသုံးအဆောင်လေးများ
သင်္ကြန်လည်ပတ်သူတွေအတွက် ရေစိုခံအိတ်လေးတွေကိုလဲ ထိုင်းဘတ် ၂၀ နဲ့  ၀ယ်ယူနိုင်ပါတယ်။  အဲဒီအိတ်လေးတွေကတော့ တယ်လီဖုန်း ထည့်နိုင်တဲ့ ဒီဇိုင်းလှလှပုံလေးတွေ ဖြစ်ပါတယ်။

မျက်ကပ်မှန်တပ်ဆင်တဲ့သူတွေ အဆင်ပြေလွယ်ကူစွာ ရေကစားနိုင်တဲ့ အရောင်လှလှ ဒီဇိုင်းဆန်းဆန်း ကော်ကိုင်းမျက်မှန်လေးတွေကို ထိုင်းဘတ် ၁၀၀ခန့်နဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။

ဒီဇိုင်းလှလှ၊ ရေစိုခံ၊ လွယ်လင့်တကူစီးနိုင်တဲ့ မိန်းမ၀တ် ဖိနပ်လေးတွေကိုတော့ ထိုင်းဘတ် ၁၅၉၀ ကနေ ၁၆၉၀ ကြား ကုန်တိုက်ကြီးတွေမှာပဲ ၀ယ်ယူရနိုင်ပါတယ်။



နေနေ


ကိုးကားသတင်း။  ။ http://www.bangkokpost.com/lifestyle/social-and-lifestyle/524455/make-a-splash



KFC နဲ့ သင်္ကြန်ရေပက်ခံထွက်ကြမယ်

0 comments



Kentucky Fried Chicken(KFC) ဟာ ကမ္ဘာမှာ နာမည်ကျော်ကြားတဲ့ အသင့်စား အစားအသောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးသော ဆိုင်ခွဲကို နောက်လာမည့် လအနည်းငယ်အတွင်း ရန်ကုန်မှာ ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါသည်။

ကမ္ဘာကျော် အသင့်စား အစားအသောက်တခုဖြစ်တဲ့ Kentucky Fried Chicken(KFC) က သင်္ကြန်ပွဲတော်အတွက် ထူးခြားတဲ့ အစီအစဉ်တခုကို ပြုလုပ်ပေးတော့ပါမယ်။ အဲ့ဒါကတော့ KFC Thingyan Tour အစီအစဉ်ပါ။

အစီအစဉ်ကတော့ ဧပြီလ ၁၃ရက်နေ့မှ ဧပြီလ ၁၆ရက်နေ့အထိကို KFC မှ ထရပ်ကားများကို စီစဉ်ပေးထားပြီး ရန်ကုန်မြို့ရဲ့အထင်ကရ လမ်းများဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းတို့မှာ ရေပက်ခံထွက်ပေးမှာပါတဲ့။

ဒ့ါထက် ထရပ်ကားတစ်စီးစီမှာ လူ(၆) ယောက်လိုက်ပါနိုင်တာကြောင့် မိသားစုတွေ နဲ့ပဲဖြစ်ဖြစ် သူငယ်ချင်း တွေနဲ့ပဲ ဖြစ်ဖြစ်ရေပက်ခံထွက်နိုင်ပါတယ်တဲ့။ ဒါ့အပြင်ထရပ်ကားတစ်စီးစီမှာ လုံခြုံရေးအရာရှိ (၂)ဦးနဲ့ ဆေးသေတ္တာငယ် ၁ ဗူး ပါဝင်မှာဖြစ်တာကြောင့်လုံခြုံရေးအတွက် စိတ်ချယုံကြည်နိုင်ပါတယ်တဲ့။

ပထမဦးဆုံး ခရီးစဉ်ကိုတော့ တနလာင်္နေ့၊ ဧပြီလ ၁၃ရက်နေ့ ညနေမှာ စတင်မှာဖြစ်ပါတယ်။ နောက် အင်္ဂါနေ့၊ ဧပြီလ ၁၄ရက်နေ့မှ ကြာသပတေးနေ့ ဧပြီလ ၁၆ရက်နေ့ အထိ၊ တစ်နေ့ကို ရေပက်ခံ နှစ်ကြိမ်ထွက်နိုင်ဖို့ စီစဉ်ပေးထားတာမှာပါ။

ဒီအစီအစဉ်မှာ ပါဝင်လိုတဲ့ လူတိုင်းအတွက် အခမဲ့ခုံနေရာတွေကို သက်ဆိုင်ရာ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်တဲ့ (www.kfc-myanmarevents.com) မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်တဲ့။

 ပွဲမတိုင်မီနဲ့ ပွဲအတွင်းမှာတော့ KFC Facebook ပေ့ခ်ျက တဆင့် သတင်းအချက်အလက်တွေနဲ့ ဓါတ်ပုံတွေကိုတင်ပေးသွားမှာဖြစ်တာကြောင့် KFC Thingyan Tour အစီအစဉ်ပါဝင်လိုသူတွေအတွက် သတင်းကောင်းတခုလို့ ဆိုလိုက်ပါရစေ။

Kentucky Fried Chicken(KFC) က မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဆိုင်ခွဲကို နောက်လာမည့် လအနည်းငယ် အတွင်း ရန်ကုန်မှာ ဖွင့်လှစ်တော့ပါမယ်တဲ့။



ဖားကန့်မြေရဲ့ အဖြစ်အပျက်အမှန်တွေကို ဖော်ပြထားတဲ့ "သွေးစွန်းတဲ့ ကျောက်စိမ်းမြေ"

Friday, April 3, 2015 0 comments



ဖားကန့်ကျောက်စိမ်းမြေအကြောင်း ပြင်သစ်စာရေးဆရာမပါစကယ်မာရက် ရဲ့ သွေးစွန်းတဲ့ကျောက်စိမ်းမြေ ၀တ္ထုကို စာရေးဆရာမ သွေး (စစ်ကိုင်း)က ပြင်သစ်ဘာသာကို တိုက်ရိုက်ပြန်ဆိုထားတာ ထွက်ရှိလာပါပြီ။

စာရေးဆရာမ ပါစကယ်မာရက်ဟာ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ဖားကန့်နယ်မြေမှာရှိတဲ့ ကျောက်မှော်အကြောင်း အသေးစိတ်ရေးဖွဲ့ထားတဲ့ ဒီစာအုပ်ထဲမှာ အလိုလောဘနဲ့ စွန့်လွှတ်ခြင်းများ၊ ချစ်ခြင်းမေတ္တာနဲ့ ကောက်ကျစ်ဗိုလ်ကျခြင်းများ၊ ကတိကို တန်ဖိုးထားသူနဲ့ ကတိဖျက် စီးပွားရှာသူများ၊ မိခင်မေတ္တာ၊ ညီအစ်ကို သံယောဇဉ် စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုတဲ့ စာရေးဆရာမသွေး (စစ်ကိုင်း) က

“မြန်မာနိုင်ငံက စာရေးဆရာတယောက် ရေးသလားမှတ်ထင်ရအောင် မြန်မာမှုကို ပိုင်နိုင်သလို ကျောက်စိမ်းတွင်းနဲ့ ဆက်နွယ်နေတဲ့ အဖြစ်အပျက်တွေကို အသေးစိတ် ရေးသားထားလို့ မူရင်းစာရေးဆရာမကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဒါကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် ဘာသာပြန်ဆိုမယ်လို့ ကျမယုံယုံကြည်ကြည် ဆုံးဖြတ်ခဲ့ပါတယ်” လို့ သူ့ရဲ့ အမှာစာမှာ ဖော်ပြပေးထားပါတယ်။

နိုင်ငံတကာဘာသာပြန် ရသစာပေ အားနည်းနည်းပါးနေချိန်မှာ ထွက်ရှိလာတဲ့ သွေးစွန်းတဲ့ ကျောက်စိမ်းမြေ ၀တ္ထုဟာ အရမ်းလည်းမရှည်၊ အရမ်းလည်းမတိုဘဲ အချိန်နည်းနည်းယူ ဖတ်ရှုလိုက်တာနဲ့ ရသမျိုးစုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို မြန်မာ့ခေတ် စာအုပ်တိုက်၊ အမှတ် ၁၇၊ ဦးဝိဇ္ဇာလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်က ထုတ်ဝေတာ ဖြစ်ပြီး၊ဖုန်း ၀၉ ၄၂၂၄ ၉၃၀ ၉၀၊ ၀၉ ၄၂၂၅ ၄၀၅၉၆ သို့ ဆက်သွယ်မှာကြားနိုင်ပါတယ်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved