Showing posts with label Car. Show all posts
Showing posts with label Car. Show all posts

ဥရောပအသေးစားမော်ဒယ်တွေဖြစ်တဲ့ MINI Cooperနဲ့ Renault Twingo …

Monday, December 28, 2015 0 comments

ဈေးကွက်အနေအထားမှာ ကိုယ်ထည်ပိုင်းအသေးစား မော်ဒယ်လေးတွေကိုပဲ လူကြိုက်များကြတာ မျက်မြင်တွေ့နိုင်နေတာပါနော်။ အင်ဂျင်စနစ် အသေးစားကိုပဲ တပ်ဆင်ထားတာတွေရယ် ပြီးတော့ ဆီစားနည်းတာတွေ၊ ဈေးနှုန်းချိုသာတာတွေကြောင့် လူကြိုက်များတာပါ။ ဒါကြောင့် အသေးစား မော်ဒယ်တွေကို စိတ်ဝင်စားမယ့် ပရိတ်သတ်တွေအတွက် လက်ရှိ ဥရောပဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်နှစ်ခုနဲ့   မိတ်ဆက်ပေးချင်ပါတယ်။ ပထမတခုကတော့ MINI Cooper ဖြစ်ပြီး သူကစွမ်းဆောင်ရည် ဦးစားပေးမော်   ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်သလို နောက်ထပ်မော်ဒယ် Renault Twingo ကတော့ စရိတ်နည်းမော်   ဒယ်အနေနဲ့ ဖန်တီးထားတာပါ။

Renault Twingo (photo- edmunds.com)


မော်ဒယ်တခုချင်းရဲ့ အလေးပေးဖန်တီးမှု ကွာခြားပေမယ့် ပျမ်းမျှအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အရည်အသွေး ပါ စိတ်ချရတာကြောင့် မော်ဒယ်နှစ်ခုလုံး စိတ်ဝင်စားစရာ ကောင်းနေတာပါ။ ကောင်းပါပြီ၊ ကျနော်တို့ လက်ရှိ ပြည်တွင်းဈေးကွက်မှာရနိုင်နေပြီဖြစ်တဲ့ မော်ဒယ်လေးတွေကို ကျနော်တို့ လေ့လာကြည့်ရအောင်ပါနော်။ Twingo ကတော့ ဈေးကွက်မှာ အတွေ့ရ နည်းနေပါသေးတယ်နော်။

အားသာချက် …

Cooper ရဲ့ လက်ကိုင်ပိုင်း အထူးကောင်းမွန်တဲ့အချက်ကမပြောမဖြစ် ပြောရမယ့် အားသာချက် ဖြစ်ပါတယ်။ အကြောင်းက Cooperဆိုတာမြို့တွင်းလို ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းကြောင်းတွေမှာ အကောင်းဆုံး မောင်းနှင်သွားလာနိုင်အောင် ဖန်တီးထားတာဖြစ်သလို အလျားကအစ ကိုယ်ထည်တခုလုံး ပုံမှန် အငယ်စီး Sedan တွေလောက်ကို သေးငယ်အောင် ဖန်တီးထားတာကြောင့် Cooper တွေရဲ့ အသက်က Steering အပေါ်မှာပါ မူတည်နေတာကြောင့် ရာနှုန်းပြည့် စိတ်ချရပါတယ်။ နောက်ထပ် ပြောချင်တာတခုက Cooperမှာ တပ်ဆင်ထားတဲ့ အင်ဂျင်က အရွယ်သေးငယ်တာကြောင့် ဆီစားနှုန်းလည်း သက်သာကောင်းမွန်မှာဖြစ်သလို ဒီဇိုင်းအပိုင်းမှာလည်း ဆွဲဆောင်မှုအထူးကောင်းမွန်အောင် ဖန်တီးထားတာတွေ ဖြစ်ပါတယ်။
Twingo ရဲ့ အင်ဂျင်စနစ်က အသေးစားကိုပဲ တပ်ဆင်ထားတာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဖက်တွေရဲ့ စွမ်းဆောင်ရည်ကို အမီလိုက်နိုင်တာ တွေ့နိုင်ပါတယ်။ နောက်တချက်က စွမ်းအင်ထုတ်လုပ်မှု အပိုင်းမှာ အားနည်းပေမယ့် Air-Con မသုံးဘူးဆိုရင် ခရီးဝေးမောင်းနှင်နိုင်မှုတွေကိုပါ သုံးနိုင်မှာဖြစ်လို့ အဆင်ပြေစေပါလိမ့်မယ်။ နောက်ဆုံးတချက်ကတော့ လက်ကိုင်ပိုင်း အားကောင်းတာဖြစ်ပြီး Supermini တန်းဝင်မော်ဒယ်အများစုမှာ စွမ်းဆောင်ရည်ပိုင်း မြှင့်လိုက်ပြီဆိုရင် လက်ကိုင်ပိုင်းအားနည်းသွားတတ်ပေမယ့် အခု Twingo မှာတော့ လက်ကိုင်စနစ် ကောင်းပါတယ်၊ ကွေ့တွေကို အရှိန်နဲ့ ဆွဲကွေ့နိုင်သလို ဘရိတ်နဲ့ လက်ကိုင်စနစ် ဟန်ချက်ညီအောင် ဖန်တီးထားနိုင်တာ တွေ့ရတာပဲဖြစ်ပါတယ်။

အားနည်းချက် …

Cooper နဲ့ ပတ်သတ်ပြီး ပထမဆုံးပြောချင်တဲ့ ပြစ်ချက်က Convertible မော်ဒယ်တွေမှာ ရေရှည်စီးနင်းမှုအတွက် ဆေးသားအရောင်အကျမြန်တာပဲ ဖြစ်ပါတယ်။ ဒါက မော်ဒယ်အားလုံးနဲ့တော့ မဆိုင်ပါဘူး။ နောက်   ပြီးအင်ဂျင်သေးပေမယ့် စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တာကြောင့် တချို့က Cooperနဲ့ နယ်ဝေးခရီးသွားလာမှုတွေ လုပ်ဆောင်တတ်ပါတယ်။ အဲဒီလိုအချိန် အမြန်နှုန်းမြင့်မြင့်နဲ့ မောင်းနှင်မှုတွေမှာ အင်ဂျင်က ဆူညံသံပေးတတ်တာဖြစ်ပါတယ်။

Twingo ရဲ့ နောက်ဖက်အင်ဂျင်ထိုင်စနစ်က ပုံမှန်မော်ဒယ်တွေထက် စာရင် နည်းနည်းဆန်းချင်နေတာ ဖြစ် ပြီး လူကြိုက်များမှုအပိုင်းကို စကားပြောလာစေပါတယ်။ ပြီးတော့ အင်ဂျင်က အပူချိန်တက်တာ နည်းနည်း မြန်ချင်သလို နောက်ဖက်အင်ဂျင်စနစ်က နောက်ဖက် ခရီးသည်ထိုင်ခုံအောက်ဖက်နားမှာ ရှိနေတာကြောင့် တုန်ခါမှု၊ ဆူညံမှုနဲ့ အပူချိန် သက်ရောက်မှုကို ခံစားရနိုင်တာဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တဲ့ အားနည်းချက် ကတော့ အင်ဂျင်ရဲ့အသံပိုင်းပဲ ဖြစ်ပြီးတော့ ခရီးဝေးနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေမှာ ဆူညံသံပေးချင်တာပဲ ဖြစ်ပါတယ်။

Mini Cooper

ကိုယ်ထည်ပိုင်း …

ကိုယ်ထည်အပိုင်းမှာတော့ Cooper က Compact ကားတွေထက်တောင်မှ အရွယ်သေးငယ်တာတွေ့နိုင်မှာ ဖြစ်ပြီးတော့ အလျား ၁၂ ပေနဲ့ ၂ လက်မ ကျော်ကျော်၊ မျက်နှာစာအကျယ် ၅ ပေနဲ့ ၆ လက်မ စွန်းစွန်း၊ နောက်ပြီးအမြင့်က ၄ ပေနဲ့ ၇ လက်မသာတယ်ဆိုရုံပဲ ရှိမှာဖြစ်ပါတယ်။ City ကားအဖြစ် အသုံးပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် မြေပြင်နဲ့ ကင်းလွတ်ပမာဏက နည်းမှာ ဖြစ်ပေမယ့် Absorber စနစ် ကောင်းမွန်တာကြောင့် နယ်ဝေးနဲ့ တော်တော်တန်တန် လမ်းကြမ်းတွေကိုတော့ သွားလာနိုင်မှာဖြစ်ပါတယ်။ ကားတစီးလုံးရဲ့ အလေးချိန် ပေါင်၂၅၀၀ ကျော်ရုံပဲ ရှိမှာဖြစ်ပြီး တံခါးငါးပေါက်စနစ်ဖြစ်ကာ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာဖြစ်သလို ကားရဲ့ အလျားတိုတောင်းတာကြောင့် နောက်ဖက် ၀န်တင်ခန်းကတော့ နည်းနည်းကျဉ်းပါလိမ့်မယ်။

Twingo ကတော့ အင်ဂျင်စနစ်ကို နောက်ဖက်မှာ ထိုင်ထားပြီးတော့ Porsche ရဲ့ မော်ဒယ်တွေကို အတုယူ ထားသလားထင်ရစရပါ။ ဒီအတွက် ရလဒ်က မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပုံမှန်ထက် ကောင်းမွန်လာတာ ဖြစ်ပေမယ့် ကားအပေါ် တုန်ခါမှုတွေ၊ အပူချိန်တက်ခြင်းတွေ၊ ဆူညံသံပေးမှုတွေ များသွားတာ ဖြစ်ပါတယ်။ မော်ဒယ်ကပြိုင်ဖက် Cooper နဲ့ လက်မပိုင်း အနည်းငယ်လေးပဲ အရွယ်အစားသေးငယ်ပြီးတော့ ထူးခြားတဲ့ ကိုယ်ထည်ပိုင်းဖန်တီးမှုမျိုး မတွေ့ရပါဘူး။

အင်ဂျင်ပိုင်း …

Cooper မှာတပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကိုကြည့်မယ်ဆိုရင် ၁.၆ လီတာသုံး လေးလုံးထိုး အင်ဂျင် ဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ အင်ဂျင်ရဲ့ ရုန်းအား ၁၁၄ ပေါင်-ပေမှာ ထွက်ရှိလာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၁၂၁ ကောင်အား ဖြစ်တာကြောင့် စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်တာတွေ့နိုင်ပြီး အင်ဂျင်ရဲ့ လည်ပတ်အားက တမိနစ်ကိုအမြင့်ဆုံးအပတ်ရေ ၆၀၀၀ ဖြစ်တာကြောင့် ဒီ အင်ဂျင်၊ ဒီလည်ပတ်အားကတော့ ဆီစားနှုန်း သက်သာပါလိမ့်မယ်။ အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ ချက် ဖြစ်ပြီး Manual စနစ်သုံးဖြစ်ကာ ရှေ့ဘီးယက်စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်။

Twingo မှာတပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၀.၉ လီတာသုံး အသေးစားသုံးလုံးထိုး အင်ဂျင်စနစ်ကိုပဲ ထည့်သွင်းထားတာတွေ့ရပြီး မော်ဒယ်ကို စွမ်းအင်ထုတ်လုပ်မှု ကောင်းဖို့အတွက်က HTT Turbo ကို အကူအနေနဲ့ ထိုင်ထားတာ တွေ့နိုင်ပါတယ်။ အင်ဂျင်က အရွယ်အစားသေးငယ်တာကြောင့် လည်ပတ်အားအပိုင်းမှာ ပိုများတာတွေ့ရပြီး အခြေခံလည်ပတ်အား တမိနစ် အပတ်ရေ ၂၅၀၀ အတွက် ရုန်းအားက ၁၀၀ ပေါင်-ပေပဲ ထွက်ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၈၉ ကောင်အား ရှိပါလိမ့်မယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ လည်ပတ်အား ၃၅၀၀ လောက်မှပဲ ရုန်းအား အပြည့်အ၀ဆုံး အနေအထားကို ရောက်နိုင်မှာလည်း ဖြစ်သလို အမြင့်ဆုံး လည်ပတ်အားတမိနစ်အပတ်ရေ ၅၅၀၀ ဆိုရင်တော့ မော်ဒယ်က တုန်ခါမှုသိသာလောက်အောင် ခံစားလာရပါတယ်။

မောင်းနှင်နိုင်မှု …

Cooper မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၃.၂ ဂါလံ ထိအောင် ဆံ့ဝင်မှာဖြစ်ပြီးတော့ ပျမ်းမျှ ဆီစားနှုန်း တဂါလံကို ၃၄ မိုင်နဲ့ နှိုင်းစာရင် နေရာအခက်အခဲရှိနိုင်တဲ့ Cooper အတွက် အကောင်းဆုံးတပ်ဆင်ထားရှိမှုလို့ ဆိုနိုင်မှာပါ။ ဆီစားနှုန်းကိုကြည့်မယ်ဆိုရင် Cooper က ဆီတဂါလံကို ပျမ်းမျှ မြို့တွင်းလမ်းကြောင်းတွေမှာ မိုင် ၃၀ နဲ့ အဝေးပြေးလမ်းကြောတွေပေါ်မှာ ဆိုရင်တော့ ၃၇ မိုင် လောက်ထိအောင် စီနင်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တခုပြောစရာရှိတာက Cooper ကရှေ့ဘီးယက်စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းနဲ့ ပိုမိုသင့်တော်တာဖြစ်ပြီး Highway စီးနင်းမှုနဲ့ ဆီစားနှုန်း သိပ်မကွာတာ ဖြစ်ပါတယ်။ Navigation System နဲ့ အပူပေးထိုင်ခုံစနစ်တွေ အသုံးပြုနိုင်မှာဖြစ်ပေမယ့် Bluetooth ကိုတော့ သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Navigation System သုံးနိုင်တယ်ဆိုတာကပဲ မော်ဒယ်မြင့် ကားတစီးဆိုတာ သိသာပေါ်လွင်နေစေပါတယ်နော်။

Twingo ရဲ့ အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းကို ကြည့်မယ်ဆိုရင် တနာရီမိုင် ၆၀ နှုန်းအတွက် အချိန် ၈.၇ စက္ကန့်ထိအောင် ကြာမှာဖြစ်ပြီး သုံးလိုးထိုးအင်ဂျင်တပ် မော်ဒယ်တွေထဲမှာတော့ အသင့်အနေအထား လောက်ပါပဲ။ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းက တနာရီ ၁၁၇ မိုင်နှုန်းထိအောင်ဖြစ်ပေမယ့် ကားရဲ့ ကိုယ်ထည် ဒီဇိုင်းနဲ့ အလေးချိန်တွေအရ အဲဒီလောက် မောင်းနှင်ဖို့ မသင့်ပါဘူး။ မော်ဒယ်ကို Auto စနစ်နဲ့လည်း ရနိုင်သလို Manual နဲ့လည်းထုတ်လုပ်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ Manual နဲ့ မော်ဒယ်တွေက ပိုမိုချိုသာတာ တွေ့နိုင်ပြီးတော့ Auto စနစ်နဲ့ဆိုရင် ဂီယာချက် ၄ ချက်ကို သုံးနိုင်မှာဖြစ်ကာ Manual နဲ့ ဆိုရင်တော့ ၅ ချက်ထိအောင် ရပါလိမ့်မယ်။ စိတ်ကြိုက်တွေ့မှု အပိုင်းမှာတော့ တန်ကြေးနည်း မော်ဒယ် ဖြစ်တာကြောင့် Manual စနစ်နဲ့မှာ ပိုကောင်းပြီးတော့ Auto စနစ်နဲ့ကတော့ ဂီယာချက်ပြောင်းလဲမောင်းနှင်ရမှု အပိုင်းမှာ အားနည်းချက်ရှိချင်တာ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းကိုကြည့်မယ်ဆိုရင်တော့ ဆီတဂါလံကို ပျမ်းမျှ ၆၆ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီးတော့ ခရီးတဆက်တည်းမောင်းနှင်နိုင်မှုက ဆီတိုင်ကီအပြည့်နဲ့ဆိုရင် မိုင် ၄၂၀ကျော် ဖြစ်ပြီးတော့ မနားတမ်းမောင်းနှင်မှုအတွက်ကတော့ ပျမ်းမျှ ၇၅ မိုင်လောက်ထိအောင် ကောင်းမွန်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက် …

ကျနော်တို့အတွက်က Cooper ကိုပိုပြီး စိတ်ဝင်စားမယ် ထင်ကြပါတယ်။ အကြောင်းက ဒီဇိုင်းလည်းလှတယ်၊ သေသပ်တယ်၊ ဆွဲဆောင်မှုကောင်းတယ်၊ စွမ်းဆောင်ရည်လည်း မြင့်တယ်လေ။ ဒါပေမယ့် တခုရှိတာက ဆီစားနဲ့ ကနဦး ဈေးနှုန်းအပိုင်းမှာတော့ Twingo ကိုမမီတာ အသေချာပါ။ Twingo ကဈေးနှုန်းချိုလွန်းပါတယ်၊ ဆီစားလည်းနည်းလွန်းပါတယ်။ ဒီတော့ ကျနော်က အကြံတခုလောက် ပေးချင်တာက ၀ယ်လက်အနေနဲ့ ခရီးဝေးတွေ သွားတတ်တယ်ဆိုရင်တော့ Cooper ကိုပဲရွေးချယ်စေချင်ပါတယ်။ မဟုတ်ပဲ မြို့တွင်းသီးသန့် အနေအထားလောက်ပဲ သုံးမယ်ဆိုရင်တော့ Twingo ကပဲ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာပဲ ဖြစ်ပါတယ်။


လင်းထက်(IA)





ဈေးကွက်နေရာရလာတဲ့ McLaren 675 LT

Wednesday, December 16, 2015 0 comments




McLaren အတွက်တော့ P1 လို မော်ဒယ်တခုကို ဖန်တီးနိုင်လိုက်တာက သမိုင်းတွင်လောက်အောင် မြင့်မားတဲ့ အောင်မြင်မှုကို ရရှိလိုက်တာဖြစ်ပြီးနာမည်ပေးမှု အပိုင်းမှာလည်း တိုတိုနဲ့ မှတ်ရလွယ်အောင်၊ ပြီးတော့ McLaren နဲ့ တွဲဖက်ပြီး ခေါ်လို့ကောင်းအောင် ပေးခဲ့တာက ကုမ္ပဏီကိုရော မော်ဒယ်ကိုမှာလူတိုင်း နှုတ်ဖျား စွဲသွားစေခဲ့တာပါ။ ဒါပေမယ့် P1 တခုတည်းနဲ့တော့ ကုမ္ပဏီအတွက် အဆင်ပြေပ့ါမလား။ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက်တော့ လက်ရှိဈေးကွက်မှာ လက်ခံနေဆဲဖြစ်တဲ့ P1 ရဲ့ နောက်ဆက်တွဲ ပုံစံရွေးချယ်စရာအနေနဲ့ မော်ဒယ်သစ်တခုကို ဖန်တီးလာတာ တွေ့ရပါတယ်။ သူကတော့ 675 LT ပါ။ Supercar တန်းဝင်အောင် အဆင့်မြှင့်ဖန်တီးထားပြီးတော့ နည်းပညာပိုင်းမှာ ကျနော်က ပြိုင်ဖက်မော်ဒယ်တွေလောက် အားမရလှပေမယ့် စွမ်းဆောင်ရည် အပိုင်းမှာတော့ စိတ်ကြိုက်တွေ့မိတာအမှန်ပါ။ ကောင်းပါပြီ၊ ကျနော်တို့ McLarenရဲ့ မော်ဒယ်သစ်ကိုနည်းနည်းလောက် ဆက်ကြည့်လိုက်ရအောင်ပါနော်။

အားသာချက် …

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းကမပြောမဖြစ်တဲ့ အားသာချက်ပါပဲ။ ကျနော်တို့ ကီလိုမီတာ တရာနှုန်းအတွက် အချိန်ဘယ်လောက်နဲ့ အမြန်ဆုံးရောက်ချင်ပါသလဲ။ အခုလို GT တန်းဝင် မော်ဒယ် တွေကတော့ ပုံမှန်ဆိုရင် ၃.၅ စက္ကန့် ၀န်းကျင်လောက် ယူပါတယ်နော်။ ဟုတ်ပါတယ်၊ 675 LTရဲ့ ပြိုင်ဖက် 991 တောင်မှ ၃.၃ စက္ကန့်ကြာပါတယ်။ ဒါတောင်မှ ဈေးကွက်မှသူ့ကို မြန်လွန်းလို့ ဆိုပြီးလူကြိုက်များပါတယ်။ အခု 675 LT ကတော့ အချိန် ၂.၉ စက္ကန့်ပဲယူပါတယ်။ ဘယ်လိုလဲ၊ အဲဒီလောက် မြန်မယ်လို့ ထင်မထားမိဘူး မဟုတ်လား။ နောက်တချက်မော်ဒယ်က ရုပ်ထွက်ပိုင်းထူးခြားမှုနဲ့ ဆွဲဆောင်မှုကောင်းတာကို ပြောချင်ပါတယ်။ ကျနော်တို့ Porsche တစီးကို မြင်လိုက်တာနဲ့ Logo ကို ကြည့်စရာမလိုပဲ Porsche မှန်းသိသာစေပါတယ်။ Bugatti, Ferrari, Lamborghini.. စဖြင့် အားလုံးကွဲပြားတဲ့ ရုပ်ထွက် ရှိပါတယ်။ အခုလည်း 675 LTမှာ အဲဒီလို သိသာပေါ်လွင်တဲ့ ရုပ်ထွက်ရှိနေတာပါ။

အားနည်းချက် …

ကျနော်အခုမော်ဒယ်ကို ပြိုင်ဖက်အနေနဲ့ ထားပြီးပြောတဲ့ Porsche 911 GT3 RS ထက် 675 LTက ဈေးပိုများနေပါတယ်။ ဘယ်လောက်တောင်မှ များလို့ ကျနော်က အားနည်းချက်လို့ ဆိုရတာပါလဲ။ ဒါဆိုရင်တော့ အဖြေကရှင်းပါတယ်၊ နှစ်စီးတစီးစာလောက်ကိုပဲဈေးကကွာနေပါတယ်။ ဒီတချက်ကတော့ 675 LT ကိုသေချာပေါက် လူကြိုက်နည်းသွားစေနိုင်တာပါ။ နောက်တချက်ကတော့ GT မော်ဒယ်တခုအနေနဲ့ နောက်ဖက် Wing ကိုအထောင်ပုံစံနဲ့ ကြည့်လှပေမယ့် အခုတည်ဆောက်ပုံအရ 675 LTရဲ့ နောက်ဖက် Wing ကပုံမှန် Sport မော်ဒယ်တွေလို ဖြစ်နေတာတခုက ဒီဇိုင်းပိုင်းရိုးရှင်းချင်နေပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်ရဲ့ကိုယ်ထည်ပိုင်းက အင်ဂျင်စနစ်ကိုပါ နည်းနည်းသေးထားတာကြောင့် ပြိုင်ဖက်တွေထက် ပေါ့ပါတယ်။ ၁၄၀၃ ကီလိုဂရမ်ပဲလေးမှာဖြစ်ပြီးတော့ ကိုယ်ထည်က အလျားက ၄.၅၄ မီတာရှိပြီး မျက်နှာစာအကျယ် ၂.၀၉ မီတာနဲ့ အမြင့်က ၁.၁၈ မီတာပဲရှိမှာဖြစ်ပါတယ်။ Suspension စနစ်အတွက် Double Wishbones ကို ပင်မအထိုင်ချထားပြီး Coil Springနဲ့ Interlinked Adaptive Damperတွေကို အကူပုံစံ ထည့်ထားပါတယ်။ ဘီးတွေက ရှေ့ဖက် ၁၉ လက်မနဲ့ နောက်ဖက် လက်မ ၂၀ အရွယ်တွေ ဖြစ်ပြီးတော့ မော်ဒယ်အတွက် အကောင်းဆုံးတာယာကတော့ Pirelli တံဆိပ် P Zero Trofeo R အမျိုးအစားဖြစ်ပါတယ်။ ဒီနေရာမှာ 675 LTရဲ့ အားသာချက်ကတော့ နယ်လမ်းလိုလမ်းချောမဟုတ်တဲ့ လမ်းကြောင်းတွေထိအောင် အဆင်ပြေမောင်းနှင်နိုင်တာ ဖြစ်ပြီးလမ်းကြမ်းပိုင်းတော့ မရပါဘူးနော်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃.၉ လီတာသုံး Twin-turbo စနစ်ပါရှိတဲ့ ဓါတ်ဆီသုံး V8 အင်ဂျင် စနစ် ဖြစ်ပြီးတော့ အင်ဂျင်အလယ်ထိုင်စနစ် ဖြစ်ပါတယ်နော်။ ဒီလိုအလယ်ထိုင်စနစ်ရဲ့ အားသာချက်ကတော့ မော်ဒယ်ရဲ့ကိုယ်ထည်ပိုင်းအလေးချိန် အချိုးကျမှု အားကောင်းသွားတာဖြစ်ပြီးရလဒ်ကတော့ အမြန်နှုန်း မြှင့်တင်နိုင်မှုတိုးတက်လာစေတာပါ။ ဒါကြောင့်လည်း နောက်ဖက် အင်ဂျင်ထိုင်စနစ်နဲ့ Porsche ရဲ့ မော်ဒယ်ထက် မြန်နှုန်းမြှင့်တင်နိုင်မှု အားကောင်းသွားတာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ ရုန်းအားကတော့ ၅၁၆ ပေါင်-ပေထိအောင် ရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၆၆၆ ကောင်အားထိအောင် ရှိမှာ   ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်ရဲ့ ဂီယာချက်စနစ်က Dual-clutch စနစ်ကို Auto ပုံစံနဲ့ သွားတာဖြစ်ပြီး ဂီယာချက် ၇ချက်ထိအောင် အသုံးပြုမောင်းနှင်နိုင်မှာပါ။ မော်ဒယ်ရဲ့အမြန်နှုန်း မြှင့်တင်နိုင်မှုကိုတော့ အထက်မှာပြောခဲ့ပြီးပါပြီနော်။ မော်ဒယ်ရဲ့အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းကလည်း အင်ဂျင်လည်ပတ်အား တမိနစ်ကို အပတ်ရေ ၇၁၀၀ ထိ ရှိတာကြောင့် တနာရီကို ၂၀၅ မိုင်ထိ မောင်းနှင်နိုင်တာပါ။ ဒါက Supercar တွေရဲ့ စွမ်းဆောင်ရည် လောက်ကိုပဲ ရောက်ရှိသွားတာဖြစ်သလို ဆီစားနှုန်းအပိုင်းမှာလည်း အင်ဂျင်စနစ်ကို သေးထားတာကြောင့် အပါအ၀င် Twin-turbo စနစ်ကြောင့် စွမ်းအင်ထွက်ရှိမှု အားကောင်းသွားပြီး ဆီတဂါလံကို ပျမ်းမျှ ၂၄.၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။

သုံးသပ်ချက် …

ကျနော်တို့အတွက် မော်ဒယ်က ဘယ်လောက်ထိအောင် ဆန်းသစ်မှု ပေးနိုင်ပါသလဲ။ ကျနော့်စိတ်ထဲမှာတော့ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ အခုလိုဆွဲဆောင်ရည်ကောင်းတဲ့ မော်ဒယ်မျိုးလက်ချိုးရေလို့ ရလောက်အောင် နည်းတယ်လို့ထင်မိပါတယ်။ အော် .. ဒါနဲ့ ပြောစရာတချက် ကျန်နေသေးတာက 675 LT ရဲ့ ပင်ကိုယ် Styleတခုပါ။ အဲဒါကတော့ ပုံမှန်အနေနဲ့ ဆိုရင် မော်ဒယ်ကို အစိမ်းရောင်တမျိုးတည်းရနိုင်မှာ ဖြစ်ပြီး အထူးမှာယူမှ စိတ်ကြိုက် အရောင် ရနိုင်မယ် ဆိုတာပါပဲ။ ဒါကLambroghiniဆိုရင် အ၀ါရောင်မော်ဒယ်တွေ၊ Ferrari ဆိုရင် အနီရောင်မော်ဒယ်တွေ စသဖြင့် ပင်ကိုယ် Style ခွဲထွက်သလို အခုအစိမ်းရောင်ကလည်း 675 LTရဲ့ မူပိုင်ပေါ့ဗျာ။ ဒါဆိုရင် ဈေးနှုန်းတခုပဲ ကျနော်တို့အတွက် အဟန့်အတား ဖြစ်နေစေတာပေါ့နော်။ ကျန်တာအားလုံး လက်ခံနိုင်တယ်ဆိုတာထက်ကျော်ပြီးစိတ်ကြိုက် ဖြစ်စရာတွေချည်းပါပဲ။


လင်းထက်(IA)


Vigo တွေအတွက်ပြိုင်ဖက်ကောင်းဖြစ်လာတဲ့ Nissan Navara Double Cab

Monday, December 14, 2015 0 comments


photo- motortrends.com

ကျနော်တို့ ပြည်တွင်းဈေးကွက်မှာတော့ Toyota ရဲ့ Vigo မော်ဒယ်တွေကို လူကြိုက်အများဆုံးလို့ သတ်မှတ်မယ် ဆိုရင်တောင်ရနိုင်လောက်အောင် လူစီးများတာတွေ့နိုင်ပါတယ်နော်။ ရုပ်ထွက်ကလှတယ် ဆိုတာထက် ကြွတယ်၊ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် ရတယ်၊ ခရီးဝေးလည်း မောင်းနိုင်တယ်၊ ဆီစားလည်းသင့်တယ်ဆိုတော့ လူကြိုက်များတာပေါ့။ ဒါပေမယ့် အခု ကျနော် မိတ်ဆက်ပေးချင်တဲ့ Navara ကတော့ အရင် ကျနော်တို့ဆီကို Single Cap နဲ့ EXT Cap တွေလောက်ကိုပဲ အတွေ့ရများပေမယ့် အခု Double Cap အဖြစ်ပါ မြင်လာရတာတော့ ကျနော်လည်း စိတ်ဝင်စားမိတာ အမှန်ပါ။ Vigoနဲ့ ကွဲသွားတဲ့ တချက်ကတော့ ရုပ်  ထွက်ပိုင်းမှာတည်ငြိမ်တဲ့ ရုပ်ထွက်မျိုး ဖြစ်လာတာပါပဲ။ ဆိုလိုတာကတော့ လူငယ်ဆန်တယ်ဆိုတာထက် တည်ငြိမ်တဲ့ သဘောပါ။ ဒီနေရာမှာ Navara တွေရဲ့ အားသာချက် တချက်ကVigo တွေထက် ဈေးနှုန်းမှာသိသိသာသာချိုနေတာပဲ ဖြစ်ပါတယ်။ နောက်ပြီးမော်ဒယ် အနေနဲ့က နိုင်ငံတကာဈေးကွက်မှာလည်း အခြေအနေမကောင်းတာမျိုး၊ ပြစ်ချက်များတယ် ဆိုတာမျိုးသိပ်မရှိလှပါဘူး။ ဈေးကွက်တိုင်းမှာလက်ခံနေတဲ့ မော်ဒယ် ဖြစ်ပြီးတော့ အရည်အသွေးပိုင်းမှာကလည်းလမ်းကြမ်းပိုင်းစွမ်းဆောင်ရည် အထူးကောင်းမွန်တာတွေ့နိုင်ပါတယ်။

အခု ပြည်တွင်းဈေးကွက်ထဲမှာအတွေ့ရများတဲ့ Double Cab တွေဆိုရင် ဒီဇယ်ဆီစနစ်နဲ့ပါ ရနိုင်တာက စိတ် ကြိုက်ပါပဲ။ ၂.၅ လီတာသုံး အင်ဂျင်စနစ်ကိုပဲ တပ်ဆင်ထားတာဖြစ်ပေမယ့် အင်ဂျင်ပိုင်းစွမ်းဆောင်ရည်က ရုန်အားကို အလေးပေးထားတာကြောင့် လမ်းကြောင်းစုံ မောင်းနှင်နိုင်မှာပါ။ နောက်ပြီး ခရီးဝေးမောင်းနှင်မှုတွေ အတွက်လည်း လေအေးပေးစက်နဲ့ဖျော်ဖြေရေးစနစ်တွေ စိတ်ကြိုက် အသုံးပြု သွားလာနိုင်ပါလိမ့်မယ်။
မော်ဒယ်အနေနဲ့ကတော့ အရောင်ပိုင်းရွေးချယ်နိုင်မှုအတွက် တည်ငြိမ်တဲ့ အရောင်ဖြစ်တဲ့ အနက်ရောင်တွေ ဈေးကွက်ဝင်တာတွေ့ရပြီး အဖြူလည်းတခါတလေတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီအဖြူဆိုတဲ့ အရောင်လေးအတွက်ပဲ အနက်ရောင်နဲ့ စာရင် ဈေးဆယ်သိန်းလောက်မြောက်သွားတာတွေ့ဖူးပါတယ်။ ဒါပေမယ့် ကျနော့် အမြင်မှာတော့ မော်ဒယ်ကအနက်ရောင်နဲ့ ပိုလှသလို တည်ငြိမ်မှုလည်း ပေးနိုင်တာတွေ့ရပါတယ်။

မော်ဒယ်က ၂၀၁၄ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်အနေနဲ့ အတွေ့ရများပြီးတော့ သူ့ထက် မော်ဒယ် နိမ့် တာတွေလည်း ၀င်ပါတယ်။ အဲဒီလိုမော်ဒယ် နည်းနည်းနိမ့်သွားပြီဆိုရင်တော့ မော်ဒယ်က ဈေးနှုန်းပိုင်းမှာသိန်း ၂၀ကျော်လောက်ထိအောင် ကျသွားပြီးမောင်းနှင်ပြီး ကီလိုနဲ့ ဈေးစကားသွားပြောတာ တွေ့ရပါတယ်။ အဆိုပါမော်ဒယ်နိမ့်လေးတွေကိုတော့ စိတ်ကြိုက်မဖြစ်မိပါဘူး။ Auto စနစ်နဲ့ ဖြစ်ပြီးတော့ မောင်းနှင်ရတာ၊ ဂီယာချက် ပြောင်းလဲအသုံးပြုရတာအဆင်ပြေကောင်းမွန်ပါတယ်။ ဈေးကွက်ထဲမှာတော့ ကျနော်စိတ်ကြိုက်တွေ့မိတဲ့ ၂၀၁၄ ခုနှစ် မော်ဒယ်တွေဆိုရင် သိန်း ၂၈၀ လောက် အခေါ်ရှိပေမယ့် အရောင် အ၀ယ်ပိုင်းမှာတော့ အကျဘက်မှာရှိပါတယ်။ ဒါပေမယ့် အတွင်းခန်းအပြင်အဆင်နဲ့ တပ်ဆင် ပစ္စည်းပါရှိမှုအပိုင်းမှာမူလပစ္စည်းလား၊ ပြန်ဆင် ပစ္စည်းလားအပေါ်ကိုမူတည်ပြီးတော့ ဈေးနည်းနည်းမာချင်တာလေးတွေ တွေ့ရပါတယ်။ မော်ဒယ်မြင့် ဖြစ်တာကြောင့် ဈေးအရမ်းကျဖို့ မရှိလို့ စိတ်ဝင်စားမယ် ဆိုရင် လေ့လာပါ၊ ဈေးညှိပါ၊ စိတ်ကြိုက်ဈေးဆိုတာထက် အရောင်းအ၀ယ် ဖြစ်ဖို့ ကြားဈေးတခုသတ်မှတ် ၀ယ်ယူတာ အကောင်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။


လင်းထက်(IA)


ပြည်တွင်းမှာပါရနိုင်တဲ့ Toyota Camry ဆိုတာ …

Wednesday, December 9, 2015 0 comments


photo - autoexpress.com

ကျွန်တော်တို့ ပြည်တွင်းဈေးကွက်မှာတော့ Toyota ရဲ့ ဇိမ်ခံမော်ဒယ်ဆိုရင် Crown နဲ့ Mark X လို မော် ဒယ် တွေကို စီးနင်းမှုများပေမယ့် နိုင်ငံတကာဈေးကွက်မှာတော့ Camry တွေကဈေးကွက်နေရာ ခိုင်ခိုင်မာမာကိုပဲ ရရှိထားတာတွေ့နိုင်သလို အခု Toyota ကနေ ကျွန်တော်တို့ပြည်တွင်းမှာ တရားဝင် Showroom ဖွင့်  ပြီး ရောင်းလာချိန်မှာလည်း Camry ကို ဇိမ်ခံမော်ဒယ်အနေနဲ့ တင်သွင်းရောင်းချလာတာတွေ့ရတာကြောင့် ဒီနေ့မှာတော့ Camryနဲ့ ပတ်သတ်တဲ့အကြောင်းလေးကို ပြည့်ပြည့်စုံစုံဖြစ်အောင် ပြောပြချင်မိပါတယ်။ Camryမှာ ထူးခြားချက်အနေနဲ့ဆိုရင် တခြား မော်ဒယ်တွေလို မျိုးဆက်တွေပြောင်းလဲ ထုတ်လုပ်တယ်    ဆိုတာထက် ကိုယ်ထည်အမျိုးအစားနှစ်မျိုးကို မျိုးဆက်ကွဲပုံစံနဲ့ ထုတ်လုပ်ရောင်းချတာတွေ့ရတာကြောင့်      တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာ အမှန်ပါပဲ။ သူနဲ့ပတ်သတ်တဲ့အကြောင်းအရာ တော်တော်လေး   ပြောစရာများတာကြောင့် ကျွန်တော်တို့ နိဒါန်းနည်းနည်းနဲ့ သူ့အကြောင်းဆက်ကြည့်ရအောင်ပါနော်။

Camryဆိုတာ …

ဂျပန်အခြေစိုက် Toyota ရဲ့ ထုတ်လုပ်မှုဖြစ်ပြီးတော့ ၁၉၈၂ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချလာနေတာ ဖြစ်သလို သက်တမ်းအရင့်ဆုံး ထုတ်လုပ်နိုင်တဲ့ မော်ဒယ်တွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းအနေအထားအရ အလယ်အလတ်တန်းဝင်မော်ဒယ်အနေနဲ့ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ထိ ထုတ်လုပ်ခဲ့တာတွေ့ရသလို နောက်ပိုင်းမှာ ဇိမ်ခံမော်ဒယ် အနေနဲ့ ထုတ်လုပ်လာချင်တာကြောင့် ၁၉၉၁ ခုနှစ်ကနေ ကိုယ်ထည်ကိုကြီးမားအောင် ထုတ်လုပ်လာခဲ့တာ အခုနောက်ဆုံး မော်ဒယ်ထိအောင်ပဲ ဖြစ်ပါတယ်။ အခုလို ကိုယ်ထည်ပိုင်း အရွယ်အစားကြီးမားအောင် ထုတ်လုပ်မှုရဲ့ရလဒ်ကတော့ Corolla မော်ဒယ်ပြီးရင် Camry အနေနဲ့ Toyota ရဲ့ ကမ္ဘာ့ဈေးကွက်အတိုင်းအတာမှာ ရောင်းအားအကောင်းဆုံး ဒုတိယစာရင်းဝင် ဖြစ်လာစေတာလည်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ မော်ဒယ်နာမည်က Camry တစ်လုံးတည်းမဟုတ်သေးပဲ Celica Camry အနေနဲ့ ၁၉၇၉ ခုနှစ်မှာ မိတ်ဆက်ထုတ်လုပ်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာ Toyota ကနေ Lexus ကို မိတ်ဆက်ချိန်မှာ Lexus ES က Camry ကို နမူနာယူပြီးတည်ဆောက်ခဲ့တာလည်း တွေ့နိုင်ပါတယ်။ Camry ဆိုတာကတော့ ဂျပန်စာလုံး Kanmuri ဖြစ်ပြီး အဓိပ္ပာယ်အရဆိုရင် သရဖူလို့ ဆိုလိုပါတယ်။ လက်ရှိ ဈေးကွက်မှာရှိနေတဲ့ Toyota Croown ကတော့ ၁၉၉၅ ခုနှစ်မှာမှ မိတ်ဆက်လာတဲ့ နာမည်ကွဲမော်ဒယ်လည်း ဖြစ်ပါတယ်နော်။

ကိုယ်ထည်သေး (ရှေ့ပိုင်းမော်ဒယ်များ) …

Camry ဆိုတာ Celica မော်ဒယ်ရဲ့နောက်ဆက်တွဲပုံစံနဲ့ ထွက်ရှိလာတာမို့ရှေ့ပိုင်းမှာ Celica Camry ဆိုပြီး အမည်ခေါ်ပါသေးတယ်။ တံခါးလေးပေါက်စနစ် ဆီဒင်အနေနဲ့ ထုတ်လုပ်လာတာဖြစ်ပြီး စတင် ဈေးကွက် တင်ချိန်ကတည်းက မော်ဒယ်ခွဲ အများအပြားနဲ့ ထုတ်လုပ်ရောင်းချခဲ့တာတွေ့ရပါတယ်။ Camry ရယ်ဆိုပြီး စတင်ထုတ်လုပ်တဲ့ ၁၉၈၂ ခုနှစ်ထုတ် မော်ဒယ်တွေကို V10 လို့ ခေါ်ပြီး ၁၉၈၆ ခုနှစ်ထိအောင် ထုတ်လုပ် ခဲ့ပါတယ်။ ပထမမျိုးဆက်လို့ ဆိုနိုင်သလို Vista မော်ဒယ်လို့လည်းခေါ်ကြပါသေးတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၁၉၈၃ ခုနှစ် မော်ဒယ်ကနေ ၁၉၈၆ မော်ဒယ်ဆိုပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ အီချီက Tsutsumi စက်ရုံမှာပဲ ထုတ်လုပ်ခဲ့ပြီး ပုံမှန်ဆီဒင်အနေနဲ့တင်မဟုတ်ပဲ တံခါးငါးပေါက်စနစ် Liftback အနေနဲ့ပါ ထုတ်လုပ်ခဲ့ပါတယ်။ အင်ဂျင်စနစ်အနေနဲ့က ၁.၈ လီတာသုံး အင်ဂျင်စနစ်သုံးမျိုးနဲ့ ၂.၀ လီတာသုံးအင်ဂျင်စနစ် သုံးမျိုးထိအောင် ရွေးချယ်နိုင်ခဲ့ပါတယ်။ ဂီယာချက်အပိုင်းကတော့ ၅ချက် Manual စနစ်နဲ့ ၄ချက် Auto စနစ် နှစ်မျိုးကိုထုတ်လုပ်ခဲ့တာပါ။ အဆိုပါအချိန်က မော်ဒယ်တွေရဲ့ အလေးချိန်က ပေါင် ၂၁၈၀ ကနေ ၂၄၉၀ ထိအောင်လေးခဲ့တာ တစ်ချက်က မော်ဒယ်တွေကို စွမ်းဆောင်ရည်အားနည်းစေခဲ့ပါတယ်။
၁၉၈၆ ခုနှစ်ကနေ ၁၉၉၀ ထိအောင်တော့ ဒုတိယမျိုးဆက်လို့ဆိုနိုင်မယ့် V20 တွေထွက်ရှိလာပါပြီ။ Vista လို့ တချို့ဈေးကွက်တွေမှာ ခေါ်ဆဲဖြစ်သလို Lexus ES 250 အနေနဲ့ရော Holden Apollo အနေနဲ့ပါ ခေါ်ကြ ပါသေးတယ်။ ဂျပန်နဲ့အမေရိကန်လိုဈေးကွက်နေရာ တော်တော်များများအတွက်တော့ ၁၉၉၁ ခုနှစ် မော်ဒယ် ထိအောင် ထုတ်လုပ်ခဲ့တာတွေ့နိုင်ပြီး သြစတြေးလျ ဈေးကွက်မှာတော့ ၁၉၉၂ ခုနှစ် မော်ဒယ်ထိ ထုတ်လုပ် ခဲ့ပါတယ်။ ဂျပန်၊ သြစတြေးလျနဲ့အမေရိကန်တွေမှာ တိုးချဲ့ထုတ်လုပ်ခဲ့ပြီးတော့ ပုံမှန်ဆီဒင်အပြင် တံခါး ငါးပေါက်စနစ် Sation Wagon တွေပါရလာခဲ့ပါတယ်။ ၁.၈ လီတာသုံး အင်ဂျင်စနစ်နှစ်မျိုး၊ ၂.၀ လီတာသုံး အင်ဂျင်စနစ် ၅ မျိုးနဲ့ ၂.၅ လီတာသုံး အင်ဂျင်စနစ်တစ်မျိုးတွေပါ ထုတ်လုပ်လာခဲ့ပါတယ်။ ဂီယာချက်ပိုင်း ကတော့ အရင်မော်ဒယ်လိုပါပဲ။ ဒီမျိုးဆက်မှာတော့ ကားရဲ့ အလေးချိန် ၂၈၅၅ ပေါင်ထိအောင်ရှိလာပေမယ့် စွမ်းဆောင်ရည်ပိုင်းတော့ တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ်မှာတော့ တတိယမျိုးဆက်ကို မိတ်ဆက်လာပါပြီ၊ ၁၉၉၄ ခုနှစ်ထိအောင်ထုတ်လုပ်ခဲ့ပြီး ဂျပန်မှာပဲ မော်ဒယ်ကို တပ်ဆင်ထုတ်လုပ်ပါတော့တယ်။ ဆီဒင် မော်ဒယ် တစ်မျိုးတည်း ရနိုင်ပြီး ရှေ့ဘီးယက်စနစ်တွေနဲ့ပဲ ဖြစ်ကာ Windom နဲ့ EX 300 လို မော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်းတူခဲ့ပါတယ်။ ၁.၈ လီတာသုံး အင်ဂျင်တွေလူကြိုက်နည်းလာတာကြောင့် တစ်မျိုးတည်းပဲ ဆက်လက်ထုတ်လုပ်တော့ပြီး ၂.၀ လီတာသုံး အင်ဂျင် ၄ မျိုးနဲ့ ၂.၅ လီတာသုံး အင်ဂျင်တစ်မျိုးထုတ်လုပ်ခဲ့ပါတယ်။ ဂီယာချက်ပိုင်းလည်း ပြောင်းလဲမှုမရှိခဲ့ပဲ မော်ဒယ်တွေရဲ့အလေးချိန်က ပေါင် ၃၀၀၀ ထိအောင် လေးလာတာကြောင့် ဒီမျိုးဆက်မှာပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဈေးကွက်ကလိုချင်လာခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ နောက်ထပ်အပြောင်းအလဲ လုပ်ဆောင်လာပါပြီ။ ၁၉၉၈ ခုနှစ်ထိအောင် စတုတ္ထ မျိုးဆက်ကို ထုတ်လုပ်လာပြီး ဂျပန်မှာထုတ်လုပ်တဲ့ အခုမျိုးဆက်က Hardtop မော်ဒယ်အနေနဲ့ပါ ရလာနိုင်တာကြောင့် ဈေးကွက်မှာ လူစိတ်ဝင်စားမှု ရှိလာခဲ့ပါတယ်။ ရှေ့ဘီးယက် မော်ဒယ်အပြင် လေးဘီးယက်မော်ဒယ်တွေပါ ထုတ်လုပ်လာတာကလည်း စွမ်းဆောင်ရည် ပိုမို အားကောင်းလာစေခဲ့တာပါ။ ၁.၈ လီတာသုံး၊ ၂.၀ လီတာသုံးနဲ့ ၂.၂ လီတာသုံး အင်ဂျင်တစ်မျိုးစီပဲ ရွေးချယ်ဝယ်ယူနိုင်ပါတော့တယ်။ ဒါပေမယ့်မော်ဒယ်က လူစိတ်ဝင်စားမှုတော့ အခုမျိုးဆက်မှာ ပြန်လည်ရရှိခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာတော့ ခေတ်သစ် Camry ကို မိတ်ဆက်လာနိုင်ပါပြီ။ ၂၀၀၃ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ အခု မျိုးဆက်မှာ ပုံမှန်ဆီဒင်နဲ့ တံခါးငါးပေါက်စနစ် Station Wagon တွေပါ ရလာနိုင်ပါတယ်။ ရှေ့ဘီးယက်၊ လေးဘီးယက် မော်ဒယ်တွေဆက်လက်ထုတ်လုပ်ခဲ့သလို အင်ဂျင်စနစ်ကတော့ ၁.၈ လီတာသုံးနဲ့ ၂.၀ လီတာသုံး နှစ်မျိုးပဲရနိုင်ပါတော့တယ်။ အလေးချိန်ပိုင်းမှာ ပြန်လည်လျော့ချထုတ်လုပ်လာနိုင်ခဲ့ပြီး ပေါင် ၂၈၉၀ လောက်မှာ ထိန်းထားလာနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ Camry လို့ လူသိနည်းတာကြောင့် အခုမျိုးဆက်ကို Vista အနေနဲ့ပဲ ထုတ်လုပ်ခဲ့တာဖြစ်ပြီး တကယ်ကတော့ Camry ပဲ ဖြစ်ပါတယ်။

ကိုယ်ထည်ကြီး (နောက်ပိုင်းမော်ဒယ်များ) …

၁၉၉၁ ခုနှစ်ကနေ XV10 အမည်နဲ့ ကိုယ်ထည်ကြီး မော်ဒယ်တွေကို Camry အမည်နဲ့ ထုတ်လုပ်လာပါတယ်။ Holden Apollo, Scepterနဲ့ Vienta အမည်တွေအဖြစ်နဲ့ပါ လူသိများပြီးတော့ မော်ဒယ်နှစ်ကတော့ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့ပါတယ်။ တံခါးနှစ်ပေါက်စနစ် Coupe အဖြစ်ပါ ရွေးချယ်နိုင်စရာ ရှိလာပြီးတော့ ဆီဒင်နဲ့ Station Wagon တွေပါ ရနိုင်ပါတယ်။ ပုံမှန်ကိုယ်ထည်သေး ပုံစံကနေ နည်းနည်းကွဲထွက်လာတာကြောင့် ပထမမျိုးဆက်မှာ မော်ဒယ်က နည်းနည်းရုန်းကန်ခဲ့ရပါတယ်။

XV20 အမည်တွင်မယ့် ဒုတိယမျိုးဆက်ကိုတော့ ၁၉၉၆ ခုနှစ်မှာ စတင်ထုတ်လုပ်လာပြီး ၂၀၀၁ ခုနှစ်ထိအောင် ထွက်ရှိလာပါတယ်။ မော်ဒယ်နှစ်ကတော့ ၁၉၉၇ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဂျပန်နဲ့ အမေရိကန် ဈေးကွက်တွေကို ဦးစားပေး ရောင်းချခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အမေရိကန်ဈေးကွက်မှာ အခု မျိုးဆက်ကို ဆက်လက်ဖြန့်ဖြူးရောင်းချခြင်း မရှိတော့ပါဘူး။ အင်ဂျင်စနစ်မှာ V6အင်ဂျင်စနစ်တွေပါ ရွေးချယ်ဝယ်ယူလာနိုင်ပြီး စွမ်းဆောင်ရည်တွေလည်း အထူးကောင်းမွန်လာခဲ့တာပါ။

XV30အမည်နဲ့ တတိယမျိုးဆက်ကိုတော့ ၂၀၀၁ခုနှစ်မှာ စတင် မိတ်ဆက်လာနိုင်ပြီး ၂၀၀၆ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ်ကတော့ ၂၀၀၂ခုနှစ်က စတင်ရေတွက်တာဖြစ်ပြီး ဆီဒင်သီးသန့်အနေနဲ့ပဲ မော်ဒယ်ကို ထုတ်လုပ်တော့တာလည်း ဖြစ်ပါတယ်။ K လို့ အမည်ပေးထားတဲ့ အောက်ဖက်အထိုင် တည်ဆောက်ပုံအသစ်ကို ရယူဖန်တီး တည်ဆောက်ခဲ့တာဖြစ်ပြီး မော်ဒယ်က ဇိမ်ခံမော်ဒယ်တစ်ခုအနေနဲ့ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ကိုယ်ထည်ပိုင်းမှာ ပုံမှန်ထက် ပိုမိုကြီးမားလာပြီး အတွင်းခန်း အထူး ကျယ်ဝန်းအောင် ဖန်တီးလာခဲ့ပါတယ်။

စတုတ္ထမျိုးဆက်ဖြစ်တဲ့ XV40 ကတော့ ၂၀၀၆ ခုနှစ်မှာ စတင်ထုတ်လုပ်လာပြီးတော့ Daihatsu Altis မော်ဒယ် အနေနဲ့ လူသိများပါတယ်။ မော်ဒယ်နှစ် ၂၀၀၇ ခုနှစ်အဖြစ် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်ထိအောင် မျိုးဆက်ကို ထုတ်လုပ်ခဲ့တာပါ။ Aurion နဲ့ တည်ဆောက်ပုံချင်းဆင်တူပြီးတော့ K Platfrom နဲ့ပဲဖြစ်ကာ ဆီဒင် တစ်မျိုးတည်းပဲ ထုတ်လုပ်လာပါတော့တယ်။ ဒီမော်ဒယ်မှာ ထူးခြားချက်တစ်ခုက အမေရိကန် ဈေးကွက် အတွက် Camryနဲ့ ဂျပန်ဈေးကွက်အတွက် Camry က ကိုယ်ထည်ချင်းအရွယ်နည်းနည်း ကွဲချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်ဈေးကွက်မှာ ဂျာမနီ ဇိမ်ခံမော်ဒယ်တွေထက် ဈေးချိုတာကြောင့် လူကြိုက်များခြင်း ကိုလည်း ခံခဲ့ရပါတယ်။

အခု နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Camry ကတော့ ၂၀၁၁ခုနှစ်မှာ စတင်ပြောင်းလဲ ထုတ်လုပ်ခဲ့တာဖြစ်ပြီး Altis အနေနဲ့လည်း တချို့ဈေးကွက်တွေမှာ လူသိများသေးသလို မော်ဒယ်နှစ်ကတော့ ၂၀၁၂ ခုနှစ်ကနေ စတင် ရေတွက်တာပါ။ ဇိမ်ခံ ဆီဒင်အနေနဲ့ပဲ ထုတ်လုပ်လာတော့သလို အင်ဂျင်စနစ်အပိုင်းမှာတော့ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ရွေးချယ်နိုင်စရာများပြားအောင် ဖန်တီးထားတာတွေ့ရပြီး လူကြိုက်များတာကတော့ ၂.၅ လီတာသုံး အင်ဂျင်စနစ်တွေပဲ ဖြစ်ပါတယ်။

ရောင်းချရမှု …

မော်ဒယ်အနေနဲ့ အမေရိကန် ဈေးကွက်ကို ၁၉၈၃ ခုနှစ်မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး အဆိုပါနှစ်မှာတင် အစီးရေ ၅၂၆၅၁ စီး ရောင်းချရပြီး ၁၉၈၄ ခုနှစ်မှာ ၉၃၇၂၅ စီး၊ ၁၉၈၅ခုနှစ်မှာ ၁၂၈၁၄၃ စီး၊ ၁၉၈၆ ခုနှစ်မှာ ၁၅၁၇၆၇ စီး အသီးသီးရောင်းချခဲ့ရသလို နောက်ပိုင်းနှစ်တွေမှာလည်း အစီးရေ နှစ်သိန်းကျော်အောင် ရောင်းချလာရပြီး ကနေဒါ၊ သြစတြေးလျလို ဈေးကွက်တွေမှာလည်း အစီးရေ သိန်းနဲ့ချီအောင် တင်ပို့ ရောင်းချခဲ့တာလည်း တွေ့ရပါသေးတယ်။ ဟုတ်ပါပြီ၊ ဒါဆိုရင်တော့ ကျွန်တော်တို့ ဆောင်းပါးလေးလည်း နည်းနည်း ရှည်သွားပါပြီ၊ မှတ်ရတာလည်း နည်းနည်းများပြီထင်ပါတယ်နော်။ Camry အကြောင်းကတော့ စိတ်ဝင်စားဖို့ အကောင်းသားပါဗျာ။


လင်းထက်(IA)


Mercedes-Benz GLC 250 နဲ့ BMW X5 M

Thursday, December 3, 2015 0 comments

ဒီတစ်ပတ်အတွက်တော့ ကျွန်တော်က ပြိုင်ဖက်ကောင်းတွေကို ရွေးထားပါတယ်နော်။ ကမ္ဘာ့ကားလောကရဲ့ ဆရာကြီးတွေဖြစ်တဲ့ ဂျာမနီအခြေစိုက် ကုမ္ပဏီကြီးနှစ်ခုရဲ့ အကောင်းဆုံး လူကြိုက်များနေတဲ့ မော်ဒယ်နှစ်ခုပါ။ ဒီမော်ဒယ်တွေမှာ ဘာတွေထူးခြားချက် ရှိနေပါသလဲ။ အသေးစိပ်ကိုတော့ ကျွန်တော် အောက်ဖက်မှာ ဆက်ပြောပါ့မယ်နော်။ အရင်ဆုံး မော်ဒယ်တွေရဲ့ ဆန်းသစ်မှုတွေကို နည်းနည်းလောက် ပြောပြချင်ပါ တယ်။ ဒါမှလည်း စာဖတ်သူတို့ ဇာတ်ရည်လည်မှာ ဖြစ်လို့ပါ။ ပုံမှန်ဆိုရင် Mercedes ရဲ့ မော်ဒယ်က ဇိမ်ခံ တန်းဝင် မော်ဒယ်ပါ။ SUV တန်းဝင် ဆိုတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်လည်း ကောင်းမယ် ဆိုရင် ဈေးကွက်မှာ ပြိုင်ဖက်တွေကို အသာရနိုင်ချေ ပိုမယ်ဆိုပြီး အခုနှစ် မော်ဒယ်မှာမှ Mercedesကနေ လမ်းကြမ်းပိုင်းပါ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဇိမ်ခံ မော်ဒယ် အနေနဲ့ မိတ်ဆက်လာတာပါ။ နောက်ထပ် BMW ရဲ့ မော်ဒယ်ကို ကြည့်တော့ ပုံမှန်ဆိုရင် X5 အနေနဲ့ ဈေးကွက်မှာ လူကြိုက်များနေပြီး ဖြစ်တာကိုမှ သူက မြန်နှုန်းမြင့် မောင်းနှင်နိုင်မှု အားကောင်းအောင် M တန်းဝင် အနေနဲ့ပါ ဖန်တီးလာပြီး စွမ်းဆောင်ရည်မြင့် ဇိမ်ခံအနေနဲ့ ထွက်ရှိလာတာပါ။ ဒါဆိုရင် မော်ဒယ် နှစ်ခုရဲ့ အားသာချက်ကိုယ်စီကို သိလောက်ပြီ ထင်ပါရဲ့နော်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်လိုက်ရအောင်ပါ။

BMW X5 M (photo - edmunds.com)

အားသာချက် …

X5 နဲ့ ပတ်သတ်လို့ ပထမဆုံး ပြောချင်တာကတော့ တန်းတူပြိုင်ဖက် မော်ဒယ်တွေထက် ကိုယ်ထည် ကြီးမားတာကြောင့် အတွင်းခန်းကျယ်ဝန်းပြီး သက်တောင့်သက်သာ လိုက်ပါ စီးနင်းနိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ M တန်းဝင် မော်ဒယ်လည်း ဖြစ်နေတာကြောင့် စွမ်းဆောင်ရည် အထူးမြင့်မား ကောင်း  မွန်တာပဲဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေစိတ်ကြိုက်ဖြစ်ပါတယ်။ နောက်တစ်ချက်က မော်ဒယ်ရဲ့လက်ကိုင်ပိုင်း အားကောင်းတာဖြစ်ပြီး လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုအရှိဆုံး မော်ဒယ်တစ်ခု ဖြစ်သလို မြန်နှုန်းမြင့်မောင်းနှင်မှုတွေအတွက်ပါ စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

GLC 250 မှာတော့ မော်ဒယ်ရဲ့ သိသာတဲ့ ရုပ်ထွက်ပိုင်းက ပြိုင်ဖက်တွေထက် ပေါ်လွင်စေမှာပါ။ Mercedes ကနေပဲ ထုတ်လုပ်တဲ့တခြား SUV တွေနဲ့လည်း ရုပ်ထွက်ချင်းကွဲပြားတာ တွေ့ရပါတယ်။       လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ရဲ့ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ဖြစ်တဲ့ ယုံကြည်စိတ်ချရမှု မြင့်မားကောင်းမွန်တာလည်း တွေ့ရသလို အသက်ကယ်စနစ်တွေ အဆင့်မြင့်လှပါတယ်။ နောက်ပြီး ဇိမ်ခံအနေနဲ့ ဖြစ်လို့ စီးနင်းရတာ သက်တောင့်သက်သာ ရှိတယ်၊ အတွင်းခန်း ကျယ်ဝန်းတာကြောင့် ခရီးဝေး မောင်းနှင်စီးနင်မှု အတွက်ပါ အဆင်ပြေစေနိုင်တာ တွေ့ရပါတယ်။

BMW X5 M


အားနည်းချက် …

X5 Mမှာပါရှိတဲ့ Drive Mode စနစ်တွေက Sport မော်ဒယ် မဟုတ်ပေမယ့် Mode တွေ များနေတာတစ်ချက်ကို သိပ်ပြီး သဘောမကျမိပါဘူး။ နောက်တစ်ချက်က လက်ကိုင်ပိုင်းစနစ်မှာ အားကောင်းတယ် တည်ငြိမ်တယ်လို့ ဆိုခဲ့ပေမယ့် လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှုအပိုင်း တစ်နည်းပြောရရင် လက်ကိုင်ဘီးက မပြေပြစ် ချင်သလို ခံစားမိတာပါပဲ။ နောက်ဆုံးပြောချင်တဲ့ အားနည်းချက်ကတော့ ကိုယ်ထည်ပိုင်း ကြီးမားအောင် ဖန်တီးထားတာ မှန်ပေမယ့် Sport ဆန်အောင် ကိုယ်ထည်ကို နှိမ့်ပြီး ဖန်တီးထားတာမျိုး မတွေ့ရပဲ ပုံမှန်ထက် နည်းနည်း မြင့်နေသေးသလို ဖြစ်နေတာ တစ်ခုက ရုပ်ထွက်ပိုင်း ဆွဲဆောင်မှုများ အားနည်းသွားစေမလားပါ။

အင်ဂျင်စနစ်အပိုင်းမှာ 220d အနေနဲ့ ထုတ်လုပ်ထားတဲ့မော်ဒယ်တွေက အခု 250d နဲ့ အရွယ်တူပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတာ တွေ့ရပါတယ်။ အထူးသဖြင့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းတွေ သိပ်ပြီးတော့ အားမရချင်ပါဘူး။ ဂီယာချက် အပိုင်းမှာက ဥရောပ ဈေးကွက်အတွက် အဓိက ရည်ရွယ်ပြီး ထွက်ရှိလာတာ ဖြစ်လို့ Auto စနစ်နဲ့ ဂီယာချက် ၉ ချက် သုံးနိုင်အောင် ဖန်တီးထားပေမယ့် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ရရှိအောင် ဖန်တီးထားတဲ့ မော်ဒယ်အနေနဲ့ ဂီယာချက် အရေအတွက် များချင်နေသလို ခံစားမိပါတယ်။

BMW X5 M


ကိုယ်ထည်ပိုင်း …

X5 ရဲ့ ကိုယ်ထည်က သံမဏိကို ဦးစားပေးသုံးထားပြီး monocoque အထိုင်ပုံစံနဲ့ မော်ဒယ်ကို အောက်ဖက် အထိုင်ချထားပြီး မော်ဒယ်က အလေးချိန် ၂၃၅၀ ကီလိုဂရမ်ရှိမှာပါ။ စိတ်ကြိုက်အဖြစ်ဆုံးကတော့ ၂၁ လက်မ ဘီးတွေနဲ့ ဖြစ်ပြီးတော့ Suspension ပိုင်းမှာတော့ ရှေ့ဖက်မှာ Double wishbone ကို ပင်မအနေနဲ့ ထိုင်ထားပြီး Coil-spring နဲ့ anti-roll bar တွေ ကူထားပါတယ်။ နောက်ဖက်ကတော့ Multi-linkကို တွေ့ရပြီး Air Spring တွေကို ထပ်ကူထားတာ ဖြစ်ပါတယ်။ အတွင်းခန်း တည်ဆောက်ပုံ ကောင်းမွန်ပြီးတော့ တတိယ ဂီယာချက်နဲ့ အင်ဂျင်ရဲ့ လည်ပတ်အားကို အမြင့်ဆုံး တင်ပြီး မောင်းမယ် ဆိုရင် အင်ဂျင်သံ အကျယ်ဆုံး ထွက်လာမယ့် အချိန်မှာတောင် အတွင်းခန်းဆီကို ဆူညံသံ ၇၅ dB ထိအောင်ပဲ သက်ရောက်စေမယ့် တစ်ချက်ကတော့ စိတ်ကြိုက်ဖြစ်စရာပါ။

250 မှာတော့ C-Class မော်ဒယ်တွေနဲ့ တူညီတဲ့ Platform ပိုင်း တည်ဆောက်မှုကို တွေ့ရပြီး ထူးခြားသွားတာက အတွင်းခန်း ကျယ်ဝန်းအောင် ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ၃၃ မီလီမီတာ ပိုပြီး ချဲ့ထားတာပဲ ဖြစ်ပါတယ်။ ကားရဲ့ အလျားက ၄.၆၅၆ မီတာ၊ မျက်နှာစာ အကျယ်က ၁.၈၉၀ မီတာနဲ့ အမြင့်က ၁.၆၃၉မီတာပဲ ရှိမှာ ဖြစ်ပါတယ်။ အနေတော် အရွယ်အစား SUV တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ ကားက ၁၇၇၀ ကီလို ဂရမ်ပဲအလေးချိန်ရှိမှာလည်း ဖြစ်ပါတယ်။ ဒါဟာ GLK လို အကြမ်းခံ မော်ဒယ်တွေထက် ၈၀ ကီလို ဂရမ် ပိုမိုပေါ့ပါးအောင် ဖန်တီးထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါဟာရှေ့ဖက် Wing၊ စက်ဖုံးနဲ့ အမိုးတွေကို အလူမီနီယမ်နဲ့ ဖန်တီးလိုက်နိုင်လို့လည်း ဖြစ်ပါတယ်။

Merdedes-Benz GLC 250

အင်ဂျင်ပိုင်း …

X5 M မှာ ရှေ့ဖက်အင်ဂျင်အထိုင်နဲ့ twin-turbo စနစ်ကို ထည့်သွင်းထားတဲ့ ဓါတ်ဆီသုံး ၄.၄ လီတာအရွယ် V8 အင်ဂျင်စနစ်ပဲ ဖြစ်ပါတယ်။ ဒီအင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၂၂၀၀ မှာတင် ရုန်းအား ၅၅၃ ပေါင်-ပေထိအောင် ထုတ်ပေးနိုင်ပြီးတော့ စွမ်းအင်ကတော့ မြင်းကောင်ရေ ၅၆၇ ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ် အပတ်ရေ ၆၅၀၀ ထိအောင်ပဲဖြစ်ပြီး ကားရဲ့ အလေးချိန် တစ်တန် အပေါ်မှာ သက်ရောက် စွမ်းအင် ပမာဏက  မြင်းကောင်ရေ ၂၄၁ ကောင်အားထိအောင် ရှိနေတာ ဖြစ်ပါတယ်။

250 မော်ဒယ်မှာတော့ ၂.၁ လီတာသုံး Turbodiesel စနစ် ပါရှိတဲ့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီး အင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀ မှာတင် ရုန်းအား ၃၆၉ပေါင်-ပေထိအောင် ရှိလာမှာပါ။ ဒါကြောင့်လည်း ရုန်းကန်နိုင်မှု အပိုင်းမှာရော အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာပါ အားကောင်းသွားစေတာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကလည်း မြင်းကောင်ရေ ၂၀၁ ကောင်း ဖြစ်လို့ အရမ်းမနည်းလှပါဘူး။ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၃၈၀၀ ထိအောင်ပဲဖြစ်ပြီး ဆီစားနှုန်း နည်းအောင် လည်ပတ်အားကို လျော့ချထားပုံ ရပါတယ်။

Merdedes-Benz GLC 250


မောင်းနှင်နိုင်မှု …

X5 M အနေနဲ့ လေးဘီးယက်စနစ်နဲ့ ဖန်တီးထားတာဖြစ်ပြီးတော့ သူက Transmssion ပိုင်းမှာဆိုရင် ဂီယာချက် ၈ချက်ကို Auto စနစ်နဲ့ မောင်းနိုင်မှာပါ။ အင်ဂျင်က အရွယ်အလတ်တန်းစား ဖြစ်ပြီး လည်ပတ်အားပိုင်းမှာ နည်းနည်းများတာကြောင့် ဆီစားအပိုင်းမှာတော့ ဒီလောက်ကြီး မကောင်းလှပဲ ပျမ်းမျှ ဆီတစ်ဂါလံကို ၂၅.၄ မိုင်လောက်ထိအောင်ပဲ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ တပ်ဆင် ဆီတိုင်ကီကတော့ ၈၅ လီတာ ဆံ့ဝင်ပြီး တစ်ဆက်တည်း မောင်းနှင်နိုင်မှုကတော့ ၃၉၇ မိုင်ပဲ ဖြစ်ပါတယ်။ တစ်နာရီမိုင် ၆၀နှုန်းကို အချိန် ၄.၂       စက္ကန့်တည်းနဲ့ ရောက်အောင် မောင်းနှင်နိုင်တဲ့ မော်ဒယ်က ပြိုင်ဖက် မော်ဒယ်တွေထဲမှာ အမြန်ဆုံးနှုန်းပါ။

GLC 250 ရဲ့ အမြန်နှုန်းမြှင့်တင်နိုင်မှုကို ကြည့်မယ်ဆိုရင် တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းအတွက် အချိန် ၈.၃ စက္ကန့်ထိအောင်ပဲ ယူတာဖြစ်လို့ တန်းတူ မော်ဒယ်တွေနဲ့စာရင် မဆိုးပါဘူး။ မော်ဒယ်က အင်ဂျင်ရဲ့  အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်း ချထားပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းလည်း တစ်နာရီ ၁၃၁ မိုင်နှုန်းထိအောင် ရမယ် ဆိုတော့ မဆိုးပါဘူး။ မော်ဒယ်ရဲ့ ဆီစားနှုန်းအပိုင်းမှာတော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၅၇ မိုင် နီးပါး လောက်ထိအောင် မောင်းနှင်နိုင်မယ့် အနေအထားက ပြိုင်ဖက်တွေကို နောက်ကောက်ချထားနိုင်မယ့် အချက်ပါပဲနော်။

Merdedes-Benz GLC 250

သုံးသပ်ချက် …

ဒါဆိုရင်တော့ ကျွန်တော်တို့ အဖြေထွက်လာပါပြီနော်။ မော်ဒယ် နှစ်ခုလုံးက ဇိမ်ခံတန်းဝင်တွေ ဖြစ်တယ်၊ နည်းပညာ မြင့်မားကောင်းမွန်တယ်၊ စိတ်ချယုံကြည်ရမှု အပြည့်ရှိတယ်၊ ဒါဆိုရင် နောက်ထပ် စွမ်းဆောင်ရည်တွေကို ကြည့်ရမယ်၊ X5 M က မြန်တယ်၊ မြို့တွင်းနဲ့ ခရီးဝေး ကောင်းမယ်၊ GLC 250ကတော့ ပြိုင်ဖက်ထက်စာရင် နှေးမယ်၊ ဒါပေမယ့် လမ်းကြမ်းပိုင်း စိတ်ကြိုက်ဖြစ်မယ်၊ ခရီးဝေးလည်း ရမယ်၊ ဒီနေရာမှာ X5 M က ပြိုင်ဖက်ထက် ဆီစားတော့ သိသိသာသာ များနေတာ တစ်ခုက သိပ်မကြိုက်ချင်ပါဘူး။ ဒါပေမယ့်   ထိပ်တန်းအဆင့်ရှိတဲ့ စွမ်းဆောင်ရည် တစ်ခုကို လိုချင်ရင်တော့ တစ်ဖက်က ပြန်ပြီး ပေးရမှာပေါ့နော်။ ဒါဆို ကျွန်တော် မပြောပါဘူး။ ကိုယ်တိုင် ရွေးချယ်ပါ။ မြန်တာ လိုချင်တာလား၊ လမ်းကြောင်းစုံ မောင်းနှင်နိုင်တဲ့  မော်ဒယ်မျိုး လိုချင်တာလား။ အဖြေက သင့်လက်ထဲမှာပါ … ။


လင်းထက် (IA)


RS လောက် စွမ်းဆောင်ရည် မကောင်းပေမယ့် Audi TT

Friday, November 27, 2015 0 comments


photo - edmunds.com

တကယ်ကတော့ အခု ကျွန်တော်ပြောမယ့် TT မော်ဒယ်က မူလ မော်ဒယ်။ RS ဆိုတာက နောက်မှပွင့်တဲ့ ရွှေကြာ။ အော်.. မော်ဒယ်တွေအကြောင်း မပြောရသေးပဲ RS နဲ့ TT ကို ရောပြီး ပြောလိုက်တော့ နားရှုပ်နေမယ် ထင်ပါ့။ အမှန်က ဒီလိုပါ၊ ဂျာမနီအခြေစိုက် Audi ကနေ Sport တန်းဝင် မော်ဒယ် TT ကို ထုတ်လုပ်ရောင်းချနေခဲ့တာကြာပါပြီ၊ ဈေးကွက်မှာလည်း အောင်မြင်ပါတယ်၊ လူကြိုက်များပါတယ်၊ ဒါပေမယ့် သိတဲ့အတိုင်း မော်ဒယ်တစ်ခု အောင်မြင်လာပြီဆိုတော့ နောက်ဆက်တွဲ မော်ဒယ် ထပ်မံထုတ်လုပ်ဖို့ ကြိုးစားလာပါတော့တယ်၊ အဲဒီမှာ TT ရဲ့ နောက်ဆက်တွဲ TT RS ထွက်လာပါတယ်။ RS ဆိုတာက Audi ရဲ့ စွမ်းဆောင်ရည်မြင့်ကားတွေကို ပေးတဲ့နာမည်ပါ။ ဥပမာ BMW မှာဆိုရင် M ဆိုတဲ့ မော်ဒယ်လိုပေါ့။ BMX X5 ဆိုရင် ပုံမှန်ဇိမ်ခံမော်ဒယ် ဖြစ်ပေမယ့် X5 M ဆိုရင် စွမ်းဆောင်ရည် အထူးမြင့်မားတဲ့ မော်ဒယ် ဖြစ်လာပါတယ်။ ဒီလိုပါပဲ.. TT RS ကလည်း စွမ်းဆောင်ရည် အထူးကောင်းမွန်တာကြောင့် ရှေ့ထွက် TT ကိုတောင် ကျော်ပြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ မူလမော်ဒယ် TT က အမေ့ခံမော်ဒယ် ဖြစ်သွားတော့တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ TTမော်ဒယ်ကို သဘောကျပါတယ်၊ စွမ်းဆောင်ရည်သင့်တယ်၊ ဈေးချိုတယ်၊ အမြင်ဆန်းတယ်၊ ထားပါ၊ ဒီတော့ ကျွန်တော်က အမေ့ခံ မော်ဒယ် TT ကို ဒီနေ့ ပွဲထုတ်ပါရစေနော်။

အားသာချက် …

မော်ဒယ်အနေနဲ့ နောက်ဘီးယက်စနစ်နဲ့လည်း ရနိုင်ပေမယ့် လေးဘီးယက်စနစ်နဲ့ မော်ဒယ်က ဟန်ချက် အညီဆုံးဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ ဘရိတ်၊ အလေးချိန်၊ မြေဆွဲအား၊ Chassis နဲ့ Platform တွေ အားလုံး ဟန်ချက်ညီတာတွေ့ရပါတယ်။ မော်ဒယ်ရဲ့ အတွင်းခန်း အပြင်အဆင်က ဇိမ်ခံဆိုတာထက် Coupe နဲ့ အမိုးဖွင့် မော်ဒယ်မျိုး ထုတ်လုပ်ထားတာဖြစ်ပေမယ့် အရည်အသွေးမြင့် အပြင်အဆင်ကို တွေ့ရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးပြောရမယ့် တစ်ချက်ကတော့ ဆီစားနှုန်း တစ်ချက် ဖြစ်ပြီးတော့ လေးဘီးယက်စနစ်နဲ့ မော်ဒယ်က အကောင်းဆုံး ဖြစ်ပေမယ့် ရုန်းအားယူ စနစ်အရတော့ ဆီစား နည်းနည်း ပိုသွားပါတယ်နော်။ ဒါပေမယ့် ကျွန်တော်ကတော့ လေးဘီးယက် မော်ဒယ်တွေကို ပိုပြီး အားပေးချင်ပါတယ်။

အားနည်းချက် …

မော်ဒယ်က စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဖက် မော်ဒယ်တွေထက် အနည်းငယ် အားနည်းချင်တာပါ။ ဒီတစ်ချက်ကပဲ TT RS ကို ထွက်ပေါ်လာစေတဲ့အချက် ဖြစ်လာခဲ့သလို TT ကိုလည်း နေရာကျဆင်းသွားစေတဲ့ အချက် ဖြစ်လာပါတော့တယ်။ နောက်တစ်ချက်က ဂြိုလ်တု အချက်ပြ မြေပုံစနစ်က အားနည်းချင်တာ ဖြစ်ပြီး Touch နဲ့ Display နှစ်မျိုးလုံး အားနည်းချင်တာပါ။ နောက်ဆုံးတစ်ချက်က နောက်ဘက် ကင်မရာ အစကတည်းက မပါလာတာ ဖြစ်ပြီးတော့ ကိုယ့်လက်ထဲ ရောက်မှ တပ်ဆင်မယ်ဆိုရင်လည်း နဂို ပစ္စည်း မျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။



ကိုယ်ထည်ပိုင်း …

မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းမှာ ဈေးကွက်စုံအတွက်တောက်ပတဲ့အရောင် ၈ ရောင်ထိအောင် ထုတ်လုပ်သလို အတွင်းခန်းကို အလေးထားပြင်ဆင်ထားတာကြောင့် အတွင်းဘက် အပြင်အဆင်ကိုလည်း သားရေ၊ အထည်၊ ကတ္တီပါ ဦးစားပေးနဲ့ ၈ မျိုးထိအောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ကားရဲ့ အလျားက ၁၃ ပေနဲ့ ၉.၃ လက်မပဲ ရှိမှာဖြစ်သလို မျက်နှာစာအကျယ်က ၆ ပေ နဲ့ ၀.၅ လက်မ၊ အမြင့်က ၄ ပေနဲ့ ၅.၂ လက်မထိအောင်ပဲ ရှိမှာပါ။ အသေးစားမော်ဒယ် ဖြစ်ပြီးတော့ အတွင်းခန်းမှာတော့ ရှေ့ဖက်ခန်း ဦးစားပေးဖြစ်လို့ ရှေ့ခန်းက ၅၃.၂ လက်မ ကျယ်ပေမယ့် နောက်ခန်းကတော့ ၄၇.၅ လက်မပဲ ရှိမှာဖြစ်ပါတယ်။ ကားရဲ့အရွယ်အစားလည်း သေးငယ်သလို အလေးချိန်ကလည်း ၃၁၇၅ ပေါင်ပဲ ရှိမှာဖြစ်ပါတယ်။ ဒီနှုန်းက ဥရောပ Coupe မော်ဒယ် အတွက် ပေါ့ပါးပေမယ့် အာရှထုတ်မော်ဒယ်တွေနဲ့ စာရင်တော့ လေးနေပါသေး          တယ်နော်။

အင်ဂျင်ပိုင်း ...

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာတွေ့ရပြီး ဒီ အင်ဂျင်စနစ်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀ မှာ ရုန်းအား ၂၅၈ ပေါင်-ပေ ထိအောင် ရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၂၁၁ ကောင်အားရှိမှာပါ။ ဒီလို ရုန်းအားများ အနေအထားကတော့ တောင်တက်လမ်းတွေထိအောင် အရှိန်ပြင်း မောင်းနှင်နိုင်မှာ   ဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှုကတော့ အားနည်းသွားစေတာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၄၃၀၀ ထိအောင်ပဲဖြစ်တာကြောင့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းလည်း တစ်နာရီမိုင် ၁၂၀ နီးပါးလောက်ထိအောင်ပဲ ပြေးတော့တာ ဖြစ်ပါတယ်။



မောင်းနှင်နိုင်မှု …

မော်ဒယ်ရဲ့ မောင်းနှင်နိုင်မှုအပိုင်းအတွက် တပ်ဆင်ထားတဲ့ Transmission ပိုင်းက Automated Manualစနစ် ဖြစ်ပြီးတော့ ဒီစနစ်က Sportဆန်တဲ့ မော်ဒယ်တွေမှာ အသုံးပြုလို့ ကောင်းတဲ့ စနစ်ပါ။ ဂီယာချက် ၆ချက်ကိုပဲ သုံးနိုင်မယ့် အချက်ကလည်း ဒီအင်ဂျင်အရွယ်နဲ့တော့ အံကျပါတယ်။ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ် ဆိုရင် Coupeမော်ဒယ်က တစ်နာရီ မိုင် ၆၀နှုန်း အတွက် ၅.၃စက္ကန့်ပဲ ယူမှာ ဖြစ်ပေမယ့် အမိုးဖွင့် မော်ဒယ် ဆိုရင်တော့ နည်းနည်း ပိုကြာပြီး ၅.၆ စက္ကန့်ထိအောင် ယူမှာပါ။ ဒီနေရာမှာ မော်ဒယ် နှစ်ခုလုံးက ဆီစား အပိုင်းမှာတော့ အတူတူပဲ ဖြစ်ပြီး ဆီတစ်ဂါလံကို ပျမ်းမျှ ၂၇မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ကာ အဝေးပြေးလမ်းတွေပေါ်မှာ ဆိုရင် ၃၂ မိုင်လောက်ထိအောင် ရမှာပါနော်။

သိကောင်းစရာနဲ့ သုံးသပ်ချက် …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၅.၈ ဂါလံထိအောင် ဆံ့မှာဖြစ်ပြီး ကားရဲ့ အရွယ်နဲ့စာရင် ကြီးချင်နေပါသေးတယ်။ Suspension စနစ်က MacPherson ကိုပဲ အထိုင်ထားပြီး Stabilizer နဲ့ Independent စနစ်တွေကို အကူထိုင်ထားသလို Multi-link ကိုလည်း နောက်ဖက်မှာသုံးထားပါတယ်။ မော်ဒယ်ရဲ့ အသက်ကယ်စနစ်နဲ့ ဘရိတ်ပိုင်း တပ်ဆင်ထည့်သွင်းထားမှုလည်း ကောင်းမွန်တာတွေ့ရပြီး စိတ်ချလုံခြုံရမှု အပိုင်းမှာ တစ်စီးလုံးအတိုင်းအတာ ကြယ်လေးပွင့်ခွဲထိအောင် ရထားပါတယ်။ ဒါဆို မော်ဒယ်က ဘာကြောင့်များ ဈေးကွက်နေရာရမှု နည်းရတာပါလဲ။ကျွန်တော့်ရဲ့ သုံးသပ်ချက်ကတော့ နိဒါန်းမှာကတည်းက ပြောပြီးပါပြီနော်။ ဒီသုံးသပ်ချက် ပေးရတဲ့အကြောင်းကတော့ မော်ဒယ်က ဈေးလည်း ချိုတယ်၊ စွမ်းဆောင်ရည်က ကျွန်တော်တို့ဆီမှာတော့ ကွက်တိဖြစ်မယ်၊ စိတ်ချရမှု ကောင်းတယ်၊ သူ့ထက် နည်းနည်းလေးပိုမြန်ရုံနဲ့ TT RS ကို ရွေးပြီးဈေးကျတော့ အဆမတန် ပိုပေးရမယ့်အနေအထားမှာတော့ ကျွန်တော်က TT ကို ပိုပြီး သဘောကျမိတာပါနော်။


လင်းထက် (IA)


Ford Edge တွေဆိုရင် အရောင်မရွေးပဲ ၀ယ်လက်ကြိုက်ပါ့မလား …

Tuesday, November 24, 2015 0 comments


photo - motortrends.com

ဈေးကွက်မှာ Ford တွေရဲ့ အခုနောက်ပိုင်း နေရာရမှုက အမေရိက အခြေစိုက် ကားကုမ္ပဏီတွေထဲမှာတော့ မျက်နှာပန်း အလှဆုံးလို့တောင် ဆိုရမယ်ဗျနော်။ Chevy ရယ် Ford ရယ် အပြိုင်သဘောနဲ့ ပြည်တွင်းမှာ Showroom ဖွင့်ပြီး ရောင်းချနေသလို ပြည်တွင်းအကြိုက် Truck မော်ဒယ်တွေထဲကဆိုရင်လည်း Ford မှာ Rangerတွေ F Series တွေရှိနေသလို Chevy ကလည်း Colorado တွေ ရှိနေပေမယ့် Ford ရဲ့ မော်ဒယ်တွေကို နေရာတိုင်းလိုလိုမှာ တွေ့လာရတာကတော့ Ford အတွက် အားရစရာပါ။ အခုလည်း Ford ရဲ့       နောက်ထပ်မော်ဒယ်တစ်ခုဖြစ်တဲ့ Edge က Showroom အနေအထားနဲ့မဟုတ်ပဲ ပြင်ပကားရောင်းဝယ်ရေး ဈေးကွက်မှာပါ ရနိုင်လာတာတွေ့ရပါတယ်။ GMC Terrain လို မော်ဒယ်နဲ့ တခြား Cadillac လို SUV တွေ အတွက်ပြိုင်ဖက်ကောင်းဖြစ်လာနိုင်မယ့် Edge အနေနဲ့ ဈေးကွက်မှာ အထက်က ပြောခဲ့တဲ့ ပြိုင်ဖက်တွေ ထက် ဈေးနှုန်းချိုသာမှု အားသာချက်နဲ့ ရနိုင်ပါတယ်။ ဒါပေမယ့် မော်ဒယ်တိုင်းမှာတော့ အသစ်စက်စက် ဖြစ်နေသည့် တိုင်အောင် အားသာချက်၊ အားနည်းချက်ရှိနေတတ်တာ ဓမ္မတာပါနော်။ အခုလည်း ပြင်ပဈေး ကွက်မှာ ရနိုင်နေတဲ့ Edge အတွက် အားနည်းချက်တစ်ချက် ရှိနေပါတယ်။

ဒါကတော့ အရောင်ပိုင်း ရွေးချယ်နိုင်မှုပါ။ SUV ဆိုတဲ့ သဘောတရားနဲ့ အမြင်ပိုင်း ဆွဲဆောင်နိုင်မှုက အနက်ရောင်လို တည်ငြိမ်တဲ့အရောင်နဲ့မှ ပိုမို လိုက်ဖက်တာပဲ ဖြစ်ပြီး အနီရောင်၊ အ၀ါလို အရောင်တွေနဲ့ ဆိုရင် SUV က သိပ်ပြီး မလိုက်ဖက်လှပါဘူး။ အထူးသဖြင့် ဇိမ်ခံလို မော်ဒယ်အနေနဲ့ စီးနင်းမယ့် မော်ဒယ်မှာ ဥပမာ GMC Terrain တွေဆိုရင် ပြည်တွင်းမှာ အနက်ရောင်အနေနဲ့ တည်တည်ငြိမ်ငြိမ် စီးနင်းနိုင်နေတာတစ်ချက်ပါ။ ဒီတော့ Showroom မဟုတ်တဲ့ ဈေးကွက်မှာ Edge ကို ဈေးချိုချိုနဲ့ရတာမှန်ပေမယ့် အရောင်ပိုင်း ရွေးချယ် နိုင်မှုမှာတော့ အားနည်းသွားပါတယ်။ တကယ်လို့ ကိုယ်လိုချင်တဲ့အရောင် ဆိုရင်တော့ ဈေးက      ပြန်မြင့် သွားပြန်ပါတယ်။ ဈေးကွက်မှာတော့ ၂၀၀၈ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေကို အတွေ့ရများ      ပြီးတော့ နှစ်ဘီးယက်စနစ် အင်ဂျင်စနစ်လည်း အနေတော်လောက်ပဲဖြစ်ပြီး အရမ်းကြီး မကြီးလှပါဘူး။    ဓါတ်ဆီ အင်ဂျင်စနစ်အနေနဲ့ ၀င်ရောက်တာတွေ့ရပြီး ခရီးဝေးနဲ့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်တွေပါ    ရနိုင်တဲ့ မော်ဒယ်တစ်ခုဖြစ်ပါတယ်။

မော်ဒယ်အနေနဲ့ Ori ပစ္စည်းတွေ တပ်ဆင်ပါရှိမှု များပြီးတော့ အထူးသဖြင့် အတွင်းခန်း အထိုင်နဲ့ အပြင်အဆင် တွေက မူလအတိုင်းကို ရနိုင်နေသေးတာပါ။ ကိုယ်ထည်ပိုင်း အရောင် တစ်ခုပဲ နည်းနည်း အဆင်  မပြေနိုင်တဲ့ အနေအထားမှာတော့ ကျွန်တော်ကတော့ ပွဲတက်အနေနဲ့ ဒီလောက်ကြီး သုံးဖို့ မလိုအပ်ဘူး၊   ဇိမ်ခံအနေနဲ့ ဆိုရင်ပဲ အဆင်ပြေမယ်ဆိုရင် ဈေးချိုချိုနဲ့ ရနိုင်မယ့် Edge ကို အကြံပေးချင်တာပါ။ Pick-up Truck တွေနဲ့ ဆင်တူတဲ့ ရုပ်ထွက်မျိုးကိုပဲ ပိုင်ဆိုင်ထားပြီးတော့ ဈေးနှုန်းပိုင်းမှာ သိန်း ၅၃၀ လောက် ခေါ်    ကြတာ တွေ့ရပေမယ့် ကျွန်တော်တို့ ရာနှုန်းပြည့် သဘောမကျတဲ့ အရောင်အတွက်နဲ့ ဈေးနှုန်းကို သိန်း ၅၀၀ ၀န်းကျင် ထိအောင် ဆွဲချနိုင်လိုက်မယ်လို့ ထင်ရပါတယ်နော်။


လင်းထက် (IA)


နေရာတိုင်းမှာ တွေ့နိုင်တဲ့ Toyota Alphard

Thursday, November 19, 2015 0 comments


photo-edmunds.com

ကျွန်တော်တို့ ပြည်တွင်းမှာတော့ ဇိမ်ခံ မော်ဒယ်လည်းဖြစ်၊ နောက်ပြီး အတွင်းခန်းကျယ်ကျယ်၊ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ နေရာတိုင်းမှာတွေ့နိုင်တဲ့ မော်ဒယ်ကတော့ အခုပြောမယ့် ဂျပန်အခြေစိုက် Toyota ရဲ့ မော်ဒယ်ဖြစ်တဲ့ Alphard ပဲ ဖြစ်ပါတယ်။ MPV တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ အကြီးစား အနေအထားအဖြစ် သတ်မှတ်နိုင်သလို ဇိမ်ခံမော်ဒယ်အနေနဲ့လည်း သတ်မှတ်နိုင်ပါသေးတယ်။ ဒီမော်ဒယ်တွေက အင်ဂျင်ပိုင်းမှာလည်း ကားတစ်စီးလုံးရဲ့ ဖျော်ဖြေရေးနဲ့ တခြား ဆက်စပ်စနစ်တွေကို စိတ်ကြိုက်သုံးနိုင်အောင် အင်ဂျင်စနစ်ကို ကြီးမားထားတာကြောင့် ခရီးဝေးမောင်းနှင်မှုတွေအတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေ ကောင်းမွန်တာ တွေ့ရပြီး များသောအားဖြင့်တော့ ပြည်တွင်းမှာ ဈေးနှုန်းသင့်တင့်တာကြောင့်ရယ်၊ အတွင်းခန်း ကျယ်ဝန်း တာကြောင့်ရယ်၊ ဆီစားလည်း မဆိုးတာရယ်နဲ့ နောက်ဆုံး ဇိမ်ခံအနေနဲ့ သုံးနိုင်မှု၊ မောင်းနှင်ရလွယ်ကူမှုနဲ့ နည်းပညာမြင့်မားမှုတွေကြောင့် လူကြိုက်များတယ်လို့ သိရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ အခု မော်ဒယ်ကို နည်းနည်းလောက်ဆက်ပြီး လေ့လာကြည့်ရအောင်ပါနော်။



ဘယ်လိုမော်ဒယ်လဲ …

Alphard ဆိုတာက တချို့ဈေးကွက်မှာဆိုရင် Vellfire ဆိုတဲ့ နာမည်နဲ့လည်း လူသိများတာပါ။ ၂၀၀၂ ခုနှစ်ကနေ စတင်ထုတ်လုပ်လာခဲ့တာဆိုတော့ သက်တမ်းအနေနဲ့ ၁၄ နှစ်ထဲကို ရောက်လာပြီဖြစ်ပြီး မျိုးဆက်ပြောင်းလဲ အဆင့်မြှင့်ထုတ်လုပ်မှုတွေလည်း ရှိပါတယ်။ ဂျပန်နိုင်ငံမှာပဲ အများဆုံး တပ်ဆင် ထုတ်လုပ်တာဖြစ်ပြီး ကိုယ်ထည်ပိုင်း တည်ဆောက်ပုံမှာ အဓိကအနေနဲ့ အတွင်းခန်း ထိုင်ခုံအရေအတွက် အပေါ်မူတည်ပြီး ရွေးချယ်စရာ နှစ်မျိုး ရနိုင်ကာ တစ်မျိုးက ခုနစ်ယောက်စီး မော်ဒယ်နဲ့ နောက်တစ်မျိုးက ရှစ်ယောက်စီး မော်ဒယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ minivan လို့ Alphard ကို ခေါ်ကြပြီး Grade အနေနဲ့ ဆိုရင်လည်း သုံးမျိုးပဲထွက်ရှိပါတယ်။ အဲဒါတွေကတော့ G, V နဲ့ Hybrid မော်ဒယ်ခွဲတွေပါ။ ဒါနဲ့ Alphard နဲ့ ပတ်  သက်လို့ တစ်ခု ပြောစရာရှိတာက မော်ဒယ်ကို Toyota က ဂျပန်မှာပဲ ရောင်းချဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး မိသားစုစီး မော်ဒယ်အနေနဲ့ ဖန်တီးခဲ့ပေမယ့် ဈေးကွက်အောင်မြင်မှုမှာတော့ တဖြည်းဖြည်းနဲ့ အောင်မြင်လာတာ ဖြစ်ပြီး လက်ရှိမှာ ဘာရိန်း၊ ဘင်္ဂလားဒေရှ့်၊ ဘီလာရုစ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုမန်၊ ဖိလစ်ပိုင်၊ ရုရှ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ထိုင်နိုင်ငံတွေထိအောင် နောက်ပိုင်းမှာ တင်   ပို့ရောင်းချလာတာလည်း ဖြစ်ပါတယ်။ ပြီးတော့ Alphard ကို လေးယောက်စီး မော်ဒယ်အနေနဲ့လည်း ထုတ်လုပ်သေးတာတွေ့ရပြီး ၂၀၀၆ ခုနှစ်အတွင်းက Royal Lounge Alphard မော်ဒယ်ကို မိတ်ဆက်ခဲ့တာဖြစ်   ပြီး သူက Nissan Elgrand မော်ဒယ်ကို ဈေးကွက်ပြိုင်ဖို့ ဖန်တီးခဲ့တာပါ။ ဒါ့အပြင် ပုံမှန် Alphard ထက် စွမ်းဆောင်ရည်မြှင့်ထားတဲ့ Vellfire ကိုလည်း ထုတ်လုပ်သေးပြီး Alphard ရဲ့ နောက်ဆက်တွဲဖြစ်ပေမယ့် တ  ကယ်ကတော့ Alphard ပါပဲ။

ပထမ မျိုးဆက် …

၂၀၀၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Alphard မော်ဒယ်တွေကိုတော့ ပထမမျိုးဆက်အဖြစ်နဲ့ သတ်မှတ်တာပါ။ ဂျပန်နိုင်ငံမှာပဲ တပ်ဆင်ထုတ်လုပ်ပြီးတော့ တံခါးလေးပေါက် ဒါမှမဟုတ် ငါးပေါက်စနစ် မော်ဒယ်တွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီမျိုးဆက်မှာတော့ အင်ဂျင်စနစ် နှစ်မျိုး ရွေးချယ် နိုင်အောင် ထုတ်လုပ်တာတွေ့နိုင်ပြီး မြင်းကောင်ရေ ၁၆၀ အားထွက်ရှိတဲ့ ၂.၄ လီတာသုံး အင်ဂျင်စနစ်နဲ့ မြင်းကောင်ရေ ၂၂၀ အား သုံးနိုင်မယ့် ၃.၀ လီတာသုံး အင်ဂျင်စနစ်တွေပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းကျတဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာတော့ ဂီယာချက်က ၄ ချက်ကိုပဲ သုံးနိုင်တာ ဖြစ်ပြီး Auto နဲ့ သွားပေမယ့် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဂီယာချက် ၅ ချက်ထိအောင် သုံးလာနိုင်တာ လည်း ဖြစ်ပါတယ်။ ပထမမျိုးဆက် အနေနဲ့ အလေးချိန် ပျမ်းမျှ ၁၇၉၀ ကီလို ဂရမ်ရှိပြီး အလျားက ၁၉၁ လက်မ၊ မျက်နှာစာ  အကျယ် ၇၁.၁ လက်မနဲ့ အမြင့် ၇၆.၂ လက်မ ရှိပြီးတော့ အတွင်းခန်း အကျယ်အ၀န်း အတွက် အရေးပါလှတဲ့ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏဟာဆိုရင် ၁၁၀ လက်မထိအောင် ရှိတာလည်း   ဖြစ်ပါတယ်။ မော်ဒယ်ကို ဈေးကွက် စတင်ထုတ်လုပ်ချိန်က Nissan Elgrand မော်ဒယ်နဲ့ Honda Elysion မော်ဒယ်တွေကို ဈေးကွက်ပြိုင်ဖို့ ရည်ရွယ်လာတာဖြစ်ပြီး မော်ဒယ်ရဲ့အားကောင်းမှုက လက်ရှိမှာ Toyota ထုတ်လုပ်သမျှ MPV တွေထဲမှာ ဂျပန်ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်လာပါတယ်။ ၂၀၀၅ ခုနှစ်အတွင်း ရုပ်ထွက်ပိုင်း ပြင်ဆင်မှုရှိခဲ့ပေမယ့် အကြီးစား ပြောင်းလဲမှု မဟုတ်တာ ကြောင့် မျိုး   ဆက်မပြောင်းလဲခဲ့သလို Hybrid မော်ဒယ်တွေလည်း ပထမမျိုးဆက်မှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။



ဒုတိယ မျိုးဆက် …

၂၀၀၇ ခုနှစ်ကနေ ဒုတိယမျိုးဆက်ကို ပြောင်းလဲထုတ်လုပ်လာပြီးတော့ အခုနှစ် အစောပိုင်းထိအောင် ဒုတိယ မျိုးဆက်ကို ဈေးကွက်တင်ခဲ့ပါတယ်။ Vellfire လို စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေလည်း ထုတ်လုပ်လာလို့ ဈေးကွက်နေရာ ရရှိမှုများလာ သလို ၂၀၀၇ခုနှစ်မှာ စထုတ်ပေမယ့် ၂၀၀၈ခုနှစ် မော်ဒယ် အနေနဲ့ ဈေးကွက်တင်လာတာပါ။ ဂျပန်နိုင်ငံ၊ အီချီမှာ ရှိတဲ့ Inabe စက်ရုံမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်ပြီး ဒီ မျိုးဆက်မှာလည်း ကိုယ်ထည် တည်ဆောက်ပုံက ပထမမျိုးဆက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာ အရွယ်အစား ပြောင်းလဲထုတ်လုပ်မှု ရှိလာပြီးတော့ မြင်းကောင်ရေ ၁၆၈ ကောင်အားထုတ်ပေးနိုင်မယ့် ၂.၄ လီတာသုံး အင်ဂျင်တပ်မော်ဒယ်နဲ့ မြင်းကောင်ရေ ၂၆၆ ကောင်ကနေ ၂၇၆ ကောင်အားအတွင်း ထုတ်ပေး နိုင်မယ့် ၃.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေ ဖန်တီးလာပါတယ်။ Transmission ပိုင်းမှာ ပြောင်းလဲမှု     ကြီးကြီးမားမား တွေ့လာရပြီး ၂.၄ လီတာသုံး မော်ဒယ်တွေမှာဆိုရင် ဂီယာချက် ၇ ချက်သုံးနိုင်မယ့် Super CVT-I စနစ်နဲ့ တွေ့လာရသလို ၃.၅ လီတာသုံး မော်ဒယ်တွေမှာတော့ Auto စနစ်နဲ့ ဂီယာချက် ၆ ချက်သုံး မော်ဒယ်တွေ ဖြစ်လာပါတယ်။ ဒုတိယမျိုးဆက်မှာ အတွင်းခန်း ပိုမို ကျယ်ဝန်းလာပြီး ရှေ့ဘီးနဲ့ နောက် ဘီးထောက်ကြား ပမာဏလည်း ၁၁၆ လက်မထိအောင် ရှိလာပြီး ကိုယ်ထည် အလေးချိန်က ၁၉၁၀ ကီလိုကနေ ၂၀၇၀ ကီလို ဂရမ်အကြားလေးလာပေမယ့် ကိုယ်ထည် အရွယ်အစားကတော့ သိသာလောက်အောင်     ပြောင်းလဲမှု မရှိလာခဲ့ပါဘူး။

တတိယမျိုးဆက် …

မော်ဒယ်ရဲ့ တတိယ မျိုးဆက်ကတော့ အခုနှစ်မှာ စတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Alphard အနေနဲ့ပဲ တတိယ မျိုးဆက် ဖြစ်ပေမယ့် နောက်ဆက်တွဲ Vellfire အတွက်တော့ ဒုတိယမျိုးဆက်အနေနဲ့ပဲ ရှိနေပါသေးတယ်။ ဒီမျိုးဆက်မှာ ထူးခြားလာတာ တစ်ခုကတော့ ရုန်းအားယူစနစ်မှာ ရှေ့ဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်သလို လေးဘီးယက်မော်ဒယ် အနေနဲ့ပါ ရနိုင်လာတာပဲ ဖြစ်ပါတယ်။ အင်ဂျင်အရွယ်အစား နှစ်မျိုးပဲ ရွေးချယ်နိုင်တာ မှန်ပေမယ့် ၂.၅ လီတာသုံး အင်ဂျင်စနစ်နှစ်မျိုးရနိုင်ပြီး Hydrid အင်ဂျင်စနစ်က မြင်းကောင်ရေ ၁၅၀ အား ထွက်ရှိမှာဖြစ်ကာ ပုံမှန်မော်ဒယ်ကတော့ မြင်းကောင်ရေ ၁၈၀ အား သုံးနိုင်ပါလိမ့်မယ်။ ၃.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ်မှာတော့ မြင်းကောင်ရေ ၂၇၆ ကောင်အား ထုတ်ပေးနိုင်မှာဖြစ်ကာ အခုမျိုးဆက်မှာ အရမ်းကြီး ထူးခြားတဲ့ပြောင်းလဲ အဆင့်မြှင့်မှုမျိုး တွေ့ရတာ အားနည်းသလိုပါ။ ပုံမှန် ၂.၅ လီတာသုံး မော်ဒယ် တွေကတော့ ဂီယာချက် ၇ ချက်ကို Super CVT-I စနစ်နဲ့ပဲ သွားပြီး ၃.၅လီတာသုံး မော်ဒယ်မှာက ဂီယာချက် ၆ ချက်သုံး Super ECT စနစ်နဲ့  သွားသလို Hybrid မော်ဒယ်မှာတော့ ဂီယာချက် ၆ ချက်သုံး CVT စနစ်နဲ့ ဖြစ်ပါတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏ သိသိသာသာ ထပ်တိုးလာပြီး လက်မ ၁၂၀ ထိအောင် ရှိလာသလို ကိုယ်ထည်ပိုင်းက အရင်က မော်ဒယ်တွေထက် ပျမ်းမျှ သုံးလက်မလောက်ထိအောင် ကြီးလာ ပါတယ်။ ကားရဲ့အလေးချိန်လည်း များလာပြီး မော်ဒယ်ခွဲ အပေါ်မူတည်ပြီးတော့ ၁၉၂၀ ကီလိုကနေ ၂၂၂၀ ကီလိုဂရမ်ကြား ရှိပါတယ်။

သိကောင်းစရာများ …

အခု နောက်ဆုံးထုတ်မော်ဒယ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Alphard ကို ပုံမှန်ရောင်းချနေတဲ့ နိုင်ငံတိုင်းမှာတော့ မရသေးပါဘူး။ သိရသလောက် ဂျပန် အပါအ၀င် အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တွေမှာပဲ မော်ဒယ်သစ်ကို ရနိုင်နေသေးပြီး လက်ရှိမှာတော့ ရုရှမှာ မိတ်ဆက်နေတယ်လို့ သိရသလို အခု နောက်ဆုံး မျိုးဆက်ကို အာရှ ဈေးကွက်ထက် ဥရောပ ဈေးကွက်မှာ အောင်မြင်မှု ပိုမို ရရှိအောင် မျှော်မှန်းထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ မော်ဒယ်သစ်မှာ လက်ရှိ Toyota Crown တွေက ရှေ့ဖက်လေခွင်းပေါက်နဲ့ ဆင်တူတဲ့ အချက်တွေ ပါရှိနေသလို အလျား ၆၀ မီလီမီတာနဲ့ မျက်နှာစာ အကျယ် ၂၀ မီလီမီတာ တိုးထားပြီး အမြင့်မှာပဲ ၁၀ မီလီမီတာ လျော့ထားတာတွေ့ရပါတယ်။ နောက်ဆုံးထုတ် မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်တွေကတော့ Nissan Elgran နဲ့ Honda Odysseyတွေ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းတွေကို ကြည့်မယ်ဆိုရင် ပျမ်းမျှအနေနဲ့ Hybrid တွေဆိုရင် ဆီတစ်ဂါလံကို ၄၂ မိုင်လောက်ထိအောင် စီးနင်းလာနိုင်တာတွေ့ရပြီး တခြား မော်ဒယ် တွေကတော့ ကိုယ့်ရဲ့နည်းပညာ အသုံးချမှုအပေါ်နဲ့ အင်ဂျင် အရွယ်အစားပေါ်မူတည်ပြီး နည်းနည်း ပိုများနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ မျက်စိရှေ့မှာ ခဏခဏ တွေ့နေရတဲ့ Alphard တွေအကြောင်း တော်တော်လေး စုံလောက်ပါပြီနော်။ သူက ရှင်းပါတယ်၊ မော်ဒယ်နှစ်နဲ့ အင်ဂျင် အရွယ်ကို သိလိုက်တာနဲ့ ဘယ်လို စွမ်းဆောင်ရည်ရှိမယ်ဆိုတာ သိသာပါတယ်။ မော်ဒယ်ခွဲ ထုတ်လုပ်မှုလည်း နည်းလို့ ဆိုရမှာပေါ့နော်။


လင်းထက် (IA)


ဥရောပမှာလူကြိုက်များနေတဲ့ Peugeot 308 နှင့် Volvo V60

Thursday, November 12, 2015 1 comments


Peugeot 308 (photo-edmunds.com)

ဥရောပကားဈေးကွက်မှာPeugeot ရဲ့ မော်ဒယ်တခု ဖြစ်တဲ့ 308 ရဲ့ ဈေးကွက်အောင်မြင်မှုက ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာ မဟုတ်ပေမယ့် လူကြိုက်များမော်ဒယ်တွေထဲမှာ နှစ်ပေါင်းများစွာကြာအောင် ထိပ်တန်းစာရင်းဝင်အနေနဲ့ နေလာနိုင်ခဲ့တာပါ။ အခုတော့ သူ့အတွက် နောက်ထပ် ပြိင်ဖက်ကောင်းတခု ဈေးကွက်မှာ မြင်လာရပါတယ်။ သူကတော့ Volvo ရဲ့ မော်ဒယ်သစ် V60 ဖြစ်ပါတယ်။ အောက်ဖက် အထိုင်စနစ်ကို ကမ္ဘာ့အရိုးရှင်းဆုံးပုံစံအဖြစ် အခုနှစ်ထဲမှာ ဖန်တီးထုတ်လုပ်လာနိုင်ပြီး ဒီစနစ်ရဲ့အားသာချက်နဲ့ အတူမော်ဒယ်တွေလည်း ရောင်းအားကောင်းလာပါတယ်။ အခု V60 လည်း ဈေးကွက်မှာ အချိန်တိုအတွင်း ဈေးကွက် နေရာရရှိလာမှုက 308 အတွက်တော့ စိုးရိမ်စရာပါ။ ဒါပေမယ့်တခုရှိတာက Volvo ရဲ့ မော်ဒယ်တွေက ပုံမှန်ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးနည်းနည်းများနေတာ တခုကချက်ချင်းကြီးတော့ ဈေးကွက်အနေအထားကို ပြောင်းလဲမပြစ်နိုင်ပါဘူး။ ဟုတ်ပါပြီ၊ ဒါကတော့ ကျွန်တော်က ဈေးနှုန်းအနေအထား ဘက်ကနေကြည့်  ပြီး သုံးသပ်ပြတာဖြစ်ပေမယ့် အောက်ဖက်မှာတော့ ကျွန်တော်တို့ သူတိုရဲ့ စွမ်းဆောင်ရည် အပိုင်းလေးတွေကို အလေးထားလေ့လာ ကြည့်ရအောင်ပါနော်။

အားသာချက် …

V60 မော်ဒယ်မှာ ဆန်းသစ်တဲ့ထူးခြားချက် တချက်တွေ့ရတာကတော့ အင်ဂျင်စနစ်တခုပါ၊ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲတော်တော်များများ ထုတ်လုပ်ထားတာတွေ့ရပေမယ့် Drive-E အင်ဂျင်စနစ်နဲ့ တပ်ဆင် ထုတ်လုပ် ထားတဲ့ မော်ဒယ်တွေဆိုရင် စက်သုံးဆီအသုံးပြုမှုအပိုင်းမှာရော နောက်ပြီးစွမ်းဆောင်ရည် အပိုင်းမှာပါ ကောင်းမွန်တာတွေ့နိုင်သလို အင်ဂျင်ရဲ့ ၀န်တင်ရုန်းကန်ရမှုလည်း အားနည်းတာကြောင့် ရေရှည်အတွက်ပါ စိတ်ချရမှာ ဖြစ်ပါတယ်။ မောင်းနှင်ရမှုအပိုင်းမှာရော နောက်ထပ်လက်ကိုင်ပိုင်းမှာပါ ဟန်ချက်ညီတာ တွေ့နိုင်ပြီးအထူးသဖြင့် အဝေးပြေးလမ်းတွေပေါ်မှာ ကိုယ်ထည်ရဲ့ လိုက်ပါ ရွေးလျားမောင်းနှင်နိုင်မှု အထူးသိသာကောင်းမွန်တာပဲဖြစ်ပါတယ်။ ထိုင်ခုံပိုင်းတည်ဆောက်မှုလည်း ကောင်းမွန်ပြီးသက်တောင့် သက်သာရှိတာ ပြိုက်ဖက်မော်ဒယ်တွေထက် ကောင်းနေပြန်ပါတယ်။ သိသာပေါ်လွင်တဲ့ ဒီဇိုင်းလည်း ရှိသလိုအသက်ကယ်စနစ်နဲ့ လုံခြုံစိတ်ချရမှုအပိုင်းတွေမှာရမှတ်ကောင်းတွေ ပိုင်ဆိုင်ထားတာတွေ့ရပြန်ပါတယ်။
308 မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းအထိုင်တည်ဆောက်မှုက စိတ်ကြိုကအနေအထား ဖြစ်ပြီးတော့ သံမဏိကို ဦးစားပေးပြီး Monocoque ပုံစံနဲ့ ဖန်တီးထားတာဖြစ်သလို ကားရဲ့အလေးချိန်ကိုလည်း ၁၃၉၅ ကီလိုဂရမ်ပဲ ရှိအောင် ဖန်တီးထားတာပါ။ Drag လုပ်ဆောင်နိုင်မှု အထူးကောင်းမွန်ပြီး အများဆုံးနှုန်းက ၀.၃၀ ဖြစ်သလို တကယ်လို့ ၁၈ လက်မ ဘီးတွေကို တပ်ဆင် စီးနင်းမယ်ဆိုရင် ပတ်လမ်းမောင်း မော်ဒယ်အနေနဲ့ပါ အပျော်စီးနိုင်မှာဖြစ်ပါတယ်။ Suspension စနစ်မှာရှေ့ဖက်ကို MacPherson အထိုင်ထားပြီး Coil Springs နဲ့ Anti-Roll တွေကို အကူထိုင်ထားဖန်တီးထားတာ တချက်ကအားရစရာပါ။ နောက်ဖက်ဆိုရင်လည်း Torsion Beam ကိုထိုင်ထားတာကပုံမှန် အိမ်စီးကားမော်ဒယ်တွေမှာ အတွေ့ရနည်းတာဖြစ်ပေမယ့် လမ်း   ကြမ်းပိုင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေတဲ့ အားသာချက်တချက်တော့ ရလာပါလိမ့်မယ်။

အားနည်းချက် …

V60 မော်ဒယ်က တန်ကြေးပိုင်းမှာတော့ ပြိုင်ဖက်မော်ဒယ်တွေထက် နည်းနည်းများနေတာ တချက်က လူ
ကြိုက်နည်းစေတာတွေ့နိုင်ပြီး ဘီးစုံယက်စနစ်နဲ့ မော်ဒယ်တွေက လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်မှာ အထူးကောင်းမွန်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်မှုလို အပိုင်းတွေကအစ အားနည်းသွားတာ တွေ့ရသလို တခြားမော်ဒယ်တွေထက် ဆီစားလည်းများချင်နေတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီမော်ဒယ်တွေမှာပဲ လက်ကိုင်ပိုင်းက တခြားပြိုင်ဖက်မော်ဒယ်တွေထက် မြန်နှုန်းမြင့်မြင့် မောင်းနှင်နေချိန်တွေမှာ အားနည်းတာ တွေ့ရတာပဲ ဖြစ်ပါတယ်။

308 ရဲ့ အားနည်းချက်တခုက လက်ကိုင်ပိုင်းဖြစ်ပြီးတော့ သူကအမြန်နှုန်းမြင့်မြင့် မောင်းနှင်မှုတွေမှာတည်ငြိမ်မှု အားနည်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ကတော့ အိမ်စီးမော်ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်လို့ ပြစ်ချက်လို့တော့ ပြောလို့ မရပါဘူး။ နောက်တချက်က စွမ်းဆောင်ရည်ပိုင်းဖြစ်ပြီးတော့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေမှာ အားနည်းချင်တာ ဖြစ်ပါတယ်။ ပြီးတော့ အင်ဂျင်လည်ပတ်အားများများနဲ့ မောင်းနှင် နေချိန်တွေမှာဆူညံသံပေးတာတချက်က အဆင့်မြင့်မော်ဒယ်တွေနဲ့ ကွဲထွက်သွားစေတာဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

V60 ရဲ့ အလေးချိန် ၃၅၂၇ ပေါင်နဲ့ ၀န်တင်ဆောင် ရုန်းကန်နိုင်မှု ပေါင် ၁၁၀၀ အတွက်ပါ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ပုံမှန်လေးလုံးထိုး အင်ဂျင်စနစ်ပဲဖြစ်ပြီး ၂.၀ လီတာသုံး အရွယ်ပါ။ အင်ဂျင်လည်ပတ်အား တမိနစ်ကို အပတ်ရေ ၁၅၀၀ မှာ ရုန်းအား ၁၅၈ ပေါင်-ပေထိအောင် ရှိနေပြီး မြင်းကောင်ရေ ၂၄၀ အားထိအောင် ထွက်ရှိမှာပါ။ ဒီအနေအထားက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအတွက်ပါ အား ကောင်းအောင် အခြေခံအင်ဂျင်လည်ပတ်အားကို နှိမ့်ထားတာဖြစ်ပေမယ့် အမြင့်ဆုံးလည်ပတ်နှုန်းမှာတော့ ဆီစားကို ချိုချင်တာကြောင့် အပတ်ရေ ၅၆၀၀ ထိပဲ လည်ပတ်စေမယ့် အနေအထားက အမြန်ဆုံး မောင်းနှင်နိုင်မှုအပိုင်းမှာ အားနည်းသွားစေတာလည်း ဖြစ်ပါတယ်။

V60 ကတော့ ရှေ့ဖက်အင်ဂျင်ထိုင်စနစ်နဲ့ ၁.၆ လီတာသုံး မပြည့်တဲ့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီး Turbo စနစ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒီဇယ်ဆီစနစ်သုံးအင်ဂျင်စနစ် ဖြစ်တာကြောင့် နောက်ပိုင်းဥရောပမှာ ဒီဇယ်ကားတွေ ကန့်သတ်ချက်များလာရင် အခု 308 လို မော်ဒယ်တွေ စွမ်းဆောင်ရည် ပိုကောင်းရင်ကောင်း၊ မကောင်းရင် အာရှနဲ့ အခြားဈေးကွက်တွေဖက် အများအပြား ရောက်ရှိလာနိုင်သလို ဈေးနှုန်းလည်း ကျလာပါလိမ့်မယ်။ ဒါပေမယ့် အင်ဂျင်စနစ်ကတော့ ဓါတ်ငွေ့ ထုတ်လွှတ်မှုနှုန်းပါ လက်ရှိအနေအထားကတော့ အပြစ်ပြောစရာတချက်မှ မတွေ့ရပါဘူး။

Volvo V60

မောင်းနှင်နိုင်မှု …

V60 မော်ဒယ်က အခုဥရောပမှာ လူကြိုက်များတဲ့ ဂီယာချက် အများအပြားသုံးနိုင်တဲ့ မော်ဒယ် ဖြစ်အောင် ဖန်တီးထားတာတွေ့ရပြီးဂီယာချက် ၈ ချက်ကို Auto စနစ်နဲ့ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ အထက်မှာပြောခဲ့ပြီးသလို လည်ပတ်အားနည်းနည်းနဲ့ စွမ်းအင်ထွက်ရှိမှု ကောင်းတာကြောင့် တနာရီမိုင် ၆၀ နှုန်းကို အချိန် ၆.၄ စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး ဒါဟာနာမည်ကြီး BMW 328i နဲ့ Audi Allroad တွေထက်ကိုပဲ နည်းနည်းပိုမြန်ချင်နေသေးတာလည်း ဖြစ်ပါတယ်။ အခုကျွန်တော် ပြောနေတဲ့ ၂.၀ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေထက် အင်ဂျင်စနစ် ပိုကြီးတဲ့ မော်ဒယ်ခွဲတွေလည်းရှိသေးပြီး သူတို့ကတော့ လမ်းကြမ်းပိုင်းအတွက် ပိုပြီးအလေးထားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

308ရဲ့ အင်ဂျင်ကနေ ထုတ်လုပ်ပေးနိုင်မယ့် စွမ်းအင်ပမာဏကရုန်းအား ၁၉၉ပေါင်-ပေမှာ မြင်းကောင်ရေ ၁၁၄ ကောင်အား ဖြစ်ပြီးတော့ မိသားစုသုံးငါးယောက်စီး မော်ဒယ်အတွက်ကတော့ အနေတော်လောက်ပါပဲ။ Transmission အပိုင်းမှာကြည့်မယ်ဆိုရင် ဂီယာချက် ၆ ချက်ကို အသုံးပြုမောင်းနှင်နိုင်မယ့် Manual စနစ်ကို ထည့်သွင်းတပ်ဆင်ထားတာတွေ့ရပြီး ဆီစားနှုန်းအပိုင်းသက်သာစေနိုင်မယ့် စနစ်ဖြစ်ပေမယ့် ပြည်တွင်း မှာတော့ ဒီစနစ်က လူကြိုက်နည်းစေနိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတော့ တနာရီမိုင် ၆၀ နှုန်းကို အချိန် ၁၀.၁ စက္ကန့်ထိအောင် ယူမယ်ဆိုတဲ့ အနေအထားကတော့ တခြားအိမ်စီးမော်  ဒယ်တွေထက် နှေးနေတာပါ။

သုံးသပ်ချက် …

ကျွန်တော်တို့ အနေနဲ့ ဇိမ်ခံမော်ဒယ်တစီးကို ဆီတဂါလံ ဘယ်လောက်စီးရမယ်ဆိုရင် ကျေနပ်နိုင်ပါ့မလဲဗျာ၊ သေချာတာကတော့ အင်ဂျင် အရွယ်ကိုထည့်မတွက်ပဲ ဇိမ်ခံမော်ဒယ်ဆိုရင် ပျမ်းမျှ မိုင် ၂၀ ကျော်လောက် စီးရမယ်ဆိုရင် မဆိုးပါဘူး။ အခု V60 ကတော့ ဆီတဂါလံကို ပျမ်းမျှ ၃၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ် ဆိုတော့ ဟုတ်ပါပြီ၊ ကျွန်တော်တို့ ဒီတချက်ကို အမှတ်ပေးလိုက်ပါပြီနော်၊ နောက်တချက် ဘရိတ်ပိုင်း၊ မော်ဒယ်က အသက်ကယ်စနစ်စုံ၊ ကိုယ်ထည်ပိုင်းအကြမ်းခံနိုင်မှု ထိပ်တန်းအဆင့်နဲ့ ဘရိတ်ပိုင်း စွမ်းဆောင်ရည်က တနာရီမိုင် ၆၀ နှုန်းကနေရပ်တန့်မယ်ဆိုရင် ပေ ၁၁၀ ပဲ ယူမယ် ဆိုတာက အကောင်းဆုံးအနေအထားဖြစ်နေပြန်ပါတယ်။ ဟုတ်ပါပြီ၊ ကျွန်တော်တို့ 308 ကို တချက်လောက် ပြန်ကြည့်ရအောင်ပါ။ ဆီတဂါလံကို ပျမ်းမျှ ၄၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်ဆိုတဲ့ မော်ဒယ်က လုံခြုံစိတ်ချရမှုအပိုင်းမှာလည်း နိုင်ငံတကာကားစစ်ဆေးမှုအဖွဲ့တခု ဖြစ်တဲ့ Euro NCAP ရဲ့ အကြမ်းခံမှု ဆိုင်ရာစစ်ဆေးချက်မှာ ကြယ်ငါး ပွင့်လုံးအပြည့်ရထားတာတချက်ကတော့ အားရစရာပါ။ ဒါဆိုရင်တော့ ဟုတ်ပါပြီ၊ V60 က ဈေးမြင့်မယ်၊ ဇိမ်ခံတန်းဝင်မယ်၊ 308 က ဈေးချိုမယ်၊ ပုံမှန် အိမ်စီးမော်ဒယ်လောက်ပဲ ဖြစ်မယ်။ ဒါဆိုရင် အရည်အသွေး        ပိုင်းတွေမှာတော့ ထူးပြီးပြောစရာမရှိတော့ပါဘူး။ ကိုယ်တိုင်ပဲဇိမ်ခံလိုချင်သလား၊ ပုံမှန် လိုချင်သလားရွေး ချယ်ရတော့မှာပါနော်။



လင်းထက်(IA)


ပြည်တွင်းမှာလည်းလူကြိုက်များနေတဲ့ Warrior

Friday, November 6, 2015 0 comments




Pick-up Truck မော်ဒယ်လောကမှာတော့ အခု L200 အတွက် အဓိက ပြိုင်ဆိုင်စရာက ဒေသတွင်းကုမ္ပဏီ ဖြစ်တဲ့ Isuzu ရဲ့ မော်ဒယ်တွေပဲ ဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာတော့ L200 Series တွေက အသာရ လာတာတွေ့ရပါတယ်။ အထူးသဖြင့်တော့ လမ်းကြမ်းပိုင်း စွမ်းဆော်ရည် အထူးကောင်းမွန်လာမှုကြောင့်ပါပဲ။
ဒီနေ့ ကျနော် ပြောမယ့် L200ရဲ့ နောက်ဆက်တွဲမော်ဒယ်ခွဲတခုဖြစ်တဲ့ Warrior ကတော့ ဥရောပဈေးကွက် ထိအောင် ခြေဆန့်ဖို့နဲ့ အဆိုပါ ဈေးကွက်မှာ ပြိုင်ဖက် အများအပြားရှိနေတဲ့ အနေအထားမှာကိုပဲ ဈေးကွက် ခိုင်ခိုင်မာမာရရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ မော်ဒယ်အနေနဲ့ တခြားအပိုင်းတွေထက် အင်ဂျင်ပိုင်းမှာ စွမ်းဆောင်ရည် အထူးမြင့်မားကောင်းမွန်အောင် ဖန်တီးထားတာတွေ့ရပြီး ဒီမော်ဒယ်အနေနဲ့ ဈေးနှုန်းပိုင်း မှာလည်း ပြိုင်ဖက် မော်ဒယ်တွေထက် ချိုသာအောင် သတ်မှတ်ရောင်းချလာတာပါ။ ဟုတ်ပါပြီ၊ ကျနော်တို့ ပြည်တွင်းမှာလည်း L200 မော်ဒယ်တွေကို အများအပြားတွေ့နိုင် လက်ခံနေကြတာကြောင့် စိတ်ဝင်စားမယ် ဆိုရင် အခုWarriorကလည်း ပြည်တွင်းကို ရောက်လာနိုင်တာကြောင့် သူ့အကြောင်းနည်းနည်းလောက် လေ့လားထားကြရအောင်ပါနော်။

အားသာချက် …

မော်ဒယ်ရဲ့ အဓိကအားသာချက်ကတော့ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ကိုယ်ထည်ကြံ့ခိုင်မှု အားကောင်းတယ်၊ ယုံကြည့်စိတ်ချရမှု မြင့်မားတယ်၊ ၀န်တင်ဆောင်နိုင်မှု စိတ်ကြိုက်ဖြစ်မယ်၊ လမ်းစုံ ရုန်းကန် နိုင်မယ်၊ ဘရိတ်နဲ့ လက်ကိုင်ပိုင်းကလမ်းကြမ်းအနေအထားအတွက် အကောင်းဆုံး ဖြစ်တယ်၊ ပုံမှန် လမ်းကြောင်းအနေအထားနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေအတွက်တော့ ပုံမှန်လောက်ပါပဲ။ ထိုင်ခုံပိုင်းနဲ့ ခါးပတ်ပိုင်းထည့်သွင်းထားမှုက လမ်းကြမ်းအနေအထားလို ကိုယ်ထည်ပိုင်းမငြိမ်တဲ့ အခြေအနေမှာကိုပဲ အံကျနေစေမယ်၊ ငြိမ့်ညောင်းမှု ကောင်းတယ်၊ အတွင်းခန်း ကျယ်ဝန်းတယ်၊ DiubleCab အနေအထား ဖြစ်တာကြောင့် Single ထက်ရော Ext ထက်ပါ နောက်ဖက်ဝန်တင်ခန်း နည်းနည်းကျဉ်းသွားချင်တာမှန်ပေမယ့် မော်ဒယ်ကိုမျက်နှာစာအကျယ်မှာ ပြိုင်ဖက် မော်ဒယ်တွေထက် နည်းနည်းချဲ့ထားတာကြောင့် ၀န်တင်ဆောင်နိုင်မှုလည်း ကောင်းမွန်တာတွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ အားသာချက်ကတော့ ဆီစားနှုန်း ဖြစ်ပြီး အထူးကောင်းမွန် သက်သာလှပါတယ်။


အားနည်းချက် …

နောက်ဖက် ၀န်တင်ခန်း အပိုင်းမှာထည့်ထားတဲ့ တပ်ဆင် ပစ္စည်းတွေနဲ့ Plastic သားတွေကို စိတ်ကြိုက် မတွေ့မိပါဘူး။ ရေရှည်အတွက် အားနည်းချင်တယ်လို့ မြင်မိသလို သံနဲ့ ကုန်ကြမ်းလိုအရာတွေ အတင်များရင် ပျက်စီးလွယ်နိုင်တာတချက် ရှိပြီးတော့ ကိုယ့်လက်ထဲရောက်ချိန်မှာ အခင်းတခုခု ပြန်ထည့်ပြီးသုံးမှ  အဆင်ပြေမယ်လို့ ယူဆမိပါတယ်။ နောက်တချက်က မော်ဒယ်ရဲ့ အင်ဂျင်လည်ပတ်အားနည်းတာကြောင့် ဆီစားနှုန်းအပိုင်းမှာ ချိုသွားတာမှန်ပေမယ့် အမြန်ဆုံးမောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပြိုင်ဖက် မော်ဒယ် တွေထက် နောက်မှ ကျန်နေခဲ့တာပါ။ ဒါပေမယ့် လမ်းကြမ်းပိုင်းပဲသုံးမယ်၊ မြန်နှုန်းမြင့် မောင်းနှင်မှုတွေ မသုံးဘူးဆိုရင်တော့ စိတ်ကြိုက်တွေ့နိုင်ပါလိမ့်မယ်။


ကိုယ်ထည်ပိုင်း …

မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းမှာအထိုင်ကအစ နောက်ဆုံးကိုယ်ထည် အလွှာသားတွေထိအောင် သံမဏိဦးစားပေးပုံစံနဲ့ ဖြစ်ပါတယ်။ ဘရိတ်ပိုင်း စွမ်းဆောင်ရည် စိတ်ကြိုက် မတွေ့မိပေမယ့် ကိုယ်ထည်ပိုင်း စိတ်ချရမှုက ပြန်ကောင်းနေပါတယ်။ တံခါးလေးပေါက်စနစ် လူငါးယောက်စီးမော်ဒယ် ဖြစ်ပြီးတော့ နောက်ဖက် ထိုင်ခုံတန်းကို အိပ်စဉ် အနေနဲ့ အံဝင်အောင်လည်း ဖန်တီးထားတာတွေ့ရပါတယ်။ ကွေ့လမ်းပိုင်းနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေအတွက် လက်ကိုင်ပိုင်းအားမကောင်းလှပေမယ့် လက်ကိုင်ရဲ့ တည်ငြိမ်မှုကတော့ စိတ်ကြိုက် အနေအထားပါ။ ကီလို ၁၈၆၀ ထိအောင် လေးမှာဖြစ်ပြီးတော့ တင်ဆောင်နိုင်မယ့် ၀န်ကတော့ ပေါင် ၁၃၀၀ ထိအောင် ဖြစ်ပါတယ်။ ကိုယ်ထည်ကို လမ်းနဲ့ ၈လက်မခွဲနီးပါးထိအောင် မြှင့်တင် ဖန်တီးထားတာ တချက်ကလည်း လမ်းကြမ်းမောင်း မော်ဒယ်အတွက် စိတ်ကြိုက်ပါပဲ။

အင်ဂျင်ပိုင်း …

တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင်တော့ ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်ထဲမှာ အကြီးစားတန်းဝင် ဖြစ်တဲ့ ၂.၅လီတာသုံး Turbodiesel စနစ်ပါတဲ့ အင်ဂျင်စနစ်ကို တပ်ဆင်ထားတာတွေ့ရပြီး အဆိုပါ Turbo စနစ်ကမော်ဒယ်ကို ရုန်းအားအထူးကောင်းမွန်သွားစေတာပါ။ ဒါ့အပြင် မော်ဒယ်က ဒီဇယ်ဆီစနစ်နဲ့ ဖြစ်နေတဲ့ တချက်ကရေရှည်နဲ့ Pick-up Truck လိုမော်ဒယ်အတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။ အင်ဂျင်က အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၂၅၀၀ မှာ ရုန်းအားက ၃၁၇ ပေါင်-ပေရှိမှာ ဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၇၈ ကောင်အားပဲ ဖြစ်ပါတယ်။ ရုန်းအားများနေတဲ့ တချက်က မော်ဒယ်ကို လမ်းကြောင်းစုံ မောင်းနှင်ဖို့ အဆင်ပြေလာစေပေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှုအပိုင်းမှာတော့ အားနည်းသွားစေမှာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကလည်း တမိနစ် အပတ်ရေ ၃၅၀၀ ထိအောင်ပဲ ဖြစ်လို့ ဆီစားနည်းပေမယ့် အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်း လျော့သွားစေပြန်ပါတယ်နော်။

မောင်းနှင်နိုင်မှု … 

မော်ဒယ် အနေနဲ့ကတော့ လမ်းကြမ်းစီးမော်ဒယ်အနေနဲ့ ဖန်တီးထားတော့ Transmission ပိုင်းမှာက Manual စနစ်နဲ့ပဲ ဖန်တီးထားတာတွေ့ရပြီး ဂီယာချက် ၆ ချက်ကိုပဲ သုံးနိုင်မယ့် အနေအထားက အံကိုက်လောက်ပါပဲ။ မော်ဒယ်ရဲ့အမြန်နှုန်း မြှင့်တင်နိုင်မှုနှုန်းက တနာရီကီလိုမီတာတရာနှုန်းအတွက် အချိန် ၁၀. ၄ စက္ကန့် ထိအောင်ပဲ ယူမှာဖြစ်ပြီး ပြိုင်ဖက် မော်ဒယ်တွေနဲ့စာရင်တော့ နည်းနည်းကျန်ခဲ့ချင်ပါတယ်။ ဒါပေမယ့် တန်ကြေးနည်း မော်ဒယ်ချင်းအတူတူဆိုရင်တော့ မဆိုးလှပါဘူး၊ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းကတော့ တနာရီ ၁၁၁ မိုင်ထိအောင်ပဲဖြစ်ပြီး ဆီစားနှုန်းအပိုင်းကို ကြည့်မယ်ဆိုရင် ဆီတဂါလံကို ၄၂.၈ မိုင်ထိအောင် မောင်းနှင် နိုင်မယ့် အချက်ကတော့ လူတိုင်းနှစ်သက်ကြပါလိမ့်မယ်နော်။

သုံးသပ်ချက် …

ကျနော်တို့ အတွက် Warrior က ပုံမှန်လမ်းကြောင်းမောင်း မော်ဒယ်အနေနဲ့ဆိုရင် သက်တမ်းရှည် စီးနင်း နိုင်မယ်။ လမ်းကြမ်းစစ်စစ် သုံးမယ်ဆိုရင်တောင် သက်တမ်းစေ့နိုင်မယ့် မော်ဒယ်ပါ။ ဆီစားချိုတယ်၊ ဒီတော့ လက်ထဲမှာသုံးနေချိန်ထိအောင် ထွက်ပေါက်နည်းတာပေါ့။ ကနဦးဈေးနှုန်းကလည်း ချိုတယ်၊ တန်ကြေးသင့် မော်ဒယ်ဆိုတာထက်ကိုပဲ ဈေးချိုသေးတယ်၊ မော်ဒယ်ရဲ့ ယုံကြည်စိတ်ချရမှုက ကြယ်လေးပွင့်ထိအောင် ရမှတ် ရထားတယ်၊ မောင်းနှင်ရမှု အပိုင်းမှာ စိတ်ကြိုက်တွေ့မှုလည်း ကြယ်လေးပွင့်ရထားတယ်၊ ပြီးတော့ အခု Warrior က တခြား L200 မော်ဒယ်တွေထက် လက်ကိုင်ပိုင်းအားကောင်းလာတာလည်းဖြစ်ပြီး အခုမော်ဒယ်မှာ ကျနော် စိတ်ကြိုက် အဖြစ်ဆုံးကတော့ အင်ဂျင်ပိုင်း ဖြစ်ပြီးတော့ လမ်းကြမ်းမောင်း မော်ဒယ်တွေထဲက အကောင်းဆုံးမော်ဒယ်တခုလို့ ဆိုပါရစေ။


လင်းထက်(IA)


မော်ဒယ်မြင့် Alto တွေ စွမ်းဆောင်ရည်ကောင်းလာတယ်

Friday, October 30, 2015 0 comments


photo - autoexpress.com


ကျနော်တို့ ရန်ကုန်မှာတော့ Alto တွေကို အတွေ့ရဆုံးပုံစံကTaxi တွေအနေနဲ့ပါပဲနော်။ အိမ်စီးတွေအနေနဲ့ တွေ့ရပေမယ့် တော်တော်လေးကို ရှားပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ဘူးလေ။ မိသားစုငါးယောက်စီးအနေအထားလောက်ထိအောင် ဖန်တီးထားတာမှန်ပေမယ့် Alto က Air-con တွေ ထည့်လိုက်၊ ဖျော်ဖြေရေးစနစ်တွေပါ တိုးလိုက်တော့ သူ့မှာ တပ်ဆင်ထားတဲ့အင်ဂျင်လေးနဲ့ ဘယ်လိုလုပ် နိုင်တော့မှာလဲ။ ကျနော်တို့ မြန်မာလူမျိုးတွေကလည်း ခက်သားလားဗျ၊ ကားလေးတစ်းစီးဝယ်ပြီးပြီ ဆိုတာနဲ့ ရန်ကုန်မှာနေတယ်ဆိုရင်တောင် ရန်ကုန်မှာပဲသွားဖို့လာဖို့ သုံးရုံတင်မဟုတ်ပဲ၊ တခါတလေ ဘုရားဖူးလေး၊ အပန်းဖြေလေး ထွက်လိုက်ရင် ဒီကားနဲ့ပဲ သွားချင်တာကို၊ ဒီမှာ City အတွက်လောက်ပဲအဆင်ပြေတဲ့ အင်ဂျင် အသေးတပ် Alto ကအိမ်စီး မော်ဒယ်အနေနဲ့ အံမ၀င်တော့ဘူး။ ဒါနဲ့ ရန်ကုန်မှာပဲ အလုပ်ဖြစ်တဲ့ Taxi အနေနဲ့ Alto တွေဖြစ်နေရတော့တာပါ။ ဒါပေမယ့် အခုကျနော်ပြောမယ့် Alto လေးတွေကတော့ မော်ဒယ်မြင့်လေးတွေ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ဥရောပဈေးကွက်မှာတင် မော်ဒယ်ရဲ့ အောင်မြင်မှုနဲ့ အတူ ၂၀၂၀ မှာ ဥရောပတ၀ှမ်း ဓါတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီးသတ်မှတ်ချက်နဲ့ မညီတဲ့ မော်ဒယ်တွေကို တင်သွင်းခွင့်တွေ ပိတ်တော့မယ်လေ။ ဒီတော့ ဥရောပမှာ ကားသေးလေးတွေ အ၀ယ်လိုက်၊ လူကြိုက်နေသဗျ။ ဒါနဲ့ Suzuki က Swift ကို အဆင့်မြှင့်တင်၊ နောက် Alto ကိုပါ မြှင့်လာတယ်။ ဒါကြောင့် မော်ဒယ်မြင့် Alto တွေက ကောင်းလာတယ်၊ မြင့်လာတယ် ဆိုတဲ့ စကားလေးပြောချင်လို့ အထက်က စာလေးက စကားခံလိုက်တာပါနော်။ ပြည်တွင်းမှာတော့ အရမ်းမြင့်တဲ့ မော်ဒယ်တွေ မတွေ့ရသေးပေမယ့် ၂၀၁၀-၁၁ ခုနှစ်ဝန်းကျင်ထုတ် Alto တွေ အ၀င်များလာတာပါ။ အင်ဂျင်ပိုင်းကတော့ အရင်ကမော်ဒယ်တွေလိုပဲ ၆၆၀ စီစီအင်ဂျင်ကိုပဲတပ်ဆင်ထားသေးတာ ဖြစ်ပေမယ့် အင်ဂျင်ပိုင်းကစွမ်းဆောင်ရည် တော်တော်လေး တက်လာတာ တွေ့ရသလို ဆီစားနှုန်းပိုချိုလာပါတယ်။

ဈေးကွက်ဝင် မော်ဒယ်မြင့် Alto လေးတွေက ကီလို ၅သောင်း ၀န်းကျင်လောက် မောင်းနှင်ထားပြီး ဖြစ်တာကြောင့် သက်တမ်းအရ လေးချိုးတစ်ချိုးတော့ ကုန်နေပြီပေါ့ဗျာ။ ဒါပေမယ့် ဈေးနည်းနည်းလေးနဲ့ ရနိုင်မယ့် မော်ဒယ်မြင့်အတွက် သက်တမ်းသုံးချိုးတစ်ချိုးဆိုတာက နည်းတာမှ မဟုတ်တာ။ နောက်ပိုင်း Auto စနစ်တွေက ရှေ့ထွက် မော်ဒယ်လေးတွေထက် သွက်လာတယ်၊ ပျော့လာတယ်၊ မောင်းနှင်ရတာ ကောင်းလာတယ်၊ တော်တော်တန်တန် ခရီးဝေး စွမ်းဆောင်ရည်ပါ ပြလာနိုင်တယ်၊ ဒါပေမယ့် ခရီးဝေး မောင်းရင်တော့ Air-con မဖွင့်နဲ့ပေါ့ဗျာ။ အရောင်ပိုင်းကတော့ အရင်လိုပါပဲအဖြူတွေပဲအတွေ့ရများပါတယ်။ အတွင်းခန်းပိုင်း ထူးခြားမလာပေမယ့် ထိုင်ခုံပိုင်းလေးတွေတော့ အရင်ကထက် ပိုကောင်းလာတဲ့ Alto တွေကဈေးနှုန်းအရ ၈၅သိန်း လောက်ထိအောင် ခေါ်နေတာမှန်ပေမယ့် ကျနော်ကတော့ ၈၀ လောက်ပဲ အလွန်ဆုံးသင့်တယ်လို့ မြင်မိနေတာပါ။


လင်းထက်(IA)


Honda ရဲ့ ရောင်းအားအကောင်းဆုံးမော်ဒယ်တခု ဖြစ်တဲ့ Insight …

Tuesday, October 27, 2015 0 comments


photo- autoexpress.com

ပြည်တွင်းဈေးကွက်မှာတော့ Honda ဆိုတာ ဒုတိယလူကြိုက်အများဆုံးအမှတ်တံဆိပ် တခုလို့ဆိုနိုင်မယ့် အနေအထားဖြစ်ပြီးတော့ Toyota ပြီးရင် လူစီးအများဆုံးလောက်ပါပဲ။ Honda Fit လိုမော်ဒယ်တွေက ရန်ကုန်လိုနေရာမှာတင်မဟုတ်ပဲ နယ်ဘက်တွေထိအောင်ပါ လူကြိုက်များသလို Honda Civic တွေ ဆိုရင် လည်းအခု နှစ်နှစ်အတွင်းမှာ လူကြိုက်အများဆုံး တန်းဝင်တွေဖြစ်လာပါတယ်။ Insight ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပြီး ဈေးကွက်မှာလည်း နေရာရခဲ့ပေမယ့် အခု နောက်ပိုင်း ကာလမှာတော့ လူကြိုက်နည်းချင်လာသလိုပါ။ ဒါပေမယ့် ရောင်းအားအကောင်းဆုံး မော်ဒယ်အနေနဲ့လည်း ရပ်တည်နိုင်ခဲ့သေးသလို အခုချိန်မှာလည်း အစီးရေပေါင်းများစွာ ပြည်တွင်းမှာရှိနေတာကြောင့် Insight တွေ နေရာတကာမှာ မြင်တွေ့နေရဆဲပါ။ အခုတပတ်မှာတော့ ကျနော်က လူကြိုက်များ Insight ရဲ့ သိကောင်း စရာလေးတွေ တချို့ကို ဗဟုသုတအနေနဲ့ ပြောပြပြီး မှတ်သားစရာလေးတွေ ပေးချင်ပါတယ်နော်။

Insightဆိုတာ …

အရင်ဆုံး ကျနော်ကမော်ဒယ်ရဲ့ သမိုင်းကြောင်းအကျဉ်းလေးကို ပြောပြချင်ပါတယ်။ ဂျပန် အခြေစိုက် Honda ရဲ့ ထုတ်လုပ်ဖန်တီးမှုဖြစ်ပြီးတော့ မော်ဒယ်က ထုတ်လုပ်မှုအပိုင်းမှာ ထူးခြားချက်လေးတွေ ရှိနေတာပါ၊ အဲဒါက ဘာလဲဆိုတော့ မော်ဒယ်ကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ပထမအ    ကြိမ် ထုတ်လုပ်မှုကို ၂၀၀၆ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တာကြောင့်ပါ၊ ဒါပေမယ့် မော်ဒယ်က ဒုတိယအကြိမ် ပြန်လည်ထုတ်လုပ်မှုကို ၂၀၀၈ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်မှု   ပြန်လည်ရပ်နားခဲ့ပြန်တာပါ။ ဒီလိုမျိုးမော်ဒယ်ကို ထုတ်လုပ်မှုရပ်နားခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်းဆိုတာ မော်ဒယ်တိုင်းမှာ ဖြစ်လေ့မရှိတဲ့ ဖြစ်ရပ်မို့ ထူးခြားခြင်းပါပဲနော်။ ဒါ့အပြင် ပထမအကြိမ် ရပ်နားပြီး ပြန်လည်ထုတ်လုပ်ခဲ့တာကြောင့် Honda အနေနဲ့ မော်ဒယ်ကို လာမယ့်နှစ်တွေမှာ ပြန်လည်ထုတ်လုပ်လာနိုင်တယ်လို့လည်း သုံးသပ်မိပါတယ်နော်။ ဂျပန်နိုင်ငံ၊ ဆူဇူကာမှာပဲ မော်ဒယ်တွေကို အများဆုံးတပ်ဆင်ထုတ်လုပ်တာ တွေ့ရပြီး ပထမမျိုးဆက်လို့ ခေါ်နိုင်မယ့် ပထမအကြိမ် ထုတ်လုပ်မှု မရပ်နားခင်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေက Subcompact တန်းဝင်လို့ ဆိုနိုင်မယ့် အရွယ်တော် အသေးစားမော်ဒယ်တွေဖြစ်ပြီး   နောက်ပိုင်းပြန်လည်ထုတ်လုပ်လာချိန်မှာတော့ Compact တန်းဝင် အရွယ်တော် အနေအထားဖြစ်အောင် ကိုယ်ထည်ပိုင်းကို ပိုမို ကြီးမား အောင် ထုတ်လုပ်လာခဲ့ပါတယ်။ ပြီးတော့ Insight အနေနဲ့က Hybrid မော်ဒယ်အနေနဲ့ အလေးပေးပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့ Integrated Motor Assist နည်းပညာကိုသုံးပြီး ပထမဆုံးထုတ်လုပ်ခဲ့တဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။



ပထမမျိုးဆက် …

၁၉၉၉ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီးမော်ဒယ်နှစ် ၂၀၀၀ အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ပထမမျိုးဆက်လို့ သတ်မှတ်ပါတယ်။ သူတို့က ၂၀၀၆ ခုနှစ် စက်တင်ဘာလထိအောင် ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်ရဲ့ ထူးခြားချက်ကတော့ တံခါးပေါက် သုံးပေါက်စနစ် Hatchback အနေနဲ့ ပွဲထွက်လာတာ ဖြစ်သလို ခရီးသည် ၂ယောက်ပဲ လိုက်ပါစီးနင်းနိုင်တာ ဖြစ်ပါတယ်။ အနေတော် အသေးစား တန်းဝင် Hatchback မော်ဒယ်ဖြစ်ပြီးတော့ အင်ဂျင်စနစ်က တမျိုးတည်းကိုပဲ တပ်ဆင် ထုတ်လုပ်ခဲ့တာတွေ့ရပြီး ၁.၀လီတာသုံး ECA1 I3 အင်ဂျင်စနစ်ပဲ ဖြစ်ပါတယ်။

Hybrid အနေနဲ့ ထုတ်လုပ်ထားတာကြောင့် တွဲဖက် ဘက်ထရီစနစ်ပါရှိပြီး အဆိုပါစနစ်မှာတော့ ၁၄၄ ဗို့ စွမ်းအားရှိဘက်ထရီကို ထည့်သွင်းထားသလို အဆိုပါ ဘက်ထရီက မြင်းကောင်ရေ ၁၃ ကောင်အား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးထုတ်လုပ်တဲ့ မော်ဒယ်မှာတော့ ဂီယာချက် ၅ ချက်ကို Manual စနစ်နဲ့ပဲမောင်းနှင်နိုင်အောင် ထုတ်လုပ်ခဲ့ပေမယ့် ၂၀၀၁ ခုနှစ် မော်ဒယ်ကနေစတင်ပြီးတော့ CVT စနစ်ကိုပြောင်းလဲထည့်သွင်းခဲ့တာပါ။ ပထမ မျိုးဆက်မှာ မော်ဒယ်ရဲ့ အတိုင်းအတာက အလျား ၁၅၅.၃ လက်မ၊ မျက်နှာစာအကျယ် ၆၆.၇ လက်မနဲ့ အမြင့် ၅၃.၃လက်မရှိပြီး Manual မော်ဒယ်တွေမှာတော့ အလေးချိန် ၁၈၄၇ ပေါင်ပဲ ရှိပေမယ့် CVTစနစ်နဲ့ မော်ဒယ်တွေကတော့ ၁၉၆၄ ပေါင်ထိအောင်လေးပါတယ်။ ပထမမျိုးဆက်ရဲ့ နောက်ဆက်တွဲအောင်မြင်မှုအနေနဲ့တော့ သူ့ရဲ့အထိုင်ကို ကြည့်ပြီးထုတ်လုပ်ခဲ့တဲ့ ဒုတိယမျိုးဆက် Insight ထွက်လာသလို နာမည်ကြီး CR-Z မော်ဒယ်လည်း ထွက်ရှိလာခဲ့တာပါ။ Toyota Prius ကိုဈေးကွက်ပြိုင်ဆိုင်ဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်သလို မြောက်အမေရိက ဈေးကွက်မှာဆိုရင် Prius ဈေးကွက်ဝင်ပြီး ၇လ အကြာမှာ ချက်ချင်းဈေးကွက်တင်နိုင်ခဲ့တာပါ။ ပြီးတော့ မော်ဒယ်ကို အမေရိကဈေးကွက်မှာလည်း ဆီစားနှုန်းနည်းပါးတာကြောင့် လူသိများခဲ့ပြီး အမေရိကန်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ သတ်မှတ်စစ်ဆေးချက်တွေအရ ပထမမျိုးဆက်က အဝေးပြေးလမ်းကြောင်းမှာ ဆီတဂါလံကို ၆၁ မိုင်နဲ့ မြို့တွင်း၊ မြို့ပြင် အနေအထားမှာ ၅၃ မိုင်လောက်ထိအောင် စီးနင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယမျိုးဆက် …

၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်မှုရပ်နားခဲ့တဲ့ Insight ကတော့ ၂၀၀၉ခုနှစ်မှာ ပြန်လည် ပြင်ဆင်ထွက်ရှိလာပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ ဂျပန်ဈေးကွက်နဲ့ မတ် ၂၄ရက်မှာ အမေရိကန်ဈေးကွက်တွေကို ပြန်လည် မိတ်ဆက်ခဲ့တာဖြစ်သလို ကနဦးဈေးနှုန်းကဒေါ်လာ ၁၉၈၀၀ပဲ ဖြစ်လို့ အမေရိကန် ဈေးကွက်မှာ ဈေးအချိုဆုံး Hybrid ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာလည်း ဈေးနှုန်းကို ဒေါ်လာ ၁၈၂၀၀ ထိအောင် လျော့ချခဲ့လို ဈေးအချိုဆုံးမော်ဒယ်အနေနဲ့ ဆက်လက်ရပ်တည်နိုင်နေခဲ့သလို အင်္ဂလန် ဈေးကွက်မှာလည်း ၂၀၀၉ ခုနှစ်က တည်းက ပေါင် ၁၅၄၉၀ နဲ့ ရောင်းချခဲ့တာကြောင့် တခြား Hybrid မော်ဒယ်တွေထက် ပေါင် ၂၀၀၀   လောက် ဈေးချိုခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်အနေနဲ့ ၂၀၁၀ ခုနှစ်ကနေ ပြန်လည်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ထိအောင်ထုတ်လုပ်ခဲ့ပါတယ်။ အနေတော် အရွယ်အစား တန်းဝင်အောင် ထုတ်လုပ်လာခဲ့ပြီး ပထမမျိုးဆက်ရဲ့ အဓိကအားနည်းချက်တချက်ဖြစ်တဲ့ ခရီးသည် လိုက်ပါနိုင်မှု အပိုင်းကို မြှင့်လိုက်ပြီးခရီးသည် ငါးယောက် ထိအောင် လိုက်ပါနိုင်မယ့် တံခါးငါးပေါက်စနစ် Hatchback အနေနဲ့ ထုတ်လုပ်ခဲ့တာပါ။ Honda Jazz, City, CR-Z နဲ့ Freed မော်ဒယ်တွေနဲ့ တည်ဆောက်ပုံအထိုင်ချင်းဆင်တူပြီးတော့ ကိုယ်ထည်ပိုင်းမှာပါ ကြီးမား လာတာကြောင့် အင်ဂျင်စနစ်လည်းအနည်းငယ် ကြီးမားထုတ်လုပ်ခဲ့တာ တွေ့နိုင်သလို ၁.၃ လီတာသုံးတွေ အဖြစ်နဲ့ ဈေးကွက်ဝင်လာပါတယ်။ ဒီအင်ဂျင်စနစ်က မြင်းကောင်ရေ ၉၈ ကောင်အား ထုတ်လုပ် ပေးနိုင်ပြီး တွဲဖက်လျှပ်စစ်မော်တာကတော့ မြင်းကောင်ရေ ၁၃ကောင်အား ထုတ်လုပ်ပေးမှာပါ။ CVTစနစ်နဲ့ပဲ ထုတ်လုပ်တော့တာတွေ့နိုင်ပြီးကိုယ်ထည်က အလျား ၁၇၃လက်မ၊ မျက်နှာစာ ၆၆.၇ လက်မနဲ့ အမြင့်က ၅၆.၁လက်မတွေထိအောင် ကြီးမားလာသလို အလေးချိန်ကလည်း ၂၇၂၇ပေါင် လေးလာခဲ့ပါတယ်။ ဒုတိယမျိုးဆက်ရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ ဂျပန်မှာပဲ ဖြန့်ဖြူးရောင်းချတဲ့ Grace မော်ဒယ်     ထွက်ရှိလာခဲ့သေးတာ ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် Insight ကို ကမ္ဘာတလွှားမှာ အစီးရေ ၁၄၃၀၁၅ စီး ထိအောင် ရောင်းချနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ Honda ကနေ Insight ကိုဆက်လက်   ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း တရားဝင်ကြေငြာခဲ့တာပါ။ ဒါကလည်း ဥရောပဈေးကွက်ဘက်မှာ ရောင်းအားကျဆင်း မှုကြောင့် ဖြစ်ပြီး Honda ကတော့ Hybrid မော်ဒယ်တွေနဲ့ ပတ်သက်ပြီးထုတ်လုပ်မှုတွေ ဆက်လက် လုပ်ဆောင်ဦးမှာ ဖြစ်တယ်လို့ဆိုတာကြောင့် မကြာခင်မှာ တကျော့ပြန် Insight ကို မြင်တွေ့နိုင်ဖို့လည်း မျှော်လင့်နေရတာ ဖြစ်ပါတယ်။



ဆုရရှိမှု …

မော်ဒယ်ရဲ့ ပထမမျိုးဆက်မှာတော့ ၂၀၀၀ ခုနှစ်အတွက် အကောင်းဆုံးတနှစ်စာ အင်ဂျင်ဖန်တီးမှု အကောင်းဆုံးဆုကို ရရှိခဲ့သလို အဲဒီနှစ်မှာပဲ အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့က ပေးအပ်တဲ့ပတ်ဝန်းကျင် ကာကွယ်မှုပေးနိုင်တဲ့ မော်ဒယ်ဆုကိုလည်း ရရှိခဲ့တာပါ။ နောက်ပြီး အမေရိကန် စက်သုံးဆီအသုံးပြုမှုဆိုင်ရာအဖွဲ့အစည်းရဲ့ ဆီစားနည်းပါးမှု မှတ်တမ်းဝင်မှု အပိုင်းမှာလည်း ၂၀၀၀၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှ ထိပ်တန်း စာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ရဲ့ မြောက်အမေရိကတိုက် အကောင်းဆုံးကားအဖြစ်လည်းသတ်မှတ်ခံရသလို ၂၀၀၁ခုနှစ်မှာဆီစားအနည်းဆုံးမော်ဒယ် အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒုတိယမျိုးဆက်မှာက ၂၀၀၉ ခုနှစ် မော်ဒယ်ကို ဒီဇိုင်းပိုင်း အကောင်းဆုံး မော်ဒယ်အဖြစ်နဲ့လည်းကောင်း၊ ၂၀၁၀ ခုနှစ် EX မော်ဒယ်က လုံခြုံစိတ်ချရမှု အမြင့်ဆုံးမော်ဒယ် အနေနဲ့ လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှာပဲဓါတ်ငွေ့ ထုတ်လွှတ်မှုအနည်းဆုံး ထိပ်တန်း ဆယ်စီးစာရင်းဝင်အနေနဲ့ လည်းကောင်း၊  အမေရိကန်အခြေစိုက် စက်သုံးဆီအသုံးပြုမှုဆိုင်ရာ အဖွဲ့အစည်းရဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးမော်ဒယ်အဖြစ် ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် မော်ဒယ်ကတော့   ဈေးနှုန်းအသက်သာဆုံးနဲ့ ပိုင်ဆိုင်ဖို့ အထိုက်တန်ဆုံးမော်ဒယ်အနေနဲ့လည်းသတ်မှတ်ခံခဲ့ရတာတွေ ဖြစ်ပါ တယ်။

သိကောင်းစရာတချို့ …

လူကြိုက်များ ဒုတိယမျိုးဆက်မှာ မော်ဒယ်ရဲ့ ဆီစားနှုန်းအပိုင်း သိသိသာသာ ကောင်းမွန်လာတာ တွေ့နိုင်ပြီး အမေရိကန် EPA ရဲ့ စစ်ဆေးချက်အရ ၂၀၀၉ ခုနှစ် မော်ဒယ်တွေမှာ ဆီတဂါလံကို ပျမ်းမျှ မိုင် ၄၀ လောက်ထိ အောင် စီးနင်းနိုင်ပြီး ၂၀၁၂ ခုနှစ် မော်ဒယ်အရောက်မှာတော့ ၄၄ မိုင်လောက်ထိအောင် ဖြစ်လာပါတယ်။ အင်္ဂလန်ဈေးကွက်အတွက် တင်ပို့ရောင်းချတဲ့ မော်ဒယ်တွေမှာတော့ ဆီစားနှုန်းပိုမိုချိုသာတာတွေ့ရပြီးပျမ်းမျှ ၆၁.၄ မိုင်လောက်ထိအောင် စီးနင်းနိုင်တာလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း အဓိကပြိုင်ဖက် Toyota Prius နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အမြန်နှုန်း မြှင့်တင်နိုင်မှုအပိုင်းမှာ Insight က မိုင် ၆၀နှုန်းအတွက် အချိန် ၁၀.၃ စက္ကန့် (Prius-၁၀စက္ကန့်) ဖြစ်ပါတယ်။ ခရီးဝေးမောင်းနှင်မှု မိုင် ၆၀၀ အတွက် Insight က ဆီစားနှုန်း ပျမ်းမျှတဂါလံ ၃၈မိုင်နှုန်းမှာ Prius က ၄၂ မိုင်ထိအောင် ရခဲ့ပါတယ်။ ကားရဲ့ အကြမ်းခံနိုင်မှုနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာစစ်ဆေးချက်တွေမှာတော့ ရှေ့ဖက်ပိုင်းအကြမ်းခံနိုင်မှု ကောင်းမွန်စိတ်ချရခြင်း၊ ဘေးဘက်ဆိုင်ရာစိတ်ချယုံကြည်ရမှု ကောင်းမွန်ခြင်းနဲ့အတူ ကားတစီးလုံးဆိုင်ရာ စစ်ဆေးမှုမှာ ဥရောပ NCAP ရဲ့ မှတ်ချက်မှာ ကြယ်ငါးပွင့်ထိအောင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။



လင်းထက်(IA)


Insight ပုံစံနဲ့ ပွဲထွက်လာတဲ့ Honda Civic Type R

Wednesday, October 14, 2015 0 comments


photo-autocar.com

ကျနော်တို့ ပြည်တွင်းမှာဆိုရင် လမ်းကြောင်းနေရာတော်တော်များများမှာ Honda Civic တွေကို မြင်နိုင်၊ တွေ့နိုင်ပေမယ့် သေချာတာကတော့ Hatchback ပုံစံCivic ကတော့ ရှိဖို့မလွယ်ပါဘူး။ တကယ်လို့ Hatchback အနေနဲ့ဆိုရင်တော့ Fastback တန်းဝင် တည်ဆောက်ပုံချင်းဆင်တဲ့ Honda Insight တွေပဲများတာပေါ့နော်။ ဒီမှာ Honda ကနေ ထူးခြားတဲ့ ဖန်တီးမှုတခုခုလုပ်ဆောင်ပြီး မော်ဒယ်သစ် တခုမျိုး ဖန်တီးလာတာကို တွေ့ရတယ်လေ။ ဘယ်လိုမျိုးလဲဆိုတော့ Civic ရဲ့ လက်ရှိစွမ်းဆောင်ရည်ထက် ပိုမိုကောင်း    မွန်အောင် Type R တန်းဝင်အောင် မော်ဒယ်ကိုဖန်တီးတယ်၊ ဒါပေမယ့် ကိုယ်ထည်ပိုင်း တည်ဆောက်မှုမှာတော့ Insight လိုပဲ Hatchback တန်းဝင်အောင် ဖန်တီးလာတာမျိုးပါ။ မော်ဒယ်ကို ပုံမှန်လမ်းကြောင်းမှာ  မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုအပြင် လမ်းကြောင်းစုံမောင်းနှင်နိုင်အောင် ဖန်တီးထားတာတချက်ကတော့  သဘောကျစရာပါ။ ပတ်လမ်းမှာလည်း ဖြစ်တယ်၊ လမ်းကြမ်းလည်းသင့်တယ်၊ ပုံမှန်လမ်းမှာလည်း ကွက်တိပါပဲ။ ဒါပေမယ့် Sport မော်ဒယ် မဟုတ်လို့ ပတ်လမ်းမှာတော့ ဆရာမကျပါဘူး။ ဒါပေမယ့် ပတ်လမ်းပိုင်း စွမ်းဆောင်ရည်ကလည်း တော်တော်လေး သဘောကျစရာပါ။ ဟုတ်ပါပြီ၊ ကျနော်တို့ Type R အကြောင်း ဆက်  ကြည့်ရအောင်ပါနော်။

အားသာချက်

မော်ဒယ်ရဲ့ အားသာချက်က စွမ်းဆောင်ရည် အထူးမြင့်မားအောင် ဖန်တီးထားနိုင်မှုပဲ ဖြစ်ပါတယ်။ ဇိမ်ခံတန်းဝင် မော်ဒယ်တွေအတွက်လောက်ပဲ မြင်းကောင်ရေ ၃၀၀အားလောက်ထိအောင် စွမ်းဆောင်ရည် မြှင့်ထားတတ်တဲ့ အနေအထားမှာ မော်ဒယ်က မြင်းကောင်ရေ ၃၀၆ကောင်အားထိအောင် အသုံးပြု မောင်းနှင်နိုင်အောင် ဖန်တီးထားတာတွေ့ရပါတယ်။ နောက်တချက်ကတော့ Chassis ပိုင်းအထိုင်ကျမှု ဖြစ်ပါတယ်၊ ပုံမှန် အိမ်စီးမော်ဒယ်ကနေ အင်ဂျင်ပိုင်းစွမ်းရည်မြင့် တပ်ဆင်လိုက်ပေမယ့် မော်ဒယ်ကို လမ်းကြောင်းပိုင်းတည်ငြိမ်မှု အပြည့်ရှိအောင် ခံထားပေးတဲ့ အထိုင်စနစ်ကို အကောင်းဆုံးဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ တချက်ကတော့ လေခွင်းစနစ်ဖြစ်ပြီး မြန်နှုန်းမြှင့်တင်မှုအတွက်တင် မဟုတ်ပဲ မြေဆွဲအားလျော့နည်းစေမှုအတွက်ပါ ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ်။


အားနည်းချက် …

မော်ဒယ်အနေနဲ့ လက်ကိုင်ပိုင်းမှာ ဒီလောက်ကြီးစိတ်ကြိုက် မတွေ့မိတဲ့ တချက်က မြန်နှုန်းမြင့် မော်ဒယ် တခုခုအတွက် သိပ်မဟုတ်လှတဲ့ အချက်ပါ။ လေးချင်တာလည်းမဟုတ်ပါဘူး၊ လားရာစိတ်ကြိုက် ပြောင်းလဲ မောင်းနှင်နိုင်မှု မရှိတာလည်း မဟုတ်ပဲ မောင်းနှင်နေရသူအနေနဲ့ စိတ်ကျေနပ်မှုအပြည့် မပေးနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ +R Mode ကိုထည့်သွင်းထားတာတွေ့ရပေမယ့် အဆိုပါစနစ်နဲ့ မောင်းနှင် တဲ့ အချိန်မှာ မော်ဒယ်ကသိသာတဲ့၊ ကွဲပြားတဲ့ စွမ်းဆောင်ရည် ပြသနိုင်ရမှာ ဖြစ်ပေမယ့် ဒီလောက်   ကြီး ကောင်းမလာတာ တချက်ကိုတော့ မကြိုက်မိပြန်ပါဘူး။

ထူးခြားလာမှု …

မော်ဒယ်ရဲ့ အတွင်းခန်းမှာ Honda ရဲ့ နောက်ဆုံးဖျော်ဖြေရေးနဲ့ အချက်အလက်ပြစနစ် i-MID စနစ်ကို ထည့်သွင်းထားတာတွေ့ရပြီး သူကလက်ရှိ Civic မော်ဒယ်တွေက စနစ်ထက် ပိုမြန်သလို ပိုကောင်းပါတယ်။  နောက်တခုက Timer စနစ်ကိုထည့်ထားပြီး ပတ်လမ်းမောင်းနှင်ချိန်အတွက်ရောတခု နာရီမိုင် ၆၀နှုန်း မြှင့်တင်မှု အတွက်ပါ အချိန်တွေကို မှတ်ထားပေးနိုင်တာဖြစ်ပါတယ်။ ပြီးတော့ ထိုင်ခုံပိုင်းမှာ ထည့်သွင်း       တည်ဆောက်ထားမှုမှာ Sport ထိုင်ခုံစနစ်တွေကို ထည့်ထားတာတွေ့ရပြီး မောင်းနှင်ရမှုအတွက်ရော လိုက်ပါ စီး နင်းရမှုအတွက်ပါ အဆင်ပြေစေပါတယ်၊ ဒါပေမယ့် ထိုင်ခုံဘောင်တွေ နည်းနည်းထူချင်နေတာတချက် ကတော့ အမြင်ပိုင်းဆိုးချင်သလိုပါ။ နောက်ဖက် Exhaust စနစ်ကို နှစ်ပေါက်စနစ်နဲ့ ဖန်တီးထားပြီး အင်ဂျင်သံတည်ငြိမ်မှု ပိုကောင်းအောင် လုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး VTEC အင်ဂျင်စနစ်ကို တပ်ဆင်ထားတာတွေ့ရပြီး ဓါတ်ဆီစနစ်နဲ့ဖြစ်ကာ လေးလုံးထိုးတန်းဝင် ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အားတခု မိနစ်အပတ်ရေ ၂၅၀၀-၄၅၀၀မှာ ရုန်းအား ၂၉၅ ပေါင်-ပေထိအောင် ရှိမှာ ဖြစ်ပြီးစွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၆ ကောင်အား ထိအောင်ရှိနေတာပါ။ အင်ဂျင်က တမိနစ် အတွက် အမြင့်ဆုံးအပတ်ရေ ၆၅၀၀ ထိအောင် လည်ပတ်နိုင်မှာဖြစ်ပေမယ့် တကယ်တမ်း မောင်းမယ် ဆိုရင် တော့ အပတ်ရေ ၇၀၀၀ အရောက်မှာ မီးနီကို ရောက်ပါလိမ့်မယ်။ ကားရဲ့အလေးချိန် တတန်အတွက် စွမ်းအင် သက်ရောက်မှုက မြင်းကောင်ရေ ၂၂၂ ကောင်အား ဆိုတာကတော့ သူ့နဲ့ ဈေးနှုန်းတူ မော်ဒယ်တွေထဲမှာ မရှိ   သလောက်ရှားတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်နေပါတယ်။



စွမ်းဆောင်ရည် …

မော်ဒယ်အနေနဲ့က ဂီယာချက် ၆ချက်ကို သုံးပြီး Manual စနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ကာ တကယ်တမ်းဆိုရင်တော့ ဂီယာချက် ၇ ချက်လောက်ထိအောင် သုံးနိုင်သင့်တယ်လို့ထင်မိပါတယ်။ ဒါပေမယ့် Manual အတွက်တော့ အခုလောက် ဂီယာချက်က အဆင်ပြေပေမယ့် Auto နဲ့ဆိုရင်တော့ အခုထက်များဖို့ ကောင်းပါလိမ့်မယ်။ ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်တာကြောင့် မြန်နှုန်းမြှင့်တင်နိုင်မှုအပိုင်းမှာ သင့်ပေမယ့် လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုအတွက်တော့ နောက်ဘီးယက်စနစ်နဲ့ဆိုရင် ပိုပြီးကောင်းမယ်လို့ ထင်မိပါတယ်။ မော်ဒယ်ရဲ့ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုကတော့ တနာရီမိုင် ၆၀နှုန်းအတွက် အချိန် ၅.၅ စက္ကန့်ပဲ ဖြစ်ပြီး တနာရီမိုင် ၁၄၀နှုန်းအတွက်ဆိုရင် အချိန် ၃၀.၃ စက္ကန့်တည်းနဲ့ ရောက်ရှိမှာဖြစ်လို့ အရမ်းကိုကောင်းတဲ့ စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။

သိထားသင့်တာလေးတွေ …

မော်ဒယ်အနေနဲ့ အင်ဂျင်စနစ် အလယ်အလတ်ဖြစ်ပေမယ့် Turbo စနစ်ထည့်ထားတာကြောင့် စွမ်းဆောင်ရည် ကောင်းမွန်တာဖြစ်ပြီး ရှေ့ဘီးယက်စနစ်လည်းဖြစ်၊ Manual လည်းဖြစ်၊ လည်ပတ်အားလည်းနည်းတာကြောင့် ဆီစားလည်းမဆိုးတာ တွေ့ရပါတယ်။ ပျမ်းမျှအနေနဲ့ ဆီတဂါလံကို ၃၁.၈ မိုင်ထိအောင် စမ်းသပ် မောင်းနှင်မှုမှာ တွေ့ရပြီးတော့ Honda ကတော့ ၃၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်လို့ ဆိုထားတာပါ။ Suspension စနစ်မှာမော်ဒယ်ကို လမ်းကြမ်းဒဏ် ပိုပြီးခံနိုင်အောင် ဖန်တီးထားတဲ့အနေနဲ့ MacPherson ကို Dual အနေနဲ့ ထိုင်ထားတာတွေ့ရသလို Anti-Roll Bar တွေလည်းထိုင်ထားပါတယ်။ လုံ ခြုံစိတ်ချရမှုအတွက်ကတော့ အရွယ်ရောက် ခရီးသည်တွေအတွက် ၉၄ ရာခိုင်နှုန်း၊ ကလေးငယ်တွေအတွက် ၈၃ ရာခိုင်နှုန်း၊ သက်ကြီးပိုင်းတွေအတွက် ၆၉ ရာခိုင်နှုန်းနဲ့ အကူစနစ်တွေရဲ့စိတ်ချရမှု  ၈၆ ရာခိုင်နှုန်းရှိတာတွေ့ရပြီး ကျနော်တို့ အတွက်တော့ ဈေးနည်းနည်းနဲ့ ရနိုင်မယ့် စွမ်းဆောင်ရည်မြင့် မော်ဒယ်တခုခု ဈေးကွက်ထဲရောက်လာတာ ကျေနပ်စရာ ဖြစ်နေပါပြီနော်။


လင်းထက်(IA)


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved