Showing posts with label စားသောက်ဆိုင်. Show all posts
Showing posts with label စားသောက်ဆိုင်. Show all posts

ချမ်းအေးတဲ့ ဒီဇင်ဘာမှာ စားစရာ “ရွှေလာ” ဟော့ပေါ့

Monday, December 28, 2015 0 comments




ဒီတပတ်မှာတော့ ခုလိုဆောင်းတွင်းကာလနဲ့ ကိုက်ညီတဲ့ အစားအစာဖြစ်သလို အရသာ ကောင်းမွန်တဲ့ ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။



အဲဒီဆိုင်ကတော့ “ရွှေလာ” ဟော့ပေါ့ဆိုင်ဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းအမှတ် ၂၅ (A1) မှာရှိပါတယ်။

ဆိုင်က အနည်းငယ်ကျဉ်းပေမယ့် သပ်ရပ်တဲ့ အပြင်အဆင်နဲ့ သန့်ရှင်းမှုလည်း ရှိတာကြောင့် နေ့လယ်စာစားဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ပြီးစကားပြောချင်တာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်တဆိုင် ဖြစ်မှာပါ။



“ရွှေလာ” ဟော့ပေါ့ဆိုင်မှာ စားသုံးသူတိုင်းအတွက် တယောက်စာ ဟော့ပေါ့ အရည်အိုးလေးတွေ စီစဉ်ပေးထားပါတယ်။ ဒီလိုတယောက်စာ အိုးလေးတွေထားပေးတဲ့အတွက် မိသားစုလိုက်ပဲဖြစ်ဖြစ်၊ တဦးချင်းပဲဖြစ်ြ ဖစ် ကိုယ်ကြိုက်နှစ်သက်ရာ အရသာကို စိတ်ကြိုက်ပြင်ဆင် စားသောက်လို့ အဆင်ပြေမှာပါ။



ဆိုင်မှာရရှိနိုင်တဲ့ မီနူးမှာပါဝင်တဲ့ အသားငါးအနေနဲ့ကတော့ အဆင့်မြင့် အမဲနှင်းပန်းအသား၊ အမဲခါးဆစ်သားစတဲ့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဆယ်လမွန်ငါးနဲ့ ဂုံးစတဲ့ ပင်လယ်စာမျိုးစုံကိုရရှိနိုင်မှာပါ။
လတ်လတ်ဆတ်ဆတ် အသီးအရွက်များအနေနဲ့ကတော့ မုန်ညင်းဖြူ၊ ပန်းပွင့်စိမ်း၊ ဆလပ်ရွက်၊ မုန်လာဥနီ၊  ကြာစွယ်၊ မှိုမျိုးစုံနဲ့ အသင့်စား CP အကင် အပါအဝင် ထမင်း၊ ကြာဇံ၊ ခေါက်ဆွဲနဲ့ အကြော်အလှော် တချို့လည်း ရရှိနိုင်တယ်လို့ သိရပါတယ်။

အသားငါး မီနူးဟင်းလျာတွေရဲ့ ဈေးနှုန်းကတော့ ၂၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ် ဝန်းကျင်ရှိပြီး အသီးအရွက်ဟင်းလျာတွေကတော့ ၈၀၀ ကျပ် ကနေ ၂၀၀၀ ကျပ်ခန့် ရှိတာကြောင့် ဈေးနှုန်းသင့်တင့်တယ်လို့ ဆိုရမှာပါ။



စားသုံးသူမှာယူမှုများတဲ့ ပင်လယ်စာနဲ့ အမဲသား၊ အသီးအရွက်မျိုးစုံပါဝင်တဲ့ ၁၅၀၀၀ ကျပ်တန် ဟော့ပေါ့ Set တပွဲကို မှာယူစားသောက်ဖြစ်ခဲ့ပါတယ်။

ဆိုင်ကျဉ်းသလို စားသုံးသူကများတော့ ဆိုင်တွင်းဆိုင်ပြင်မှာ ထိုင်စောင့်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်မှာတဲ့ဟင်းလျာကို လာရောက်ချပေးတဲ့အချိန်က ၁၅ မိနစ်ခန့်သာရှိတာမို့ စောင့်ရချိန် မကြာလှပါဘူး။



အမဲသား၊ ဝက်သားနဲ့  ပင်လယ်စာတို့ကို မြည်းစမ်းကြည့်တဲ့အခါမှာ လတ်ဆတ်တဲ့အသားရဲ့ အရသာကိုရရှိပြီး ဟင်းရည်ရဲ့ ပူစပ်စပ်အရသာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီဇင်ဘာရဲ့ အအေးဓာတ်တွေ ပျောက် ပြီး ချွေးစို့လာပါတယ်။ ဒါကြောင့် ပူစပ်စပ်အရသာရှိတဲ့ “ရွှေလာ”ဟော့ပေါ့ဟာ ခုလိုအေးမြတဲ့ရာသီဥတုနဲ့ သဟဇာတဖြစ်စေမှာပါ။

ဆော့စ်အချဉ်ကိုလည်း တို့ဖူးဆော့စ်၊ ရွှေလာဆော့စ်၊ မြန်မာအရသာဆော့စ် စသည်ဖြင့် ရရှိနိုင်ပြီး ငရုတ်သီး၊ မုန်လာဥဖြူ၊ နှမ်းဆီ၊ ကြက်သွန်မြိတ် နဲ့ နံနံပင် စတာတွေကိုလည်း သီးသန့် ချပေးထားတာကြောင့် ဆော့စ်ကို မိမိစိတ်ကြိုက်အရသာအတိုင်း လိုအပ်သလို စပ်ဟပ်စားသုံးနိုင်ပါတယ်။

ဟော့ပေါ့ဟင်းရည်ကိုတော့ အစပ်မစားနိုင်သူတွေအတွက် အစပ်မပါတဲ့ ပုံမှန်ဟင်းရည်ကို ရရှိနိုင်ပြီး အစပ်အရသာကိုမှ စားချင်ရင်တော့ ရှုးရှဲအရသာ ဖြစ်စေမယ့် ဟော့ပေါ့အရည်ကို စားပွဲထိုး ဝန်ထမ်းတွေကလာရောက်ချပေးမှာပါ။

သင့်တင့်တဲ့ဈေးနှုန်းရှိပြီး သပ်ရပ်တဲ့ ဆိုင်ကလေးဖြစ်တာကြောင့် စားသုံးသူတွေ စိတ်ကျေနပ်မှု ရမရသိရအောင် သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းချင်တာပါ။

တဦးချင်းစီ စားချင်သူတွေအတွက် ဘားပုံစံဖန်တီးပေးထားပြီး မိသားစုမိတ်ဆွေသူငယ်ချင်းများနဲ့ စားသုံးချင်သူတွေအတွက် လေးယောက်ဝိုင်းငါးယောက်ဝိုင်းများ စီစဉ်ထားပါတယ်။

ညနေပိုင်းရုံးဆင်းချိန်မှာတော့ ရုံးဆင်းမိတ်ဆွေများ၊ သင်တန်းမှအပြန်သူငယ်ချင်းများ၊ မိသားစုများနဲ့ လူများနေပြီး အပြင်မှာထိုင်စောင့်နေသူများပါ တွေ့ရပါတယ်။

ဆိုင်ဖွင့်လှစ်ခဲ့တာ ၁ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ရွှေလာဟော့ပေါ့ဆိုင်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမအနီးမှာတဆိုင်၊ မရမ်းကုန်းမြို့နယ် City Mart နဲ့ စမ်းချောင်းမြို့နယ်တို့မှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။



ရွှေလာဟော့ပေါ့ဆိုင် ရဲ့ VIP card ရှိတဲ့ စားသုံးသူတွေအတွက် ၁၀ ရာခိုင်နှုန်း discount ရရှိမှာဖြစ်ပါ တယ်။

အငွေ့ထောင်းထောင်းထနေတဲ့ ခပ်စပ်စပ်အရသာနဲ့ ရွှေလာဟော့ပေါ့ဆိုင် က ရှုးရှဲအရသာဟော့ပေါ့တပွဲကို စားသောက်ရင်းဒီဇင်ဘာရဲ့ ချမ်းအေးမှုကိုခံစားကြည့်ရအောင်ပါ။


ထက်ဦးဝေ



Sunday Brunch ဘူဖေးစားနိုင်တဲ့ “Peperoni” အီတလီစားသောက်ဆိုင်

Thursday, December 17, 2015 0 comments




မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတွေနဲ့ အတူတူတနင်္ဂနွေနေ့လို Super Sunday အားလပ်ရက် မျိုးမှာနေ့လည်စာဘူဖေး Sunday Brunch စားချင်သူတွေအတွက် ရွှေတိဂုံဘုရားကို လှမ်းမြင်နိုင်တဲ့ View ကောင်းကောင်းရှိတဲ့ အီတာလျံ စားသောက်ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Sunday Brunch ဘူဖေးမှာ အီတလီအစားအစာတွေအပြင်၊ စင်ကာပူအစားအစာတွေပါ ပါဝင်တဲ့ ကျနော် မိတ်ဆက်ပေးမယ့် ဆိုင်ကတော့ ရန်ကုန်မြို့၊ နတ်မောက်လမ်းပေါ်က Union Business Center (UBC)    ဝင်းထဲက “House of Singapura” စင်ကာပူစားသောက်ဆိုင် အပေါ်ထပ်မှာရှိတဲ့ “Peperoni” အီတလီစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။



တပတ်လုံးမှာမှ တနင်္ဂနွေ နေ့လယ်ခင်းတခုတည်းမှာပဲ စီစဉ်ပေးထားတဲ့ Sunday Brunch ဘူဖေးက လူ    ကြီးတဦးကို မြန်မာငွေကျပ် (၃) သောင်းခွဲကျသင့်မှာဖြစ်ပြီး အသက် (၅) နှစ်ကနေ (၁၂) နှစ် အတွင်းမှာရှိတဲ့ ကလေးတဦးကိုတော့ ကျပ် (၉) ထောင် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ကျသင့်ငွေထဲမှာ အခွန်ငွေပါ အပြီးအစီးမို့ အပိုထပ်ဆောင်းပေးစရာမလိုသလို၊ ဘူဖေးမှာ Drink Free Flow ပါပြီးသားမို့ Beer, Cocktail, Wine, Whisky စတာတွေထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။



“ဆိုင်မှာ Sunday Brunch Buffet က အခုမှ ပထမဆုံးမိတ်ဆက်ပေးတာပါ။ တနင်္ဂနွေနေ့ဆို အားလုံးက Sunday Brunch ကို နေ့ခင်းဘက်လောက် စားကြတာလေ။ ဒီမှာ နေ့လည် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ဘူဖေးလုပ်ပေးထားတယ်။ ဘူဖေးမှာဆိုရင်လည်း အီတလီအစားအစာတွေနဲ့ စင်ကာပူအစားအစာတွေ ပါတယ်” လို့ Peperoni ရဲ့ ဆိုင်တာဝန်ခံဖြစ်သူက ဆိုပါတယ်။

ဘူဖေးမီနူးထဲမှာ ပါဝင်တာတွေကတော့ Live Station မှာဆိုရင် Eggs, Rojak (Mixed fruit Salad), Laksa (မြန်မာလိုဆိုရင် အုန်းနို့ခေါက်ဆွဲ)၊ Soup and Salad နဲ့ Main အနေနဲ့ Hainanses Chicken Rice (စင်ကာပူ ကြက်ဆီထမင်း)၊ Spaghetti (အီတလီခေါက်ဆွဲ)၊ Lasagneတို့နဲ့ Dessert (၃) မျိုးပါဝင်ပါတယ်။
ကလေးတွေအတွက် မီးနူးသီးသန့် ဆွဲထားပေးပြီး Fish & Chips, Spaghetti Bologaniseနဲ့ Mini Cheese Burger တို့ ပါဝင်ပါတယ်။ ဆိုင်ရဲ့ အဓိကထားရောင်းချတဲ့ Peperoni Pizza ကိုလည်း ကြိုက်နှစ်သက်ရာFlavor တို့နဲ့အတူအမျိုးအစားပေါင်း (၁၀) မျိုးကျော်ကိုဈေးနှုန်းကျပ် (၁,၂၀၀၀) ကနေကျပ် (၁,၆၀၀၀)၊ ကျပ် (၂,၄၀၀၀) စသဖြင့် အစားစားမှာယူသုံးဆောင်နိုင်ပါတယ်။



အစားအသောက်တွေရဲ့ အရသာတွေကို မြည်းစမ်းကြည့်တဲ့အခါ Lemon Mayonnaise နဲ့ သုတ်ထားတဲ့ Chicken Salad က လီမွန်နံ့သင်းသင်းလေးနဲ့ စားရတာအအီပြေပြီးစားကောင်းပါတယ်။ Char KwayTeowဆိုတဲ့ အစားအစာကတော့ ဆန်ပြားကိုပင်လယ်စာ၊ အသီးအရွက်၊ Pork Sausage (ဝက်အူချောင်း) တို့ကြော်ထားတာပါ။ ဆန်ပြားကြော်ကိုဝက်သားမစားတဲ့ သူတွေအတွက် တခြားအသားနဲ့လည်း ပြုလုပ်ပေးပါတယ်။

Hainanses Chicken Rice ရဲ့ အရသာကတော့ အထွေအထူး ပြောပြဖို့လိုမယ် မထင်ပါဘူး၊ စင်ကာပူ ကြက်ဆီထမင်းပါ။ နူးအိနေတဲ့ ကြက်သားနဲ့ ကြက်ဆီထမင်းရဲ့ အရသာကလိုက်ဖက်မှုရှိပါတယ်။ Soup အနေနဲ့ BakKutTeh ဆိုတဲ့ ဝက်နံရိုး Soup ကိုသောက်ခဲ့ပြီး အရသာက ကြက်ဆီထမင်းစားထားလို့ အီနေတဲ့ အအီကိုပြေစေပါတယ်။ Soup ထဲမှာ အီကြာကွေးပါဝင်တာတွေ့ရပါတယ်။

နောက်ထပ် စားခဲ့တဲ့ Salad တမျိုးကတော့ Rojak ပါ။ သူက Mixed Fruit Salad ဖြစ်ပြီးနာနတ်သီး၊ ပန်းသီးစိမ်း၊ သစ်တော့သီး၊ သခွားသီးစတာတွေကိုRojak Sauce ၊ Shrimp Paste တို့နဲ့ သုပ်ထားတာ ဖြစ်တဲ့အတွက် အနံ့နဲ့ အရသာကအနည်းငယ် ပြင်းတာကြောင့် ဒီအစားအစာကိုတော့ အိန္ဒိယလူမျိုးတွေက ပိုခံတွင်းတွေ့ကြတယ်လို့ ဆိုင်တာဝန်ခံဖြစ်သူက ဆိုပါတယ်။

Laksa (မြန်မာလိုဆိုအုန်းနို့ခေါက်ဆွဲ) ဟင်းလျာကတော့ Laksa ခေါက်ဆွဲကို ပုစွန်၊ Fish Cake၊ ကြက်ဥတို့နဲ့ အတူ Laksa Paste, Laksa Leaf တို့ပါဝင်ပြီး မြန်မာအုန်းနို့ ခေါက်ဆွဲတွေနဲ့တော့ အရသာမတူ၊ ကွဲလွဲပါတယ်။

Dessert အနေနဲ့ မြည်းစမ်းခဲ့တဲ့ Chendol နဲ့ Ice Kachangမှာတော့ Chendol က အုန်းနို့နဲ့ ပြုလုပ်ထားတဲ့ Dessert ဖြစ်ပြီး Bean, Brown Sugar တို့ ပါဝင်တဲ့ Chendol Dessert က မုန့်လက်ဆောင်းလိုပုံစံမျိုးပါ။ Ice Kachang ကတော့ Jelly, ရေခဲ၊ Syrup, ပြောင်းဖူးတို့ ပါဝင်တဲ့ ရေခဲသုပ် တမျိုးပါ။

ဆိုင်ဖွင့်တာ တနှစ်ကျော်ကြာပြီဖြစ်တဲ့ “Peperoni” အီတလီစားသောက်ဆိုင်က စင်ကာပူ Franchise စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်ဖွင့်ချိန် နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီအထိ၊ အပတ်စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး စနေနေ့ ညတွေမှာဆိုရင် Unplugged တီးဝိုင်းသီဆိုဖျော်ဖြေမှုနဲ့ တနင်္ဂနွေနေ့ နေ့လယ်တွေမှာမိသားစု၊ အပေါင်းအသင်းစုံညီသွားရောက် စားသောက်နိုင်တဲ့ Sunday Brunch Buffet တို့ ရှိတယ်ဆိုတဲ့ အကြောင်းလက်တို့ပေးလိုက်ပါတယ်။ ။


သီဟတိုး


နေပြည်တော်က မြန်မာဆန်တဲ့ သူကြီးအိမ်

Monday, November 30, 2015 0 comments




မြန်မာဆန်တဲ့အပြင်အဆင်တွေနဲ့ရိုးရာထမင်းဝိုင်းကို အရသာရှိရှိနဲ့ လက်ရည်တပြင်တည်းစားချင်သူတွေအတွက် ဆိုရင်တော့ “သူကြီးအိမ်” ရှိပါတယ်။



“သူကြီးအိမ်” ဆိုတာကတော့ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ဘက်ကို ထွက်တဲ့ရာဇဌာနီလမ်းမကြီးနဲ့ ကပ်လျက်မှာ ဖွင့်လှစ်ထားတဲ့မြန်မာထမင်းဆိုင်ကို ဆိုလိုတာပါ။



အရသာကောင်းမွန်တဲ့ ထမင်းဟင်းတွေကို သစ်သားစားပွဲဝိုင်းနဲ့တင်ပျဉ်ခွေထိုင်ပြီး အားရပါးရစားသုံးချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် ဆိုင်တဆိုင်လို့ ဆိုချင်ပါတယ်။



“သူကြီးအိမ်” မြန်မာထမင်းဆိုင်က ချက်ပြုတ်တဲ့ဟင်းလျာတွေဟာ ဆီအနည်းငယ်များတာကလွဲလို့ အရသာ၊ အစပ်အဟပ်နဲ့ ဝန်ဆောင်မှုတွေကောင်းမွန်သလို၊သန့်ရှင်းမှုရှိတာလည်း တွေ့ရပါတယ်။



“ဆိုင်ကနေရာပြောင်းလာလို့၊ အရင်ကဖွင့်တဲ့ဆိုင်မှာ ဘန်ဂလိုအလုံးလိုက်တွေမှာ ရွာနာမည်တွေပေးထားတယ်။ စားပွဲဝိုင်းတွေ၊ ဖျာတွေချပေးထားတယ်။ မြန်မာဆန်ဆန်ဖြစ်အောင်နဲ့ အားလုံးတပြေးညီဝိုင်းဝန်းစားလို့ရတယ်ဆိုတဲ့ သဘောပေါ့။ စားသုံးသူတွေကလည်း အဲဒီလိုလေးလုပ်ပေးထားတာကြိုက်တယ်” ဟု သူ   ကြီးအိမ် မြန်မာထမင်းဆိုင်ရဲ့ တာဝန်ခံကိုအောင်ကိုမင်းက ပြောပြပါတယ်။



ဆိုင်ရဲ့ပွဲတော်အုပ်လို့ အမည်ပေးထားတဲ့ ၁၀၀၀၀ကျပ်တန်ပွဲတော်အုပ်သေးမှာ အသားဟင်း၆မျိုး၊ အရံဟင်း၅မျိုးနဲ့ အသုပ်တမျိုး၊ဟင်းရည်နဲ့ထမင်းအဝစားလို့ရပြီး လူ၅ယောက်လောက်ငှအောင် စားလို့ရနိုင်တာ တွေ့ရပါတယ်။



ထို့အတူ ၁၅၀၀၀ကျပ်ပေးရတဲ့ ပွဲတော်အုပ်ကြီးဆိုရင်တော့ အသားဟင်း၉မျိုး၊ အရံဟင်း၊ အသုပ်၊ ဟင်းရည်တွေပါဝင်မှာဖြစ်ပြီး လူ၉ယောက်အထိ စားလို့ရမှာပါ။



ပွဲတော်အုပ်တွေနဲ့ မစားချင်ဘဲထမင်းနဲ့ ဟင်းသီးသန့်စားချင်သူတွေအတွက်လည်း ဟင်းနဲ့ထမင်းအဝစားက ၂၅၀၀ကျပ်မှ ၃၅၀၀ကျပ်ကြား ကျသင့်မှာဖြစ်ပါတယ်။



ဆိုင်ရဲ့လူကြိုက်အများဆုံးနဲ့မှာယူစားသုံးမှု အများဆုံးကတော့ လယ်တောချက်(ဗမာကြက်) ဟင်းလျာဖြစ်ပါတယ်။ အသီးအရွက်တချို့နဲ့ရောနှောချက်ပြုတ်ထားတဲ့ လယ်တောချက်ဟင်းလျာက တောရွာတရွာမှာ စားရတဲ့ အရသာမျိုးဖြစ်အောင် ချက်ပြုတ်ထားတာဖြစ်ပြီး အရသာကောင်းမွန်ပါတယ်။



တခြားဟင်းလျာတွေအနေနဲ့ ကြက်၊ဝက်၊ကလီစာ၊ငါး၊ငါးခြောက်၊အသီးအရွက်စတဲ့ ဟင်းလျာမျိုးစုံကို မြန်မာစတိုင် အမျိုးမျိုးနဲ့ ချက်ပြုတ်ထားတယ်လို့ သိရပါတယ်။



သူကြီးအိမ်မြန်မာထမင်းဆိုင်ကို၂၀၁၁ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာ့ရိုးရာအငွေ့အသက်တွေနဲ့  ပြည့်နှက်နေအောင်ဆိုင်ရဲ့အပြင်အဆင်၊အစားအသောက်တွေကို အထူးဂရုစိုက်လုပ်ဆောင်ခဲ့တာကြောင့် ဧည့်သည်တွေက နှစ်သက်ကြတယ်လို့ သိရပါတယ်။



ထမင်းနဲ့ဟင်းကို တနင့်တပိုးစားသုံးမိတာနဲ့ အစာပိတ်အနေနဲ့တခုခုစားချင်သူတွေအတွက်လည်း လက်ဖက်အုပ်နဲ့ အစာကြေဆေးဘူးမျိုးစုံကိုလည်း သုံးဆောင်နိုင်ဖို့ဝန်ဆောင်မှုပေးထားလို့ဖြစ်ပါတယ်။





မေစစ်ပိုင်


ကချင်စာ ရန်ကုန်မှာ စားချင်ရင် ရှယီကို သွားပါ

Thursday, November 19, 2015 0 comments




မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် တိုင်းရင်းသားရိုးရာ အစားအစာတွေနဲ့ ရင်းနှီးကြတာမဆန်းပါဘူး။ ရာသီဥတုလည်းပူတော့ ချဉ်စပ်အရသာရှိတဲ့ ဟင်းတွေက ပါးစပ်တည့်စေမှာပါ။ ရိုးရာချဉ်စပ်ဟင်းတွေထဲမှာ ကချင်ရိုးရာဟင်းလည်း အပါအဝင်ပါ။ တိုင်းရင်းသားဟင်းလျာတွေထဲမှာ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားရိုးရာ ဟင်းလျာအများစုက ချဉ်ချဉ်စပ်စပ်များဖြစ်လို့ ကချင်ဟင်းလျာကလည်း ချဉ်ချဉ်စပ်စပ်အစားအစာကို နှစ်သက်တဲ့ စားသုံးသူတွေအကြိုက်ဖြစ်စေမှာပါ။


ဒီတပတ်မှာတော့ အမှတ် ၇၆ ၊ လမ်း ၅၀ နဲ့ ၅၁ လမ်းအကြား ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ရှယီ ကချင်ရိုးရာ စားသောက်ဆိုင် (၁) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကချင်တိုင်းရင်းသားများ ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ မိသားစုဆိုင်လေးဖြစ်ပြီး ဝန်ထမ်းတချို့ကတော့ ရန်ကုန်ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့သိပ်မစူးတဲ့ အလင်းရောင်နဲ့ အေးမြတိတ်ဆိတ်မှုက ကြိုနေပါတယ်။  ကချင်ရိုးရာ ခေါင်းပေါင်းလေးတွေ ပေါင်းထားတဲ့ ဝန်ထမ်းတွေရဲ့ ထူးခြားတဲ့ပုံစံကလည်း အမြင်သစ်တခုကို ရရှိစေပါတယ်။ သိပ်ပြီးမကျယ်ဝန်းပေမယ့် အပြင်က ဆူညံသံတွေ ကင်းဝေးတဲ့အတွက် တိတ်ဆိတ်ပြီး သပ်ရပ်တဲ့ ဆိုင်ခန်း ဖွဲ့စည်းပုံဟာ ဆိတ်ငြိမ်မှုကို သဘောကျတဲ့ စားသုံးသူတွေအတွက် အံကိုက်ဖြစ်မှာပါ။ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ပျူငှာတဲ့ ဝန်ထမ်းများရဲ့ ဧည့်ဝတ်ကျေမှုကလည်း စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့်မယ်။



ရိုးရာဟင်းလျာ မျိုးစုံရရှိပြီး အာလူးခပုတ်ကြော်၊ တောင်ယာဟင်းပေါင်း၊ ကချင် ငါးချဉ်ငန်စပ်၊ အမဲသား  မိုးလွတ်ကင်၊ ကချင်ရှန်ခတ်(အမဲသား တောက်တောက်စင်းကြော်)၊ ကချင်သီးစုံ ဟင်းရည်၊ ကချင်ဒံပေါက် စတဲ့ဟင်းလျာတွေဟာ လူကြိုက်များပြီး ကချင်ရှန်ခတ်နဲ့ကချင်ဒံပေါက်ကတော့ နိုင်ငံခြားသား အများစု မှာယူစားသောက်ကြတယ်လို့ သိရပါတယ်။ ကချင်အစားအစာက အစပ်များတဲ့အတွက် အစပ်မစားနိုင်တဲ့ တချို့စားသုံးသူများကို အစပ်လျှော့ပေးပြီး ကျန်တာကိုတော့ ရန်ကုန်စတိုင် ပြန်ပြင်ထားတာ မရှိပါဘူးလို့ ဆိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။


ကချင်ငါးချဉ်ငန်စပ်ကတော့ ကချင်ရိုးရာဟင်းတို့ရဲ့ ထုံးစံအတိုင်း ချဉ်ချဉ်စပ်စပ်ဖြစ်ပြီး ကချင်ရိုးရာ ဟင်းခတ် အမွှေးအကြိုင်များနဲ့ ချက်ပြုတ်ထားတာဖြစ်လို့ ခံတွင်းတွေ့စေပါတယ်။ အဲဒီဟင်းအမည် တပွဲကို ဈေးနှုန်း ၄၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

ဒီလို ချဉ်စပ်ဟင်းလျာကို စားသုံးပြီး အစပ်ပြေ အချိုတည်းဖို့အတွက် အာလူးခပုတ်ကြော်က သင့်တော် ပါလိမ့်မယ်။ အာလူးပြုတ်ကို ကချင် ဟင်းခတ်ပစ္စည်းများနဲ့ ရောစပ်ကြော်ထားတဲ့ အာလူးခပုတ်ကြော်ဟာ ခပ်ပျော့ပျော့နဲ့ ဆိမ့်တဲ့ အရသာရှိတဲ့အတွက် အစပ်ပြေစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒီဟင်းလျာ အတွက်ကတော့ ၃၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။


ကချင် သီးစုံဟင်းရည်ကတော့ ပဲသီး၊ ဖရုံသီး၊ မုန်ညင်းဖြူ၊ ပိန်းဥ၊ ခရမ်းချဉ်သီးစတဲ့ အသီးအနှံတွေ ပါဝင်ပြီး အရည်က အနည်းငယ်ပျစ်ချိုပါတယ်။ အဆီအဆိမ့် လျှော့စားချင်သူတွေ၊ ဟင်းသီးဟင်းရွက် ကြိုက် နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် ဟင်းလျာတခုလို့ ဆိုရမှာပါ။ သီးစုံဟင်းရည်တပွဲကို (၃၀ဝ၀) ကျပ် ကျသင့်ပါမယ်။ ပိုကောင်းတာတခုက မှာထားတဲ့ ဟင်းလျာများကို မြန်မြန်ဆန်ဆန် ရရှိတာပါပဲ။ စောင့်ရတာ မကြိုက်တဲ့သူတွေ နှစ်သက်ကြမှာပါ။


ယမကာ နှစ်သက်သူတွေအတွက်ကတော့ ရှယီ ကချင်စားသောက်ဆိုင်ရဲ့ချက်ပြုတ်သူ စားဖိုမှူးတွေကိုယ်တိုင် ဖော်စပ်ထားတဲ့ ကချင်စပီ (ခေါင်ရည်) ကိုလည်းရရှိနိုင်ပါတယ်။


“ခေါင်ရည်ကို ကောက်ညှင်းဆန်၊ တောင်ပေါ်ဒေသက တဆေးတို့ အပါအဝင် တခြားအမည်တွေ ရောနှော  ပြီး ချက်ထားပါတယ်။ ခေါင်ရည်ထဲ ထည့်ရမည့် အမည်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကတော့ ဒီမှာ မရတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားကနေ ကားနဲ့ဖြစ်ဖြစ် လေယာဉ်နဲ့ဖြစ်ဖြစ် မှာယူတယ်” လို့ စားဖိုမှူး မနမ်ဆိုင်းမှ ပြောပြပါတယ်။ ခေါင်ရည်က ဆောင်းတွင်းမှာရတဲ့ လှော်စာနဲ့ ခပ်ဆင်ဆင်တူပြီး အနည်းငယ် ပူပါတယ်။



ဆိုင်ဖွင့်ချိန်က နံနက် ၁၁ နာရီ ကနေ ည ၁၀ နာရီအထိဖြစ်ပြီး တနင်္ဂနွေနေ့များမှာတော့ ညနေ ၃ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် စားသုံးသူ ငါးဝိုင်း ခြောက်ဝိုင်းရှိပြီး ရန်ကုန်အခြေစိုက် မြန်မာနဲ့ တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံခြားသား များပါ လာရောက်စားသုံးကြပါတယ်။ ည ၇ နာရီကျော်ရင်  ဧည့်သည်ပိုများတယ်လို့လည်း သိရပါတယ်။ ဒီဆိုင်လေးဟာ အစားအသောက်စားရင်း လုပ်ငန်းကိစ္စ တိုင် ပင်ဆွေးနွေးချင်သူတွေ၊ တိုင်းရင်းသား ရိုးရာဟင်းကို အရသာရှိရှိ စားသုံးချင်သူတွေ၊ မိတ်ဆွေသူငယ်ချင်း    တွေနဲ့ နေ့လယ်စာ၊ ညစာ ထူးထူးခြားခြား စားချင်သူတွေအတွက် သင့်လျော်တယ်လို့ ညွှန်းချင်ပါတယ်။   ဟင်းလျာတမျိုးကို ကျပ် ၁၀ဝ၀ ကနေ ၆၀ဝ၀ အထိသာ ကျသင့်တာမို့ သင့်တင့်တဲ့ ဈေးနှုန်း၊ သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်နဲ့ ကချင်ရိုးရာ စားသောက်ဆိုင်လေးကို သွားရောက်မြည်းစမ်းကြည့်ကြပါဦးနော်။


ထက်ဦးဝေ


ဗီယက်နမ်စာ ကောင်းကောင်းရနိုင်တဲ့ Golden Pho

Thursday, October 29, 2015 0 comments



photo - The Irrawaddy

 ရန်ကုန်မြို့မှာ ဥရောပအစားအစာ၊ အမေရိကန် အစားအစာ၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း စတဲ့ ကမ္ဘာတဝန်းက အစားအစာဆိုင် အများအပြားရှိပေမယ့် အာရှအစားအစာ တမျိုးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အစားအသောက်များ သီးသန့်ရနိုင်တဲ့ စားသောက်ဆိုင် အနည်းငယ်သာ ရှိပါတယ်။
အဲဒီထဲကမှ အရသာ၊ အပြင်အဆင်နဲ့ ဝန်ဆောင်မှု ကောင်းမွန်တဲ့ ဆိုင်တဆိုင်ကို ညွှန်းရရင်တော့ ရန်ကုန်ရဲ့ အေးချမ်းတဲ့ လမ်းတလမ်းထဲမှာ ပါဝင်တဲ့ ယောမင်းကြီးလမ်းက Golden Pho ဆိုတဲ့ ဗီယက်နမ် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။



ဆိုင်နာမည်ဖြစ်တဲ့ Golden Pho မှာပါတဲ့ Pho ဆိုတဲ့ စာသားက ဗီယက်နမ်ရဲ့ နာမည်ကြီး ခေါက်ဆွဲတမျိုးကို တင်စားပြီး ပေးထားတာဖြစ်တဲ့အကြောင်း ဆိုင်ပိုင်ရှင် ဗီယက်နမ်အမျိုးသမီး Ms.Kellie က ရှင်းပြပါတယ်။
Pho Bo လို့ အမည်ရတဲ့ ခေါက်ဆွဲရဲ့ အရသာက အထူးဆွဲဆောင်မှု ရှိပါတယ်။ ခေါက်ဆွဲကို အရည်၊ အသုပ် ကြိုက်နှစ်သက်ရာမှာယူနိုင်ပြီး ကိုယ်နှစ်သက်တဲ့ အသားနဲ့ မှာလို့ရပါတယ်။ ကျမတို့က အမဲသားနဲ့ ခေါက်ဆွဲအရည် မှာယူခဲ့ပါတယ်။ အမဲသားလွှာ၊ အမဲသားလုံးတို့ကို နူးညံ့တဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ ပြုတ်ထားပြီး နံနံပင်၊ ငရုတ်သီး၊ ပဲပင်ပေါက်၊ ရှမ်းနံနံ၊ ခပေါင်းရွက်တွေ ထည့်စားရတာပါ။ Soy bean sauce ၊ Chilli sauce တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ အဆီမပါတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သလို ဈေးနှုန်းကလည်း ၄၀ဝ၀ ကျပ်ကနေ ၅၀ဝ၀ ကျပ် ဖြစ်တာကြောင့် သင့်လျော်တဲ့ ဈေးနှုန်းလို့ ဆိုနိုင်ပါတယ်။



နောက်ထပ်တမျိုး ညွှန်းချင်တာကတော့  paper roll ဖြစ်ပါတယ်။ ဆန်ပြားထဲကို ပဲပင်ပေါက်၊ သခွားသီး စတဲ့ အသီးအရွက်တချို့နဲ့ အမဲသား၊ ငါးဖယ်၊ ပုစွန်၊ ကြက်သား ကြိုက်နှစ်သက်ရာအသားတွေ ထည့်သွင်း လိပ်ထားပြီး Dipping sauce နဲ့ တွဲဖက်စားသုံးရတာပါ။ Paper roll ကို လတ်လတ် ဆတ်ဆတ် စားနိုင်သလို ကြော်ထားတဲ့ Fri roll အနေနဲ့လည်း စားသုံးနိုင်တာကြောင့် အာရှသားများရဲ့ ခံတွင်းတွေ့စေမယ့် အစားအစာတမျိုး ဖြစ်မှာပါ။



“Pho ဆိုတဲ့ ခေါက်ဆွဲကတော့ လူကြိုက်များတယ်။ နိုင်ငံခြားသားအများစုလည်း စားကြတယ်။ ကော်ဖီဆိုရင်လည်း အနောက်တိုင်းအရသာ ကော်ဖီလိုမဟုတ်ဘဲ ဗီယက်နမ်စတိုင်လ် သောက်သုံးနိုင်အောင် စီစဉ်ထားတယ်” လို့  Golden Pho စားသောက်ဆိုင်ပိုင်ရှင် Ms.Kellie က ဧရာဝတီကို ပြောပါတယ်။

နေ့လယ်စာကို ထမင်းမစားချင်သူ၊ ခေါက်ဆွဲပြုတ်လည်း မစားချင်သူတွေအတွက်တော့ Bagutte လို့ အမည်ရတဲ့ ပေါင်မုန့် အဆာသွတ်ကို ညွှန်းချင်ပါတယ်။ အပေါ်ယံသား ကြွပ်ရွနေတဲ့ ပေါင်မုန့်ထဲကို အသီးအရွက်များနဲ့ ကြိုက်နှစ်သက်ရာ အသားတမျိုးမျိုး အစာသွတ်ပြီး စားသုံးရတာ ဖြစ်ပါတယ်။ အရသာလည်းကောင်းမွန်ပြီး ပုံမှန်စားနေကျ အသားညှပ် ပေါင်မုန့်တွေလို အီသွားတဲ့အရသာမျိုး မခံစား ရတာကြောင့် စားသုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။



ပေါင်မုန်နဲ့အတူ ရာသီပေါ် သီးနှံဖျော်ရည်အဖြစ် သံပရာရနံ့သင်းတဲ့ ကြံရည်တခွက် သောက်လိုက်မယ် ဆိုရင်တော့ နေ့လယ်စာကို မြန်မြန်ဆန်ဆန်နဲ့ ဗိုက်ဖြည့်ပြီးသား ဖြစ်သွားမှာပါ။
Golden Pho ဗီယက်နမ် စားသောက်ဆိုင်မှာ ဗီယက်နမ်နိုင်ငံက စားဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်ပြီး ဗီယက်နမ်နဲ့ ပြည်တွင်းကဝယ်ယူတဲ့ အသီးအရွက်၊ အသားငါးတွေကို အသုံးပြုတယ်လို့လည်း သိရပါတယ်။
ဆိုင်မှာရရှိနိုင်တဲ့ အစားအသောက်တွေကတော့ Noodle Soup ၊ Salads အမျိုးမျိုး၊ Appetizers အဖြစ်  Spring roll အမျိုးမျိုး၊  ကြံချောင်းကို ငါးဖယ်အုပ်ပြီး ကြော်ထားတဲ့ ဗီယက်နမ် အစားအစာတခုဖြစ်တဲ့ Sugar cane prawns and fish wrapped ၊ Baguette များအပြင် သောက်စရာများအဖြစ် ရာသီပေါ်သီးနှံ ဖျော်ရည်များ၊ ကော်ဖီနဲ့  Dessert တွေလည်း ရရှိနိုင်ပါတယ်။

အစားအသောက်တွေရဲ့ ဈေးနှုန်းတွေကလည်း ၁၀ဝ၀ ကျပ်ကနေ ၆၀ဝ၀ ကျပ်အထိ ဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၆၂ ၊ မြေညီထပ် ၊ ယောမင်းကြီးလမ်း ၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့








မေစစ်ပိုင်





ရန်ကုန်မြို့လယ်က India Kitchen စားသောက်ဆိုင်

Wednesday, October 21, 2015 0 comments


ဓာတ်ပုံများ - သော်ဟိန်းထက်/ The Irrawaddy

ရန်ကုန်မြို့လယ်မှာ အိန္ဒိယ အစားအစာတွေကို အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် သန့်သန့်ရှင်း ရှင်းနဲ့ စားသုံးနိုင်ဖို့ ဆိုင်တဆိုင်ကို ညွှန်းချင်ပါတယ်။ ပူရီ၊ ချာပါတီ တို့လို အဆာပြေစာ ဒါမှမဟုတ် ထမင်းကို မွှေးပျံ့တဲ့ မဆလာနံ့၊ အနှစ်များများ ထည့်သွင်း ချက်ပြုတ်လေ့ရှိတဲ့ အိန္ဒိယရိုးရာ ဟင်းတွေနဲ့ တွဲဖက်စားသုံးရတာ ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။


အဲဒီလို အစားအသောက်တွေကို စိတ်ကြိုက် စားသုံးဖို့အတွက် ရန်ကုန် မြို့လယ် ဗိုလ်တထောင်မြို့နယ် အတွင်းမှာရှိတဲ့ India Kitchen စားသောက်ဆိုင်ကို သွားကြည့်လိုက်ဖို့ လမ်းညွှန်ပါရစေ။

အိန္ဒိယနိုင်ငံက ခေါ်ယူထားတဲ့ စားဖိုမှူးတွေ ကိုယ်တိုင်ချက်ပြုတ်တဲ့ India Kitchen မှာတော့ ကြက်၊ ဆိတ်၊ ငါးနဲ့ ပုဇွန်တို့ကို Tikka Masala, Handi, Hyderabadi, Kadai စတဲ့ အရသာ ပုံစံ အမျိုးမျိုးနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းတွေကို ဧည့်သည်အများစု ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။


ဆိုင်မှာ Starter အဖြစ် စားသုံးသူများတဲ့ Tandoori Chicken ကိုတော့ ဒိန်ချဉ်၊ လီမွန်ဆော့စ်နဲ့ နှပ်ပြီး ကင်ထားတာ ဖြစ်ပါတယ်။ ပုံမှန် ကြက်ကင်တွေနဲ့ မတူဘဲ ကြက်သားရဲ့ ပင်ကိုအရသာကို အစပ်အရသာ ပေါင်းစပ်ထားပြီး အိန္ဒိယစတိုင် ကင်ထားတာ ဖြစ်တဲ့အတွက် ဆိုင်ကပြုလုပ်ထားတဲ့ Green Sauce ၊ သခွားသီးသုတ်တို့နဲ့ တွဲဖက် စားသုံးရတာ ဖြစ်ပါတယ်။ အရသာ ကောင်းမွန်တဲ့ အဲဒီဟင်းအမယ်က အရိုးပါပါတဲ့  တကောင်လုံးဆိုရင် တပွဲ ကျပ် ၁၀၀၀၀ ကျော်ဖြစ်ပြီး ကောင်ဝက် ဆိုရင်တော့ ၆၀၀၀ ကျပ် ဝန်းကျင်ရှိပါတယ်။ အသားချည်းပဲမှာလို့လည်း ရပါတယ်။


မဆလာနံ့မွှေးပြီး ဟင်းအနှစ်များတဲ့ ဆိတ်သားနှပ် (Mutton Malasa) ကတော့ ထမင်းဖြူနဲ့သာမကဘဲ တိုရှည်၊ ချာပါတီ၊ နမ်ပြား တို့လို အစားအစာတွေနဲ့ တွဲဖက်စားသုံးလို့ ကောင်းတဲ့ ဟင်းတမျိုးပါ။ ဒါ့အပြင် ဒိန်ခဲကို ကင်ပြီး မဆလာ၊ ဟင်းအနှစ်တွေနဲ့ ထည့်ချက်ထားတဲ့ Paneer Tikka Malasa ကလည်း အဆိမ့်အရသာ    ကြိုက် နှစ်သက်ပြီး အသားရှောင်လို သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေကလည်း ကျပ် ၁၀၀၀ ဝန်းကျင်ကနေ ၁၀၀၀၀ ကျပ် ကြားသာဖြစ်တာကြောင့် သင့်လျော်တဲ့ ဈေးနှုန်းလို့ ပြောလို့ရမှာပါ။
“ဧည့်သည်တွေက အကင်တွေကို ကြိုက်ကြတယ်။ ဟင်းအနေနဲ့ဆိုရင်တော့ ဟင်းအနှစ်များများ ပါတဲ့ အစားအစာတွေကို ပူရီတို့ ချာပါတီတို့လိုမျိုး ထမင်းဖြူတွေနဲ့ တွဲဖက်စားရတာ ကြိုက်ကြတယ်။ ကျနော်တို့က အရသာကောင်းမွန်မှု၊ အစားအသောက် လတ်ဆတ်မှု၊ ဆိုင်သန့်ရှင်းမှုနဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေး ကောင်းမွန်မှုတွေကို အဓိကထားပြီး ဝန်ဆောင်မှု ပေးနေတာပါ” လို့ India Kitchen စားသောက်ဆိုင်ရဲ့ မန်နေဂျာ ဦးစံထွန်းက ရှင်းပြပါတယ်။


India Kitchen ဆိုင်မှာ Vegetable, Non-Vegetable စတဲ့ အစားအသောက်တွေကို Staters, Main Course တွေ အဖြစ်ရနိုင်ပါတယ်။ ဒါ့အပြင် ဒန်ပေါက်၊ ပလာတာ (Roti & Raitha), ပဲဟင်း အမျိုးမျိုး (Dal Fry, Dal Tadka Soup Dal Tomato, Dal Nimbu Shorba၊ အချိုပွဲ Desserts တွေအဖြစ် Gajar Hawa, Gulag Jamun စတဲ့ အိန္ဒိယ အစားအသောက် များစွာကို ရရှိနိုင်တာကြောင့် သွားရောက်စားသုံးနိုင်ဖို့ လမ်းညွှန် ပေးလိုက်ပါတယ်။ ဆိုင်ဖွင့်ချိန် ကတော့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

ဆိုင်လိပ်စာ
အမှတ် ၂၉၇၊ မဟာဗန္ဓုလလမ်း (ဗိုလ်ကလေးဈေး လမ်းထိပ်)၊ ဗိုလ်တစ်ထောင် မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၃၈၉၃၆၇၊ ၀၉ ၉၇၅၂၀၆၃၆၆၊ ၀၉ ၂၆၀၁၆၄၂၈၂။


မေစစ်ပိုင်



Beef Steak ကောင်းကောင်းရတဲ့ Onyx Wine Tree

Wednesday, October 7, 2015 0 comments


ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်းစီးပွားရေးပွင့်လင်းမှုတွေ သိသိသာသာ မြင်လာရတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာလာအလုပ်လုပ်ကြတဲ့ အနောက်တိုင်းသားတွေကိုလည်း အရင်ကထက်     ပိုတွေ့လာရပါတယ်။ အကျိုးဆက်တခုကတော့ ရန်ကုန်မှာ အနောက်တိုင်းစားသောက်ဆိုင်တွေ တဖြည်းဖြည်းများလာတာပါ။

ရရှိနိုင်တဲ့ မီနူး၊ ဈေးနှုန်းအမျိုးမျိုးနဲ့ ဆိုင်အပြင်အဆင်တွေအပေါ် မူတည်ပြီးသူ့အကြိုက်၊ ကိုယ့်အကြိုက် ကွဲနိုင်ပေမယ့် ဒီတပတ်တော့ ရန်ကုန်က နိုင်ငံခြားသားတော်တော်များများအကြိုက်တွေ့တဲ့ Onyx Wine Tree Restaurant အကြောင်းပြောပြချင်ပါတယ်။

Onyx Wine Tree Restaurant ဟာ လတ်တလောမှ ဖွင့်လိုက်တဲ့ ဆိုင်တော့ မဟုတ်ပါဘူး။ ဟိုးအရင် ကတည်းက ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းနဲ့ အင်းယားလမ်းထောင့်နားမှာ Onyx Steak ဆိုပြီး နှစ်တော်တော် များများရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ ဗဟန်းမြို့နယ်ထဲက ဗိုလ်ချုပ်ပြတိုက်လမ်းမှာ ကျယ်ကျယ်  ဝန်းဝန်းရှိတဲ့ ဆိုင်အခင်းအကျင်းအသစ်နဲ့ ပြန်ဖွင့်လှစ်လိုက်တာပါ။

Onyx ဟာ သူ့ရဲ့ အရသာရှိပြီး ဈေးချိုတဲ့ Beef Steak တွေကြောင့် နဂိုကတည်းကနာမည်ရပြီးသား ဖြစ်ပါတယ်။Onyx ရဲ့ မီနူးမှာ ဟင်းအမယ်အများကြီးနဲ့ ဆန်းဆန်းပြားပြား နာမည်တွေမဟုတ်ဘဲအရမ်းကို ရိုးစင်းပါ တယ်။ Salad, Pasta, Grilled Dishes, Sandwiches, Desserts နဲ့ Drinks ဆိုပြီးရှိပါတယ်။

Onyx မှာလူကြိုက်အများဆုံး Salad အမျိုးအစားလို့ သိရတဲ့ Green Salad ဟာ ခရမ်းချဉ်သီး၊ ဆလပ်ရွက်တို့နဲ့ အဓိက ပြင်ဆင်ထားတာဖြစ်ပြီး ကြိုက်နှစ်သက်ရာ Bacon ၊ Chicken ၊ Prawn ဒါမှမဟုတ် Cheese ထပ် ထည့်လို့ ရပါတယ်။ Dressing ကတော့ Vinaigrette (ရှာလကာရည်၊ ဆီနဲ့ ဟင်းမွှေးရောစပ်ထားတဲ့အရည်) ဖြစ်ပါတယ်။ ဈေးနှုန်းက ကျပ် ၃၅၀၀ ပါ။

Grilled Dishes မှာတော့ Beef ၊ Pork ၊ Chicken နဲ့ Seafood ဆိုပြီးရှိပေမယ့် လူအမှာအများဆုံးက Beef Steak တွေပါ။ တယောက်စာစားမယ်ဆိုရင်တော့ Tenderloin ၊ Sirloin ၊ Farmer Steak ၊ Minced ၊ Veal Sausage စတာတွေရှိပြီး ၃ ယောက်၊ ၄ ယောက်လောက် ပေါင်းစားချင်ရင်တော့ ကျပ် ၂၀၀၀၀ တန် Beef Filet ကိုညွှန်းချင်ပါတယ်။ Steak ကိုဆမ်းမယ့် ဆော့စ်အမျိုးမျိုးရွေးနိုင်ပြီး Pepper Sauce ၊ MushroomSauce နဲ့ Blue Cheese ကတော့ လူကြိုက်များပါတယ်။ တွဲစားမယ့် အာလူးကိုလည်း Fried wedges ၊ Baked ဒါမှမဟုတ် Mashed စိတ်ကြိုက်ရွေးနိုင်ပါတယ်။

Onyx ရဲ့ တယောက်စာ Steak တွေက တခြားဆိုင်တွေမှာထက် တော်တော်ကို ပိုများပါတယ်။ သိပ်အများ   ကြီးမစားနိုင်သူတွေဆိုရင်တော့ သူ့ဆိုင်က Steak တွေကို ၂ ယောက်လောက် မျှစားနိုင်ပါတယ်။ မီနူးထဲက Beef Steak တွေအတွက် ပြည်တွင်းကအမဲသားကိုပဲ သုံးထားတာဖြစ်ပြီး အားလုံးကျပ် ၆၅၀၀ နဲ့ ၈၅၀၀        ကြားမှာပဲရှိပါတယ်။

Steak ကောင်းကောင်းစားမယ်ဆို ဝိုင်ကောင်းကောင်းလည်းရှိမှဖြစ်မှာပါ။ Onyx ရဲ့ Red Wine နဲ့ White Wine တွေဟာ ပြင်သစ်က House Wine တွေဖြစ်ပါတယ်။ ဝိုင်တခွက်ကို ကျပ် ၄၅၀၀ ကျပ်၊ တပုလင်းဆိုရင်တော့ ကျပ် ၁၈၀၀၀ ဖြစ်ပါတယ်။

တခြားသောက်စရာအတွက်တော့ Soda ၊ Juice ၊ ကော်ဖီနဲ့ လက်ဖက်ရည်အမျိုးမျိုးရပါတယ်။ အားလုံးကျပ် ၂၀၀၀ နဲ့ ၃၀၀၀ အကြားကျသင့်ပါတယ်။


Onyx ဟာနေ့လယ်စာစားချိန်အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိဖွင့်ပြီးညစာအတွက်တော့ ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိဖွင့်ပါတယ်။ နေ့လယ်စာအတွက် Reservation လုပ်စရာမလိုပေမယ့် ညစာအတွက်ဆိုရင်တော့ လူအရမ်းများတဲ့အတွက် Reservation မဖြစ်မနေလုပ်မှ နေရာရဖို့ စိတ်ချရမှာပါ။
Beef Steak ကောင်းကောင်းကိုဈေးသင့်သင့်နဲ့ စားချင်သူတွေအတွက် Onyx က သင့်တော်တဲ့ နေရာတခု  ဖြစ်ကြောင်းညွှန်းချင်ပါတယ်။

Onyx Wine Tree Restaurant အမှတ် ၁၂ ဘီ၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ဂျာမန် သံရုံးရှေ့)၊ဗဟန်းမြို့နယ်၊   ရန်ကုန်မြို့။ဖုန်း -  ၀၉  ၉၇၇ ၄၄၂ ၉၆၁ ၊ ၀၉ ၅၀၇ ၁၈၄၇


တင်ထက်ပိုင်


Flamingo Salad Bar

Wednesday, September 23, 2015 0 comments




အနောက်တိုင်းစတိုင် အစားအသောက်တွေကို သင့်တင့်တဲ့ဈေးနှုန်း၊ ကောင်းမွန်သောအရသာနဲ့ အေးအေးလူလူ စားသောက်ချင်သူတွေအတွက် Salad အများအပြား ရနိုင်တဲ့ စားသောက်ဆိုင်ကောင်းတခုကို ရန်  ကုန်မြို့မှာ မကြာခင်က ဖွင့်လှစ်လိုက်ပါပြီ။

အဲဒီဆိုင်ကတော့ ရန်ကုန်မြို့ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါမှာ ဖွင့်လှစ်ထားတဲ့ “Flamingo Salad Bar” ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က ဥရောပဆန်ဆန် ခန့်ခန့််ထည်ထည်နဲ့ ဥရောပတေးသွားခပ်တိုးတိုးဖွင့်ထားပါတယ်။ ဆိုင်အတွင်း ထိပ်မှာတော့ ရှေးဓာတ်ပြား ဖွင့်စက်ကြီးတလုံးကို တွေ့နိုင်ပါတယ်။ Flamingo Salad Bar မှာ Appetizer များ, Salad များ၊ Steak နဲ့ Main Dish မီနူးအများအပြားအပြင် Red Wine, White Wine များပါ ရရှိနိုင်မှာဖြစ်ပြီး Salad များကို ဘူဖေး စတိုင်နဲ့လည်း စားသုံးနိုင်ပါတယ်။


သူတို့ဆိုင်မှာ ရရှိနိုင်တဲ့ Salad Menu တွေထဲက တခုဖြစ်တဲ့ Nicoise Salad က ဆလပ်ရွက်၊ အာလူး၊ တူနာငါး၊ အမဲရောင် သံလွင်သီးနဲ့ကြက်ဥတို့ပါဝင်ပြီး Dressing ဆမ်းထားပါတယ်။ အသီးအရွက်ကြိုက်နှစ်သက်ပြီး ဝိတ်ချလိုသူတွေအတွက် အဆင်ပြေနိုင်တဲ့ Salad တမျိုးဖြစ်ပါတယ်။

Menu အတိုင်းမစားချင်တဲ့သူတွေအတွက်လည်း မိမိကြိုက်နှစ်သက်ရာ ဆလပ်ရွက်၊ အသီးအရွက်နဲ့ Dressing တွေကို ရောနှောစားလို့ရအောင် ဘူဖေးပုံစံပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ အဲဒီလို ဘူဖေးစတိုင်စားမယ်ဆိုရင်တော့ တယောက်စာ အဝစားကို ၅၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဘူဖေးမစားဘဲ တယောက်စာပဲ စားချင်ရင်တော့ ၃၀၀၀ ကျပ် ကျသင့်မှာပါ။ Dressings တွေကလည်း Thousand Island, France, Home and Ceaser Dressing စသည်ဖြင့် အစုံရှိတာကြောင့် စားသုံးသူစိတ်ကြိုက် Dressing ကို ယူငင် သုံးဆောင်နိုင်မှာဖြစ်ကြောင်း ဆိုင်မှ ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

ဆိုင်မှာရရှိနိုင်တဲ့ အစားအစာတမျိုးဖြစ်တဲ့ PescadoAsado ကလည်း အရသာကောင်းမွန်တာ တွေ့ရပါ တယ်။ Grilled လုပ်ထားတဲ့ ငါးတန်အသားလွှာကို အာလူးအနှစ်၊ အသီးအရွက်တွေနဲ့ Creamy White Wine ဆော့စ်ဆမ်းပြီး စားရတာဖြစ်ပါတယ်။


Salad များစားသုံးရင်း ဝိုင်သောက်ချင်သူတွေအတွက် Red, White ဝိုင်တွေရရှိနိုင်ပြီး ဝိုင်တခွက်ကို ၃၅၀၀ ကျပ် ကျသင့်ပါတယ်။ တွဲဖက် မြည်းဖို့ သံလွင်သီးကိုလည်း ပွဲတပွဲအနေနဲ့ မှာယူနိုင်ပါတယ်။

“Flamingo Salad Bar”မှာ Salad များအပြင် Main Course အဖြစ် Tortilla Roll, Burrito များ၊ Soup တွေထဲက French Onion Soup နဲ့ mushroom cream soup များနဲ့ Appetizer တွေအဖြစ် buffalo wings, Chicken Kebab အပါအဝင် အမျိုးအစား ၃၀ ခန့် ရရှိနိုင်ပြီး ဈေးနှုန်းအားဖြင့် ၃၀၀၀ ကျပ် ကနေ ၁၅၀၀၀  ကျပ်အတွင်းသာ ရှိတာကြောင့် ကျန်းမာရေး ညီညွတ်သလို အသီးအရွက် ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် စားသောက်ဆိုင်တခုဖြစ်ကြောင်း လမ်းညွှန်လိုက်ပါတယ်။


မေစစ်ပိုင် 


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved