Showing posts with label အစားအသောက်. Show all posts
Showing posts with label အစားအသောက်. Show all posts

ကချင်စာ ရန်ကုန်မှာ စားချင်ရင် ရှယီကို သွားပါ

Thursday, November 19, 2015 0 comments




မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် တိုင်းရင်းသားရိုးရာ အစားအစာတွေနဲ့ ရင်းနှီးကြတာမဆန်းပါဘူး။ ရာသီဥတုလည်းပူတော့ ချဉ်စပ်အရသာရှိတဲ့ ဟင်းတွေက ပါးစပ်တည့်စေမှာပါ။ ရိုးရာချဉ်စပ်ဟင်းတွေထဲမှာ ကချင်ရိုးရာဟင်းလည်း အပါအဝင်ပါ။ တိုင်းရင်းသားဟင်းလျာတွေထဲမှာ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားရိုးရာ ဟင်းလျာအများစုက ချဉ်ချဉ်စပ်စပ်များဖြစ်လို့ ကချင်ဟင်းလျာကလည်း ချဉ်ချဉ်စပ်စပ်အစားအစာကို နှစ်သက်တဲ့ စားသုံးသူတွေအကြိုက်ဖြစ်စေမှာပါ။


ဒီတပတ်မှာတော့ အမှတ် ၇၆ ၊ လမ်း ၅၀ နဲ့ ၅၁ လမ်းအကြား ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ရှယီ ကချင်ရိုးရာ စားသောက်ဆိုင် (၁) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကချင်တိုင်းရင်းသားများ ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ မိသားစုဆိုင်လေးဖြစ်ပြီး ဝန်ထမ်းတချို့ကတော့ ရန်ကုန်ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့သိပ်မစူးတဲ့ အလင်းရောင်နဲ့ အေးမြတိတ်ဆိတ်မှုက ကြိုနေပါတယ်။  ကချင်ရိုးရာ ခေါင်းပေါင်းလေးတွေ ပေါင်းထားတဲ့ ဝန်ထမ်းတွေရဲ့ ထူးခြားတဲ့ပုံစံကလည်း အမြင်သစ်တခုကို ရရှိစေပါတယ်။ သိပ်ပြီးမကျယ်ဝန်းပေမယ့် အပြင်က ဆူညံသံတွေ ကင်းဝေးတဲ့အတွက် တိတ်ဆိတ်ပြီး သပ်ရပ်တဲ့ ဆိုင်ခန်း ဖွဲ့စည်းပုံဟာ ဆိတ်ငြိမ်မှုကို သဘောကျတဲ့ စားသုံးသူတွေအတွက် အံကိုက်ဖြစ်မှာပါ။ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ပျူငှာတဲ့ ဝန်ထမ်းများရဲ့ ဧည့်ဝတ်ကျေမှုကလည်း စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့်မယ်။



ရိုးရာဟင်းလျာ မျိုးစုံရရှိပြီး အာလူးခပုတ်ကြော်၊ တောင်ယာဟင်းပေါင်း၊ ကချင် ငါးချဉ်ငန်စပ်၊ အမဲသား  မိုးလွတ်ကင်၊ ကချင်ရှန်ခတ်(အမဲသား တောက်တောက်စင်းကြော်)၊ ကချင်သီးစုံ ဟင်းရည်၊ ကချင်ဒံပေါက် စတဲ့ဟင်းလျာတွေဟာ လူကြိုက်များပြီး ကချင်ရှန်ခတ်နဲ့ကချင်ဒံပေါက်ကတော့ နိုင်ငံခြားသား အများစု မှာယူစားသောက်ကြတယ်လို့ သိရပါတယ်။ ကချင်အစားအစာက အစပ်များတဲ့အတွက် အစပ်မစားနိုင်တဲ့ တချို့စားသုံးသူများကို အစပ်လျှော့ပေးပြီး ကျန်တာကိုတော့ ရန်ကုန်စတိုင် ပြန်ပြင်ထားတာ မရှိပါဘူးလို့ ဆိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။


ကချင်ငါးချဉ်ငန်စပ်ကတော့ ကချင်ရိုးရာဟင်းတို့ရဲ့ ထုံးစံအတိုင်း ချဉ်ချဉ်စပ်စပ်ဖြစ်ပြီး ကချင်ရိုးရာ ဟင်းခတ် အမွှေးအကြိုင်များနဲ့ ချက်ပြုတ်ထားတာဖြစ်လို့ ခံတွင်းတွေ့စေပါတယ်။ အဲဒီဟင်းအမည် တပွဲကို ဈေးနှုန်း ၄၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

ဒီလို ချဉ်စပ်ဟင်းလျာကို စားသုံးပြီး အစပ်ပြေ အချိုတည်းဖို့အတွက် အာလူးခပုတ်ကြော်က သင့်တော် ပါလိမ့်မယ်။ အာလူးပြုတ်ကို ကချင် ဟင်းခတ်ပစ္စည်းများနဲ့ ရောစပ်ကြော်ထားတဲ့ အာလူးခပုတ်ကြော်ဟာ ခပ်ပျော့ပျော့နဲ့ ဆိမ့်တဲ့ အရသာရှိတဲ့အတွက် အစပ်ပြေစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒီဟင်းလျာ အတွက်ကတော့ ၃၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။


ကချင် သီးစုံဟင်းရည်ကတော့ ပဲသီး၊ ဖရုံသီး၊ မုန်ညင်းဖြူ၊ ပိန်းဥ၊ ခရမ်းချဉ်သီးစတဲ့ အသီးအနှံတွေ ပါဝင်ပြီး အရည်က အနည်းငယ်ပျစ်ချိုပါတယ်။ အဆီအဆိမ့် လျှော့စားချင်သူတွေ၊ ဟင်းသီးဟင်းရွက် ကြိုက် နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် ဟင်းလျာတခုလို့ ဆိုရမှာပါ။ သီးစုံဟင်းရည်တပွဲကို (၃၀ဝ၀) ကျပ် ကျသင့်ပါမယ်။ ပိုကောင်းတာတခုက မှာထားတဲ့ ဟင်းလျာများကို မြန်မြန်ဆန်ဆန် ရရှိတာပါပဲ။ စောင့်ရတာ မကြိုက်တဲ့သူတွေ နှစ်သက်ကြမှာပါ။


ယမကာ နှစ်သက်သူတွေအတွက်ကတော့ ရှယီ ကချင်စားသောက်ဆိုင်ရဲ့ချက်ပြုတ်သူ စားဖိုမှူးတွေကိုယ်တိုင် ဖော်စပ်ထားတဲ့ ကချင်စပီ (ခေါင်ရည်) ကိုလည်းရရှိနိုင်ပါတယ်။


“ခေါင်ရည်ကို ကောက်ညှင်းဆန်၊ တောင်ပေါ်ဒေသက တဆေးတို့ အပါအဝင် တခြားအမည်တွေ ရောနှော  ပြီး ချက်ထားပါတယ်။ ခေါင်ရည်ထဲ ထည့်ရမည့် အမည်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကတော့ ဒီမှာ မရတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားကနေ ကားနဲ့ဖြစ်ဖြစ် လေယာဉ်နဲ့ဖြစ်ဖြစ် မှာယူတယ်” လို့ စားဖိုမှူး မနမ်ဆိုင်းမှ ပြောပြပါတယ်။ ခေါင်ရည်က ဆောင်းတွင်းမှာရတဲ့ လှော်စာနဲ့ ခပ်ဆင်ဆင်တူပြီး အနည်းငယ် ပူပါတယ်။



ဆိုင်ဖွင့်ချိန်က နံနက် ၁၁ နာရီ ကနေ ည ၁၀ နာရီအထိဖြစ်ပြီး တနင်္ဂနွေနေ့များမှာတော့ ညနေ ၃ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် စားသုံးသူ ငါးဝိုင်း ခြောက်ဝိုင်းရှိပြီး ရန်ကုန်အခြေစိုက် မြန်မာနဲ့ တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံခြားသား များပါ လာရောက်စားသုံးကြပါတယ်။ ည ၇ နာရီကျော်ရင်  ဧည့်သည်ပိုများတယ်လို့လည်း သိရပါတယ်။ ဒီဆိုင်လေးဟာ အစားအသောက်စားရင်း လုပ်ငန်းကိစ္စ တိုင် ပင်ဆွေးနွေးချင်သူတွေ၊ တိုင်းရင်းသား ရိုးရာဟင်းကို အရသာရှိရှိ စားသုံးချင်သူတွေ၊ မိတ်ဆွေသူငယ်ချင်း    တွေနဲ့ နေ့လယ်စာ၊ ညစာ ထူးထူးခြားခြား စားချင်သူတွေအတွက် သင့်လျော်တယ်လို့ ညွှန်းချင်ပါတယ်။   ဟင်းလျာတမျိုးကို ကျပ် ၁၀ဝ၀ ကနေ ၆၀ဝ၀ အထိသာ ကျသင့်တာမို့ သင့်တင့်တဲ့ ဈေးနှုန်း၊ သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်နဲ့ ကချင်ရိုးရာ စားသောက်ဆိုင်လေးကို သွားရောက်မြည်းစမ်းကြည့်ကြပါဦးနော်။


ထက်ဦးဝေ


ကမ္ဘာ့အကြီးဆုံး စားသောက်ဖွယ်ရာကြီးများ

Friday, September 18, 2015 0 comments


(အသားညှပ်ပေါင်မုန်ကြီး )


ဒီပုံထဲက အသားညှပ်ပေါင်မုန့်ကြီးဟာ အသားအလွှာပေါင်း ၄၁ လွှာ သွတ်သွင်းထားတဲ့ ပေါင်မုန့်ကြီးပါ။ ဒီအသားညှပ်ပေါင်မုန့်ကြီးကို ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့က အင်္ဂလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ပထမ  တန်းစား စားကောင်းသောက်ဖွယ်များပြသတဲ့ပွဲအတွက် ပြုလုပ်ခဲ့တာပါ။

ဒီကြီးမားတဲ့ အသားညှပ်ပေါင်မုန့်ကြီးရဲ့ အမြင့်ဟာ ၁၅ လက်မရှိပြီး ၂၄ လက်မ ကျယ်ဝန်းပါတယ်။ ဒီ      အသားညှပ်ပေါင်မုန့်ကြီးထဲမှာ ၀က်ပေါင်ခြောက် ၁၄၄၅ ဂရမ်၊ ဆလာမီ၊ ကြက်ဆင်နှင့် ၀က်ဆားနယ်ခြောက် ၂ ကီလိုဂရမ်၊ ၀က်အူချောင်း၊ အမဲအူချောင်း ၁ ကီလိုဂရမ် နှင့် ၀က်အူချောင်းလို အမျိုးအစားတမျိုးဖြစ်တဲ့ chorizo ၇၂၀ ဂရမ်တို့ပါဝင်ပါတယ်။

ဟော့ပ်ပေါ့ပ်အစားအစာ စားသောက်ပွဲတော်


တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ Chongqing မြို့ဟာ ဟော့ပ်ပေါ့ပ် အစားအစာကို စွဲလမ်းမြတ်နိုးဆုံး မြို့တမြို့အဖြစ် လူသိများ ထင်ရှားပါတယ်။ အဲ့ဒီလိုမြို့မှာ လူပေါင်းမြောက်များစွာ ပါဝင်ဆင်နွှဲကြတဲ့     ဟော့ပ်ပေါ့ပ် စားသောက်ပွဲကြီးကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့တာပါ။

ပုံမှာမြင်တဲ့အတိုင်းပါပဲ။ အလွန်ကြီးမားကျယ်ပြန့်သော ဟော့ပ်ပေါ့ပ်အိုးကြီးပုံစံပြုလုပ်ထားတဲ့ အိုးရဲ့ ပတ်   ပတ်လည်မှာ မြောက်များစွာသော လူတွေဟာ ဟော့ပ်ပေါ့ပ် အစားအစာကို မြန်ရေယှက်ရေ စားသောက် နေ ကြတာပါ။

ကမ္ဘာ့အကြီးဆုံး ကြက်ဥကြော်


ဒီပုံမှာ မြင်ရတဲ့ ကြက်ဥကြော်ကြီးကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးကြက်ဥကြော်ဆိုရင် မလွဲလောက်ပါဘူး။ ဒီမှာ ကြက်ဥအလုံးပေါင်း ၅၂၁၄ လုံးကို အသုံးပြုထားပြီး ဆီ ၂၀ လီတာ၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ  ၅၀ ကီလိုဂရမ် ပါဝင်ပါတယ်။ ကြီးမားတဲ့ ကြက်ဥကြော်ကြီးကို ပြီးခဲ့တဲ့နှစ်က ပြင်သစ်နိုင်ငံရဲ့ Haux  ဆိုတဲ့ မြို့ ငယ်လေးမှာ ပြုလုပ်ခဲ့တဲ့ ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်ခြင်းပွဲတော်မှာ လူအယောက်ပေါင်း ၇၀၀ က သုံးဆောင်ခဲ့ကြပါတယ်။

ကြီးမားလှတဲ့ တို့ဖူးပြားကြီး


ဒီပုံမှာမြင်ရတဲ့ တို့ဖူးပြားကြီးကတော့ လူထောင်ပေါင်းများစွာ စားသုံးနိုင်တဲ့ တို့ဖူးကြီးပါ။ အချိန် ၈ တန်ရှိတဲ့ ဒီ တို့ဖူးကြီးကို Anhui ခရိုင်ရှိ Huainan မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့မြင်ခဲ့ရတာပါ။

ကြီးမားသောလမုန့်


တရုတ်ပြည်အလယ်ပိုင်း Xuchang မြို့ရှိ ရှော့ပင်းမော်လ်တခုမှာ  ပြီးခဲ့တဲ့နှစ် ဆောင်းရာသီလယ် ပွဲတော် တခုတွင် အ၀ိုင်းပတ်လည် ၃၁.၄ လက်မရှိကာ ဂျုံမှုန့် ၄၀ ကီလိုဂရမ်ပါဝင်တဲ့ ကြီးမားသော လမုန့်ကြီးကို ပြုလုပ်ခဲ့ကြပါတယ်။

သစ်သီးမျိုးစုံပါဝင်ပြီး ရှည်လျားလှတဲ့ ကိတ်မုန့်ကြီး


တရုတ်ပြည်အရှေ့ပိုင်း Anhui ခရိုင် Huaibei မြို့တော်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောင်စုံ သစ်သီးဝလံများဖြင့် တန်ဆာဆင်ထားသော  စတုရန်းပုံ ၂၄ မီတာရှည်လျားတဲ့ ကိတ်မုန့်ကြီးကို ပြုလုပ်ခဲ့ ပါ တယ်။



Ref: CCTV news




ဒေါင်းလန်းနဲ့ခင်းတဲ့ တော်ဝင်ဟိုတယ်က ကေခိုင် မြန်မာထမင်းဆိုင်

Wednesday, August 19, 2015 0 comments


ဓာတ်ပုံများ - The Irrawaddy

ခမ်းနားသပ်ရပ်ပြီး သန့်ရှင်းတဲ့ ဆိုင်အပြင်အဆင်၊ ကောင်းမွန်တဲ့ အစားအသောက်အရသာတွေကို စားသုံးချင်သူတွေအတွက် ပြည်လမ်း၊ တော်ဝင်ဟိုတယ်မှာ ဖွင့်လှစ်ထားတဲ့ “ကေခိုင်” မြန်မာ စားသောက်ဆိုင်ကို လမ်းညွှန်ချင်ပါတယ်။

“ကေခိုင်”စားသောက်ဆိုင်ကို လူအများစုမသိနိုင်ပေမယ့် “မြန်မာဒေါင်းလန်းကြီး”ဆိုင်ဆိုရင် လူသိများ လိမ့်မယ်လို့ ထင်ပါတယ်။

ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ပုံမှန်ဆိုင်တွေမှာလို ဟင်းနံ့၊ အစားအသောက် ကြော်လှော်နံ့ လုံးဝမရဘဲ သန့်ရှင်းတဲ့လေထုကိုခံစားရပါတယ်။ ကိန္နရီကိန္နရာရုပ်သေးရုပ်၊ ဇော်ဂျီ ရုပ်သေးရုပ်၊ ယွန်းအုပ်တွေနဲ့ မြန်မာဆန်တဲ့ ဆိုင်အပြင်အဆင်ကလည်းစားသုံးသူတွေအတွက် တမူထူးခြားစေတာကို တွေ့ရပါတယ်။

ဒီစားသောက်ဆိုင်မှာ အမှာအများဆုံးရရှိတဲ့ အစားအစာကတော့ မြန်မာဒေါင်းလန်းကြီးဟင်းနဲ့ ထမင်းပွဲပဲဖြစ်ပြီး မြန်မာလူမျိုးတွေအပြင် နိုင်ငံခြားသားဧည့်သည် အများအပြားကလည်း သဘောကျ နှစ်ခြိုက်ကြတယ်လို့ ဆိုင်ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုမျိုးသီဟက ပြောပြပါတယ်။

“စားဖိုမှူးတွေ အားလုံးကလည်း ပြည်ပက ပြန်လာတဲ့သူတွေချည်းပဲ။ မြန်မာအစားအစာကတော့ အိမ်မှာလည်း ချက်ပြုတ်စားသောက်နေကျဆိုတော့ ဆိုင်ရဲ့ သန့်ရှင်းမှုနဲ့ အပြင်အဆင်ကို ဦးစားပေးထားတယ်။ ပြည်ပ ဧည့်သည်တွေ လာရင်တော့ တချို့ဟင်းအမည်တွေက မြန်မာအစားအစာဆိုတော့ သူတို့သိအောင် ရှင်းပြရတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာလည်း ပြောပြရတယ်။ စားပြီးရင်တော့ သဘောကျတယ်လို့ ပြောတာများတယ်”လို့ ကိုမျိုးသီဟက ရှင်းပြပါတယ်။

ဆိုင်ရဲ့ အဓိကအစားအစာဖြစ်တဲ့ “ဒေါင်းလန်း        ကြီး”ပွဲတော်အုပ်တအုပ်မှာ Appetizer အဖြစ် လက်ဖက်သုပ် သို့မဟုတ် ချင်းသုပ် ကြိုက်ရာတပွဲ၊ ထ မင်း ၂ ပွဲ၊ အသားနဲ့ငါး ၂ ပွဲ၊ အသုပ် ၁ ပွဲ၊ အသီးအရွက်ကြော် ၁ ပွဲ၊ အရည်ဟင်းနဲ့ ငါးပိချက်၊ တို့စရာ၊ အချိုပွဲတွေလည်း ပါဝင်ပါတယ်။ “ဒေါင်းလန်းကြီး” တပွဲဆိုလျှင် လူ ၃ ယောက် ကောင်းကောင်းစားနိုင်ပါတယ်။ အဲဒီပွဲတပွဲကိုတော့ မြန်မာငွေ ၁၈၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

ဒေါင်းလန်းကြီးပွဲတော်အုပ်ကိုတော့ ယွန်းအုပ် နဲ့ ပြင်ဆင်ထားပြီး ငါးပိချက်နဲ့ တို့စရာ၊ အချိုတည်း အစားအစာတွေ အားလုံးကို ထည့်ထားတာကလည်း ယွန်းထည်ပစ္စည်းများနဲ့ဖြစ်တာကို တွေ့ရပါတယ်။

ဒေါင်းလန်းကြီးပွဲမှာ Main Dish အဖြစ် အသားဟင်းတမျိုး၊ ငါးဟင်းတမျိုးမှာယူနိုင်တဲ့အတွက် ကျမတို့က အမဲသားနှပ်နဲ့၊ ငါးကြင်းဒန့်သလွန်ချက်ကို ထည့်ပေးဖို့ မှာယူလိုက်ပါတယ်။ အမဲသားနှပ်ရဲ့ အရသာက နူးညံ့ ကောင်းမွန်ပြီး ကြက်သွန်နီဥငယ်တွေကိုထည့်နှပ်ထားတာက အမဲသားရဲ့ အရသာကိုပိုပြီးချိုမြ၊ မွှေးသွား တယ်လို့ ခံစားမိပါတယ်။ ငှက်ပျောဖူးသုပ်၊ ငါးကြင်းနှင့် ဒန့်သလွန်သီးဟင်းကိုလည်း ဆီနည်းနည်းပဲထည့်ချက် ထားပါတယ်။ ငှက်ပျောဖူးသုပ်နဲ့ ဂေါ်ရခါးညွန့်ကြော်တွေကလည်း ဆီသုံးစွဲမှု အသင့်အတင့်သာပါဝင် သလိုအချို၊ အငန် နည်းပြီး အရဿာစပ်ဟပ်မှု ကောင်းမွန်မျှတတာကြောင့် အဆီရှောင်လိုသူတွေနဲ့ ကျန်းမာရေးအတွက် သင့်တင့်အောင် စားသုံးသူတွေအတွက် အဆင်ပြေစေမှာပါ။

ဆိုင်ရဲ့ ရရှိနိုင်တဲ့ ဟင်းအမည်တွေကတော့ မော်လ  မြိုင်ကြက်သားချက်၊ ဝက်ခရမ်းချဉ်သီးဟင်း၊ အမဲသားနှပ်၊ ကြက်သားအာလူးဟင်း၊ ဝက်သားနီချက်၊ ငါးကြင်းကြော်နှပ်၊ ငါးတန် ခရမ်းချဉ်သီးချက်၊ ပုစွန်အစပ်ကြော်၊ တရုတ်မုန်ညင်းကြော်၊ ဂေါ်ရခါးညွန့်ကြော်၊ ငါးသားနဲ့ မုန်လာဥချဉ်ရည်ဟင်း၊ ချင်းသုပ်၊ လက်ဖက်သုပ်၊ မြင်းခွာရွက်သုပ်၊ ငှက်ပျောဖူးသုပ် စတဲ့အမည်အများအပြား ရရှိနိုင်တယ်လို့ သိရပါတယ်။

ဆိုင်ရဲ့ SideDish တခုအဖြစ်ပေးတဲ့ လက်ဖက်သုပ်မှာပါတဲ့ လက်ဖက်သားနှပ်ကလည်း ဆီနည်းပြီး အညွန့်သက်သက်ဖြစ်တာကြောင့် အရသာကောင်းမွန်ပါတယ်။ ဒါ့အပြင် အချိုပွဲဖြစ်တဲ့ ရွှေရင်အေး ကလည်း ရောင်စုံကျောက်ကျော၊ ပေါင်မုန့်နဲ့ ကောက်ညှင်းတွေကို ချိုဆိမ့်နေတဲ့ အုန်းနို့ရည် ဆမ်းထားပါသေးတယ်။

“ကေခိုင်”စားသောက်ဆိုင်မှာ မြန်မာအစားအစာတွေအပြင် ဝိုင်၊ ဘီယာ၊ အဖျော်ယမကာတွေနဲ့ တခြား စားစရာတွေလည်းရရှိနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ်စာအတွက် နံနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီ၊ ညစာအတွက် ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

သန့်ရှင်းသပ်ရပ်၊ အရသာကောင်းကောင်းနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမျိုးမှာ စားသုံးချင်သူတွေဆိုရင်တော့ “ကေခိုင် စားသောက်ဆိုင်” က ဒေါင်းလန်းကြီးပွဲတော်အုပ်ကို စားသုံးကြည့်ဖို့ လမ်းညွှန်လိုက်ပါတယ်။

လိပ်စာကတော့.. ကေခိုင် စားသောက်ဆိုင်၊ ပြည်လမ်း၊ တော်ဝင်စင်တာဘေး၊ တော်ဝင်ဟိုတယ် ၄ လွှာ။


မေစစ်ပိုင်


စင်ကာပူနိုင်ငံမှလုပ်ငန်းလုပ်ပိုင်ခွင့်ရယူပြီး Pastamania Italian Restaurant ရန်ကုန်တွင်ဖွင့်မည်

Monday, August 3, 2015 0 comments


ဓာတ်ပုံများ -သီဟတိုး/ The Irrawaddy

ပါစတာ၊ ပီဇာ ၊ စပါကတီ စတဲ့ အီတာလျံ အစားအစာတွေကို ရရှိနိုင်မယ့် Pastamania Italian Restaurant (ပါစတာမေးနီးယား အီတာလျံ စားသောက်ဆိုင်) ကို မြန်မာနိုင်ငံ Root of Asia ကုမ္ပဏီမှ     စင်ကာပူနိုင်ငံကနေ Franchise (လုပ်ငန်းလုပ်ပိုင်ခွင့်)ယူပြီး ရန်ကုန်မြို့မှာ လာရောက် ဖွင့်လှစ်တော့မှာပါ။

အဆိုပါ Pastamania အီတာလျံ စားသောက်ဆိုင်ကို ပထမဦးဆုံး နံပါတ် (၇)၊ အင်းယားလမ်း၊ ကမာရွတ်   မြို့နယ်၊ ရန်ကုန်မြို့မှာ ဒီနှစ်ကုန်ပိုင်းလောက် စတင်ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဇူလိုင်လ ၂၈     ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံ၊ Royal Garden Restaurant မှာ ကျင်းပပြုလုပ်ခဲ့တဲ့  သတင်းစာ ရှင်းလင်းပွဲအရ သိရပါတယ်။

တနှစ်အတွင်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ Pastamania ဆိုင် စုစုပေါင်း ဆိုင်(၃) ဆိုင်  ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်တဲ့။


“ကျနော် Pastamania ကို စပြီး Franchise ယူဖို့ ရွေးချယ်ဖြစ်ခဲ့တာတော့ မြန်မာနိုင်ငံမှာ Pasta ကို Franchise ယူပြီး လုပ်တဲ့ Restaurant တွေမရှိဘူး။ အီတာလျံ အစားအစာဆိုင်တွေ အများကြီး ဖွင့်လာတာ တွေ့ရပေမယ့် ပါစတာကို အဓိကထားပြီး Focus လုပ်တာ မတွေ့ရဘူး။ ပီဇာကိုပဲ အဓိကထားတာ တွေ့ရတယ်။ နောက်ပြီး ကျနော်ကိုယ်တိုင်ကလည်း ပါစတာကို နှစ်သက်လို့ ရွေးခဲ့တာပါ။ ပြီးတော့ မြန်မာပြည်သူ ပြည်သား တွေနဲ့ ဒီ ပါစတာ taste အရသာ ကိုက်ညီအပ်စပ်မယ်ထင်လို့ ကျနော် တင်သွင်းခဲ့တာ ဖြစ်ပါ တယ်” လို့ Root of Asia ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုအေးချမ်းကိုကို က ပြောပါတယ်။

ဆက်လက်ပြီး သူက “ကျနော့်ဆိုင်က ကျောင်းသူ၊ကျောင်းသားတွေ လာစားတာပဲဖြစ်ဖြစ်၊ မိသားစုတွေ လာစားတာကအစ ကျနော့်ဆိုင်ထဲကို ဝင်ရောက်တာနဲ့ အီတလီကို ရောက်သွားတဲ့ ခံစားချက်မျိုး ဖြစ်သွား         အောင်  ဆိုင်ကို ပြင်ဆင်ထားပါတယ်” လို့ ဆိုပါတယ်။

ဆိုင်အတွင်းပိုင်း အပြင်အဆင်က စားသုံးသူတွေကို အီတလီနိုင်ငံ မြို့တမြို့ရဲ့ City Square ကို ရောက်သွား သလို ခံစားရအောင် ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Customer တွေ ဆိုင်ထဲ ဝင်ရောက်လာတာနဲ့ နံရံပတ်လည်မှာ Italian New-stand, The Neighborhood Pasta Shop, Grocery Store နဲ့ Italian Traditional Bakery အစရှိတဲ့ Station တွေကို တွေ့မြင်ရမှာပါ။



Restaurant Structure အနေနဲ့က Ground Floor နဲ့ First Floor ဆိုပြီး အထပ်နှစ်ထပ် ရှိမှာဖြစ်ပြီး ပထမထပ်မှာဆိုရင် Private Room အခန်းနှစ်ခန်း ပါရှိမှာဖြစ်ပါတယ်။

“ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိမယ့် နိုင်ငံတကာ အစားအစာတွေ တင်သွင်းချင်တာပါ။ အခုဆိုရင် အရမ်း တိုးတက်နေတဲ့ခေတ်မှာ လူတွေက ဖုန်းတွေနဲ့ပဲ ဒေတာတွေ ဖွင့်ပြီး အင်တာနက်ပဲ သုံးနေကြတာများတယ်။ ဒီလိုမျိုး လူချင်းတွေ့ဆုံပြီး စကားပြောတာ အရမ်းနည်းသွားပြီ။ အဲဒီတော့ ကျမတို့ Root of Asia ကုမ္ပဏီက ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတော့ သူငယ်ချင်းတွေစုပြီး အပြင် သွားပြီး လျှောက်စားကြမယ်။ မိသားစုနဲ့ အပြင်ထွက်စားကြမယ်ဆိုရင် နေရာကောင်းကောင်းတခုမှာ အစားအသောက်အကောင်းကောင်းနဲ့ စားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီဆိုင်ကို ဖွင့်ဖြစ်တာ ဖြစ်ပါတယ်” လို့ Root of Asia ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ မဖြူစင်သန့်က ပြောပါတယ်။

Pastamania အီတာလျံ အစားအစာဆိုင်မှာ ပီဇာလို Fast Food (အမြန်စာ) ကို အချိန်ကြာကြီး စောင့်ဆိုင်း စရာ မလိုအောင် အချိန်တိုတွင်း ပြုလုပ်ချိန် ငါးမိနစ်နဲ့ အလျင်မြန်ဆုံး ဝန်ဆောင်မှု ပေးသွားနိုင်ရန် စီစဉ်ထား ပြီး အစားအသောက် Menu ထဲမှာ Ice-Cream နဲ့ Pizza ပေါင်းစပ်ထားတဲ့ Dessert Pizza တွေကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ အီတာလျံ အစားအစာတွေကို ကြိုက်နှစ်သက်တဲ့ လူငယ်တွေ၊ နိုင်ငံခြားသား ဧည့်သည်တွေ၊ သံရုံးက ဝန်ထမ်းတွေနဲ့ မိသားစုတွေကို အဓိက Focus လုပ်ထားပါတယ်။ Menu ထဲမှာဆိုရင်လည်း Vegetarian Menu (သတ်သတ်လွတ် မီနူး) ကိုပါ စီစဉ်ထားတာကြောင့် သတ်သတ်လွတ်စားသူတွေ     အတွက်လည်း အဆင်ပြေနိုင်အောင် ရည်ရွယ်ထားပါတယ်” လို့ Root of Asia ကုမ္ပဏီရဲ့Operation Manager ကိုတေဇာခိုင်စိုးက ပြောပါတယ်။

Pastamania အီတာလျံ စားသောက်ဆိုင်က စင်ကာပူနိုင်ငံမှာ အောင်မြင်မှုရရှိနေတဲ့ အကြီးဆုံး Italian Restaurant ကြီးပဲ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပထမဦးဆုံး ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင်      အရှေ့တောင်အာရှနိုင်ငံတွေနဲ့ Middle East လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာပါ အားလုံးပေါင်း (၁၀) နိုင်ငံနဲ့ ဆိုင်ပေါင်း (၅၀) ကျော် ဖွင့်လှစ်နိုင်ခဲ့တဲ့ Italian Chain(အီတာလျံဆိုင်ခွဲ) တခုပဲ ဖြစ်ပါတယ်။


သီဟတိုး


အပြင်အဆင် အဆန်းထွင်ထားတဲ့ Snow Factory ရေခဲမုန့်

Wednesday, June 3, 2015 0 comments


ဓာတ်ပုံများ - ဂျေပိုင်/ The Irrawaddy

စားသောက်ဆိုင်ထဲကို ဝင်လိုက်တာနဲ့တပြိုင်နက် စက်ရုံတရုံရဲ့အလုပ်ခွင်တခုထဲကို ရောက်သွားသလို ခံစားရမယ့်အပြင်အဆင်တွေနဲ့ ရေခဲမုန့်ဆိုင်တဆိုင်ကို ညွှန်းရမယ်ဆိုရင်တော့ Snow Factory ရေခဲမုန့်ဆိုင်ပဲ ဖြစ်ပါတယ်။

ဆိုင်ထဲကို ဝင်လိုက်တာနဲ့ စက်ရုံတရုံရဲ့ အပြင်အဆင်တွေကို စားသုံးသူတွေမြင်ရမှာပါ။ ဆိုင်ထဲမှာတော့ဧည့်ကြိုဝန်ထမ်း၊ စားပွဲထိုးဝန်ထမ်း၊ ကောင်တာထိုင်ဝန်ထမ်းတွေအားလုံးဟာ တူညီဝတ်စုံအပြာရောင်နဲ့အတူ လုပ်ငန်းခွင်သုံးဦးထုပ်တွေကို ဆောင်းထားပြီး စားသုံးသူကို ဝန်ဆောင်မှုပေးကြပါလိမ့်မယ်။


အစားအသောက်မှာတာနဲ့ ကောင်တာဝန်ထမ်းကစားပွဲနံပါတ်ပါတဲ့ လုပ်ငန်းခွင်သုံးဦးထုပ်ကိုထည့်ပေးလိုက်တာ တွေ့ရပါတယ်။ စားသုံးသူအများစုကတော့ အဲဒီဦးထုပ်ကိုဆောင်းပြီး Snow Factory ဆိုင်ရောက်ကြောင်း ဓာတ်ပုံရိုက်တာ၊ Facebook ပေတင်ကြတာမျိုးပြုလုပ်ကြတာ တွေ့ရပါတယ်။

ဆိုင်ရဲ့မီနူးမှာတော့ သီးစုံရေခဲမုန့်၊ အုန်းသီး၊ သခွားမွှေး၊ သဘောင်္သီး၊ နို့၊ စတော်ဘယ်ရီ စသဖြင့် ဆိုင်ရဲ့အခေါ်အဝေါ်အရ Snow ရေခဲမုန့် ၈မျိုး၊ တခြား Set menu တွေနဲ့ ကော်ဖီ၊ အအေးတွေအပါအဝင် မီနူးအရေအတွက် ၃၀လောက် မှာယူ ရရှိနိုင်တယ်လို့ ဆိုင်မန်နေဂျာ ကိုအောင်ကိုက ရှင်းပြပါတယ်။


“ကျနော့်သူဌေးကိုရီးယားလူမျိုးက နိုင်ငံတကာမှာ ပတ်သွားပြီး လေ့လာခဲ့တယ်။ ကိုရီးယားမှာလည်း စားသောက်ဆိုင်ဖွင့်ထားတယ်။အ ပြင်အဆင်ပိုင်းကိုပိုပြီး စိတ်အားထက်သန်တယ်။ သူ ၄၆ နိုင်ငံလောက် သွားလေ့လာတယ်။ အဲဒီအထဲက တချို့ကို ဓာတ်ပုံရိုက်ယူလာတယ်။ ဒီဆိုင်အပြင်အဆင်က သူ့စိတ်ကူးပေါ့။ အစားအသောက်ဖန်တီးမှုကတော့ သူဌေးနဲ့ဝန်ထမ်းတွေ ပေါင်းပြီးပြင်ဆင်ကြတာပေါ့” လို့ ဆိုင်မန်နေဂျာ ကိုအောင်ကိုက ပြောပြပါတယ်။

ဆက်လက်ပြီး သူက“အစားအသောက်ကိုသူများနဲ့မတူအောင်ဆန်းသစ်ထားတာ။ နောက်ထပ်မီနူးတွေလည်း ထပ်ပြီးထည့်မယ်၊ ကိုရီးယားအစားအသောက်တွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဥပမာထမင်းလိပ်ပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့က စားသုံးသူအနေနဲ့ မြင်လိုက်တာနဲ့ တပြိုင်နက်အပြင်မှာ မတွေ့ဘူးတဲ့ ဆန်းဆန်းပြားပြား ပုံစံမျိုးဖန်တီးချင်ကြတာ” လို့ပြောပါတယ်။


Snow Factory ရေခဲမုန့်ဆိုင်မှာ လတ်ဆတ်တဲ့အသီးတွေထဲကို ရေခဲမုန့်နဲ့မှာယူတဲ့အမျိုးအစားအလိုက် သီးနှံရဲ့အသားကို ပုံဖော်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Milk Snow Icecream ရဲ့အရသာကတော့ နို့အဆိမ့်အရသာနဲ့အတူ နေကြာစေ့၊ နမ်းနက်နဲ့ပဲ အနှစ်အနည်းငယ်ထည့်ပေးထားပါတယ်။ တခြားရေခဲမုန့်တွေလို ချိုအီတဲ့အရသာမျိုးမဟုတ်ဘဲ ပေါ့ပြီး ဆိမ့်တဲ့အရသာမျိုး ဖြစ်ပါတယ်။

Melon Snow Icecream ကတော့ သခွားမွှေးသီးထဲကို ရေခဲမုန့်နဲ့အတူ သခွားမွှေးသီးအသားကို အလုံးလေးများပုံဖော်ပြီး ထည့်စားရတာပါ။ ရေခဲမုန့်ရဲ့ဆိမ့်တဲ့အရသာနဲ့အသီးရဲ့လတ်ဆတ်တဲ့အရသာကို တပြိုင်နက်ခံစားရမှာပါ။ ဘယ် ရေခဲမုန့်အမျိုးအစားမဆို တပွဲကို ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ရေခဲမုန့်တိုင်းကတော့ လှပတဲ့အပြင်အဆင်တွေနဲ့ ပေါ့ဆိမ့်တဲ့အရသာရှိပါတယ်။ ချိုအီတာကိုမကြိုက်တဲ့ သူတွေ နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။


Snow Factory ဆိုင်ဝန်ထမ်းတွေကတော့ သူတို့ရဲ့ရေခဲမုန့်မီနူးတိုင်းကို Snow လို့ခေါ်ကြတာကြားရပါတယ်။ Snow ဖြစ်လာဖို့ပြုလုပ်တဲ့ ရေခဲကို၁၂နာရီခန့်အေးခဲပြီးမှ ရေခဲမှုန်ရအောင်တိုက်ချတယ်။ အခြားဆိုင်များနည်းတူ ရေခဲတဲ့နည်းက သိပ်မကွာခြားပေမယ့်ရေခဲမှုန်(Snow) ပြုလုပ်ရာမှာတော့ ကွာခြားချက်တွေရှိတယ်လို့ ဆိုင်မန်နေဂျာ ကိုအောင်ကိုက ရှင်းပြပါတယ်။

Snow Factory ရေခဲမုန့်ဆိုင်ရဲ့ဖွင့်ချိန်ကတော့ မနက်၇နာရီကနေ ည၉နာရီခွဲအထိဖြစ်ပြီး ပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေမှာတော့ မနက်၈နာရီကနေည၁၀နာရီအထိ ဖွင့်လှစ်ရောင်းချနေတယ်လို့သိရပါတယ်။

ရန်ကုန်မှာ Snow Factory ရေခဲမုန့်ဆိုင် ၂ ဆိုင်ရှိပြီး မဟာဗန္ဓုလလမ်းနဲ့၃၁လမ်းထောင့်၊ ရသာကွန်ဒိုမြေညီထပ်မှာတဆိုင်နဲ့ ပုလဲကွန်ဒိုမှာတဆိုင်ဖြစ်ပါတယ်။



မေစစ်ပိုင်




မြန်မာ့ရိုးရာ “မင်္ဂလာပါ”

Wednesday, April 8, 2015 0 comments





ဒီတပတ်တော့ အပြောင်းအလဲလေး ဖြစ်သွားအောင် မန္တလေးမြို့က မြန်မာ့ရိုးရာစားသောက်ဆိုင်တဆိုင်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ မန္တလေးမြို့ ဗထူးအားကစားကွင်းအနောက်ဘက်မှာတည်ရှိတဲ့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာ့ရိုးရာထမင်းဟင်းနဲ့ မုန့်မျိုးစုံဆိုင်ပါပဲ။

“မင်္ဂလာပါ”ဆိုင်က နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ကျွန်းသားဘောင် မှန်ပြတင်းတွေနဲ့ တည်ဆောက်ထားပါတယ်။ ဆိုင်အောက်ထပ်အပြင်ဘက် ပတ်ပတ်လည်မှာတော့ သစ်ပင်စိမ်းစိမ်းစိုစိုတွေ စိုက်ပြီးအလှဆင်ထားတာ တွေ့ရပါတယ်။ ဆိုင်အတွင်းမှာမြန်မာဆန်ဆန် အမျိုးသမီးတယောက်ရဲ့ပုံပန်းချီကားမျိုးတွေ၊ မြန်မာအဘိုးအိုတယောက်ရဲ့ပုံပန်းချီကား စတဲ့ မြန်မာ့ရနံ့သင်းတဲ့ ပန်းချီလက်ရာတွေကို ချိတ်ဆွဲထားပါတယ်။ နံရံဘက်ဆီမှာ ၀ါးလေးတွေစီတန်းရိုက် အလှဆင် ထားပြီး မျက်နှာကြက်ကိုလည်း မြန်မာ့ရိုးရာဖျာနဲ့ ကပ်ရိုက်ထားပါတယ်။ ဆိုင်အဆင်အပြင်နဲ့ပက်သတ်ပြီး မြန်မာ့ရိုးရာ အငွေ့အသက်ရစေချင်လို့ပါလို့ ဆိုင်ပိုင်ရှင် ကိုမျိုးက ပြောပါတယ်။

ဆိုင်ရဲ့ဘယ်ဘက်မှာတော့ အဆောက်အအုံတခုရှိပြီး အဲဒီအဆောက်အအုံထဲမှာတော့ ဆိုင်မှာရနိုင်တဲ့ ဟင်းတွေကို မှန်ကောင်တာအတွင်းမှာ စတီးဗန်းလေးတွေနဲ့ထည့်ထားပါတယ်။ ဟင်းတွေမအေးအောင် အန္တရာယ်မရှိတဲ့ ရေနွေးငွေ့ စနစ်နဲ့ အပူငွေ့ပေးထားတယ်လို့ ဆိုင်ရှင်က ဆိုပါတယ်။

ဟင်းတွေကတော့ အမယ်စုံလှပါတယ်။ ၀က်သားတမျိုးတည်းကိုပဲ အမျိုးမျိုးချက်ထားတာတွေ့ရတယ်။ အညာဒေသထွက် ပုဂံပုန်းရည်နဲ့ချက်ထားတဲ့ ၀က်ပုန်းရည်၊ သရက်သီးခြောက်နဲ့ချက်တဲ့ ၀က်သရက်၊ တောအလှူတွေမှာချက်တဲ့ အရသာမျိုး စားရမယ့် ၀က်သားအိုးကြီးချက်၊ စားရတာမအီတဲ့ ၀က်လက်ဖက်၊ အရည်လေးပါ သောက်လို့ရတဲ့ ၀က်မျှစ်ချဉ်၊ စတဲ့ ဟင်းလျာတွေ စုံစုံလင်လင်ရတာကိုတွေ့ရပါတယ်။ နောက်ပြီးဆိတ်သားကို ကုလားပဲနဲ့ရောချက်တဲ့ ဆိတ်ကုလားပဲ၊ ငါးခူကိုအသားလွှာပြီးရဲယိုရွက်နဲ့ချက်တဲ့ ငါးခူစင်းကောရဲယိုစတဲ့ ဟင်းလျာတွေလည်းရှိပါတယ်တဲ့။  အရံဟင်းလျာတွေ ကိုတော့ ကိုယ်ကြိုက်တာကို မှာနိုင်သလိုကိုယ်မှာတဲ့ အသားဟင်းလျာနဲ့လိုက်ဖက်အောင်လည်းချပေးတယ်လို့ ဆိုပါတယ်။ နှစ်သက်ရာအသားဟင်းတမျိုးနဲ့ အရံဟင်းစုံအပါအဝင် ထမင်းအဝစားကို ၄၀၀၀ကျပ် ကျသင့်ပါလိမ့်မယ်။

ဟင်းကောင်တာရဲ့ဘေးမှာတော့အသုပ်စုံကောင်တာရှိပါတယ်။ အသုပ်စုံမှာ ရာသီအလိုက်ပေတဲ့အရွက်သုပ်တွေလည်း ရပါတယ်။ ဆောင်းတွင်းဖက်ဆိုမြူရွက်သုပ်၊ အခုလို နွေဦးပေါက်ဆို ထနောင်းရွက်သုပ်တို့လည်း ရပါတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ရှောက်သီးသုပ်၊ ကုက္ကိုရွက်သုပ်၊ ညောင်ချဉ်ဖူးသုပ် စတဲ့ အသုပ်စုံတွေလည်းရပါတယ်။အသုပ်စုံကတော့ တပွဲကို ၁၅၀၀ကျပ်ပါ။ အသုပ်စုံရဲ့ဘေးမှာတော့ ရာသီပေါ်သီးနှံဖျော်ရည်တွေ ရရှိနိုင်ပါတယ်။
နောက်ပြီးထမင်းစားပြီးရင် အချိုတည်းဖို့ မြန်မာ့ရိုးရာမုန့်မျိုးစုံကိုလည်း လှေတစင်းပေါ်မှာ မှန်ကောင်တာနဲ့ ခင်းကျင်း ရောင်းချပေးတာတွေ့ရပါတယ်။ မုန့်ပဲဆုပ်၊ မုန့်လိပ်ပြာ၊ ဘိန်းမုန့်၊ ထန်းသီးမုန့်၊ မုန့်သိုင်းခြုံ၊ ကန်စွန်းဥပေါင်း၊ ပဲလိပ်ပြာ၊ သကြားလိပ်ပြာစတဲ့ မုန့်မျိုးစုံပါ။ အဲဒီမုန့်မျိုးစုံကို မုန့်လေးမျိုးပါ ပွဲသေးကို ကျပ်တထောင်၊ မုန့်(၈)မျိုးပါ ပွဲကြီးကို ကျပ်နှစ်ထောင်ဆိုပြီးရောင်းချပေးတယ်လို့ ဆိုပါတယ်။

မြန်မာ့ရိုးရာမုန့်တမျိုးဖြစ်တဲ့မုန့်လင်မယားကိုလည်း ပူပူနွေးနွေးစားနိုင်အောင် ချက်ချင်းလုပ်ပေးပါတယ်တဲ့။

အစားအစာတွေမှာပြီးတော့ ဆိုင်အပေါ်ထပ်ကိုတက်ခဲ့ပါတယ်။

ဆိုင်အောက်ထပ်မှာက မိသားစုလိုက်စားနိုင်တဲ့ အသင့်အတင့်ကျယ်တဲ့စားပွဲတွေ၊ နှစ်ယောက်တွဲဒါမှမဟုတ် တယောက်တည်းသီးသန့် စားနိုင်မယ့်နေရာမျိုးလေးတွေ ဖန်တီးပေးထားပါတယ်။ အပေါ်ထပ်မှာတော့ ရုံး အဖွဲ့တွေ၊ လူအုပ်များများနဲ့လာစားကြမယ့်သူတွေအတွက် စားပွဲကျယ်ကျယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆိုင်ကစားပွဲခုံနဲ့ ထိုင်ခုံတွေကို ကျွန်းသားတွေနဲ့ ပြုလုပ်ထားတာတွေ့ရပါတယ်။

ထိုင်ပြီးမကြာခင်မှာပဲဟင်းတွေရောက်လာတယ်။ မြန်မာဆန်ဆန် စဥ့်ထည်ပုံစံကြွေပန်းကန်တွေကိုအသုံးပြုထားပါတယ်။ လေးထောင့်စပ်စပ် ကြွေပန်းကန်ပေါ်မှာငါးပိရည်ဖျော်အိုးလေးနဲ့အတူတို့စရာအစုံလာချပေးတယ်။ နောက်ပြီးမှာထားတဲ့ ငါးဟင်းနဲ့အတူပဲစိမ်းချက်၊ ကြက်ဟင်းခါးသီးချက်၊ ရွှေဖယုံသီးချက်၊ မှိုချက်နဲ့ တစောင်းခါးသီးချက်လိုအရံဟင်းတွေ ရောက်လာပါတယ်။



နည်းနည်းခါးသက်သက်အရသာရှိတဲ့တဇောင်းခါးသီးကရာသီဥတုအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရောဂါတွေအတွက် ကောင်းပါသတဲ့။
ပဲစိမ်းချက်ကတော့ ခပ်ဆိမ့်ဆိမ့် အရသာရှိပါတယ်။ ဆောင်းတွင်းမှာသာ ပေါပေါများများ စားရတတ်တဲ့ ဟင်းလျာတမျိုးပါ။ ကြက်ဟင်းခါးသီးဟင်းကလည်း လုံးဝ မခါးသလောက်ပါပဲ။ ပုဇွန်ခြောက်နဲ့နှပ်ပြီးချက်တာကြောင့် အခါးဓါတ် ပျောက်ပြီး အချိုဓါတ်ရောက်လာတာလို့ ဆိုင်ဝန်ထမ်းက ဆိုပါတယ်။ မှိုချက်ကတော့ ဆီလည်ရေလည်လေး ချက်ထားပြီး ငရုတ်သီး စိမ်းလေးနဲ့ ချက်ထားတာမို့ မွှေးနေပါတယ်။ မှိုဟင်းရည်က ကြက်သားဟင်းရည်လိုချိုပြီး ထမင်းပေါ်ဆမ်းစားလို့လည်း မိုက်ပါတယ်။ ရွှေဖယုံသီးချက်ကတော့ သိပ်မစားတတ်တာမို့ မတို့ဖြစ်တော့ဘူး။

ထမင်းစားပြီးတော့လက်ဖက်အုပ်နဲ့ ဆွမ်းအုပ်အသေးစားလေးတခု လာချပေးပါတယ်။ ဆွမ်းအုပ်အသေးလေးထဲမှာတော့ မြန်မာမုန့်တမျိုးဖြစ်တဲ့ မုန့်သြဇာလေးတွေ ထည့်ပေးထားပါတယ်။ ဒီနှစ်ခုကတော့ ဆိုင်ရဲ့ မေတ္တာလက်ဆောင် ပါတဲ့။ နောက်ထပ် မြန်မာမုန့်ရှစ်မျိုးပါတဲ့ ပန်းကန်လည်းလာချပေးတယ်။ မြန်မာမုန့်တွေကတော့ မြို့ပေါ်မှာစားချင်ရင် ဘုရားပွဲဈေးတွေမှာသာ ရနိုင်တော့တဲ့မုန့်တွေပါ။

မြန်မာထမင်းဟင်းနဲ့မုန့်မျိုးစုံအပြင် မနက်(၆)နာရီနဲ့ (၁၁)နာရီအတွင်းမှာဆိုမုန့်ဟင်းခါး၊ ဆီထမင်း၊ အကြော်စုံ၊ မြီးရှည်၊ မုန့်တီ၊ ရွှေတောင်ခေါက်ဆွဲစတာတွေလည်းရပါတယ်တဲ့။လက်ဖက်ရည်သောက်ချင်သူတွေ အတွက်လည်း အဖျော်ဆရာ သီးသန့် စီစဉ်ထားတယ်လို့သိရပါတယ်။
ဒါကြောင့် မန္တလေးရောက်လို့ မြန်မာထမင်းဟင်းကိုစားပြီးမြန်မာမုန့်မျိုးစုံနဲ့ အချိုတည်းချင်တယ်ဆိုရင် ၇၁လမ်း၊ ၂၈လမ်းနဲ့ ၂၉လမ်းကြားမှာဖွင့်ထားတဲ့ “မင်္ဂလာပါ” ဆိုင်ကိုဝင်ရောက်မြည်းစမ်းကြည့်ဖို့ ညွှန်းလိုက်ရပါတယ်။


အောင်သပြေ
  
  
  

  


ဗဟန်း၊ ဥယျာဉ်လမ်းထဲကဂျပန် Ramen ခေါက်ဆွဲဆိုင် YAMAGOYA

Monday, March 9, 2015 0 comments



ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy

ဂျပန်အစားအစာလို့ ဆိုလိုက်ရင် အများစုက ဂျပန်ဆူရှီထမင်းလိပ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဆူရှီက ဂျပန်နိုင်ငံတခုတည်းမှာပဲ မဟုတ်ပါဘူး၊ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ဆူရှီဆိုင်တွေ အများအပြားရှိပြီး ဆူရှီကို ကျန်းမာရေးအတွက် သင့်တော်တဲ့ ပင်လယ်စာ၊ ရေညှိတို့နဲ့ ပြုလုပ်ထားတာကြောင့် လူမျိုး၊ဘာသာမရွေး စားသုံးကြပါတယ်။

ရန်ကုန်မြို့မှာဆိုရင်လည်း ဂျပန်အစားအစာရောင်းတဲ့ဆိုင်တွေမှာ ဆူရှီကို လွယ်လွယ်ကူကူပေါပေါများများ စားသုံးနိုင်ပေမယ့် Ramen လို့ခေါ်တဲ့ ဂျပန်ခေါက်ဆွဲပြုတ်ကို ရောင်းချတဲ့ဆိုင်တွေကတော့ ဆူရှီဆိုင်တွေနဲ့ စာရင် ခပ်ရှားရှားပါ။ Ramen ဆိုတာဟာ ဂျပန်ခေါက်ဆွဲပြုတ်တမျိုးဖြစ်ပြီး တရုတ်စတိုင် လက်လုပ် ဂျူံခေါက်ဆွဲကိုမှ အသားတမျိုးမျိုး၊ ဒါမှမဟုတ် ငါးတမျိုးမျိုးကို ပဲငါးပိဆော့စ်၊ ပါးပါးလှီးထားတဲ့ ဝက်သား၊ ရေညှိအစရှိတာတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားတဲ့ အစားအစာတမျိုးပါ။



 ဒီတပတ် The Irrawaddy ရဲ့ Restaunant Review ကဏ္ဍကနေ ဂျပန်အစားအစာတွေထဲက တခုဖြစ်တဲ့ ဂျပန် လက်လုပ်ခေါက်ဆွဲ Ramen တွေချည်း သီးသန့်ရောင်းချတဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ ဥယျာဉ်လမ်းထဲမှာရှိတဲ့ “YAMAGOYA RAMAN” ဂျပန်စားသောက်ဆိုင်လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆရာစံပလာဇာ မျက်စောင်းထိုးလောက်မှာရှိတဲ့ ဥယျာဉ်လမ်းအတွင်းကို ဝင်လိုက်တာနဲ့ လမ်းရဲ့ညာဘက်အခြမ်းမှာ ဂျပန်စာလုံးနီနီရဲရဲနဲ့ ဆိုင်းဘုတ်ထိုးထားတဲ့ ဂျပန် ခေါက်ဆွဲဆိုင်လေးကို မြင်နိုင်ပါတယ်။

ဆိုင်ရဲ့ အတွင်းအပြင်အဆင်က တခြားဂျပန်ရိုးရာစားသောက်ဆိုင်တွေလို ဂျပန်ရိုးရာစတိုင်လ် တင်ပျဉ်ခွေ ထိုင်တာမျိုးတို့၊ စက္ကူတံခါး၊ ဝါးပင်အစရှိတဲ့ အခန်းတွင်းအပြင်အဆင်တွေကို မတွေ့ရပေမယ့် ဆိုင်မှာဖွင့်ထားတဲ့ ဂျပန်သီချင်းနဲ့ ဘေးပတ်ပတ်လည် နံရံတွေမှာ ချိတ်ဆွဲထားတဲ့ ဆိုင်ရဲ့မီနူးပါ ဂျပန်ခေါက်ဆွဲပုံတွေကြောင့် ဂျပန်အစားအစာဆိုင်လို့တော့ ခံစားမိစေပါတယ်။

မတ်တပ်ထိုင်ခုံတွေနဲ့ပဲ ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားတဲ့ ဆိုင်ထဲကိုအရောက် အစားအသောက်တွေ မှာယူဖို့ Menu ကို ကြည့်တဲ့အခါ Ramen အမျိုးမျိုး ဖြစ်နေပြီး Ramen နဲ့ အတူတွဲစားဖို့ တန်ပူရာလို အကြော်တွေ၊ ဖက်ထုပ်၊ အကင်ဆာတေးတွေနဲ့ Salad အသုပ်တွေ ရရှိနိုင်တာကို တွေ့ရပါတယ်။

ပထမဦးဆုံးဆိုင်မှာ အမှာများဆုံးလည်းဖြစ် ဆိုင်ရဲ့Signature လိုလည်းဖြစ်နေတဲ့ MukashiSpecail Ramen (မူကာရှီခေါက်ဆွဲပြုတ်) ကိုအရင်ဆုံးမှာလိုက်ပါတယ်။ အဲဒီနောက်မှာတော့ နောက်ထပ်ရနိုင်တဲ့ Ramen တွေထဲက တခြားမြည်းစမ်းကြည့်ချင်မိတဲ့ Miso Ramen (မီဆိုခေါက်ဆွဲပြုတ်) ၊ Kimchi Ramen (ကင်မ်ချီခေါက်ဆွဲပြုတ်) တို့နဲ့ အတူ Seafood (ပင်လယ်စာ)နဲ့ ပြုလုပ်ထားတဲ့ Chan Pong Ramen (ချန်ပေါန် ခေါက်ဆွဲပြုတ်) တို့ကို မှာလိုက်ပါတယ်။


 Ramen ဂျပန်ခေါက်ဆွဲတွေနဲ့အတူ တွဲဖက်ပြီးအရံအဖြစ် စားသုံးဖို့ ဂျပန်လို Gyoza လို့ခေါ်တဲ့ ဂျပန် ဖက်ထုပ်ကြော်နဲ့ Potato Salad (အာလူးသုပ်) တို့ကိုပါ ထပ်မံမှာယူလိုက်ပါတယ်။ ဆိုင်မှာရရှိနိုင်တဲ့ အစားအသောက်အားလုံးနီးပါးဟာ ဝက်သားနဲ့ ပြုလုပ်ထားတာလို့လည်း သိရပါတယ်။

အစားအသောက်တွေကို မြည်းစမ်းကြည့်တဲ့အခါ မူကာရှီခေါက်ဆွဲပြုတ် (Mukashi Ramen) ရဲ့ အရသာက နို့စိမ်းခေါက်ဆွဲတို့၊ အုန်းနို့ခေါက်ဆွဲတို့လို အရည်အရသာမျိုးနဲ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် သူ့အရည်က အုန်းနို့အရည်လိုခပ်ပျစ်ပျစ်နဲ့ လေးပင်တဲ့အရသာမျိုးမဟုတ်ဘဲ အရသာက ခပ်ပေါ့ပေါ့လေးနဲ့ အသင့်အတင့် ချိုပါတယ်။

မီဆိုခေါက်ဆွဲပြုတ် (Miso Ramen) ကို မြည်းစမ်းကြည့်တဲ့အခါမှာတော့ အရသာက Miso ဂျပန်ပဲငါးပိနဲ့ ခေါက်ဆွဲကို ပြုတ်ထားတဲ့အတွက် အရသာနည်းနည်းလေး ပြင်းတယ်လို့ ဆိုချင်ပါတယ်။

ကင်မ်ချီခေါက်ဆွဲပြုတ် (Kimchi Ramen) ကတော့ ကိုးရီးယားကင်မ်ချီနဲ့ ဂျပန်ခေါက်ဆွဲပြုတ်တို့ ရောစပ်ထားတဲ့ အရသာချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်။ ဒီခေါက်ဆွဲကိုတော့ နေမကောင်းဖြစ်ပြီးခါစ နလန်ထ လူမမာတွေ စားမယ်ဆိုရင်တော့ ချက်ချင်းလန်းဆန်းသွားနိုင်မယ့် အရသာမျိုးပါပဲ။ အရသာက ဘယ်လိုပြောရမလဲဆိုတော့… “Oishiပေါ့၊ အရမ်းကောင်းပါတယ်”



 ပင်လယ်စာ (Seafood) နဲ့ လုပ်ထားတဲ့ ချန်ပေါန် (Chan Pong) ခေါက်ဆွဲပြုတ်ကတော့ တရုတ်ခေါက်ဆွဲကြော်ကိုဟင်းရည်ရော ပြုတ်ထားသလို ချိုတဲ့အရသာမျိုးပါ။ ဆိုင်မှာလာစားတဲ့ ဧည့်သည်တွေထဲမှာ မြန်မာလူမျိုးစားသုံးသူတွေက အရသာပူပူစပ်စပ် ခေါက်ဆွဲပြုတ် Spicy Ramen ကို မှာစားကြတာများတယ်လို့ သိရပါတယ်။ ကျနော်တို့ ရောက်နေတဲ့အချိန် အတွင်းမှာတော့ ဂျပန်လူမျိုး ဖောက်သည်တွေ အလာများကြတာကိုတွေ့ရပါတယ်။

ဆိုင်မှာရတဲ့ ဂျပန် ဂျုံခေါက်ဆွဲဖတ်တွေကိုတော့ ကိုယ်တိုင်ပြုလုပ်တာဖြစ်ပြီး ခေါက်ဆွဲကိုပြုတ်တဲ့ အရည်အတွက် ဝက်ခြေထောက်ပြုတ်ရည်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ခေါက်ဆွဲပြုတ်နဲ့အတူ တွဲဖက်စားဖို့ မှာယူထားတဲ့ ဂျပန်ဖက်ထုပ်ကြော်နဲ့ အာလူးသုပ်တို့ကို မြည်းစမ်းကြည့်တဲ့အခါ ဖက်ထုပ်ကြော်ကတော့ စားနေကျ ဖက်ထုပ်ကြော်တွေလိုပဲ အရသာက အထွေအထူးပြောစရာမရှိပေမယ့် အာလူးသုပ်ကတော့ အနည်းငယ် ဆန်းတယ်လို့ ဆိုချင်ပါတယ်။

အားလူးသုပ်ရဲ့ အရသာကစားရတာ ပါးစပ်ထဲမှာအေးနေပြီး ပြုလုပ်ထားပုံကတော့ အာလူးကိုပြုတ်၊ ထောင်း၊ ကြက်ဥ၊ Mayonnaise (မရောနိစ်)၊ ငရုတ်ကောင်းမှုန့်၊ မုန်လာဥနီ၊ သခွားသီးအစရှိတာတွေနဲ့ သေချာ ရောနှောလို့ လုံးနယ်ပြီး ရေခဲသေတ္တာထဲ အအေးခံထားတာမျိုးပါ။
“ဂျပန်လူမျိုးတွေကခေါက်ဆွဲပြုတ်လိုအစားအစာမျိုးကိုသာပူပူနွေးနွေးစားကြပေမယ့် အသုပ်ကိုတော့ အအေးပဲစားကြတယ်” လို့ ဆိုင်မန်နေဂျာက ဆိုပါတယ်။
ဆိုင်က ဟင်းလျာတွေမှာ အသုံးပြုတဲ့ ဟင်းအနှစ်၊ ဆော့စ်၊ ငံပြာရည် အစရှိတာတွေကို ဂျပန်နိုင်ငံကနေ မှာယူချက်ပြုတ်တာလို့ သိရတယ်။ ဆိုင်မှာရရှိတဲ့ ခေါက်ဆွဲပြုတ်တွေက တပွဲကို ပျမ်းမျှဈေးနှုန်းကျပ် ၆၀၀၀ ကျော်ပါ။ အသုပ်၊ ဆာတေး၊ ဖက်ထုတ် အစရှိတာတွေကတော့ ကျပ် ၁၅၀၀ ကနေ ကျပ် ၅၀၀၀ ကျော် အထိ အစားစားရှိပါတယ်။

ဆိုင်ကို ဖွင့်လှစ်ထားတာ တနှစ်ကျော်ပဲ ရှိပါသေးတယ်။ “YAMAGOYA RAMEN” ဆိုင်တွေက ဂျပန်နိုင်ငံမှာ ဆိုင်ပေါင်း ၁၆၀ ကျော်ရှိပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ မက္ကာအို၊ ထိုင်ဝမ် အစရှိတဲ့ နေရာတွေမှာလည်း Franchise (လုပ်ငန်းလုပ်ပိုင်ခွင့်) ယူပြီး ဖွင့်ထားတဲ့ ဆိုင်တွေရှိပါသတဲ့။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုင်ပေါင်း၂၀၀ ကျော် ရှိတယ်လို့ ဆိုင်မန်နေဂျာ Mr.GynSyanMang (ဂင့်ရှင်းမန်) က ပြောပါတယ်။

အခု ဒီဆိုင်ကတော့ မလေးရှားကနေ Franchise ယူဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီးဆိုင်မှာရှိတဲ့ စာဖိုးမူးတွေနဲ့ ဝန်ထမ်းတွေက မလေးရှားက ဆိုင်မှာသုံးနှစ်ကျော် တာဝန်ထမ်းဆောင်ထားတဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီ၊ ညနေ ၆ နာရီကနေ ည ၁၀ အထိ ဖြစ်ပြီး စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေမှာဆိုရင်တော့ တနေကုန်နီးပါးဖွင့်တယ်လို့ သိရပါတယ်။ ဆိုင်ဖွင့်ခါစ ကာလတုန်းကတော့ ဆိုင်ကိုလာစားတဲ့ ဧည့်သည်အများစုဟာဂျပန်လူမျိုးတွေ ဖြစ်ပြီးအခုအချိန်မှာတော့ မြန်မာ၊ တရုတ်၊ ထိုင်းလူမျိုးဖောက်သည်တွေလည်းအများအပြားရှိနေပြီလို့ မစ္စတာဂင့်ရှင်းမန်ကဆိုပါတယ်။

အဆီမပါသလောက်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ဂျပန်အစားအစာတွေရဲ့ အရသာကို နှစ်ခြိုက်ပြီး ဆူရှီလည်းမဟုတ်တဲ့ အခြားအပြောင်းအလဲလေးတခုခုကို မြည်းစမ်းချင်တယ် ဆိုရင်တော့ ဆရာစံပလာဇာနားက ဥယျာဉ်လမ်းထဲမှာရှိတဲ့ YAMAGOYA RAMEN ဂျပန် လက်လုပ်ခေါက်ဆွဲဆိုင်မှာ သွားရောက် မြည်းစမ်းကြည့်နိုင်ကြပါတယ်။


သီဟတိုး
“အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၀ မှ ကူးယူဖော်ပြသည်”

မြို့ပြဆူညံမှုများနှင့် ကင်းလွတ်ရာပန်းဆိုးတန်းက RangoonTea House

Tuesday, February 24, 2015 0 comments


ဓာတ်ပုံများ -  Steve Tickner/ The Irrawaddy

 အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် ကြီးပြင်းခဲ့ရသော်လည်း မြန်မာနိုင်ငံသည် ကိုထက်မြက်ဦးအတွက် အပျော်ဆုံး နေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သူတို့မိသားစုအားလပ်ရက်များတွင် သွားရောက်လေ့ရှိသည့် နေရာဖြစ်သလို ဆန်းဒါးလန်းမှာရှိစဉ် သူ့မိခင် ချက်ကျွေးတတ်သော အစားအစာများ၏ မူရင်းဒေသလည်း ဖြစ်နေပါသည်။

 
ဆိုင်ပိုင်ရှင် - ကိုထက်မြက်ဦး

တက္ကသိုလ်ကဘွဲ့ရပြီး တပတ်အကြာမှာပဲ ကိုထက်မြက်ဦး  မြန်မာနိုင်ငံသို့  ပြန်လာခဲ့သည်။ အခုအချိန်မှာတော့ Rangoon Tea House ၏ ပိုင်ရှင် ဖြစ်နေလေပြီ။ Rangoon Tea House က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ သမိုင်းဝင် နေရာတခုဖြစ်သည့် ပန်းဆိုးတန်းလမ်းအောက်ဆုံးဘလောက်မှာရှိသော အဆင့်မြင့် လက်ဖက်ရည်ဆိုင်တဆိုင်ဖြစ်သည်။

“ကလေးဘဝက ကျနော့်အတွက် ကျနော့်အမေလုပ်ပေးခဲ့တဲ့ အစားအသောက်တွေကြောင့် ဒီဆိုင် ဖြစ်လာပါတယ်” ဟု ကိုထက်မြက်ဦးကပြောသည်။ စမူဆာမှစ၍ မုန့်ဟင်းခါးအထိ ဒေသထွက် အရည် အသွေးမြင့်ပစ္စည်းများ အသုံးပြုထားသည့်အကြောင်း ရှင်းပြရင်း ထိုသို့ပြောခြင်းဖြစ်သည်။




အစားအစာစာရင်း (Menu) တွင်လည်း အဆင့်မီလက်ဖက်ရည်ဆိုင်များတွင် ရရှိနိုင်သည့် လက်ဖက်သုပ်၊ နန်းကြီးသုပ်၊ ကြက်သားပလာတာအစရှိသည်တို့ ပါဝင်နေသည်။ တချိန်တည်းမှာပင် မြန်မာအစားအစာကို ပထမဆုံး မြည်းစမ်းကြည့်မည့် သူများအတွက်လည်းလက်ဖက်အမျိုးမျိုး၏ သရုပ်ဖော်ပုံများကိုဖော်ပြထားသည်။

ဆိုင်၏ အပြင်အဆင်ကလည်း ပလက်ဖောင်းပေါ်တွင် ပလတ်စတစ်ခုံငယ်များ ချခင်းပြီး ဖွင့်ထားသည့် ပုံမှန်မြင်နေကျ လက်ဖက်ရည်ဆိုင်များနှင့် အတော်လေး ခြားနားနေသည်။ ခေတ်ဟောင်း တက္ကစီများတွင် သုံးသော မီတာများနှင့် ဆူဖြိုးသော ဝမ်းဗိုက်ပုံများ ပြသထားခြင်းက မြန်မာ့အယူအဆအရ ချမ်းသာ ကြွယ်ဝမှုပုံစံကို ဖော်ပြနေသည်။ အရောင် အတွဲအစပ်အနေဖြင့် အဖြူရောင်နှင့် အနက်ရောင်ကို လိုအပ် သလောက်သာ သုံးထားပြီး မြင့်မားသောမျက်နှာကြက်ကြောင့်  ကျယ်ဝန်းမှု၊  သန့်ရှင်းမှုကိုခံစားရရှိနိုင်ပါသည်။




ကိုထက်မြက်ဦးက အားလုံးနှင့် ဆီလျော်သော ပတ်ဝန်းကျင်ဖြစ်သည့် လက်ဖက်ရည်ဆိုင်၏ သဘောကိုလည်း ရှင်းပြသည်။ လက်ဖက်ရည်ဆိုင်ကို လူတိုင်းလာရောက်ပြီး အစားအစာများ စားသောက်နိုင်သည်။ စကားစမြည် ပြောဆိုနိုင်ကြသည်။

“လက်ဖက်ရည်ဆိုင်ဆိုတာခွဲခြားမှု မရှိရဘူး။ လူတိုင်းဒီကိုလာနိုင်တယ်”ဟုသူကပြောသည်။ သို့သော်လည်း လက်ဖက်ရည်တခွက်ကို ၁၅၀ဝ ကျပ် ဖြစ်သည့်အတွက် လူတိုင်းလာနိုင်ကြမည် မဟုတ်ပါ။

ထို့အပြင် ပန်းဆိုးတန်းလမ်းပေါ်တွင် ၅၀ဝ ကျပ်လောက်နှင့် ရနိုင်သည့် မုန့်ဟင်းခါးတပွဲကို ၅၀ဝ၀ ကျပ် ပေးရသည်။



“ကျနော်တို့က အမြတ်များများလိုချင်လို့ ဈေးတင်ရောင်းနေတာမဟုတ်ပါဘူး။ နိုင်ငံခြားသားခရီးသည်တွေ ဒီကိုလာပြီး မုန့်ဟင်းခါးတပွဲ အတွက် ၅၀ဝ၀ ပေးတာကိုလည်း မလိုချင်ပါဘူး။ ကျနော်တို့ အစားအစာရဲ့ အရည်အသွေးကြောင့်ပါ။ ကျနော်တို့ ဒီလောက်ယူရတာက ကျနော်တို့ ထည့်သွင်းအသုံးပြုထားတဲ့ ပစ္စည်းတွေ၊ ပေးရတဲ့အချိန်တွေနဲ့ အစားအစာတွေထဲမှာ ထည့်ပေးထားတဲ့ ကျနော်တို့ရဲ့ ဂရုစိုက်မှုကြောင့် ဖြစ်ပါတယ်” ဟု သူကပြောသည်။

အမှန်တကယ်ပင် သူပြောပြသည့် ဂရုစိုက်မှုဆိုတာကို နားထောင်ကြည့်ပြီး အစားအစာများ၏ နောက်ကွယ်တွင် ရှိနေသည့် လနှင့်ချီကာ ကြာမြင့်သော လုပ်ငန်းစဉ်များကို ကြားသိခဲ့လျှင် စမူဆာနှင့် စားရသည့် အချဉ်ရည်မှ သိမ်မွေ့သောမန်ကျည်းမှည့်အရသာ၊ မုန့်ဟင်းခါးနှင့်အတူ စားသုံးရမည့် ပဲကြော်များ၊ ကြက်သွန်ကြော်များကို ပိုမိုခံစားနိုင်ပေလိမ့်မည်။

Ragoon Tea House  က မြန်မာအစားအစာများကိုသန့်ရှင်းစွာ ပြုလုပ်ခြင်းဖြင့် အောင်မြင်မှု ရယူနိုင်ရန် မျှော်လင့်ထားသည်။



အုန်းနို့ခေါက်ဆွဲကိုအဆင့်အတန်းသစ်တခုရအောင် ပြုလုပ်ပြင်ဆင်နေသည်။ စာရေးသူ၏ အမြင်အရဆိုလျှင် အစားအစာများသည် သာမန်နှင့်ကွဲပြားသည့်အချိန်တွင် အကောင်းဆုံးဖြစ်ကြောင်း ငြင်းမရနိုင်ပါ။ လပေါင်းများစွာ အချိန်ယူပြင်ဆင်ခဲ့ရသည့် မုန့်ဟင်းခါးတွင် အဆင့်မြင့်ပစ္စည်းများ အသုံးပြုထားသည် ဆိုလျှင်ပင် အနံ့ အရသာ ဟန်ချက်ညီမျှမှုက အံ့အားသင့်ဖွယ်ရာဖြစ်ရန် အနည်းငယ်မျှ လိုအပ်နေသေးသည်။ သို့သော်လည်း ဝက်သားပေါက်စီ၏ အနံ့အရသာကတော့ တော်တော်လေး ကောင်းပါသည်။ မကြာသေးမီက အစားအစာစာရင်းတွင်  ဖြည့်သွင်းခဲ့သော အုန်းနို့ခေါက်ဆွဲနှင့် ငါးအစာသွပ် မုန့်ကလည်း ကောင်းမည့်ပုံရှိပါသည်။


Rangoon Tea House
အမှတ် - ၇၇၊ ပန်းဆိုးတန်းလမ်း(ကမ်းနားလမ်း ဘလောက်)၊ ပထမထပ်၊ ကျောက်တံတားမြို့နယ်၊
ဖုန်း - ၀၉-၅၁၇၈၃၂၉


CLAUDIA SOSA ရေးသည့် Far from the Madding Crowd ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၈ မှ ကူးယူဖော်ပြသည်"

မြေထဲပင်လယ်ဒေသအစားအစာတွေရရှိနိုင်တဲ့ “Olive Garden” Mediterranean Restaurant

Thursday, February 5, 2015 0 comments



ဓာတ်ပုံများ - တင်ထက်ပိုင်/ ဧရာဝတီ

 တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယအစရှိတဲ့ အာရှအစားအစာတွေနဲ့ အမေရိကန်၊ ဥရောပ၊ အီတလီစတဲ့ အနောက်တိုင်းကအစားအစာတွေကိုစားချင်ရင်  ရောင်းချတဲ့ဆိုင်တွေ များပြားတာမို့ အလွယ်တကူရှာဖွေပြီးသွားရောက် စားသောက်နိုင်ပေမယ့် တူရကီ၊ စပိန်လိုမျိုး Mediterranean လို့ခေါ်တဲ့ မြေထဲပင်လယ်ဒေသ နိုင်ငံတွေက အစားအစာ ဆိုင်တွေကတော့ ခပ်ရှားရှားပါ။

မြေထဲပင်လယ်ဒေသ အစားအစာတွေက အများအားဖြင့် အသီးအရွက်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီအစရှိတာတွေ ပါဝင်တာကြောင့် စားသုံးသူတွေအတွက် ကျန်းမာရေးအထူးကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်းစတဲ့ ရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

နိုင်ငံတကာက အစားအစာအမျိုးမျိုးရဲ့ အရသာအသစ်အဆန်းတွေကို မြည်းစမ်းလိုသူတွေနဲ့ မြေထဲပင်လယ် ဒေသဘက်ကလာတဲ့ နိုင်ငံခြားသားတွေကတော့ အထူးသဖြင့် တူရကီအစားအစာတွေနဲ့ အခြားမြေထဲပင်လယ်ဒေသ အစားအစာတွေကို ရှာဖွေ စားသောက်လိုကြပါတယ်။




ဒီတပတ်မှာတော့ The Irrawaddy ရဲ့ အစားအသောက်ကဏ္ဍကနေ မိတ်ဆက်ပေးချင်တာက မြေထဲပင်လယ် ဒေသအစားအစာတွေနဲ့ အနောက်တိုင်းအစားအစာအချို့ကိုပါ ရရှိနိုင်မယ့် ရန်ကုန်မြို့က “Olive Garden” Mediterranean Restaurant နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်ကဗိုလ်အောင်ကျော်လမ်းမှာရှိတာကြောင့် မြို့ထဲမှာအလုပ်လုပ်သူတွေနဲ့ ရန်ကုန်မြို့ကိုခြေဆန့် သွားလာနေတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည် Tourist တွေ အလွယ်တကူသွားရောက် စားသောက်နိုင်ပါတယ်။

ရနိုင်တဲ့ အစားအသောက် Menu ကိုဆိုင်အပြင်မှာ ထားရှိပေးတာကြောင့် ဆိုင်ထဲမဝင်ခင် ဆိုင်မှာရရှိနိုင်မယ့် အစားအစာတွေကို ကြိုတင် ဖတ်ရှုနိုင်ပြီးတနေ့တခါ ဆိုသလိုဆိုင်ရဲ့ Special Menu ကလည်းအပြောင်းအလဲရှိတာမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာရရှိနိုင်မယ့်နေ့ကိုရွေးချယ်ပြီးသွားရောက် စားသုံးနိုင်ပါတယ်။
ဆိုင်ကအပြင်ဘက်ကကြည့်ရင်တော့ အနည်းငယ်ကျဉ်းတယ်လို့ ထင်ရပေမယ့် ဆိုင်ထဲကိုရောက်ရှိသွားချိန်မှာ အတော်အတန်ကျယ်ပြီး ဧည့်သည်အရေအတွက်များများ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေးလာရောက် စားသောက်နိုင်တဲ့ အနေအထားမျိုးကိုတွေ့ရပါတယ်။




ဆိုင်မှာအပေါ်ထပ်၊ အောက်ထပ် ဆိုပြီး နှစ်ထပ်ရှိပြီး စားရင်းသောက်ရင်း အေးအေးလူလူ စကားပြောချင်သူတွေ အပေါ်ထပ်ကိုရွေးချယ်နိုင်ပြီး ဆိုင်အတွင်းက Non- Smoking Area ဖြစ်တာကြောင့် ဆေးလိပ်သောက်သူတွေကတော့ ဆိုင်အပြင်မှာထိုင်ပြီး စားသောက်နိုင်ပါတယ်။
ဆိုင်မှာအလှဆင်ထားတဲ့ ကြွေထည်ပစ္စည်းတချို့နဲ့ ကြွေပန်းကန်၊ ကြွေအိုးအစရှိတာတွေက တူရကီစတဲ့ မြေထဲပင်လယ်ဒေသနိုင်ငံတွေကနေဝယ်ယူထားတဲ့ ဒေသထွက် ရိုးရာပစ္စည်းတွေနဲ့ အလှဆင်ထားတာကိုတွေ့ရပါတယ်။

ဆိုင်အတွင်းဘက်မှာတော့ အခြား အနောက်တိုင်းအစားအစာဆိုင်တွေလိုပဲ မီးရောင်မှိန်မှိန်နဲ့ ဖွင့်ထားတဲ့ တီးလုံးသံက ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖြစ်နေတာကြောင့် အစားအစားတွေကိုမှာယူပြီး အေးအေးငြိမ့်ငြိမ့် စားသုံးပါတယ်။

ဆိုင်မှာမနက်စာ၊ နေ့လယ်စာ၊ ညစာရရှိနိုင်ပြီးဆိုင်ရဲ့ Menu လာချတဲ့အခါမှာ ပထမဦးဆုံးအအေးစာ Cold Starter အဖြစ် Humus (၃၅၀၀ ကျပ်)၊ Salad အဖြစ် Gavurdagi Salad (၃၅၀၀ ကျပ်)၊ Soup အနေနဲ့ MercimekGorba Lentil Soup (၄၀၀၀ ကျပ်)၊ Main Dish အဖြစ် Kazu Sis (တသောင်းကျပ်) နဲ့ Turkish Bread (Oven meat pita- pide) ၅၀၀၀ ကျပ်တို့ကိုမှာယူလိုက်ပါတယ်။

ဆိုင်နာမည် “Olive Garden” ကတော့ မြေထဲပင်လယ်ဒေသကထွက်ရှိတဲ့ Olive (သံလွင်ပင်) ကို ကိုယ်စားပြု ထားတာဖြစ်လို့ သိရပါတယ်။ သံလွင်ပင်ကို လူသားတွေအတွက် အကျိုးပြုတဲ့ အပင်လို့  မြေထဲပင်လယ်ဒေသမှာ နေထိုင်သူတွေက လက်ခံထားပြီး သံလွင်ဆီကို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီလို့ ကမ္ဘာတဝှမ်းက လက်ခံထားပါတယ်။ ဆိုင်မှာရောင်းချတဲ့ အစားအစာအများစုကို သံလွင်ဆီနဲ့ ချက်ပြုတ်ထားတယ်လို့ သိရပါတယ်။

အစားအသောက်အရသာတွေကို မြည်းစားကြည့်တဲ့အခါ Humus က Chickpea လို့ခေါ်တဲ့ ဆင်ခေါင်းပဲကို ကြိတ်ပြီး အပေါ်က Lemon juice ဆမ်းထားကာအဲဒီပဲအနှစ်ကိုပေါင်မုန့်နဲ့ တို့စားရတာပါ။ ပေါင်မုန့်က မီးကင်ထားတာကြောင့် အနည်းငယ်ကြွပ်ရွနေပြီး စားရတာနံပြားကိုပဲပြုတ်နဲ့ တို့စားရသလိုပုံစံမျိုး ဖြစ်ပြီး ဒီအစားအစာကိုတော့ နိုင်ငံခြားသား အများစုက မနက်စာအဖြစ် စားသုံးလေ့ရှိကာအရမ်း ကြိုက်ကြတယ်လို့ သိရပါတယ်။

Gavurdagi Salad ကတော့ ခရမ်းချဉ်သီး၊ သခွားသီး၊ သစ်ကြားသီး၊ ကြက်သွန်နီစတာတွေကိုရောနယ်ပြီး သုပ်ထားတာ ဖြစ်ပြီး ထူးခြားတာက သလဲသီး Sauce နဲ့ သုပ်ထားတာကြောင့် အရသာကချဉ်ချဉ်စုပ်စုပ် အရသာမျိုး ခံစားရပါတယ်။ Lentil Soup ကိုသောက်ကြည့်ချိန်မှာ Red Lentil လို့ ခေါ်တဲ့ ပဲနီလေးကိုကြိတ်ပြီး Lemon juice နဲ့ အထူးပြုလုပ်ထားတဲ့ Soup ဖြစ်တာကြောင့် အရသာကတမျိုးထူးကဲနေပါတယ်။ Soup ဟာတူရကီလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာမပါမဖြစ်ပါတဲ့။
Main Dish ဖြစ်တဲ့ Kazu Sis (Lamb Sis) ကို မြည်းစမ်းကြည့်တဲ့အခါ Grilled လုပ်ထားတဲ့ Breast Lamb ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့နဲ့ အတူ yogurt source လို့ခေါ်တဲ့ ဒိန်ချဉ်ဆော့စ် ပါဝင်ပြီးထမင်းနဲ့ တွဲ စားရတာဖြစ်လို့ အရသာက ပြောမပြတတ်အောင် ထူးဆန်းနေပြီး မြန်မာပါးစပ်နဲ့တော့ စားနေကြ တခြားဟင်းလျာတွေနဲ့ အရသာမတူဘဲ စိမ်းနေမှာတော့အမှန်ပါ။



Turkish Bread (Oven meat pita- pide) ကတော့ တူရကီပေါင်မုန့်ကြားမှာအမဲသားကိုကြိတ်၊ Tomato paste ခရမ်းချဉ်သီး အနှစ်ထည့်ထားတာမျိုးဖြစ်ပြီး အရသာက ပီဇာစားရသလိုမျိုးမို့စားပြီး သွားတဲ့အခါ ပါးစပ်ထဲမှာ ချဉ်ချဉ်စုပ်စုပ်လေးနဲ့ စူးပြီးကျန်နေတာကြောင့် မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့လှမယ့် အစားအစာ မဟုတ်ပေမယ့် နိုင်ငံခြားသားတွေ၊ ပီဇာချစ်သူတွေတော့ ကြိုက်နိုင်မယ့် အရသာမျိုးပါ။

ထပ်မံပြီးတော့ ဆိုင်ကနေ Today Special Menu ဖြစ်တဲ့ Grilled Salmon ကိုစားကြည့်တဲ့အခါ Salmon ငါးကိုပူပူနွေးနွေးလေး Grilled လုပ်ပြီးကင်ထားတာကြောင့် ခါတိုင်းစားနေကျ ညှီစို့စို့ ဆယ်လ်မွန်ငါးအစိမ်းနဲ့ အရသာ လုံးဝကွဲပြားတာကို ခံစားမိပါတယ်။ Grilled Salmon မှာဆိုရင် Broccoli၊ ကညွှတ်၊ မှို၊ မုန်လာဥနီအစရှိတဲ့ Grilled Vegetables တွေနဲ့အတူ ထမင်းလည်းပါဝင်တာကြောင့် Main Dish အနေနဲ့ ဝဝလင်လင် အာဟာရရှိစွာ စားသုံးနိုင်ပါတယ်။

စားတဲ့ကဏ္ဍ ပြီးသွားတဲ့အခါမှာလည်း တူရကီကော်ဖီအရသာကိုမြည်းစမ်းကြည့်ခဲ့ပါသေးတယ်။ တူရကီကော်ဖီက တူရကီကော်ဖီမှုန့်ကိုရေအေးထည့်၊ မီးမြိုက်ပြီးရေနှစ်ခါပွက်တဲ့အထိ နှစ်ခွက်စာ ထည့်မွှေပြီး ကျိုထားတာမျိုးပါ။ ကော်ဖီဖျော်စပ်ထားတာက စိတ်ဝင်စားစရာကောင်းအောင် ဆန်းကြယ်ပြီးအရသာကလည်း အခြားသော အီတလီကော်ဖီတွေနဲ့ မတူဘဲအချို၊ အခါးမပြင်းဘဲ သောက်ရတာတမျိုး ထူးခြားပါတယ်။

ဆိုင်မှာရှိတဲ့ စားဖိုမှူးတွေကို ကမ္ဘာကျော်မင်းသမီး၊ တေးရေး၊ အဆိုတော်၊ အကပညာရှင် Jennifer Lopez တူရကီနိုင်ငံကို အလည်သွားရောက်စဉ်က Part Time Chef အနေနဲ့ ခေါ်ယူခဲ့တဲ့ တူရကီလူမျိုးစားဖိုမှုး Mr.Aydin ကိုယ်တိုင် တလ တိတိ လာရောက် Training ပေးသွားခဲ့တာလို့ ဆိုင်မန်နေဂျာ ကိုစောကလိုဆဲ က ပြောပါတယ်။

“Olive Garden” Mediterranean စားသောက်ဆိုင်ကိုဖွင့်လှစ်ခဲ့တာ ၃ ပတ်ကျော်ပဲ ရှိသေးတာ ဖြစ်ပြီး လက်ရှိမှာ ဆိုင်ခွဲ ဖွင့်လှစ်ထားတာမရှိသေးပါဘူးတဲ့။ ဒါကြောင့် မြေထဲပင်လယ်ဒေသအစားအစာတွေကို လေယာဉ်လက်မှတ်ဖိုး အကုန်ခံစရာမလိုဘဲသွားရောက် မြည်းစမ်းကြည့်လိုတယ်ဆိုရင်တော့ ဆိုင်လိပ်စာအမှတ် (၁၇၀/၁၇၆)၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်)၊ နယူးဧရာဟိုတယ်ဘေး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ မှာသွားရောက် သုံးဆောင်နိုင်ကြကြောင်း လက်တို့လိုက်ရပါတယ်။


သီဟတိုး
 


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၆ မှ ကူးယူဖော်ပြသည်"



Hang Out လုပ်လို့ အဆင်ပြေတဲ့ Thai 47 Restaurant, Bar & Cafe

Tuesday, January 27, 2015 0 comments





အာရှအစားအစာတွေထဲမှာ အရသာချဉ်ချဉ်စပ်စပ်နဲ့ အာရှတိုက်သားတွေသာမက အနောက်တိုင်းသား တွေ ခံတွင်းတွေ့လူကြိုက်များတဲ့ထိုင်းအစားအစာလည်းအပါအဝင်ပါ။ ထိုင်းရိုးရာအစားအစာတွေက ချဉ်ချဉ်စပ်စပ်၊ ရှူးရှူးရှဲရှဲစားရတာကြောင့် ခံတွင်းမြိန်ပြီး လူကြိုက်များတာပဲ ဖြစ်ပါတယ်။

ထိုင်းအစားအစာတွေမှာ အသုံးပြုလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက တခြားရိုးရာအစားအစာ၊ ဟင်းလျာ တွေနဲ့မတူဘဲ တမူထူးခြားပြီး အနံ့အရသာကိုက ဆွဲဆောင်မှုရှိတာကြောင့် အနောက်တိုင်းသားတွေက ထိုင်းစာကို မြည်းစမ်းလာကြတာပဲ ဖြစ်ပါတယ်။



 ဒီတပတ် The Irrawaddy ရဲ့စားသောက်ဆိုင်သုံးသပ်ချက် ကဏ္ဍကနေ ထိုင်းရိုးရာအစားအစာတွေကို ထိုင်းအရသာစစ်စစ်နဲ့ စားသုံးနိုင်ပြီး သောက်စရာ Bar ပါရှိတဲ့ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်း၊ ၄၇လမ်းထောင့်မှာရှိတဲ့ “Thai 47 Restaurant, Bar & Cafe” ဆိုတဲ့ ထိုင်းစားသောက်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်ကDown Town ဧရိယာမှာရှိတာကြောင့် မြို့ထဲရုံးအလုပ်လုပ်တဲ့သူတွေနေ့လယ်စာစား၊ ညစာစား၊ ဒါမှမဟုတ်ညဘက်သောက်တတ်တဲ့သူတွေ Bar မှာ တခုခုမှာသောက်၊ စသဖြင့် ရုံးလုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းတွေ့ဆုံ Hang Out လုပ်လို့ကောင်းတဲ့ဆိုင်တဆိုင်ပါ။


 ဆိုင်ကို နံနက်၁၀နာရီခွဲမှာ စဖွင့်တယ်ဆိုပေမယ့် ညဘက်ဧည့်သည်အခြေအနေပေါ်မူတည်ပြီး ည ၁၂နာရီ၊ ၁နာရီလောက်အထိ ဖွင့်လှစ်တယ်လို့ သိရပါတယ်။ ဆိုင်ရဲ့Menu မှာတော့ ထိုင်းအစားအစာတွေကို Thai 47 စားဖိုမှူးတွေရဲ့အထူးလက်ရာ Chef’s Recommendation, Appetizer, Salad, Dish, Noodle, Vegetables, Daily Snack အစရှိတဲ့ဟင်းလျာပေါင်း ၁၀ဝကျော်ကို ရရှိနိုင်ပါတယ်။

သောက်စရာ Menu အဖြစ်လည်း Coffee, Fresh Juice, Milk Shake, Smoothie, Soda, Ice-cream, Waffle အစရှိတာတွေကိုပါ ရရှိနိုင်တာကြောင့် နေ့ခင်းဘက်ကော်ဖီ၊ အအေးသောက်လိုသူတွေအတွက် အဆင်ပြေပါတယ်။ ညဘက်ရောက်ရင်တော့ Night Out လုပ်သူတွေအတွက် Cocktail, Mocktail အစုံအလင်ရတဲ့ Bar မှာသောက်စရာတခုခုမှာယူပြီး အေးအေးဆေးဆေး သောက်သုံးနိုင်ပါတယ်။


 ဆိုင်က အပေါ်ထပ်၊ အောက်ထပ်နှစ်ထပ်ရှိပြီး အပေါ်ထပ်မှာတော့ အစားအသောက်တွေကို သီးသန့် မှာယူစားသုံးနိုင်တဲ့ ၈ယောက်ခန်း၊ ၄ယောက်ခန်း၂ခန်းစီ စုစုပေါင်း Private ခန်း ၄ ခန်းရှိပါတယ်။ ဆိုင်ရဲ့Decorationက ထိုင်းစားသောက်ဆိုင်မို့ ထိုင်းရိုးရာယဉ်ကျေးမှု ဓာတ်ပုံကားချပ်တွေနဲ့ နံရံတွေမှာ ချိတ်ဆွဲအလှဆင်ထားတာကိုတွေ့ရပါတယ်။ အစားအစာတွေမှာယူတဲ့အခါ အမြန်ဆုံးလာရောက်ချပေးတာကို တွေ့ရပြီးဝန်ဆောင်မှု ကောင်းမွန်တာကို သတိထားမိပါတယ်။

အစားအစာတွေ မြည်းစမ်းကြည့်တဲ့အခါ “Thai 47” ဆိုင်ရဲ့စားဖိုမှူးတွေ အထူးချက်ထားတဲ့ Chef’s Recommendation ထဲက ငါးခူမွကြော်သုပ် (၄၅၀ဝကျပ်) ၊ ကြက်တောင်ပံအစာသွပ် (၃၃၀ဝကျပ်)၊ ထိုင်းပုစွန်တုန့်ယမ်းSoup (၃၀ဝ၀ကျပ်)၊ပင်လယ်စာ၊ပဲကြာဆံသုပ် (၄၀ဝ၀ကျပ်) တို့ကိုမှာယူလိုက်ပါတယ်။
သောက်စရာအနေနဲ့တော့ဆိုင်ရဲ့Cocktailအရသာကို မြည်းစမ်းချင်တာကြောင့်နာမည်ကြီး Margarita (Blue)တခွက် (၄၀ဝ၀ကျပ်) နဲ့ ထိုင်းစာစပ်စပ်တွေစားပြီးရင်စားဖို့အစပ်ပြေ Mickey Lover Ice-cream (၁၅၀ဝကျပ်) တို့ကိုမှာလိုက်ပါတယ်။


၂၀၁၄ခုနှစ် ဒီဇင်ဘာလထဲမှာစတင်ဖွင့်လှစ်ခဲ့တဲ့“Thai 47”စားသောက်ဆိုင်ကို ညဘက် Bar လည်းရှိတာကြောင့် အဓိကအားဖြင့် နိုင်ငံခြားသားအဖြူတွေ အလာများပြီး ပြည်တွင်းက ထိုင်းစာနှစ်သက်တဲ့သူတွေလည်း လာရောက်စားသောက်ကြတယ်လို့ သိရပါတယ်။

ဆိုင်က ထိုင်းအစားအစာဆိုင်ဖြစ်ပြီး မြို့ထဲ ၄၇ လမ်းထောင့်မှာ ရှိတာကြောင့် မှတ်ရလွယ်အောင်နဲ့ ဆိုင်နာမည်ကို မြင်တာနဲ့ ၄၇လမ်း မှာရှိတဲ့ ထိုင်းအစားအစာဆိုင်မှန်းသိအောင်“Thai 47” ဆိုပြီး နာမည်ပေးထားရခြင်းဖြစ်တယ်လို့ ဆိုင်ပိုင်ရှင် ကိုဝဏ္ဏထွန်းက ပြောပါတယ်။
အစားအသောက်တွေရဲ့အရသာကို မြည်းစမ်းကြည့်တဲ့အခါ ငါးခူမွကြော်သုပ်ကငါးခူကိုမွှ၊ အကြော်မှုန့်နဲ့ကြော်ထားပြီးထိုင်းအချဉ်ရည်နဲ့တွဲစားတဲ့အခါအရသာကမွမွလေးနဲ့စားလို့ကောင်းပါတယ်။

ကြက်တောင်ပံအစာသွတ်ကတော့အထဲမှာအစာသွတ်ထားတာကစားဖူးနေကျတခြားအစာသွတ်တွေလိုကောက်ညှင်းဆန်ကိုအစာသွတ်တာမျိုးမဟုတ်ဘဲ၊အသားကိုအရသာကောင်းမွန်အောင် ပြုလုပ်ထားပြီးအစာသွတ်ထားတာမျိုးပါ။


ထိုင်းပုစွန်တုံယမ်းနဲ့ ပင်လယ်စာပဲကြာဆံသုပ်တို့ကတော့ ထိုင်းစာချဉ်ချဉ်စပ်စပ်အနံ့၊ အရသာမျိုး ဖြစ်ပြီး ထမင်းဖြူနဲ့တွဲစားတဲ့အခါအစပ်အဟပ်တည့်ပြီးချဉ်စပ်အရသာကြိုက်သူတွေအတွက်ခံတွင်းမြိန်စေပါတယ်။
Margarita (Blue) Cocktail အရသာက ရှတတနဲ့သောက်လို့ကောင်းပါတယ်။ Mickey Lover Ice-cream ကတော့ ချစ်စရာကောင်းအောင် ပြုလုပ်ထားပြီး Cream နှစ်ထပ်အလယ်မှာ Ice-cream ညှပ်ထားလို့ အရသာက ချိုအီပြီးအေးပါတယ်။ အစားအသောက်တွေ မြည်းစမ်းပြီးတဲ့အခါ အချိုတည်းဖို့လာချပေးတဲ့ ထိုင်းသာကူ Dessert လေးကတော့ဗိုက်ထဲမှာ ပြည့်နင့်အီနေတာတွေကိုအအီပြေသွားစေပါတယ်။

“Thai 47”ထိုင်းစားသောက်ဆိုင်ကို ဖွင့်လှစ်ထားတာ တလနီးပါးပဲရှိသေးတာဖြစ်ပြီး လောလောဆယ်ဆိုင်ခွဲ မရှိသေးပါဘူး။

Thai 47 Restaurant, Bar & Café အမှတ် (၁၅၃)၊အနော်ရထာလမ်း၊ ၄၇လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
သီဟတိုး


"အပတ်စဉ်ထုတ် ဧရ၀တီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၄ တွင် ဖော်ပြထားပါသည်"








အီတလီကော်ဖီစစ်စစ် သောက်ချင်သူတွေအတွက် Nervin Café & Bistro

Thursday, January 15, 2015 0 comments



ဓာတ်ပုံများ  -သော်ဟိန်းထက် / ဧရာဝတီ

အနောက်တိုင်းအစားအစာတွေထဲမှာ ဥရောပအစားအစာ၊အမေရိကန် အစားအစာတို့လိုပဲ အီတလီအစားအစာကလည်း နာမည်ကြီးလူကြိုက်များကြပါတယ်။
အထူးသဖြင့် အီတလီနိုင်ငံကထွက်တဲ့ အီတလီကော်ဖီက ကော်ဖီချစ်သူ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းက ကော်ဖီခရေဇီတွေရဲ့ အကြိုက်ပေါ့။

ကော်ဖီသောက်ခြင်းက အာရုံကြောကို နိုးကြားကောင်းမွန်စေပြီး အီတလီနိုင်ငံကထွက်တဲ့ ကော်ဖီစေ့နဲ့ အီတလီနည်းပညာနဲ့ ဖျော်စပ်ထားတဲ့ Americano,Cappuccino,Espresso,Latte , Mocha စတဲ့ အီတလီကော်ဖီတွေကို လူကြိုက်များပါတယ်။

ဒီတပတ်မှာတော့ The Irrawaddy ရဲ့ စားသောက်ဆိုင် သုံးသပ်ချက် ကဏ္ဍကနေ မိတ်ဆက် ပေးချင်တာက အီတလီအစားအစာတွေနဲ့ အီတလီကော်ဖီတွေပါ ရရှိနိုင်တဲ့ ကရဝိက်ဥယျာဉ်ကမ္ဘာထဲက Nervin Café & Bistro အီတလီကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။




 ကန်တော်ကြီးကရဝိက်ဥယျာဉ်ကမ္ဘာ ဝင်ဝင်ချင်းမှာရှိတဲ့ ဆိုင်ကကန်တော်ကြီးကန်ရေပြင်အနီးမှာရှိတာကြောင့် Lake View ကောင်းကောင်းကို ကြည့်ပြီး အေးအေးလူလူ စားသောက်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်က နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပြီး ဆိုင်မှာအီတလီအစားအစာတွေကို Main Dish, Side Dish, Appetizer စသဖြင့် ရရှိနိုင်ပါတယ်။ ပီဇာ၊ ဘာဂါ၊ ပါစတာနဲ့ အီတလီကော်ဖီမျိုးစုံရရှိနိုင်တာကြောင့် နေ့လယ်စာ၊ ညနေစာ၊ ညစာစားသုံးလိုသူတွေနဲ့ နေ့လယ်ခင်းနဲ့ ညနေဘက် ကော်ဖီသောက်ရင်း အေးအေး လူလူ နားနေချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဆိုင်ကကုန်းအမြင့်လေးပေါ်မှာရှိပြီး သုံးထပ်ပုံစံအဆင့်ဆင့် လှေကားလေးတွေနဲ့ တည်ဆောက် ထားတာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ စားသုံးသူလူဦးရေများများ လာစားနိုင်တဲ့ အနေအထားပါ။




 ဆိုင်ရဲ့အလှဆင်ထားပုံကတော့ အနောက်တိုင်းဆန်ဆန် ရိုးရိုးရှင်းရှင်းနဲ့ အီတလီကော်ဖီကို အဓိကထားရောင်းတဲ့ဆိုင်ဖြစ်တာကြောင့် ဆိုင်မှာကော်ဖီဘားပါ တွဲဖက်ပါရှိတာကိုတွေ့ရပါတယ်။ ဆိုင်မှာလေးယောက်ထိုင်စားပွဲ၊ နှစ်ယောက်ထိုင် စားပွဲတွေနဲ့ စားသောက်ထိုင်ခုံအခင်းအကျင်းကလည်းဆိုင်ရဲ့ သုံးထပ်အဆင့်ဆင့်နေရာမှာခင်းကျင်းထားတာကြောင့် ကိုယ်ထိုင်ချင်တဲ့နေရာ၊ ကိုယ်ကြည့်ချင်တဲ့ View ရှိတဲ့နေရာကိုရွေးချယ်စားသုံးနိုင်ပါတယ်။

Menu လာချတဲ့အခါ Main Dish အဖြစ် ဝက်နံရိုးသားကြော် (Mushroom Pork Chops)၊ Appetizer အဖြစ် ဆယ်လ်မွန်ငါးအစိမ်းသုပ် (Salmon Affumicato Salad) နဲ့ အဆာပြေစားဖို့ အသီးအရွက်စုံပီဇာ (Chef’s Special Pizza) တို့ကိုမှာယူလိုက်ပါတယ်။



 ဈေးနှုန်းတွေအနေနဲ့ Mushroom Pork Chops ကို ၈၀ဝ၀ ကျပ်၊ Salmon Affumicato က ၈၀ဝ၀ ကျပ်၊ ပီဇာက ၇၅၀ဝ ကျပ်တို့ ကျသင့်ပါတယ်။ အစားအစာတွေမှာပြီးတော့ အေးအေးလူလူကော်ဖီသောက်ဖို့ ဆိုင်ရဲ့ အီတလီကော်ဖီတွေထဲက Espresso Coconut Frozen  (ကျပ် ၃၅၀ဝ) နဲ့ Espresso Sorriso (Singolo) ကျပ် ၂၅၀ဝ တို့ကို တခွက်စီမှာလိုက်ပါတယ်။

NervinCafé  ကိုအဓိကအားဖြင့် နိုင်ငံခြားသားတွေ အလာများပြီး Nervin ဆိုင်မှာရရှိတဲ့ အီတလီကော်ဖီ အမျိုးအစားစုံ၊ nerving တံဆိပ်နဲ့ အီတလီကလာတဲ့ ကော်ဖီစေ့၊ အီတလီနည်းပညာအီတလီကော်ဖီစက်များနဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီအရသာကြောင့် လာရောက် သောက်သုံးကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်နာမည် “Nervin” အဓိပ္ပာယ်ကတော့ ကော်ဖီသောက်တဲ့အခါ အာရုံကြော အဖွဲ့အစည်းတွေကို ကောင်းမွန် စေတယ်ဆိုတဲ့ အဓိပ္ပာယ်အနေနဲ့ “Nervous” ကနေ “Nervin” လို့ မှည့်ယူထားတာ ဖြစ်ပြီး ဆိုင်ဆိုင်းဘုတ်Logoမှာ လူ့ဦးနှောက်ထဲ ကော်ဖီစေ့ရှိနေတဲ့ ပုံသဏ္ဌာန် ပုံဖော်ထားတာကိုတွေ့ရပါတယ်။

အစားအသောက်တွေကိုစားကြည့်တဲ့အခါမှာတော့ ဝက်နံရိုးသားကြော်ကိုပြုတ်ထားတဲ့ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ တွဲစားရတာဖြစ်ပြီး Mayonnaise နဲ့ တို့စားရတာကြောင့် အရသာက အရှေ့တိုင်းသားတွေ အကြိုက် မဟုတ်ပေမယ့် အနောက် တိုင်းသားတွေအတွက်တော့ ခံတွင်းတွေ့မှာအသေအချာပါ။ အသားကလည်းဝက်နံရိုးနဲ့ ကပ်နေတဲ့ အသားဖြစ်တာကြောင့် စားရတာအနည်းငယ် အီပါတယ်။

ဒါ့အပြင် Appetizer ဖြစ်တဲ့ ဆယ်လ်မွန် ငါးအစိမ်းသုပ်ကို မြည်းစမ်းကြည့်ချိန်မှာတော့ ဆယ်လ်မွန်ငါး အသားကပါးပါးလေးလွှာထားတာမျိုးမဟုတ်ဘဲ အနည်းငယ်ထူတာကြောင့် စားလိုက်တဲ့အခါ လျှာပေါ်မှာ စိမ်းရွှင်တဲ့ အရသာမျိုးခံစားရပြီးအနည်းငယ်လည်း ညှီတယ်လို့လည်းခံစားမိပါတယ်။
ဆယ်လ်မွန်ငါးအစိမ်းသုပ် ကိုတော့  ဂျပန်စာဆယ်လ်မွန်ဆာရှိမိ စားနေကျ ဆယ်လ်မွန်ငါးချစ်သူတွေတော့ ခံတွင်းတွေ့မယ် ထင်ပါတယ်။
Chef’s Special Pizza လို့ခေါ်တဲ့ အသီးအရွက် အစုံနဲ့ ပြုလုပ်ထားတဲ့ ပီဇာက Cheese နံ့ သင်းသင်းလေး ကြောင့် စားသုံးသူကို စားချင်စိတ်ပေါက်အောင် ဆွဲဆောင်ထားနိုင်ပြီး အရသာကို မြည်းစမ်းတဲ့အခါမှာပီဇာမုန့် ဂျုံအသားအနည်းငယ် မာတာကလွဲရင် အရသာမဆိုးဘူးလို့ ဆိုချင်ပါတယ်။

ဆိုင်ကကော်ဖီကို အဓိကထားရောင်းချတဲ့ဆိုင် ဖြစ်တာကြောင့် အစားအစာတွေ စားပြီးတဲ့အချိန်မှာ မှာယူထားတဲ့ ကော်ဖီနှစ်ခွက်ကို တခွက်ချင်း မြည်းစမ်းသောက်သုံးကြည့်ပါတယ်။

Espresso Cocount Frozenကတော့ ကော်ဖီဆိုင် တော်တော်များများမှာ သိပ်မတွေ့ရတဲ့ ကော်ဖီမျိုးဖြစ်ပြီး သောက်သုံးကြည့်တဲ့အခါမှာ အုန်းစိမ်းရေနဲ့ ရောစပ်ဖျော်ထားတဲ့ ကော်ဖီဖြစ်တာကြောင့် ကော်ဖီအရသာက တခြား Espresso ကော်ဖီပြင်းပြင်းတွေလို အရမ်းခါးသက်မနေဘဲ တမျိုးလေး ထူးခြားကောင်းမွန်ပါတယ်။

Espresso Sorriso (Singolo)ကော်ဖီကတော့ Espresso ကော်ဖီ ပီသစွာပဲ ပြင်းပြင်းခါးခါးနဲ့ တကယ့် အီတလီ ကော်ဖီစစ်စစ် အရသာကိုမှ သောက်သုံးချင်တဲ့ ကော်ဖီချစ်သူတွေလောက်သာအကြိုက်တွေ့ သောက်သုံး နိုင်မယ့် ကော်ဖီခါးတခွက်လို့ ဆိုချင်ပါတယ်။

Nervin Café &Bistro ကော်ဖီဆိုင်ကိုကန်တော်ကြီးကရဝိက်ဥယျာဉ်ကမ္ဘာထဲမှာ ဖွင့်လှစ်ခဲ့တာ တနှစ်ကျော်ပြီဖြစ်ပြီး လက်ရှိရန်ကုန်မြို့မှာဒဂုံစင်တာ (၂)၊ ရန်ကင်းစင်တာ၊ မန္တလေးမြို့နဲ့ နေပြည်တော်မှာ တဆိုင်စီ၊ စုစုပေါင်းဆိုင်ခွဲ ၅ ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရှိရပါတယ်။

သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ် ၂ မှ ကူးယူဖော်ပြသည်"

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved