Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

ပင်လယ်ငှက်တမျိုးဖြစ်တဲ့ ဂန္နက်ငှက်

Friday, November 20, 2015 0 comments




ဂန္နက်ငှက်များဟာ သမပိုင်းပင်လယ်တွေမှာ ကျက်စားလေ့ရှိတဲ့ စူလီဒေးမျိုးရင်းဝင် ငှက်ကြီးတစ်မျိုးဖြစ်ပါ တယ်။ တင်ကျီး ဆိုတဲ့ ငှက်လိုမျိုး ပယ်လီကင်နီဖောင်း အမျိုးထဲမှာ ပါသော်လည်း အသွင်အပြင်အားဖြင့် တင်ကျီးငှက် နဲ့တော့ မတူပါဘူး။

ဦးခေါင်းနဲ့ လည်ပင်းတို့မှာ အနည်းငယ်ဝါပြီး သူတို့ အတောင်လေးတွေရဲ့ အဖျားပိုင်းလေးတွေဟာ မည်းနေတာကလွဲ့လို့ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတာပါ။ ကိုယ်လုံးမှာ ၃ ပေခန့်ရှည်လျားပါတယ်။ ထူးခြားတာက သူ့မှာ ဝမ်းဘဲခြေမျိုး ရှိတာပါ။ နောက် ချွန်ထက်သော နှုတ်သီးဟာ ရှည်ပြီး ကောက်နေပါတယ်။

အခြားသော ပင်လယ်ငှက်များနည်းတူ ဂန္နက်ငှက်တို့ဟာ ငါးဖမ်းရာမှာ အလွန်ကျွမ်းကျင်လှပါတယ်။ ရေ     မျက်နှာပြင်ရဲ့အထက် ပေ ၁ဝဝ ခန့်အမြင့်၌ ပျံဝဲနေပြီးလျှင် ရေထဲမှာ မြင်ရတဲ့ ငါးကို ရုတ်တရက် ထိုးဆင်း၍ ဖမ်းယူနိုင်ပါတယ်။

ဂန္နက်ငှက်ဟာ ကျောက်ဆောင်များပေါ်၌လည်း အသိုက်လုပ်တတ်ပါတယ်။

သာမန်အားဖြင့် တစ်ကြိမ်လျှင် ဥတစ်လုံးသာ အုလေ့ရှိပါတယ်။ ဂန္နက်ငှက် မျိုးကွဲများလည်းရှိပါတယ်။ ဂန္နက်ငှက် အညိုမျိုးကို အပူပိုင်းဒေသပင်လယ်များတွင် တွေ့ရတတ်ပါတယ်။


ရေငုပ်ငါးဖမ်းအလွန်ကျွမ်းတဲ့ တင်ကျီးငှက်ဆိုတာ..

Tuesday, November 3, 2015 0 comments



 တင်ကျီးငှက်များကို လူတိုင်း မြင်ဖူးကြားဖူးကြလိမ့်မယ် မထင်ပါဘူး။ လူတိုင်း မမြင်ဖူး မကြားဖူးတဲ့ တင်ကျီးငှက်အကြောင်း လေးကို ပြောပြချင်ပါတယ်။

တင်ကျီးငှက်ဟာ ‌ခြေ‌ချောင်းများကြားမှာ အ‌ရေပြားရှိတဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ ရေတွင်ငုပ်၍ ငါးများကိုအစာအဖြစ် လိုက်လံဖမ်းဆီးစား‌သောက်တတ်ပါတယ်။ အများအားဖြင့် ‌ရေငုပ်၍ ငါးဖမ်းရာ၌ ‌ရေထဲတွင် ကြာရှည်စွာ‌နေနိုင်တာပါ။ ‌ရေကူးရာမှာ အ‌ရေပြားရှိတဲ့ ‌ခြေများကိုအသုံးပြုတတ်ပါတယ်။ ပျံသန်း‌သောအခါ ‌ရေမျက်နှာပြင်နှင့်ကပ်၍ ပျံသန်းပြီးလျှင် ငါးများကိုဖမ်းယူတတ်ကြပါတယ်။ အဲ့ဒါမှမဟုတ်ရင် ရေပေါ်တွင် ကိုင်းလျက်ကျရောက်နေသော သစ်ကိုင်း‌ပေါ်တွင် နားကာငါး‌ပေါ်လာမည်ကို ‌စောင့်‌မျှော်နေတတ်ပါတယ်။ ငါးဖမ်းအလွန် လျင်မြန်တယ်လို့ ဆိုရပါမယ်။ အစာစားရာတွင် ‌လောဘတကြီးနဲ့ စားမျိုလေ့ရှိပါတယ်။ မိတဲ့အစာကို မမျိုမီ အများအားဖြင့် ‌ရေပေါ်သို့ ယူလာတတ်ပါတယ်။ အစာကို ‌ခေါင်းပိုင်းမှစ၍ မျိုချ‌လေ့ရှိပါတယ်။

တင်ကျီးငှက်ဟာ ဇီဝ‌ဗေဒအလိုအားဖြင့် ‘ဖယ်လာကရိုကိုရက်စီဒီး’ မျိုးရင်းဝင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် တင်ကျီးငှက်အမျိုးမျိုးကို ‌တွေ့နိုင်ပါတယ်။ အများအားဖြင့် တင်ကျီးငှက်တို့ဟာ ပင်လယ်ကမ်း‌ခြေတွင် ‌နေ‌လေ့ ရှိကြသော်လည်း မြစ်များနှင့် အိုင်များတွင်လည်းမကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ ငှက်ကြီးဝံပိုနှင့် တင်ကျီးငှက်တို့ဟာ နီးစပ်တူပါတယ်။ တင်ကျီးငှက်ကြီးမျိုးဟာ အလျား လက်မ ၃၀ မက ရှည်ပါတယ်။

တင်ကျီးငှက်အားလုံးတွင် သန်မာ၍ရှည်‌သော နှုတ်သီးနှင့် အတောင်ပံများရှိပြီး နှုတ်သီးရဲ့ အဖျားက ကောက်ပါတယ်။ အမြီးရှိ အ‌မွှေးများဟာ အနည်းငယ်ဖွင့်ထား‌သော ယပ်‌တောင်ကဲ့သို့ ပြန့်ကားလျက်ရှိပါတယ်။

မြန်မာနိုင်ငံရှိ တင်ကျီးငှက်ဟာ အလျား ၃၂ လက်မခန့်ရှိပါတယ်။ သား‌ပေါက်ချိန်ဖြစ်‌သော စက်တင်ဘာလဆန်းမှ ဒီဇင် ဘာလလယ်အထိဖြစ်ပါတယ်။ တင်ကျီးငှက်ကို မြင်လိုက်တာနဲ့ မှတ်မိလွယ်နိုင်တဲ့အချက်က သူ့ရဲ့ ပါးနှစ်ဘက်နှင့် နံ‌ဘေးတို့မှာ အဖြူရောင်ရှိတဲ့အချက်လို့ ဆိုရမှာပါ။ ငှက်ငယ်လေးများဟာ ပို၍ အ‌ရောင်ညိုပြီးလျှင် ‌အောက်ပိုင်းတွင် အဖြူရောင်ရှိပါတယ်။ ဘေးဖက်နှင့် တစ်ခါတစ်ရံကိုယ်အလယ်ပိုင်းတို့တွင် အညိုကွက်များ ရှိတတ်ပါတယ်။

မြန်မာနိုင်ငံရှိ တင်ကျီးငှက်မျိုးတို့ဟာ ‌ရေချိုမှာသာကျက်စားတတ်တဲ့ ငှက်မျိုးဖြစ်ပါတယ်။ မြစ်များနှင့် အိုင်များတွင် အုပ်စုဖွဲ့ ကာ‌နေကြတာကို မကြာခဏ ‌တွေ့ရတတ်ပါတယ်။
သူ့ရဲ့ ပျံသန်းပုံ ပျံသန်းနည်းက ထူးခြားပါတယ်။ လည်ပင်းကို ‌ရှေ့သို့ဆန့်ထုတ်ပြီး အ‌တောင် ကိုမှန်မှန်ရိုက်ခတ်ကာ အ‌တော်မြန်မြန်ပျံသန်းတတ်ကာ ပျံရာ၌ တည့်တည့်ပျံတတ်ပါတယ်။ နား‌နေတဲ့အခါတွင် ဝမ်းဘဲများကဲ့သို့ ရေပေါ်၌ မနားဘဲ၊ ကမ်း‌ခြေ‌ပေါ်မှ ကျောက်တုံးများ ‌ပေါ်တွင်လည်းကောင်း၊ သစ်ပင်များ‌ပေါ်၌လည်းကောင်း နား‌နေ‌လေ့ရှိပါတယ်။ အဲ့ဒီလို နား‌နေခိုက်မှာ အ‌တောင်များကိုဖြန့်၍ ‌နေလှန်း‌လေ့ရှိတတ်ပါတယ်။ ကုန်းပေါ်၌ ‌လျှောက်သွားသည့်အခါ ငှက်ကြီးဝံပိုကဲ့သို့ ကိုယ်ကိုမတ်မတ်ထား၍ သွားတတ်ကြတာပါ။ သို့သော် ‌ခေတ္တမျှသာလျင်မြန်စွာသွားနိုင်ပါတယ်။

ရေကူး‌သောအခါ ‌ခေါင်းကိုမတ်မတ်ထားလျက် ကိုယ်ကိုနှစ်၍ ကူးတတ်ပါတယ်။ အထိတ်တလန့်ဖြစ်တဲ့အခါမှာ ခန္တာကိုယ်ကို‌ ရေအောက်သို့နှစ်၍ ‌ခေါင်းနှင့်လည်တံသာ ‌ဖော်ထားတတ်ပါတယ်။ ‌ရေငုပ်ကျွမ်းကျင်‌သော်လည်း ‌ရေထဲ၌ စက္ကန့် ၆၀ ထက် ပို‌နေခဲပါတယ်။


လူမှုအသိုင်းအ၀ိုင်းမှာကျယ်ပြန့်လာသော Instagram ဆိုတဲ့ ငါးနှစ်သားမိုဘိုင်းအပလီကေးရှင်း ၀န်ဆောင်မှု

Monday, October 26, 2015 0 comments




Instragram ဆိုတာ မိုဘိုင်းဖုန်းကနေတစ်ဆင့် Facebook, Twitter, Tumblr and Flickr အစရှိတဲ့ လူမှုကွန်ယက်တွေမှာ ဓါတ်ပုံနှင့်ဗီဒီယိုများဝေမျှနိုင်သည့်  ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး Instagram ၀န်ဆောင်မှုရဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ်ပွဲအတွက် ပွဲတက်စာရင်းမှာ အယောက်သန်း (၄၀၀)ရှိနေခဲ့ပါတယ်။ အဲဒီ     အယောက် သန်း (၄၀၀)ကျော်ဟာ Instagram အပလီကေးရှင်း ၀န်ဆောင်မှုကို လစဉ်ပုံမှန် သုံးစွဲနေသူများဖြစ် ပြီး အဲဒီသုံးစွဲသူများရဲ့ထက်ဝက်နီးပါးခန့်ဟာ အသက် (၂၅)နှစ်အောက် လူငယ်များဖြစ်ကြပါတယ်။ Facebook Twitter တို့နဲ့အတူ ပူးတွဲလည်ပတ်နေတဲ့ Instagram ဟာ တကယ်ပဲ နှစ်ခြိုက်စရာကောင်းလှတဲ့  အပလီကေးရှင်း ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

Instagram နဲ့ ကိုင်းကျွန်းမီကျွန်းကိုင်းမီ အသုံးပြုနေတဲ့ လူမှုကွန်ယက်များကလည်း ရိုးရှင်း လွယ်ကူခြင်းရှိဖို့ တောင်းဆိုထားတာမို့ Instagram ကို တည်ဆောက်တဲ့သူများကလည်း Instagram စတင်ထွက်ရှိကတည်းက ယခုထိတိုင် အပြောင်းအလဲ အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ကြပါတယ်။

သို့ပေမယ့် ကမကထပြုလုပ်ထားတဲ့ တင်ပြချက်တွေကြောင့် Instagram ရဲ့ရှေ့ရေးဟာ မတင်မကျ၊ ခန့်မှန်း၍မရ ဖြစ်နေခဲ့ပါတယ်။ Instagram ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ထူးခြားမှုပေးနေခြင်း အနေအထားမှ ဆုံးရှုံးသွားမှာလား ဒါမှမဟုတ် အသွင်အပြင်အသစ်တွေနဲ့ နောက်ထပ် အောင်မြင်မှု အဆင့်တစ်ခုကို တက်လှမ်းသွားမှာလားဆိုတာတော့ Instagram ရဲ့ရှေ့ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အချိန်နာရီတွေကသာ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ ပြောပြသွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Instagram မှ ပေးစွမ်းနေတဲ့ ပျော်ရွှင်ခြင်းတွေကို ခဏဘေးဖယ်ထားပြီး Instagram ဟာကမ္ဘာကြီးကို    ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်လဲ စဉ်းစားဖို့အချိန်ဖြစ်ပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://edition.cnn.com/2015/10/22/fashion/instagram-is-changing-the-world/index.html?sr=cnnifb 


တိပ်ကပ်ပြီး ပန်းချီလေးတွေ ဖန်တီးမယ် ဆိုရင်…

Monday, October 19, 2015 0 comments

ကလေးငယ်လေးတွေ စိတ်ဝင်စားနိုင်မယ့် တိပ်လေးတွေကပ်ပြီး ပန်းချီကား ဘယ်လို ဖန်တီးယူနိုင်တယ်ဆိုတာ ပြောပြပါမယ်။ တကယ်တော့ ရေးဆွဲတာလည်း ပန်းချီအနုပညာ ဖြစ်သလို.. မရေးဆွဲဘဲ ချန်လှပ်ထား  ပြီး ဖန်တီးတာလည်း ပန်းချီ အနုပညာ ဖြစ်ပါတယ်။ အများအားဖြင့် ရေးဆွဲပြမှ ပန်းချီအနုပညာလို့           မဆိုနိုင်တော့ပါဘူး။ ဒါကြောင့် ပန်းချီကားထဲမှာ တိပ်ကလေးတွေကပ်ပြီး ချန်ရစ်ဖန်တီးဖို့ ပြောပြပေးမှာဖြစ်တယ်။

ဒီလိုဖန်တီးဖို့ ပန်းချီဆရာကြီးတွေလည်း သုံးစွဲဖန်တီးကြတာပါ။ ဒါကြောင့် ကလေးတို့လည်း ကိုယ်တိုင်ဖန်တီးယူနိုင်ဖို့ ပြောပြတာပါ။

တိပ်လေးတွေကပ်ပြီး ပန်းချီကားဖန်တီးယူဖို့အတွက် ကိရိယာတန်ဆာပလာတွေ အများကြီးမလိုပါဘူး။     အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကင်းဗတ် ၊ ဒါမှမဟုတ် ပန်းချီဆွဲ စက္ကူ တခု၊
(၂) ပန်းချီဆေးရေးဖို့ ရောင်စုံ ပန်းချီဆေး၊
(၃) တိပ်အခွေ တခု၊
(၄) ကတ်ကြေး တခု..၊ ဒါလောက်ပဲ လိုအပ်တာပါ။

ဥပမာပုံ ပြရရင် အောက်ပါ အတိုင်းပေါ့။


ပထမဆုံး အနေနဲ့ ပန်းချီကား ဖန်တီးမယ့် ကင်းဗတ်မျက်နှာပြင် ဒါမှမဟုတ် စက္ကူအပေါ်မှ  ကိုယ်ကြိုက်နှစ်သက်သလို တိပ်ကလေးတွေကို ဖြတ်တောက်ယူပြီး ကပ်ယူပါ။ အခုဖော်ပြထားတာက နမူနာ ကပ်ပြထားတာပါ။ ကလေးတို့အနေနဲ့ ကိုယ်ကပ်ချင်သလို ကပ်ယူရမှာပါ။ အခုပြထားတဲ့အတိုင်း ကပ်ဖို့ မဟုတ်ပါဘူး။


  အဲဒီလို ကိုယ့်စိတ်ထဲမှာရှိနေတဲ့အတိုင်း ကပ်ယူပြီးပြီ ဆိုရင်တော့ ဒုတိယအဆင့် ဆက်ဖန်တီးကြည့်ကြစို့။
တိပ်တွေလည်း ကပ်ပြီးပြီ ပန်းချီရေးဆွဲဖို့လည်း အဆင့်သင့်ဖြစ်နေပြီဆိုရင် အဲဒီ ကင်းဗတ် သို့မဟုတ်    
စက္ကူပေါ်မှာ ကိုယ် သုံးချင်တဲ့ ပန်းချီဆေးအရောင်ကို ရွေးချယ်ပြီး ညှစ်ချလိုက်ပါ။ အဲဒီအရောင်တွေကို    
 ရောနှောလို့ပဲဖြစ်ဖြစ် မရောနှောဘဲ ဖြစ်ဖြစ် ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ရှိနေပါစေ။

အခုအောက်မှာ ပြထားတဲ့ပုံက ကလေးငယ်တဦး ဖန်းတီးယူတဲ့ အနေအထားပါ။ အဲဒီလို ကလေးငယ်တဦးတောင် ဖန်တီးယူနိုင်တယ်ဆိုရင် သူ့ထက်ကြီးတဲ့ ကလေးတို့လည်း အလွယ်တကူ ဖန်တီးနိုင်မှာ ဖြစ်ပါ
တယ်။



တိပ်နဲ့ကပ်ပြီး ကလေးငယ်တဦး ဘယ်လို ဖန်တီးယူတယ်ဆိုတာ ကြည့်ပါ။ ကလေးငယ်ဖြစ်တာကြောင့် သူဟာ ဘယ်သီအိုရီတွေကိုမှ ဂရုစိုက်နေမှာမဟုတ်ဘဲ သူ့စိတ်ထဲ ဖြစ်နေတဲ့အတိုင်း သူလုပ်ချင်ရာ ဆေးတွေနဲ့ ကစားနေပါ လိမ့်မယ့်။ အနုပညာဆိုတာ သီအိုရီတွေရဲ့ အလွန် စိတ်ခံစားမှုမှာ မူတည်တယ်ဆိုတာ ကလေးတို့ သတိပြုရမှာပါ။ နည်းစနစ်အတိုင်း ရေးတာက အတတ်ပညာပဲ ဖြစ်တယ်။ စိတ်ခံစားမှုကို ဖော်ပြနိုင်မှ အနုပညာ ဖြစ်တယ်ဆိုတာ ကလေးတို့ ကြီးလာတဲ့အခါ ပိုသိလာမှာပါ။

အခုတော့ အဲဒီကလေးငယ် ဘာလုပ်နေလဲဆိုတာ ကြည့်ပါဦး။


အခုမြင်တွေ့ရတာက ကလေးငယ်တဦး ပျော်ရွှင်စွာနဲ့ ဆေးတွေနဲ့ ဆော့ကစားနေတာပါ။ ကလေးလေးဟာ ပန်းချီဆေးတွေနဲ့ ပျော်နေတယ် မဟုတ်လား။ ပျော်နေတဲ့ ကလေးငယ်ရဲ့စိတ်ခံစားမှုက ဖြစ်တည်လာတဲ့
 ပန်းချီကားက ဘယ်လို ဖြစ်မလဲ။ သေချာကြည့်ကြရအောင်နော်။


အဲသလို ကလေးငယ်အနေနဲ့ တိပ်ကပ်ထားတဲ့ ကင်းဗတ် ဒါမှမဟုတ် စက္ကူပေါ်မှာ သူပျော်သလို ဆေးတွေကို ဆော့ကစားပြီးတဲ့အခါမှာ ဘာတွေ ထူးခြားနေမလဲ။

စောစောက ပြောခဲ့တဲ့ တိပ်တွေ ခွာယူလိုက်ရင်အောက်ပါအတိုင်း စိတ်ဝင်စားစရာ ပန်းချီကား တခု တွေ့ရမှာပါ။



နည်းနည်းထပ်ပြီး ပြောရရင်တော့ အခုလို တိပ်ကပ်ပြီး ဖန်တီးကြတာဟာ ပန်းချီဆရာကြီးတွေ၊ ပန်းချီဆရာငယ်တွေလည်း သုံးစွဲတတ်ကြပါတယ်။ ဒါကြောင့် ကလေးတို့လည်း ကိုယ့်စိတ်ကူးစိတ်သန်းရှိသလို ဖန်တီးယူကြဖို www.houseofburkeblog.com ကနေ ထပ်ဆင့် ဝေမျှလိုက်ပါတယ်။



နိုင်စွမ်း


ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို တစ်ရက်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်ရှစ်နှစ်အရွယ် မိန်းကလေး

0 comments


(မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို တစ်ရက်တာ ထမ်းဆောင်ခဲ့တဲ့ ဂီနီရာဟာရီဆန်)

အသက် ၈ နှစ်အရွယ် ကလေးငယ်လေးဟာ အမေရိကန် ပြည်ထောင်စု မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို ၁ ရက်တာ ထမ်းဆောင်ခဲ့တယ် ဆိုရင် စာဖတ်သူတွေ အံ့သြမသွားပါနဲ့။ အဲ့ဒီတုန်းက အုပ်     ချုပ်ရေးမှူးဖြစ်တဲ့ မာတင်အိုမော်လေးရဲ့ နေရာမှာ ဂီနီရာဟာရီဆန် (Genea Harrison) ဆိုတဲ့ မိန်းကလေးက တာဝန်ယူခဲ့တာဖြစ်ပြီး သူမက ပြည်သူ့ ဘ၀ လုံခြုံမှု တိုးတက်စေချင်သလို သဘာဝပတ်ဝန်းကျင်ကို ကာ ကွယ်ထိန်းသိမ်းချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီကာလကတော့ လွန်ခဲ့တဲ့နှစ်နှစ်တာကာလ ၂၀၁၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့တုန်းကဖြစ်ပါတယ်။

ငယ်ရွယ်တဲ့မိန်းကလေးတွေကို ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေမှာပါဝင်လာဖို့ရည်ရွယ်တဲ့ အက်ဆေးပြိုင်ပွဲမှာ သူမက ဗိုလ်စွဲခဲ့တာကြောင့် ဖြစ်ပါတယ်။ သူမရဲ့အက်ဆေးကို ပြည်နယ်အုပ်ချုပ်ရေမှူး မာတင်က ရွေး  ချယ်ခဲ့တာပါ။ သူမကို Twitter ကနေတဆင့် အားပေးစကားပြောခဲ့တဲ့သူတွေထဲမှာ အိမ်ဖြူတော်အကြံပေးအရာရှိ Balerie Jarret တို့လို ပုဂ္ဂိုလ်တွေ၊ ကင်းဆတ်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Katheleen Sevelius တို့ ပါဝင်ပါတယ်။

သူမဟာ အနီ၊ အဖြူနဲ့ အပြာရောင်တွေပါဝင်တဲ့ ၀တ်စုံကို ၀တ်ဆင်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားတွေကို အထပ်ထပ် ရွတ်ဆိုခဲ့ပါတယ်။ ဟာရီဆန်ဟာ Rasa L. Parks မူလတန်းကျောင်းက တတိယတန်း      ကျောင်းသူတယောက် ဖြစ်သလို သူမ တင်သွင်းတဲ့ အက်ဆေးထဲမှာ ဘာကြောင့် ပြည်နယ်အုပ်ချုပ်ရေး    မှူးဖြစ်ချင်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

အသက် ၁၃ နှစ်အောက် ၀င်ရောက်ယှဉ်ပြိုင်သူ အယောက် ၂၀၀ ကျော်ထဲကမှ ထူးထူးခြားခြား ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ကို ၁ ရက်တာ ရယူစဉ်ကာလအတွင်း အမေရိကန်ဆိုင်ရာ ထိုင်ဝမ် သံ အမတ်ကြီး ပူဆောင်အင်းနဲ့ တွေ့ဆုံခဲ့သလို အမျိုးသမီးတွေဦးဆောင်တဲ့ နိုင်ငံရေးဦးစီးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

အက်ဆေးပြိုင်ပွဲ ကျင်းပရတာနဲ့ ပတ်သက်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး မာတင်ကလည်း အခုလို ပြောကြားခဲ့တာပါ။

“မယ်ရီလန်းပြည်နယ်မှာ အမျိုးမျိုး အထွေထွေကွဲပြားမှုကပဲ ကျနော်တို့ရဲ့ ခွန်အားဖြစ်နေပါတယ်။ အမျိုးသမီးတွေရဲ့ အလုပ်တွေပြီးမြောက်အောင် စွမ်းဆောင်နိုင်မှုဟာ ကျနော်တို့တိုးတက်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။ Governor for a Day အက်ဆေးပြိုင်ပွဲက မိန်းကလေးတွေရဲ့ အိပ်မက်တွေ ပိုမို    ပီပြင်လာစေဖို့၊ သူတို့ရဲ့ ယုံကြည်မှုနဲ့ အရည်အသွေးတွေ တိုးတက်လာစေဖို့ ရည်ရွယ်တာပါ။ သူတို့ဟာ
မနက်ဖြန်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေပါ။ ဂီနီရာရဲ့ ထိပ်တန်း ဦးစားပေးတွေက ပညာရေး၊      ပြည်သူ့ဘ၀ လုံခြုံမှု၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတော့ သူမက ကျနော်တို့ ကလေးငယ်တွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးပေးဖို့ သတိပေး နေသလိုပါပဲ” တဲ့။

မီဒီယာတွေကနေ မေးတဲ့ မေးခွန်းတွေကို ဂီနီရာဟာရီဆန်က စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။ ဂီနီရာရဲ့ မိခင် Agie Tunyon က “ကျမ သမီးလေးကို ရှက်နေမယ်လို့ ထင်တာ၊ မဟုတ်ဘူး ရှင့်..။ လုပ်တာ ကိုင်တာက ပြောတာ ဆိုတာက အစ တကယ့်ကို တာဝန်ထမ်းဆောင်နေတဲ့အတိုင်းပါပဲ” လို့ ပြောပြပါတယ်။ ဂီနီရာရဲ့ နောက်ထပ် အိပ်မက် တခုကတော့ သိပ္ပံပညာရပ်တွေကို သင်ကြားပေးတဲ့ ဆရာမ ဖြစ်ချင်ပါသတဲ့။

“အခုလို အုပ်ချုပ်ရေးမှူး တာဝန်ကို ၁ ရက်တာ ထမ်းဆောင်ရလို့ ကျမ ဂုဏ်ယူပါတယ်။ မိန်းကလေးတွေ အနေနဲ့ ဒီလို တာဝန်ကို ယူနိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။ ကြိုးစားရင် ဘယ်သူမဆို ကျမလို ဖြစ်   လာနိုင်ပါတယ်” လို့ ဂီနီရာက ပြောပြပါတယ်။

အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တယ် ဆိုတာကို ၈ နှစ်အရွယ် သမီးလေးက သက်သေပြခဲ့တာပါ။ ဒါပေ  မယ့် အိပ်မက်ဆိုတာ တကယ်ဖြစ်လာဖို့က လက်တွေ့လုပ်ဆောင်မှု၊ ကြိုးစားမှုတွေနဲ့ အစဉ်တွဲလျက် ရှိနေ  တယ်ဆိုတာတော့ ဂီနီရာက တကမ္ဘာလုံးသိအောင် ပြောပြလိုက်တာလည်း ဖြစ်ပါတယ်။


ညဥ့်ငှက်တမျိုးဖြစ်တဲ့ နာမည်ဆန်းနဲ့ ခင်ပုပ်ငှက်

Wednesday, October 14, 2015 0 comments



ဇီးကွက်နဲ့ မျိုးနွယ်တူ ညဉ့်ငှက်များဖြစ်တဲ့ ခင်ပုပ်ငှက်ကို တွေ့မြင်ဖူးသူ နည်းပါးပါတယ်။ ညမှောင်ချိန်မှာ အစာရှာ ထွက်တတ်တဲ့ ခင်ပုပ်ငှက်ဟာ နေရောင်ကို ကြောက်တာကြောင့် နေ့ခင်းဘက်အချိန်တွေမှာတော့ သစ်ပင်၊ ၀ါးရုံ ချုံပုတ်တွေထဲမှာ ပုန်းအောင်းနေတတ်ကြပါတယ်။ ပိုးမွှားများ၊ အခြား တိရစ္ဆာန်ငယ်များ၊ ငှက်ငယ်များကို ဖမ်းဆီး စားသောက်တတ်တဲ့ ခင်ပုပ်ငှက်ကို အရှေ့တိုင်းဒေသ အများအပြားမှာတွေ့ရ  ပြီး မြန်မာနိုင်ငံမှာတော့ ကွင်းပြင်များ၊ တောင်ခြေများတွင် ကျက်စားလေ့ရှိပါတယ်။

ခင်ပုပ်ငှက်တွေဟာ အလျား ၁၂ လက်မခွဲခန့်ရှိပြီး၊ ဇီးကွက်များကဲ့သို့ နားရွက်တွင် အမွှေး မရှိပါ။ ကိုယ်အောက်ပိုင်းမှာ ဖြူပြီး လည်ပင်းမှာ မည်းနက်တဲ့ အမှတ်အသား ပါရှိပါတယ်။ သူတို့ရဲ့ တောင်ပံတွေက ရှည်ပြီး   ချွန်နေတာပါ။ ညဥ့်အချိန် မှာသာ အော်တတ်တဲ့ ခင်ပုပ်ငှက်တို့ရဲ့ အော်သံက ဇီးကွက်သံနဲ့လည်း တူပါ တယ်။


ခင်ပုပ်ငှက်တို့ရဲ့ သားပေါက်ချိန်က ဧပြီလကနေ မေလ အတွင်းသာဖြစ်ပြီး တခါတရံ မတ်လမှ ဇွန်လအ  ထိဖြစ်ပါတယ်။ ဥများကို ပေ ၂ဝ ခန့်မြင့်တဲ့ သစ်ခေါင်းထဲမှာ အုလေ့ရှိပြီး၊  ဥ ၃ လုံးမှ ၄ လုံး အထိ ရှိပါ တယ်။ ဥအရွယ်မှာ ပျမ်းမျှ အလျား ၁ ဒသမ ၃၈ လက်မရှိပြီး၊ ဗြက်မှာ ၁ ဒသမ ၁၆ လက်မ ရှိပါတယ်။ ယခုအခါ အတွေ့ရနည်းပြီ ရှားပါးလာတဲ့ ခင်ပုပ်ငှက်တို့ မျိုးတုန်းပျောက်ကွယ်မသွားရန် နိုင်ငံတကာ ငှက်ကြည့် အဖွဲ့များက စောင့်ကြည့်လေ့လာနေရပြီဖြစ်ကြောင်း သိရပါတယ်။  


ကိုးကား။ ၀ီးကီးပီးဒီးယား

ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး

Tuesday, October 13, 2015 0 comments


သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ် (ဘီစီ ၄၈၄- ဘီစီ ၄၂၅) နဲ့ အယ်လက်ဇန်းဒရီးယား ပြတိုက်ရှိ ဆိုင်းရင်းန်မှ ပညာရှိ ကယ်လီမာချူး (scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့ဟာ ကမ္ဘာ့အံဖွယ် ၇ ပါးနဲ့ ပတ်သက်တဲ့ အစောဆုံး စာရင်းကိုပြုစုခဲ့ကြသူတွေပါ။ သူတို့ရဲ့ ရေးသားပြုစုတဲ့ ထိုအံဖွယ်တွေထဲမှာ  အောက်ပါ အဆောက်အဦးတွေ ပါဝင်ပါတယ်။



(၁) ဂိုင်ဇာမဟာပိရမစ်ကြီး၊ (၂) ဘေဘီလုံရှိ မိုးပျံဥယျာဉ်၊ (၃) အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီးရဲ့ ရုပ်တု၊ (၄) အီဖီးဆပ်ရှိ အာတဲမိ ဘုရားကျောင်း၊ (၅) ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်ရဲ့ ဂူသင်္ချိုင်း၊ (၆) ရုတ်ဒ်၏ ရုပ်တု၊ (၇) အလက်ဇန်းဒရီးယားရှိ မီးပြတိုက်တို့ ပါဝင်ပါတယ်။

ဂရိဘာသာနဲ့ ရေးသားထားတဲ့ theamata ဆိုတဲ့စကားက အံ့ဖွယ်လို့ အဓိပ္ပာယ်မရဘဲ မကြည့်မဖြစ်လို့ အ ဓိပ္ပာယ်ရပါတယ်။ ဒီကနေ့ခတ်မှာအများသိရှိကြတဲ့ စာရင်းဟာ အလယ်ခေတ်က စုစည်းတင်ပြခဲ့ကြတာပါ။ စာရင်းထဲမှာပါတဲ့ အဆောက်အဦးအများစုကတော့ ဒီကနေ့ခေတ်မှာ မရှိကြတော့ပါဘူး။



ဂိုင်ဇာရှိ မဟာပိရိမစ်ကြီးကသာ ယနေ့ထက်ထိတိုင် ကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးထဲက တခုတည်းသော အဆောက်အဦးပါ။

တစ်တီတူး ငှက်ဆိုတာ ဘယ်လို ငှက်မျိုးလဲ

Monday, September 28, 2015 0 comments




ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်တဲ့ တိရိစ္ဆာန်အမျိုးပေါင်း ၇ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ တစ်တီတူး(တီတီတွတ်)၊ ဥသြငှက်၊ ဘုတ်ငှက် တို့ဖြစ်ကြပါတယ်။

အဲ့ဒီငှက် အမျိုးအစားတွေထဲက တစ်တီတူးငှက်ကလေးအကြောင်းကို ပြောပြချင်ပါတယ်။

တစ်တီတူးငှက်ဟာ ကယ်ရာဒရိုင်အီဒီး မျိုးရင်းမှာ ပါဝင်တဲ့ ငှက်အမျိုးအစားပါ။ အဲ့ဒီငှက်ကို သတ္တဗေဒ အလိုအားဖြင့် လိုဗီဗင်နဲလပ် အင်ဒီကပ် လို့ခေါ်ပါတယ်။ တစ်တီတူးလို့‌ခေါ်ခြင်းမှာ အဲ့ဒီငှက်ရဲ့ ‌အော်သံကိုအစွဲပြု  ပြီး ခေါ်ခြင်းလည်း ဖြစ်ပါတယ်။ အလျား ၁၃ လက်မခန့်ရှိပါတယ်။ ခါထက် ကိုယ်ထည်အနည်းငယ် ပိုပြီး      ကြီးကာ ‌ခြေတံ၊ လည်တံ များဟာလည်း ခါရဲ့ ‌ခြေတံလက်တံတွေထက် ပိုရှည်ပါတယ်။

တစ်တီတူးရဲ့ ကိုယ်အ‌ပေါ်ပိုင်းဟာ အညိုရောင်ရှိပြီး ‌အောက်ဘက်က အဖြူ‌ရောင်ရှိပါတယ်။ မျက်နှာ၊ ရင်အုပ်နှင့် ဦး‌ခေါင်းတို့ဟာ မည်းနက်ပါတယ် ။ တစ်တီတူးအဖို၊ အမတို့ဟာ မျက်လုံးတစ်ဘက်စီရဲ့ အ‌ပေါ်နဲ့ ‌ရှေ့ဘက်မှာ ကြက်‌သွေး‌ရောင် အသားပိုတစ်ခုစီ ရှိပါတယ်။ ငှက်ငယ်ဦး‌ခေါင်းရှိ အ‌မွှေးတွေဟာ အဖျားမှာ အညို‌ရောင်သန်း ‌နေပါတယ်။ ‌မေး နဲ့ ဇလုတ်တို့ဟာ ဖြူပါတယ်။

တစ်တီတူးငှက်ဟာ အ‌နှောက်အယှက်ခံရလျှင် ပျံဝဲပြီး ထပ်တလဲလဲကျယ်‌လောင်စူးရှစွာ ‌အော်‌နေတတ်ပါတယ်။ တစ်တီတူးကို သဲ‌သောင်ပြင်၌ စိုက်ပျိုးခင်းနှင့် သွေ့‌ခြောက်‌သောကုန်းမြင့်ရှိ ‌မြေလပ်များ၌၎င်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ထုံးအိုင်‌ဒေသများတွင်လည်း ‌တွေ့နိုင်ပါတယ်။ ဒီ‌ရေအတက်အကျရှိ‌သော ‌ဒေသများတွင်မူ တစ်တီတူးကို မ‌တွေ့ရတတ်ပါဘူး။ ရန်သူအနီးအနား၌ ရှိသည်ဟု မယုံသင်္ကာဖြစ်‌သောအခါ ‌ခေါင်းညိတ်‌လေ့ရှိပါတယ်။  အဲ့ဒီလို ‌ခေါင်းညိတ်သည့်အ‌လေ့မှာ တစ်တီတူးငှက်ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။

တစ်တီတူးငှက်ဟာ ‌မြေကြီးပေါ်၌ ခုန်ဆွခုန်ဆွ သွားလာကာ ပိုးမွှားကောင်နှင့် ခရုမျိုးများကိုရှာ‌ဖွေ စား‌သောက် လေ့ရှိပါတယ်။ အဲ့ဒီငှက်ဟာ ‌နေ့အချိန်၌သာမဟုတ်၊ ညအချိန်၌လည်းပျံသန်း ‌အော်မြည်‌နေတတ်ပါ တယ်။ ပျံသန်းတဲ့အခါမှာလည်း တောင်ပံများကိုမှန်မှန်ရိုက်၍ ‌နှေးနှေးပျံသန်းလေ့ရှိပါတယ်။ ခဏပျံသန်းပြီးနောက် ‌မြေကြီးသို့  တဖန် ဆင်းသက်ပြီး အနည်းငယ် ခုန်ဆွခုန်ဆွ သွား‌လေ့ရှိပါတယ်။ ထိတ်လန့်တဲ့အခါမှာလည်း လျှင်မြန်စွာ ပျံသန်း နိုင်တဲ့အပြင် ပျံသန်း‌နေခိုက် ကိုယ်ကိုလည်း ကျင်လည်စွာလှည့်ပတ်လှုပ်ရှားနိုင်ပါတယ်။

မတ်လနဲ့ ဩဂုတ်လတို့မှာ ဥအု‌လေ့ရှိပါတယ်။ ‌မြေကြီး‌ပေါ်၌ သဘာဝအ‌လျောက် ချိုင့်နေတဲ့‌နေရာများမှာ အသိုက်လုပ်တတ်ပါတယ်။ မိုးဥတုက ရေဝပ်ခဲ့‌သော ချိုင့်ခွက်များ၌လည်းကောင်း၊ ကျွဲနွားတို့ရဲ့‌ခြေရာခွက်၌   လည်းကောင်း အသိုက်လုပ်‌လေ့ရှိပါတယ်။ ရေခြောက်‌နေ‌သောကန်များ၌လည်း တစ်တီတူးအသိုက်များကို ‌တွေ့ရတတ်ပါတယ်။ အသိုက်တခုမှာ ဥ ၄ ဥ ‌တွေ့ရလေ့ရှိပါတယ်။ တစ်တီတူးငှက်ဥ၌ အညို‌ရောင်တွင် အ မည်း ကွက်‌လေးများ ရှိပါတယ်။

အဲ့ဒီဥအ‌ရောင်နဲ့ ပေါက်စငှက်ငယ်က‌လေးများရဲ့အ‌ရောင်ဟာ ပတ်ဝန်းကျင်ရှိအ‌ရောင်နဲ့ ဆင်တူလှ     တာကြောင့် သူတို့ကိုပတ်ဝန်းကျင်နှင့်ခွဲခြားသိဖို့ ခက်ခဲလှပါတယ်။ ငှက်ဖိုနဲ့ငှက်မများဟာ သူတို့ရဲ့ ငှက်ငယ်က‌လေးများကို အလွန်ဝိရိယကြီးစွာ ‌စောင့်‌ရှောက်ကြပါတယ်။ အကယ်လို့ သူတို့ရဲ့ အသိုက်အနီးသို့ တခြားတိရိစ္ဆာန်များ ကျုးကျော်လာလျှင်လည်း ပြင်းထန်စွာ ခုခံတတ်ကြပါတယ်။


ကိုးကားသတင်း။  ။ ၀ီကီပီးဒီးယား

ပျောက်ကွယ်သွားတော့မယ့် ဘီလုံးငှက်တို့ရဲ့ တေးဆိုသံ

Wednesday, September 23, 2015 1 comments


(ဘီလုံးငှက်)

ဘီလုံးငှက်တို့ရဲ့ ရုပ်ဆင်းသဏ္ဌာန်ဟာ ထူးခြားလှပတဲ့ငှက်မျိုး မဟုတ်ပေမယ့် သာယာစွာအသံကျူးရင့် တေးဆိုတတ်ကြပါတယ်။ ဘီလုံးငှက်မျိုးဟာ alaudidae မျိုးရင်းတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်းများစွာရှိပါတယ်။
ဒါ့အပြင် သူ့ရဲ့ပုံပန်းသဏ္ဌာန်ဟာ စာကလေးနဲ့လည်း ဆင်တူပါတယ်။ အပေါ်ပိုင်းမှ အညိုနုရောင် အမွှေး     အတောင်များတွင်လည်းကောင်း၊ ရင်အုပ်တွင်လည်းကောင်း အညိုရင့်ရောင် အကန့်များ၊ အကြောင်းများ ပါရှိတတ်ပါတယ်။ စာကလေးအရွယ် ၆.၁၂ ကနေ ၇ လက်မခန့် အလျားရှိပါတယ်။ အမောက်ကလေး လိုလို ပုံသဏ္ဌာန်လည်း ပါရှိတတ်ရာ၊ တစ်ခါ တစ်ရံထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။ အဖိုရောအမပါ ပုံပန်းသွင်ပြင် အတူတူပါပဲ။

ဘီလုံးငှက်တို့ကို လယ်ကွင်းများ၊ မြက်ခင်းများ၊ လွင်ပြင်များ၌ အစုလိုက်၊ အုပ်လိုက် တွေ့ရတတ်တာပါ။  သို့ပေမယ့် အခုအခါမှာ မြန်မာနိုင်ငံတွင် ဘီလုံးငှက်များဟာ အတွေ့ရ နည်းသွားပါပြီ။ သူတို့ဟာ မြန်မာနိုင်ငံတောင်ပိုင်းလယ်ကွက်များ၌ ကျက်စားတတ်သောငှက်မျိုးဖြစ်သော်လည်း၊ စပါးရိုးပြတ်များထက် မြက်ခင်းများကိုပိုပြီး  နှစ်သက်ဟန်တူပါတယ်။ ဘီလုံးငှက်တို့ဟာ ပိုးမွှားများ၊ သစ်စေ့၊ စပါးစေ့များကို ရှာဖွေ       စားသောက်တတ်ပါတယ်။

သူတို့ဟာ ကောင်းကင်ကိုပျံတက်နေစဉ် တေးဆိုတတ်ကြပါတယ်။ အထူးသဖြင့် မိတ်လိုက်ချိန်မှာဆိုရင် ဘီလုံးငှက်ဖိုတို့ဟာ တေးသံစုံကျူးရင့် အစွမ်းပြပြီး လူပျိုလှည့်တတ်ကြပါတယ်။ များသောအားဖြင့် နံနက်ခင်းနှင့် ညနေခင်းများတွင် အစွမ်းပြတတ်ကြတာပါ။ ဘီလုံးငှက်ဖိုဟာ နားနေတဲ့နေရာမှ တောင်ပံတဖျပ်ဖျပ်ခတ်ပြီးလျှင် အပေါ်တည့်တည့်သို့ထိုး၍ ပျံသန်းရင်း တေးသံကျုးရင့်သွားလေရာ၊ တစ်ခါတစ်ရံမှန်ပြောင်းနှင့် ကြည့်လို့ မရအောင်ပင် မြင့်လှစွာပျံတက်ကြပါတယ်။

အဲ့လို့ အပေါ်ပျံတက်ရာမှ ရုတ်ခြည်းအောက်သို့ ပျံမဆင်းသေးဘဲ၊ လေဘက်သို့ ဦးခေါင်းလှည့်ကာ လေပေါ်၌ တန့်နေပြီး တစ်ခါတစ်ခါမှ အတောင်ကိုခတ်ရင်းဆက်လက်တေးသံကျူးနေတတ်ပါတယ်။ ၅ မိနစ်ခန့် ကြာမှ တောင်ပံကိုပိတ်၍ အောက်သို့စိုက်ချလိုက်၊ တောင်ပံကိုဖြန့်၍ ခတ်လိုက်၊ နဲ့ နောက်ဆုံး မြေပြင်နှင့် နီးလာသောအခါ မူလပျံတက်သောနေရာသို့ရောက်အောင် တစ်ရှိန်ထိုးပျံသွားတတ်ကြပါတယ်။ အမတစ်ကောင်အတွက် အဖိုများစွာတို့ဟာ တပြိုင်တည်းအစွမ်းပြတတ်ကြရာ၊ တကွင်းလုံး ၎င်းတို့ အသံနဲ့ ဆူညံနေတတ်ပါတယ်။

ဘီလုံးငှက်တို့ဟာ မြေပြင်မှာ နားနေတုန်းလည်း တေးဆိုတတ်တာကို ရံဖန်ရံခါ တွေ့ရပါတယ်။ လူတစ်စုံတစ်ယောက်ကို မြင်ရင် မပြေးဘဲဝပ်နေပြီး သူတို့ကို နှောင့်ယှက်တယ်ဆိုရင် ကျစ်ကျစ်၊ ကျစ်ကျစ်နှင့် အော်မြည်ကာမြေပြင်နှင့်ကပ်၍ နိမ့်ချည် မြင့်ချည် ပျံသန်းနေတတ်ကြပါတယ်။

ဘီလုံးငှက်တို့ရဲ့ ဥများ 

မြန်မာနိုင်ငံ၌ တွေ့ရတတ်သော ဘီလုံးငှက်မျိုးတို့ရဲ့ အသံဟာ ပျော့ပြီး စူးရှတဲ့အသံပါ။ ဘီလုံးငှက်တို့ရဲ့ သားပေါက်ချိန်ဟာ မတ်လမှ ဇူလိုင်လအထိ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ၂ သားပေါက်တတ်ပါတယ်။ သူတို့ရဲ့ အသိုက်တွေကို ချုံဖုတ်များ၊ မြက်တောများ၊ အကာအကွယ်ရှိသော မြေချိုင့်ခွက်များထဲတွင် မြက်ခြောက်များခင်း၍ ပြုလုပ်ကြတာပါ။ တစ်မြုံလျှင် ဥ ၃ ဥ မှ ၅ ဥအထိရှိတတ်ပါတယ်။ သူတို့ရဲ့ ဥတွေဟာ ရှည်မျောမျော ပုံစံဖြစ်ပြီး ဥခွံ ဟာ ချောမွတ်ပါတယ်။ ဝါညိုညိုအစက်အပြောက်များ၊ ခရမ်းပြာအစက် အပြောက်များ အများအပြားပါရှိတတ်ပါတယ်။

ဘီလုံးငှက်မျိုးကို ဥရောပတိုက်တွင်လည်းကောင်း၊ တူရကီ၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တိဗက်၊ တရုတ်၊ ယိုးဒယားစသော အာရှနိုင်ငံများတွင်လည်း တွေ့ရှိရတတ်ပါတယ်။


ကိုးကား။ ။ ၀ီးကီးပီးဒီးယား


မွန်ယဉ်ကျေးမှုကို ကမ္ဘာကသိစေခဲ့သူ သမိုင်းပညာရှင် ဒေါက်တာ နိုင်ပန်းလှ

Wednesday, September 16, 2015 0 comments


(ဒေါက်တာ နိုင်ပန်းလှ)
“ကျနော် ရူးနေတယ်လို့ တချို့က ဆိုချင်ဆိုကြပါစေ။ ကျနော်အသက်ရှင်နေသရွေ့ ကျနော့ကိုယ်ပိုင် ဘာသာစကား ပျောက်ကွယ်သွားတာ အဖြစ်မခံနိုင်ဘူး” လို့ ပြောကြားခဲ့သူ ဆရာကြီး နိုင်ပန်းလှဟာ
လေဖြတ်တဲ့ရောဂါနဲ့ ၂၀၁၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အုတ်ဂူကို သူ့ရဲ့ ဇာတိ ကရင်ပြည်နယ် ကော့ဗိန်းရွာတွင် တည်ထားကြောင်းလည်း သိရပါတယ်။

ငယ်နာမည် “အဒွတ်” ဟု ခေါ်သော နိုင်ပန်းလှကို ကရင်ပြည်နယ် ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်းရွာတွင် ၁၉၂၃ ခုနှစ်၊ မတ်လ ၂၀    ရက်နေ့၌ မွေးဖွားခဲ့ပြီး၊ ကော့ဗိန်းရွာ ဘုန်းတော်ကြီးကျောင်းတွင် မွန်၊ မြန်မာ၊ အင်္ဂလိပ်စာတို့ကို စတင် ဆည်းပူးခဲ့ပါတယ်။ ကျောင်းစာကိုလည်း ၈ တန်း အထိသာ ပညာဆည်းပူးခဲ့တာပါ။ အဲ့ဒီထက် ထူးခြားတာက အသက် ၆၉ နှစ် အရွယ်ရောက်မှ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများကို ဆက်တိုက်ရရှိခဲ့ခြင်းပါ။

အသက် ၂၄ နှစ် အရွယ်တွင် ရန်ကုန်မြို့ မြို့မ အမျိုးသားကျောင်း တက္ကသိုလ်ဝင်တန်းတွင် ၃ လခန့် တက်ရောက် ပညာသင်ယူခဲ့ဖူးပါတယ်။ ဒေါက်တာ နိုင်ပန်းလှဟာ ဘန်ကောက်မြို့အနီး မွန်ကျေးရွာတွင် တွေ့ရှိသော သထုံ-ဟံသာဝတီ ရာဇ၀င်စာအုပ် (ပ-ဒု) တွဲကို အခြေခံပြီး မဂဒူးမင်းဆက်မှ စပြီး ရာဇာဓိရာဇ်အထိယူကာ မွန်၊ မြန်မာ စာပေမူများနှင့် စိစစ်ပြီး “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ပြီးနောက်ပိုင်း သမိုင်းသုတေသနဆိုင်ရာ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။

အဲ့ဒီအချိန်မှစပြီး ယဉ်ကျေးမှုဝန်ကြီးဌာနှင့် ရှေးဟောင်းသုတေသနအဖွဲ့တွင် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ၊ တက္ကသိုလ်များသို့ သင်ကြားပို့ချရန် ၁၉၆၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ပါမောက္ခအဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို သင်ပြရန် တာဝန်ပေးခြင်းခံရပါတယ်။

ဆရာကြီးဟာ ၁၉၉၁ ခုနှစ်မှာ အမေရိကန် လော့စ်အိန်ဂျလိစ် မြို့ရှိ အနောက်ပစိဖိတ်တက္ကသိုလ်၌ ယဉ်ကျေးမှု မနုဿဗေဒ အထူးပြုဘာသာရပ်ဖြင့် B.Sc နှင့် Ph.D ဘွဲ့များ ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။ ကျောင်းတက်ရန် မလိုဘဲ ကျမ်းပြုတင်ပြခြင်းဖြင့် ထူးချွန်၍ ဒီဂရီများကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် ၁၁ မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ (L.L.D) ဘွဲ့ကို အဲ့ဒီ တက္ကသိုလ်ကပင် ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် အရေးတော်ပုံကျမ်း ၅ စောင်အနက် တစောင်အပါအ၀င်ဖြစ်သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ပြုစုရန် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျမ်းကို ပြန်ဆိုရာမှာ ၁၂၇၂ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပတ်လတ်ရွာမှ ရခဲ့တဲ့ ပတ်လတ်ပုံနှိပ်မူ မွန်ဘာသာကို အခြေခံပြီး
အခြား မွန်ပေမူများနှင့် ညှိနှိုင်းခြင်း၊ ဗညားဒလရဲ့ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း မြန်မာပေမူ ၉ မူ၊ အခြားပုံနှိပ်မူများနှင့် ညှိနှိုင်းခြင်း၊ မြန်မာစာ ညွန့်ပေါင်း ကျမ်း၊ မှန်နန်းရာဇ၀င်၊ ဦးကုလားရာဇ၀င် စသော မြန်မာရာဇ၀င်ကျမ်းများနှင့် တိုက်ဆိုင်ပြီး ဆရာကြီး နိုင်ပန်းလှက ပြန်လည်ပြုစုထားခြင်း ဖြစ်ပါတယ်။

ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း အမှာစာတွင် ပါမောက္ခ ဒေါက်တာသန်းထွန်းက “သမိုင်း လေ့လာတဲ့လူတိုင်း အထောက် အထား စုံလင်အောင် ရချင်တယ်။ မွန်-မြန်မာ ဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာပြုလို့လဲ ဆိုတော့ တချို့အရေးကြီးတဲ့ကိစ္စတွေကို မွန်က တမျိုး၊ ဗမာက တမျိုး ပြောနေကြလို့ပဲ” ဟု လည်းကောင်း၊ ဘာာသာပြန်ဆိုတဲ့ သူဟာ ၁။ ကျမ်းစာအုပ်ရဲ့ မူရင်းဘာသာစကားကို ကောင်းကောင်းတတ်ကျွမ်းရမယ်၊ ပြန်ဆိုယူတဲ့ ဘာသာစကားမှာလည်း ပိုင်နိုင်ရမယ်၊ ၂။ ပြန်ဆိုတဲ့ အကြောင်းကိစ္စကိုလည်း ပိုင်နိုင်ရမယ် ဟူ၍လည်းကောင်း ဆိုထား ပါတယ်။ ဆရာကြီး နိုင်ပန်းလှဟာ အဲ့ဒီ ဂုဏ်ရည်   များနှင့် ပြည့်စုံသူ ဖြစ်ပါတယ်။

အဲ့ဒီကျမ်းဟာ မွန်ဘာသာနဲ့ ထုတ်ဝေပြီးနောက် ၁၀ နှစ်ကြာမှ မြန်မာဘာသာဖြင့် ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ မြန်မာ ဘာသာဖြင့် ပေါ်ထွက်လာတဲ့ အဲ့ဒီကျမ်းဟာ ရှေးမွန်ပေမူဟောင်းများနှင့် ယှဉ်ရင် ပြတ်တောက်နေသည်များ ပါဝင်နေ သေးကြောင်း မွန်သမိုင်း ပညာရှင်အချို့က ထောက်ပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးက မွန်-မြန်မာ ဆက်ဆံရေး အတွက် အကြီးမားဆုံးသော တံတားတစင်း တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဆရာကြီးဟာ မွန်-မြန်မာ ယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာ သုတေသနပြုကျမ်းများတင်ပြပြီး ကမ္ဘာသိအောင်
 ကြိုးစားရင်း အခြားတဖက်မှာလည်း မွန်အမျိုးသားစာပေ ပြန်လည်ထွန်းကားလာစေရေး ကြိုးပမ်းခဲ့သူတဦးလည်းဖြစ်ပါတယ်။



Iris


ကိုးကား။  ။ဝီရ ၏ အတိမ်းအစောင်းမခံသူ (သို့မဟုတ်) ဒေါက်တာ နိုင်ပန်းလှ၊ ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ထုတ် မောက္ခ ပညာရေး မဂ္ဂဇင်း





တေးသီတတ်တဲ့ သပိတ်လွယ်ငှက်

Thursday, September 10, 2015 1 comments


သပိတ်လွယ်ငှက်

သပိတ်လွယ်ငှက်ဟာ ကျီးကန်းမျိုးစုထဲမှာ ပါဝင်ပါတယ်။ ပါဏဗေဒအမြင်အားဖြင့် ယင်းကို ကော့စိုင်       ကပ်စော်လားရစ်လို့ ခေါ်ပြီး Muscicapidae မျိုးရင်းတွင်ပါဝင်တာပါ။

သပိတ်လွယ်ငှက်ဟာ အလျားကိုးလက်မခန့်ရှိပါတယ်။ ငှက်မဟာ ငှက်ဖိုထက်ပိုပြီး အသွေးအရောင် မွဲခြောက်တာပါ။ သပိတ်လွယ်ငှက်ဖိုများဟာ သီချင်းဆိုကောင်းတယ်လို့ သိရပါတယ်။ ရန်သူကိုမြင်ရင် ခပ်ရှည်ရှည်ဆွဲ၍ အချက်ပေးတတ်ကြသလို သူတို့ရှိကြောင်း သိစေရန် တစ်ခါတစ်ရံ ကျယ်လောင်စွာအော်မြည်တတ် ကြတာပါ။ နံနက်ခင်းနှင့် ညနေခင်းများတွင် သစ်ပင်များပေါ်မှ တေးသီနေကြတာဟာ သာယာနာပျော်ဖွယ်ရှိလှပါတယ်။ သပိတ်လွယ်ငှက်များဟာ မကြာခဏပင် အတောင်ကို     အောက်သို့ နှိမ့်ချလိုက်၊ ယပ်တောင်သဖွယ်ဖြန့်လိုက်၊ ပိတ်
လိုက် ပြုလုပ်တတ်ကြပါတယ်။ သပိတ်လွယ်ငှက်များကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ကြရပါတယ်။ များသောအားဖြင့် စုံတွဲနေ ထိုင်တတ်ကြပါတယ်။

လူသူနေထိုင်ရာအရပ်များ၌သာ တွေ့ရတာမဟုတ်ဘဲ ကျွန်းတောများထဲမှာလည်း တွေ့ကြရပါတယ်။ ဥယျာဉ်၊ ချုံတော စသည်ဖြင့် နေရာမရွေးတွေ့ရသော်လည်း စိုစွတ်သောတောနက် ကြီးများနဲ့ လယ်ကွင်းပြင်တွေမှာတော့ မနေထိုင်ကြပါဘူး။ သပိတ်လွယ်ငှက်များဟာ အစာကိုမြေပြင်၌ ရှာဖွေစားသောက်လေ့ရှိပေမယ့် ပုရွက်ဆိတ်၊ ချေးပိုးထိုးကောင်နှင့် ပိုးမွှားကလေးများကိုစားသုံးကြပါတယ်။ တခါတရံ အသီးအရွက်နှင့် တီကောင်များကိုလည်း စားသုံးတတ်ကြပါတယ်။

သပိတ်လွယ်ငှက်ဟာ အသိုက်ကို အိမ်ခေါင်မိုး၊ သစ်ခေါင်း၊ ကမ်းပါးနဲ့ ထရံများအကြား၊ ဝါးငုတ်တိုများထဲ  တွင် လုပ်ကြတာပါ။ အသိုက်ပြုလုပ်ရာတွင် သစ်မြစ်၊ မြက်၊ အမွှေးအတောင်များဖြင့် ပြုလုပ်ကြပါတယ်။ အသိုက်များမှာ ပွယောင်းယောင်းရှိပါတယ်။ ဒါမှမဟုတ် ပြားပြားချပ်ချပ်သာသာ ရှိပါတယ်။ အသိုက်ကိုဆောက်လုပ်ရာ၌ ခပ်ကြမ်းကြမ်း နဲ့ လျော့ရိလျော့ရဲဆောက်လုပ်တတ်ကြပါတယ်။ သပ်သပ်ယပ်ယပ် မဆောက်လုပ်  တတ်ကြပါဘူး။

သပိတ်လွယ်ငှက်တို့ဟာ မတ်လမှ ဇူလိုင်လအတွင်း သားပေါက်တတ်ကြပါတယ်။  တစ်မြုံလျှင် သုံးဥမှ ငါးဥအထိ ဥအုတတ်ကြပါတယ်။ ဥ ပုံစံဟာ အဖျားရှူးသလိုရှိပါတယ်။  ဥခွံညက်ညောမာကြောပါတယ်။ အစိမ်းရောင်တွင် နီညိုရောင်အပြောက်များအရင်းဖက်၌ စု၍ ပါရှိပါတယ်။ ဥရဲ့ ပျမ်းမျှအလျားမှာ ဝ.၈၇ လက်မနှင့်     ဗြက် ၀ .၆၆ လက်မ ခန့်ရှိပါတယ်။ သပိတ်လွယ်ငှက်ကို အရှေ့ဘက်နိုင်ငံများ၌ အနှံ့အပြား တွေ့ရပါတယ်။  မြန်မာနိုင်ငံတွင် လွင်ပြင်များမှအစ တောင်ပေါ်ဒေသများပါ မကျန် အရပ်ရပ်၌ နေထိုင်ကျက်စားတတ်ကြပါတယ်။

မလေးရှားသပိတ်လွယ်ငှက်မျိုးကို တနင်္သာရီတောင်ပိုင်း၌သာ တွေ့ရတတ်ပါတယ်။ သပိတ်လွယ်ငှက်မျိုးတွင် ငှက်အမျိုးမျိုး ပါဝင်ရာ ထင်ရှားသော အမျိုးများမှာ ငှက်ကျား၊ ငှက်စပ်၊ သို့မဟုတ် ငှက်အောင်မ ခေါ်           ငှက်တော်ပြာ၊ နဖားကြီး အမြီးဝိုင်း စသည်တို့ဖြစ်ကြပါတယ်။


ကိုးကား။ ။ ၀ီးကီးပီးဒီးယား



ပိုလာဝက်ဝံများရဲ့အနာဂတ်ကိုဖော်ပြနေတဲ့ ဓါတ်ပုံ

Wednesday, September 9, 2015 0 comments


photo - kerstin Langenberger

အဲဒီဓါတ်ပုံတစ်ပုံထဲမှာတင်ပိုလာဝက်ဝံများရဲ့အနာဂတ်ကိုတွေ့မြင်နိုင်ပါတယ်။

တောရိုင်းတိရိစာန်ပုံများကို ရိုက်ကူးသောဓါတ်ပုံဆရာမတစ်ဦးဖြစ်သူ ခရစ်စတင် လန်ဂါဘက်ဂါဟာ အစာရေစာပြတ်လပ်မှုကြောင့် အလွန်အမင်းပိန်လှီနေသော ပိုလာဝက်ဝံတစ်ကောင်ရဲ့ပုံကို အာတိတ် သမုဒ္ဒရာနားက နော်ဝေးနိုင်ငံပိုင် ကျွန်းကလေးတစ်ခုပေါ်မှာ ရိုက်ကူးရရှိလိုက်ပါတယ်။

“၀ဖီးပြီးလှပနေတဲ့ ပိုလာဝက်ဝံသားအမိတွေကို မြင်ရခဲပါတယ်။ မြင်နေရတာကတော့ ကြောက်စရာ ကောင်းလောက်အောင် ပိန်ချုံးနေတဲ့ ပိုလာဝက်ဝံများသာဖြစ်ပြီး အားလုံးဟာ ဓါတ်ပုံထဲက အကောင်အတိုင်း ဖြစ်နေတဲ့ ၀က်ဝံမတွေချည်းပဲ ဖြစ်ပါတယ်။” လို့ လန်ဂါဘက်ဂါက သူမရဲ့ ဓါတ်ပုံခေါင်းစဉ်စာသားမှာ ရေးသား ဖော်ပြထားပါတယ်။

အာတိတ်စက်ဝန်းနားမှာရှိတဲ့ ပိုလာဝက်ဝံတွေဟာ ရာသီဥတုပြောင်းလဲလာမှုကြောင့် အင်မတန်မှ စိတ်ပျက်စရာ ကောင်းလောက်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြင့်တက်လာတဲ့အပူချိန်ဟာ သမုဒ္ဒရာရေခဲများကို အရည်ပျော်ကျလာစေပါတယ်။ သမုဒ္ဒရာရေခဲပြင်ဆိုတာ ပိုလာဝက်ဝံများအဖို့ ပင်လယ်ဖျံများကို အမဲလိုက် စားသောက်နေတဲ့ စားကျက်လည်း ဖြစ်ပါတယ်။ အဲဒီရေခဲပြင်တွေမရှိတဲ့အခါမှတော့ ပိုလာဝက်ဝံတွေဟာ ၄င်းတို့အသက်ရှင်ဖို့ နှင်းတောထဲမှာနေတဲ့ ငန်းများနဲ့ ဒရယ်များကို ပြောင်းလဲ စားသုံးရပါတယ်။ သို့ပေမယ့် အဲဒီ အစားအစာအရင်းအမြစ်တွေဟာလည်း သူတို့အတွက် ပေါများလှသည်တော့ မဟုတ်ပါဘူး။

“ကြီးမားလှတဲ့ ပိုလာဝက်ဝံတွေအတွက် ၀လင်စွာ စားသောက်နိုင်ဖို့ ကုန်းမြေက လောက်ငှတဲ့ အစား    အသောက်ကို မပေးစွမ်းနိုင်ပါဘူး” လို့  သတ္တဗေဒပညာရှင် အီရန်စတဲလင်းက National Post  မှာ ပြောဆိုထားပါတယ်။ ရလဒ်ကတော့ ပိုလာဝက်ဝံတွေဟာ တဖြည်းဖြည်း ဆာလောင်မွတ်သိပ်လာရပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အနေအထားတွေကို အတည်ပြုလိုက်တာကတော့ လန်ဂါဘက်ဂါ ရဲ့ဓါတ်ပုံပဲဖြစ်ပါတယ်။



Svalbard ပြည်နယ်မှာ ပိုလာဝက်ဝံပေါင်း (၃၀၀၀)နီးပါးရှိပြီး တကမ္ဘာလုံးမှာတော့ အကောင်ရေပေါင်း (၂၀၀၀၀)ကနေ (၂၅၀၀၀) အထိရှိပါတယ်။ ပိုလာဝက်ဝံတွေရဲ့အနာဂတ်အတွက်ကို ဆွေးနွေးမှုတွေ ပြု   လုပ်နေတာရှိပြီး အချို့သော သိပ္ပံပညာရှင်များကတော့ ပိုလာဝက်ဝံတွေဟာ အစာရေစာရှားပါးမှုကို ရင်   ဆိုင်နေရပြီး အချို့ကတော့ ပိုလာဝက်ဝံတွေရဲ့အနာဂတ်ဟာတည်ငြိမ်မှုရှိပါတယ်လို့ ဆိုထားပါတယ်။ အ ကယ်၍ဓါတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း တကယ်ဖြစ်နေတယ်ဆိုရင်တော့ ပိုလာဝက်ဝံတွေရဲ့အနာဂတ်ဟာ စိတ်ပျက်ဖွယ်ကောင်းအောင် မှေးမှိန်တော့မှာဖြစ်ပါတယ်။  



ခင်အေးမြလွင်

ကိုးကားသတင်း။   ။https://www.thedodo.com/emaciated-polar-bear-1330557679.html


စာဆိုကြီး စလေဦးပုညကို ဘယ်သူသတ်တာလဲ

Friday, September 4, 2015 0 comments


"သူပြောင်လျှင် ခေါင်ကွန့်လို့
ကြောင်ဝံ့တဲ့သူပါ၊
ရှောင်မတွန့် ကျောက်သော်မာရင်
နောက်တော်ပါ သံချောင်း၊ 
အိုးတော်က မဲ့ပိန်ရင် ရွဲ့လိန်လိန်စလောင်း၊ 
သူချိုရင် ကြံချောင်းပါ့၊ ဉာဏ်စောင်း၍ ခါးမူ 
တမာပင် ထိပ်ဖျား ကြက်ဟင်းခါး သီးနိုင်တဲ့သူ၊
သူမည်းက မှောင်ကူမယ်၊ သူဖြူရင် ဖြူချင်းပါ့၊ 
ကြင်ချင်း ကြင်မယ်ဆို၊ ကိုးဆလောက်ပို
ဆိုးကြစို့ တကယ်ဆိုရင်၊ ဓားပြဗိုလ် လုပ်နိုင်ငဲ့လေး" ။

အထက်ပါ ကိုယ်ရည်သွေးတေးထပ်ကို ရေးစပ်သူကကုန်းဘောင်ခေတ်မှာလုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ စာဆိုကြီး ဦးပုည ဖြစ်ပါတယ်။ ဦးပုညကို ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်မှာ ဖွားမြင်ပါတယ်။ (မွေးဖွားတဲ့ခုနှစ်ကို တချို့က ၁၁၇၄၊ တချို့က ၁၁၇၈ စသဖြင့် ကွဲပြားတဲ့ ယူဆ   ချက်တွေ ရှိပါတယ်) သူ့ရဲ့ ငယ်နာမည်က “မောင်ပုတ်စည်” ပါ။

ငယ်စဉ်က အမရပူရမြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပထံမှာ စတင်ပညာသင်ကြားပြီး အသက် ၈ နှစ် အရွယ်မှာ ဗန်းမော်ဆရာတော်ထံမှာ သာမဏေပြုခဲ့ကာ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်ပါတယ်။ ယင်းဘွဲ့ကို အစွဲပြုပြီး နောင်မှာ ဦးပုညလို့ တွင်လာခဲ့တာပါ။ သက္ကရာဇ် ၁၁၉၄ ခုနှစ်မှာ ရှင်ပုညအား စလေ၊ ပုခန်းငယ်   မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီး လောကီ လောကုတ် ပညာရပ်တွေ ဆက်လက်သင်ယူခဲ့ပါ တယ်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့ ဆည်းကပ်မှု များပြားတာကြောင့် စလေမြို့အုပ်မင်းက သံသယမကင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ သူ လူပျို မလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ ရေးသားပေးပို့ခဲ့တဲ့ စာစုများမှာ အထူး ထင်ရှားပါတယ်။

၁၂၀၃ ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် ရန်ကုန်မြို့သို့လိုက်ပါကာ ရန်ကုန်၌ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ၌ သာမဏေ ပြန်ဝတ် သီတင်းသုံးပြီးလျှင် တရားစာ၊     မေတ္တာစာများ ရေးသားခဲ့ပါတယ်။

၁၂၁ဝ ပြည့်နှစ်မှာ လူထွက်ကာ ကနောင်မင်းထံတွင် ခစားပြီး သက္ကရာဇ် ၁၂၁၈ ခုနှစ်ခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ ရောက်ခဲ့ပြီး မင်းလှသင်္ခယာဘွဲ့ဖြင့်လက်ဖက်ရည်တော် ရာထူးဖြင့်  အမှုထမ်းခဲ့ပါတယ်။

မင်းတုန်းမင်းတရားကြီး ရတနာပုံ မန္တလေးမြို့တွင် စိုးစံတဲ့အခါ ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ ဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူကာ လစာတော်ငွေ တနှစ်လျှင် ၆၀ဝ ကျပ်နှင့် ဝင်းမြေ နေအိမ် ဆောက်လုပ် သနားတော်မူခြင်းလည်း ခံရပါတယ်။

၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါတော်ပေးဟု ဆိုကာမြို့ဝန်ဦးသာအိုးထံတွင် အကျယ်ချုပ်ထားရာမှ ဦးသာအိုး၏မယားငယ် ခင်သုန်နှင့် ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ် နယုန်လတွင်ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုပါတယ်။ မင်းတရားကြီး သိသောအခါ “ဟင်း…လူကို ခွေးသတ်လေခြင်း” ဟု မိန့်တော်မူ၍ လွန်စွာနှမြောတသတော်မူတယ်လို့ ဆိုပါတယ်။

တကယ် သတ်တာ ဦးသာအိုး မဟုတ်ရင် ဘယ်သူလဲ 

အဲဒီလို စလေဦးပုညဟာ ဦးသာအိုးရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရတယ်လို့ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ပညာအုပ် ဦးဖိုးစိန်တို့ရဲ့ စာအုပ်စာတမ်းတွေမှာလည်း ဖော်ပြထားတာကြောင့် အမှန်ကဲ့သို့ ဖြစ်နေပါတယ်။
သို့ပေမယ့် ၁၉၃၂ ခုနှစ်က စာရေးဆရာ မဟာဆွေဟာ မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော် သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရကို တွေ့ဆုံမေးမြန်းကာ " ဘိုးဝဇီရ အတ္တုပ္ပတ္တိ " စာတစ်အုပ်မှာ ဖော်ပြထားချက်အရ ဦးပုညကို သတ်ဖြတ်သူမှာ မြို့ဝန်ဦးရွှေအိုး မဟုတ်တဲ့အကြောင်း ပါလာပါ တယ်။

အဲဒီ စာအုပ်ထဲမှာတော့ ဦးပုည အဆုံးစီရင်ခံရပုံနဲ့ ပတ်သက်ပြီး ဘိုးဝဇီရ ပြောသော အချက်တချက်ကို ပြန်လည် တိုက်ဆိုင်ကြည့်သင့်ပါတယ်။ အဲဒီအချက်က ဘိုးဝဇီရဟာ မြို့ဝန်ဦးသာအိုးရဲ့ သားဖြစ်သူ မောင်မောင်လေးကို ပညာသင်ကြားပေးရတာကြောင့် ဦးသာအိုးနဲ့ ခင်မင်ခဲ့ကြောင်း၊ တနေ့မှာ ဦးသာအိုး အိမ်ရောက်နေတုန်း "နေပါဦး ဘဘ ရဲ့…စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို" လို့မေးကြည့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီအခါ ဦးသာအိုးက "အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘက မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့်နဲ့ လက်မရွံ့တို့သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့ သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့တယ်လို့ ဆိုပါတယ်။

ရွှေရိုး၏ အမြင်

အဲ့ဒီအချက်ကို ထောက်ခံတဲ့ စာအုပ်တအုပ် ရှိပါသေးတယ်။ မန္တလေး ရတနာပုံခေတ်မှာ ဂျိမ်းဂျော့စကော့ ဆိုသူ ရေးထုတ်ဝေခဲ့တာကြောင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေပါတယ်။ ဂျိမ်းဂျော့စကော့ဟာ ၁၈၇၆ ခုနှစ်လောက်မှာ ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းမှာ ဆရာအဖြစ်လည်းကောင်း၊ သတင်းထောက်အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်သူ ဖြစ်ပြီး မန္တလေးကိုလည်း အရောက်ပေါက် ရှိပါတယ်။

၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်မှာတော့ ရွှေရိုး ကလောင် အမည် ခံယူကာ သူ့ အတွေ့အကြုံများကို စုစည်းကာ The Burman, His Life and Notions အမည်နဲ့ ၂ တွဲ ပေါင်း စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီ စာအုပ်ရဲ့ ပထမတွဲ စာမျက်နှာ ၃၅၂ မှာတော့ “Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha.” (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။) လို့ ဖော်ပြထားပါတယ်။

သမိုင်း အမှန်ကို ချေဖျက် ဖျောက်ဖျက်လို့ မရ ဆိုတာကို သက်သေခံနေတယ် မဟုတ်လား။


ကိုးကား

1. တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများ
2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
3. မိုးဂျာနယ် ( ဇွန်လ ၁၉၉၅)



နိုင်စွမ်း

ဘုတ်ငှက်ဆိုတာ ဘယ်လိုမျိုးလဲ

Tuesday, September 1, 2015 0 comments




“လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကဲ့ အိုးအီ.. နေမီအောင် တခိုလှမ်းခဲ့ရ.. ကောက်ငန်းကအပြန်မှာ” ဆိုတဲ့ ရှေးခေတ်ကဗျာကိုသတိရမိတိုင်း “ကျီးဘုတ် ရိုသေ၊ ဘုတ်ကျီး ရိုသေ” ဆိုရိုးကိုလည်း ထပ်ဆင့်သတိရလာပါတယ်။ ကျီးကို မြင်ဖူးတွေ့ဖူးသူအများအပြားရှိနိုင်ပေမယ့် ဘုတ်ငှက်ကိုတော့ တွေ့ဖူးသူနည်းပါးမယ် ထင်ပါတယ်။ အတွေ့ရနည်းတဲ့ ဘုတ်ငှက်အကြောင်းပြောပြပါ့မယ်။

ဘုတ်ငှက်ဟာ ဥဩမျိုးနဲ့အတူ ကျူကျူလီဒီး Cuculidae မျိုးရင်းတွင် ပါဝင်ပြီး သတ္တဗေဒ အမည်အားဖြင့် "စင်ထရိုပတ်ဆိုင်နင်ဆစ်" လို့ ခေါ်ပါတယ်။ ဥဩနဲ့မျိုးတူပေမယ့် ဥဩလိုတော့ အခြားငှက်တွေရဲ့ အသိုက်တွေမှာ ဥအုလေ့မရှိပါဘူး။ မိမိအသိုက် မှာ မိမိဥအုတာပါ။ တောကျီးကန်းအရွယ် အလျား ၁၈ လက်မရှိပြီး ခန္တာကိုယ်မှာတောက်ပြောင်မည်းနက်ပြီး အတောင်ဟာ အုန်းခွံရောင် နီကျင့်ကျင့် ဖြစ်ပါတယ်။ အတောင်နဲ့ အမြီး ဟာ ကြီးပြီး ဖြည်းဖြည်းလေးလေး ပျံတတ်ပါတယ်။  အဖို နှင့် အမ ပုံသဏ္ဌာန်ချင်းအတူတူပဲဖြစ်ပါတယ်။

ဘုတ်ဟာ ပုန်းလျှိုးနေတတ်ပြီး မြေပြင်ပေါ်မှာ အစာရှာစားတတ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးခင်းနှင့်မြေ  ကွပ်လပ်များတွင် အတွေ့ရများပါတယ်။ ချုံထူပြီး စွတ်စိုသောနေရာများကို ကြိုက်နှစ်သက်ကာ ရေနှင့်ဝေးဝေးမှာ မနေပါဘူး။ တောတွင်းရှိစမ်းချောင်း၊ ကမ်းပါးတစ်လျှောက်ပေါက်သောကိုင်းတော၊ ဗိဇတ်တောများတွင် ပိုးကောင်များ၊ နှံကောင်၊ ဖွတ်၊ ပုတတ်၊ မြွေနှင့် အလားတူအစာများကို ရှာဖွေစားသောက်တတ်ပါတယ်။

အစာရှာဖွေရာတွင် မြေပေါ်၌ အမြီးကိုမ၍ တည်ငြိမ်စွာ သွားလာနေသည်ကို တွေ့ရတတ်ပါတယ်။ အနှောင့်အယှက်နှင့် တွေ့သောအခါတွင် ထူးခြားစွာ ဖြည်းဖြည်းနှင့်မှန်မှန် မြက်တော၊ ချုံတောထဲသို့ ပျံသွားလေ့ရှိပါတယ်။ မိုးရွာပြီးစတွင် ဘုတ်ဟာ ချုံဖျား၌ဖြစ်စေ၊ ဝါးရုံဖျား၌ဖြစ်စေ နှစ်ခြိုက်စွာ နေပူစာလှုံလေ့ရှိပါတယ်။

ဘုတ်ရဲ့ အသံမှာလေးနက်ပြီး အု-အုဟု ဖြည်းဖြည်းနှင့်မှန်မှန် အော်လေ့ရှိပါတယ်။ အထူးသဖြင့် နွေဥတုတွင် အော်တတ်ပြီး အဝေးကပင် ကြားနိုင်ပါတယ်။ အော်တဲ့အခါ အမြီးကိုမ၍ ဖြန့်ထားတတ်ပါတယ်။ နောက်  ပြီး ဦးခေါင်းဟာ အောက်သို့စိုက်လာပြီး လည်ချောင်းလည်းပွလာတတ်ပါတယ်။ တစ်ကိုယ်လုံးလည်းတုန်နေတတ်ပါတယ်။ တစ်ခါတစ်ရံ ကု-ကုဟုလည်း ၆ ကြိမ်မှ အကြိမ် ၂ဝ ခန့်အထိ အော်လေ့ရှိပါတယ်။          တစ်ကောင်အော်လျှင် အနီးအနားတစ်ဝိုက် ဘုတ် များကပါ ဝိုင်း၍ အော်တတ်ကြပါတယ်။

ဘုတ်ဟာ အသိုက်ကို ချုံဖုတ်၊ မြက်ဖုတ်၊ သစ်ကိုင်းခွများတွင် ပြုလုပ်ပြီး မိုးဥတုတွင် သားပေါက်တတ်ပါ တယ်။ တစ်ခါပေါက်လျှင် ၃ ဥ မှ ၅ ဥ အထိရှိ၍ ပုံသဏ္ဌာန်မှာ ရှည်မျောမျော ဖြစ်ကာ ကြမ်းတမ်းပါတယ်။   အပြောက်အစက်မရှိပါဘူး။

အရောင်မှာ အဖြူမွဲရောင် ဖြစ်ပါတယ်။ အဖိုအမ နှစ်မျိုးလုံးပင် အသိုက်လုပ်ခြင်း၊ ဝပ်ခြင်း နှင့် သားငယ်များ ထိန်းကျောင်းပြုစုခြင်းများကို ခွဲဝေလုပ်ဆောင်ကြပါတယ်။

ဘုတ်များကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြားတွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိပြီး ၎င်းကို အမြင့်ပေ ၄ဝဝဝ အထိရှိတဲ့ အရပ်ဒေသတွေမှာလည်း တွေ့မြင်ရတတ်ပါတယ်။



ကိုးကား။ ။ ၀ီးကီးပီးဒီးယား


မျိုးတုန်းလုနီးပါး ခြိမ်းခြောက်ခံနေရတဲ့ တွန်သံသာ ယောက်ဖခွေးခေါ်ငှက်

Monday, August 17, 2015 0 comments



"ယောက်ဖခွေးခေါ်" သည် ဥဩငှက်မျိုး ဖြစ်ပါတယ်။ ယောက်ဖခွေးခေါ် ဟု အော်သော အသံကို အစွဲပြု၍ ယောက်ဖခွေးခေါ် ဟု ခေါ်ကြခြင်းဖြစ်ပါတယ်။ သတ္တဗေဒအလိုအားဖြင့် ကျူကျူလီဒီ Cuculidae မျိုးရင်းမှာ ပါဝင်တာပါ။

အဲ့ဒီငှက်ဟာ ကိုယ်အလျား ၁၃ လက်မရှိပါတယ်။ ထပ်ကာ ထပ်ကာ အော်တတ်သော်လည်း အော်သံမှာ သာယာလှပါတယ်။

သူ့ရဲ့အော်သံကို ဇန်နဝါရီလကုန်မှ ဇွန်လအထိ ကြားကြရပါတယ်။ အဲ့ဒီငှက်ရဲ့ နေထိုင်မှု အလေ့အကျင့်တွေဟာ အခြားမျိုးတူငှက်များ နှင့် အတူတူပါပဲ။ အဲ့ဒီငှက်ရဲ့ အော်သံကို ဆောင်းရာသီ ကုန်ချိန်နှင့် နွေဦးပေါက်အချိန်မျိုးတွေမှာ သစ်တော၊ တောင်ခြေနှင့် တောင်ပေါ်များတွင် မကြာခဏ ကြားကြရတတ်ပါတယ်။     တောထဲ၌သာ ကျက်စားသော ငှက်မျိုး ဖြစ်တဲ့အတွက် လွင်တီးခေါင်ပြင်တို့မှာ တွေ့ရခဲလှပါတယ်။

သူတို့ရဲ့ ဥဟာ အပြာနုရောင်ဖြစ်ပြီး အပြာနုရောင်ဥများ ဥတတ်သော အခြားငှက်များရဲ့ အသိုက်များထဲမှာလည်း ဥဥထား တတ်ကြပါတယ်။ ယောက်ဖခွေးခေါ် ငှက်များကို အရှေ့တိုင်း ဒေသများတွင် အနှံ့အပြား တွေ့ရှိရပြီးလျှင် မြန်မာနိုင်ငံ သစ်တောများထဲ၌လည်း တွေ့ကြရတတ်ပါတယ်။  သူတို့ကို မြေနိမ့်နေရာများမှာထက် တောင်ပေါ်များတွင် ပို၍တွေ့ကြရလေ့ရှိပါတယ်။

ယခုအခါ ယောက်ဖခွေးခေါ်ငှက်များကို များစွာမတွေ့ရတော့ဘဲ သဘာ၀၀န်းကျင် ပျက်စီးလာမှုနဲ့ လူသားတို့ရဲ့ စည်းကမ်းမဲ့ သတ်ဖြတ်မှုများကြောင့် မျိုးတုံးမယ့် အန္တရာယ် ရှိနေပါပြီ။ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းနေသူများကလည်း ငှက်မျိုးစု မျိုးမတုံးရေး လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။



ကိုးကား။ ။ ၀ီကီပီးဒီးယား 


တရုတ်နိုင်ငံရဲ့ ၂၀၁၆ ခုနှစ်မျောက်နှစ်အတွက် မျောက်ပုံစံတံဆိပ်ခေါင်းများ ထွက်ရှိလာ

Monday, August 10, 2015 0 comments


photo - en.people.cn

တရုတ်နိုင်ငံအတွက်၂၀၁၆ ခုနှစ်ဟာ မျောက်နှစ်ဖြစ်ပါတယ်။ အဆိုပါ မျောက်နှစ်အတွက် အထူး တံဆိပ်ခေါင်း ထွက်ရှိလို့လာပါပြီ။  တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမြို့မှာ အဆိုပါ အထူးတံဆိပ်ခေါင်းများ ထွက်ရှိလာပုံကို ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ရိုက်ကူးထားခြင်းပါ။

မျောက်နှစ်အတွက် တံဆိပ်ခေါင်းကို ဒီဇိုင်းရေးဆွဲသူ ဟျောင်ယောင်ယု

ဒီမျောက်နှစ်ရဲ့တံဆိပ်ခေါင်းပုံစံကို ဒီဇိုင်းပုံဖော်ခဲ့သူ ဟျောင်ယောင်ယုဟာ တရုတ်နိုင်ငံရဲ့ ခေတ်ပြိုင်အနု    ပညာလောကမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တဦးပါ။



တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက တိရစ္ဆာန်ပုံတွေနဲ့ တံဆိပ်ခေါင်း ပုံနှိပ်ခြင်းများရှိခဲ့ပြီး ယခုကဲ့သို့ တရုတ်ရိုးရာ ရာသီခွင်ရဲ့ စတုတ္ထမြောက် တိရစ္ဆာန်ပုံနဲ့ တံဆိပ်ခေါင်းများ ပုံနှိပ်ထုတ်ဝေခြင်းဟာ ပထမဆုံး စတင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ရှိ ၂၀၁၅ ခုနှစ်ကတော့ ဆိတ်နှစ်ဖြစ်ပါတယ်။

မုန်တိုင်းအမျိုးမျိုးနဲ့ ပြင်ဆင်ထားသင့်တဲ့ အချက်များ

Wednesday, June 24, 2015 0 comments


photo - travel.nationalgeographic.com

အခုလို မိုးသက်လေပြင်းကျရောက်တတ်တဲ့ ရာသီအခါသမယတွေမှာ မုန်းတိုင်းလာရင်ဘယ်လို အသင့်အနေအထားနဲ့ ရင်ဆိုင်ကြမလဲဆိုတာနဲ့ မုန်တိုင်းမှာ ဘယ်လိုအမျိုးအစားတွေရှိသလဲ ဘယ်လိုအန္တရာယ်ဖြစ်စေနိုင်သလဲဆိုတာကို ဧရာဝတီဘလော့ဂ်ပရိတ်သတ်တွေအတွက် ဗဟုသုတတခုအနေနဲ့ ဖော်ပြပေးချင်တာပါ။

လေမုန်တိုင်းကျလာတဲ့အခါ လေဟာပြင်းလာပါတယ်။ တစ်ခါတစ်ရံ တစ်နာရီကို မိုင် ၄ဝ နှုန်း တိုက်ခတ်ပါတယ်။ တစ်ခါတစ်ရံ ၇၅ မိုင် တိုက်ခတ်တတ်ပါတယ်။ တစ်ခါတစ်ရံ၌မူ ၇၅ မိုင်ထက်တောင် ပိုမိုတိုက်ခတ်ပါသေးတယ်။  မြန်မာနိုင်ငံမှာ တစ်နာရီကို ၇၅ မိုင်နှုန်းတိုက်ခတ်တဲ့ လေမုန်တိုင်းမျိုး ကြုံခဲ့ရဖူးပါတယ်။  ၁၉၆၈ ခုနှစ်၊ မေလ ၁ဝ ရက်နေ့ စစ်တွေမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ခတ်သွားတဲ့ လေမုန်တိုင်းကြီးဟာ တစ်နာရီကို မိုင် ၁၅ဝ အထိ တိုက်ခတ်ခဲ့ရာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးသော လေ မုန်တိုင်းကြီးဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အသေအပျောက်၊ အပျက်အစီး၊ အဆုံးအရှုံး အလွန် များပြားခဲ့တာပါ။ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ရှိ လေမုန်တိုင်းများကို ဆိုင်ကလုန်းဟု ခေါ်ထွင်ကြပါတယ်။

မုန်တိုင်း ခွဲခြားသတ်မှတ်ခြင်း

ဒါပေမယ့် မုန်တိုင်း ဟူသမျှကို ဆိုင်ကလုန်းလို့ မခေါ်ပါဘူး။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃ဝ ကျော် လျှင် မုန်တိုင်းငယ်၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၄ဝ ကျော်လျှင် ဆိုင်ကလုန်းမုန်တိုင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၆ဝ ကျော်လျှင် ဆိုင်က လုန်းမုန်တိုင်းကြီးလို့ သတ်မှတ်ကြတာပါ။ လေတိုက်နှုန်းတစ်နာရီ မိုင် ၃ဝ အောက်ဆိုရင်တော့ လေပွေလှိုင်း လို့ သတ်မှတ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတွင် မုန်တိုင်းများကို တိုင်ဖွန်လို့ခေါ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတွင် လေသည် တစ်နာရီ မိုင် ၄ဝ နှုန်းတိုက်လျှင် မုန်တိုင်းငယ်လို့ သတ်မှတ်ပြီး မိုင် ၄ဝ မှ ၇၅ မိုင် အထိကို ဆိုင်ကလုန်း မုန်တိုင်းလို့ သတ်မှတ်တာပါ။ တစ်နာရီ လေတိုက်နှုန်း ၇၅ မိုင်အထက်မှသာ တိုင်ဖွန်လို့ သတ်မှတ်ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာမှာ မုန်တိုင်းများကို ဟာရီကိန်းလို့ခေါ်ပါတယ်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင် ကျော်တယ်လို့ သိရပါတယ်။  ဟာရီကိန်းလေနီကြမ်း တိုက်ခတ်တော့မည်ဆိုလျှင် ဝင်ခါနီး နေဟာ မှိုင်းမှုန်နီရဲလာတာပါ။ လေဟာပူနွေးပြီး ထိုင်းမှိုင်းလာပါတော့တယ်။ လေဟာ ဖိအားများလာပြီး ငြိမ်သက်သွားပါတယ်။ ပင်လယ်ပြင်၌မူ လေကျမယ်ဆိုရင် လေရဲ့ဖိအားနည်းသွားတတ်ပြီး မိုးကုပ်စက်ဝိုင်းအစွန်းဆီမှ မိုးသားများ လျင်မြန်စွာ တက်လာတတ်ပါတယ်။ လေထဲတွင် ရေခိုးရေငွေ့များ ပါလာတတ်ပါတယ်။ လေရဲ့အရှိန်သည်လည်း ပြင်းထန်သည်ထက် ပြင်းထန်လာပါတယ်။ အဲ့ဒီလို ဖိအားနည်းတဲ့နေရာသို့ တိုက်ခတ်လာတဲ့လေဟာ ဝင်ရိုးပေါ်၌ ဖြောင့်မတ်စွာမသွားဘဲ ဝက်အူရစ်သကဲ့သို့လှည့်ကာ ဝိုင်းရစ်ပြီး တိုက်ခတ်တာပါ။ အဲ့ဒီလိုနည်းနဲ့ပဲ လေပွေ များဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

မိုးသက်လေပြင်းကျရောက်တဲ့အခါ ကောင်းကင်၌ ညိုမည်းနက်မှောင်သော မိုးတိမ်များတက်လာတတ်ပါတယ်။ အဲ့ဒီနောက် မိုးရွာပြီးလျှင် လေဟာ ဝိုင်း၍ရစ်၍ တိုက်ခတ်တတ်ပါတယ်။ မိုးသက်လေပြင်း ကျရောက်ပြီးတဲ့အခါ လျှပ်ပြက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။။ မိုးသက်လေပြင်းကျရောက်ခြင်းဟာ စွတ်စိုထိုင်းမှိုင်းသော လေဟာ အထက်သို့ တက်၍ အအေးဓာတ်နဲ့ တွေ့ပြီးလျှင် မိုးရေအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်ပါတယ်။

မုန်တိုင်းတစ်ခုဖြစ်ပေါ်သော အဆင့်များ

မိုးသက်မုန်တိုင်းရဲ့တန်ခိုးအင်အားကို  အခုလို ခန့်မှန်းကြည့်နိုင်ပါတယ်။ စတုရန်း ၁ဝ မိုင် ကျယ်သောမြေပေါ်၌ တစ်လက်မခန့် ကျရောက်နေသော မိုးရေရဲ့ထုထည်ဟာ ၂၃၂ ၃ဝဝ ဝဝဝ ကုဗပေရှိပါတယ်။ အဲ့ဒီရေထုကို ပင်လယ်မှ စုတ်ယူပြီး မိုးရေအဖြစ်သို့ ပြန်ပြောင်းလဲပေးရန် မြင်းကောင်ရေ အား ၃၆ သန်းနဲ့ ညီမျှသောအား ရှိဖို့လိုပါတယ်။ ဟာရီကိန်းလေနီကြမ်းမှာ မြင်းကောင်ရေအား ကုဋေပေါင်းတစ်သောင်းပါရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ လေနီကြမ်း တိုက်ခတ်တဲ့အခါ အဆောက်အအုံများ၊ သစ်ပင်နဲ့ ကောက်ပဲသီးနှံများ     ကြောက်မက်ဖွယ်ကောင်းလောက်အောင်  ပျက်စီးဆုံးရှုံးကြတာ အားလုံးလည်း အသိပါပဲ။


မုန်တိုင်း တိုက်ခတ်ချိန်တွင် ဆောင်ရွက်ရမယ့် အချက်များကိုလည်း ဗဟုသုတအနေနဲ့ ဆက်လက်ဖော်ပြပေးချင်ပါတယ်။

(၁) မိမိရပ်ရွာမှ တာဝန်ရှိသူများရဲ့ အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။
(၂) လျှပ်စစ်မီးလိုင်းများနဲ့ ဓာတ်ငွေ့ပိုက်လိုင်းများကို ဖြတ်တောက်ပစ်ပါ။
(၃)လွှင့်ပျံလာသော အရာဝတ္ထုများနဲ့ ထိခိုက်မှုမရှိစေရန်အတွက် လုံခြုံသော နေရာမျိုးတွေမှာသာ နေထိုင်ပါ။
(၄)အဆောက်အအုံရဲ့ ခိုင်ခံတဲ့ အပိုင်းမှာသာ ခိုလှုံပါ၊ ရေဒီယိုမှ သတင်းထုတ်ပြန်ချက်ကို အဆက်မပြတ်နားထောင်ပါ။
(၅) အသက်ကယ်အကျီ၊ ဘောကွင်း၊ ပလတ်စတစ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ ကားတာယာကျွတ်များကို ကိုယ်နဲ့အတူ  ဆောင်ထားပါ။
(၆) တံခါးနဲ့ ပြတင်းပေါက်များကို သေသေချာချာ ပိတ်ထားပါ၊ မုန်တိုင်းအရှိန်ကြောင့် ပွင့်ထွက်သွားပါက မျက်နှာချင်းဆိုင်ဘက်မှာ လေထွက်ပေါက်တစ်ခု အမြန်ပြုလုပ်ပါ။
(၇) လေလာသည့်ဘက်မှ တံခါးပေါက်များကို ပိတ်ထားပြီး လေကွယ်ရာအရပ်ရှိ တံခါးပေါက်များကို ဖွင့်ထားပါ။
(၈) နေအိမ်စတင်ပြိုကျလာပါက မွေ့ယာများ၊ စောင်များဖြင့် အကာအကွယ်ပေးထားပါ (သို့မဟုတ်) ခိုင်ခံ့တဲ့ စားပွဲများအောက်တွင် နေပါ။
(၉) မုန်တိုင်းဗဟိုဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း နာရီဝက်အကြာတွင် ဆန့်ကျင်ဘက်အရပ်မှ ပိုမြို ပင်းထန်တဲ့ လေများ ဝင်ရောက်လာတတ်တာကို သတိပြုပါ။
(၁၀) လေမုန်တိုင်းခေတ္တလျော့ပါးချိန်မှာ အိမ်အပြင်သို့ ထွက်ခြင်း၊ ကမ်းခြေသို့ သွားခြင်း မပြုပါနဲ့။

မုန်တိုင်းကျရောက်ပြီးနောက် ဆောင်ရွက်ရန်အချက်တွေကတော့

(၁) ရေဒီယိုကို ဖွင့်ထားပြီး သတိပေးချက်နဲ့ အကြံပြုချက်များကို နားထောင်ပါ။
(၂) မုန်တိုင်းအန္တရာယ် စိတ်ချရပြီဆိုတဲ့ သတင်းရရှိမှသာ နေအိမ်သို့ ပြန်ပါ။
(၃) ဒဏ်ရာရသူများကို ပြုစုပါ။ လိုအပ်လျှင် ဆေးခန်း၊ ဆေးရုံပို့ပါ။
(၄) ပြုတ်ကျပြတ်တောက်နေတဲ့ ဓာတ်ကြိုးများကိုတွေ့လျှင် မကိုင်မထိမိစေရန် သတိပြုပါ။ လျှပ်စစ်ရုံးသို့  အကြောင်းကြားပါ။
(၅) ပြုတ်ကျပျက်စီးနိုင်တဲ့ အဆောက်အအုံ၊ သစ်ပင်များနဲ့ ဝေးဝေးနေပါ။
(၆) မြွေနဲ့ အဆိပ်ရှိသတ္တဝါများကို သတိထားပါ။
(၇) ရေဝပ်သော နေရာများမှာ ကျင်းများ၊ ချိုင့်များရှိလျှင် ရေနစ်တတ်သဖြင့် ကလေးများကို အဲ့ဒီနေရာများတွင် မကစားရန် ထိန်းသိမ်းပါ။
(၈) လမ်းနဲ့ ရပ်ရွာသန့်ရှင်းရေးပြုလုပ်ပါ၊ ရေကို ကျိုချက်သောက်ပါ။
(၉) ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပါ။
(၁၀) ကောလဟာလသတင်းများကို နားမထောင်ပါနဲ့။



ကိုးကား။  ။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၂)

နာမည်ကထူးခြားသလိုပျံတက်တဲ့ပုံလည်းထူးခြားတဲ့ ငဟစ်ငှက်

Monday, June 22, 2015 0 comments




ငဟစ်ငှက်ကို ကြားဖူးကြမယ် ထင်ပါတယ်။ ငဟစ်ငှက်ကို အင်္ဂလိပ်လို Purple Heron လို့ ခေါ်ပြီး၊ သူတို့ဟာ 'အာဒီဒေး' (Ardeidae) မျိုးရင်းမှာ ပါဝင်ပါတယ်။ ငဟစ်အမျိုးမျိုးရှိရာမှာ ထင်ရှားတဲ့ ၂ မျိုးက 'အာဒီဆီနာရီရက်တီရော့စထြစ် နဲ့ 'အာဒီပါပြူရီမယ်နီလန်ဆစ်'တို့ ဖြစ်ပါတယ်။

ငဟစ်ကို အာဖရိကတိုက်၊ ဥရောပတိုက် တောင်ပိုင်းနဲ့ အာရှတိုက်တောင်ပိုင်းတို့မှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့မှာ ငဟစ်ကိုတွေ့ရပါတယ်။



ငဟစ်ငှက်ရဲ့ ကိုယ်ခန္ဓာဟာသေးသွယ်ရှည်လျားပြီး၊ ဖြောင့်စင်းတဲ့ နှုတ်သီး၊ ရှည်လျားတဲ့ ခြေတံတို့ရှိ   တာကြောင့် ဥဗျိုင်းနဲ့ ဆင်တူပါတယ်။ အရွယ်က အလျား ၃၈ လက်မခန့်ရှိပြီး လည်တိုင်မှာ အမည်းပြောက်အစင်းကြောင်းများ ပါရှိပါတယ်။ ဦးခေါင်းနဲ့လည်တိုင်မှာလည်း သံချေးရောင်ကဲ့သို့ နီယောင်ယောင်ရှိပြီး   ကိုယ်အောက်ပိုင်းမှာ မည်းနက်ကာ သစ်ကြားခွံရောင် ရှိပါတယ်။



ငဟစ်အမနဲ့ အထီးတို့ရဲ့ အရောင်အဆင်းမှာ အတူတူပင် ဖြစ်ပါတယ်။ ငဟစ်ငှက်တွေဟာ ကျူတော၊ ကိုင်းတောများ ပေါများတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကမ်းပါးတွေမှာ နေထိုင်ကျက်စားလေ့ ရှိပါတယ်။ သူတို့ စပျံကာစနဲ့ ပျံသန်းနေစဉ်မှာ ကျယ်လောင်စူးရှစွာ အော်မြည်တတ်ပါတယ်။ ပျံတဲ့ အခါမှာလည်း လည်တိုင်ကို ရှေ့ကိုဆန့်ပြီး အတောင်ကို တအားခတ်ကာ တွဲလွဲကျနေတဲ့ ခြေတံရှည်တွေနဲ့ ကိုယ်ကိုထိန်းပြီး ပျံတက်ရပါတယ်။ ပျံသန်းရင်း အရှိန်ရလာမှသာ ခြေတံများကို အမြီးအောက်သို့ ရုပ်သိမ်းပျံသန်းပါတယ်။ ဦးခေါင်းကိုလည်း တောင်ပံနှစ်ဖက်ကြား ရောက်အောင် လည်တိုင်ကို ကွေးထားတတ်ပါတယ်။



ငဟစ်ငှက်တွေဟာ ငါးများ၊ ဖားများကို အများအားဖြင့် စားသောက်လေ့ရှိတဲ့အပြင် ရေမှာနေ အင်းဆက်ပိုးကောင်များ၊ ခရုမျိုး၊ ပုစွန်၊ ကဏန်းမျိုးများကိုလည်း စားသောက်လေ့ရှိပါတယ်။

ငဟစ်ငှက်တွေဟာ မိုးရာသီမှာ ဥကနေ ပေါက်ကြတာပါ။ သာမန်အားဖြင့် ငဟစ်တို့ဟာ တကောင်တည်း  နေလေ့ရှိကြပေမယ့် မြန်မာနိုင်ငံ ရွှေဘိုနယ်မှာတွေ့ရတဲ့ ငဟစ်ငှက်တွေကတော့ အုပ်စုဖွဲ့ နေထိုင်ကြတာ တွေ့ရပါတယ်။



သူတို့ရဲ့ အသိုက်တွေကို ကျူပင်တွေပေါ်၊ သစ်ပင်တွေပေါ်မှာ တုတ်ချောင်းများနဲ့ ဆောက်လုပ်ပြီး အရွယ်က အချင်းတပေခန့်ရှိပြီးအနက် ၈ လက်မခန့်ရှိပါတယ်။ တခါဥလျှင် ဥ ၃ လုံးကနေ ၅ လုံးအထိရှိတတ်ပြီး ဥ အရောင်က အစိမ်းနုရောင် ဖြစ်ပါတယ်။



အင်္ဂလိပ်ကို ကဗျာနဲ့ ထိုးနှက်တိုက်ခိုက်သူ ကုန်းဘောင်ခေတ်အပယ်ခံ မျိုးချစ်စာဆို

Wednesday, May 27, 2015 0 comments


ပန်းချီ - ဦးရဲသောင်း

မြန်မာလူမျိုး၊ မြန်မာနိုင်ငံကို အလွန်ချစ်ပြီး ကိုလိုနီ အင်္ဂလိပ်ကို အလွန်မုန်းတီးသူ ကုန်းဘောင်ခေတ်နှောင်းမှ အပယ်ခံ မျိုးချစ်စာဆိုတဦး အကြောင်း ပြောပြချင်ပါတယ်။ သူ့လက်ရာ တေးထပ် တပိုင်းတစကို ဖတ်ကြည့်ပါဦး။ ဘယ်သူဖြစ်မလဲ။ အဲဒီ တေးထပ်ကြောင့် အင်္ဂလိပ်ရဲ့ အငြိုငြင်ခံရမှာ စိုးရိမ်ပြီး မြန်မာဘုရင့် အုပ်ချုပ်ရေး အဖွဲ့တွေက သူ့ကို အချုပ်ချ အရေးယူခဲ့ပါတယ်။

ထီးဖြူရုံ ပြသာဒ်နှင့်၊ မအပ်သည့်အရာ၊
လိပ်ဆိုသည့် မိစ္ဆာ၊ ပိတ်ရှာပြီ ဇီဝိ
မင်းတူတု ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ”  
  

ဆိုတဲ့ တေးထပ်တပိုင်းတစပါ။ တေးထပ်ရေးစပ်သူ စာဆိုရှင်က အချုပ်တန်း ဆရာဖေ ဖြစ်ပါတယ်။ အဲဒီတေးထပ် ရေးစပ်ရတဲ့အကြောင်းက ဒီလိုပါ။

၁၂၃၆-ခုနှစ် စင်ကာပူကျွန်း၊ ကပ္ပလီကျွန်းတွေကို အိန္ဒိယ ဘုရင်ခံချုပ် တိုင်းခန်းလှည့်လည်တဲ့အခါ မြန်မာဘုရင်တွေလို ထီးဖြူတော် နှစ်ချက်မိုးပြီး ခမ်းခမ်းနားနား လှည့်လည်ပါတယ်။ အဲဒီလို လှည့်လည်ရာမှာ ကပ္ပလီအကျဉ်းသားတဦးက ဘုရင်ခံချုပ်ကို သက်တော်စောင့်အလစ်မှာ ဓားနဲ့ ၂ ချက်ထိုးပါသတဲ့။ အဲ့ဒီ သတင်းကို ဆရာဖေကြားတဲ့အခါ နယ်ချဲ့အင်္ဂလိပ်ကို ပယ်ပယ်နယ်နယ် ထိပါးထိုးနှက်လိုက်တဲ့ အထက်ပါတေးထပ်ကို ရေးစပ်လိုက်တာပါ။

အချုပ်တန်း ဆရာဖေဟာ တကယ့်မျိုးချစ်ပုဂ္ဂိုလ် စာဆိုတဦးဖြစ်သလို မြန်မာလူမျိုးအပေါ် ဆိုရေးရှိက ဆိုအပ်လှ ဆိုသလို တည့်တည့်ရေး ပြောတတ်၊ စကားကြမ်းကြမ်းနဲ့ ပြောတတ်သူ ဖြစ်ပါတယ်။ မင်းလိုလိုက် မင်းကြိုက် ဆောင်ပြီး ကဗျာမရေး စာမရေးဘဲ မိမိ မြင်သလို မိမိ ခံစားမိသလို ရေးဖွဲ့သူပါ။ ဆရာဖေနဲ့ စလေဦးပုည ကဗျာ တိုက်ပွဲဟာ မြန်မာ့ကဗျာလောကမှာ အလွန်ထင်ရှားပါတယ်။ စာပေပညာအရ ယှဉ်ရင် ဦးပုညကို မမီဘူးလို့ ယူဆနိုင်ပေမယ့် မျိုးချစ်စိတ်နဲ့ တည်ကြည်မှုကတော့ ဦးပုညထက် ပိုလွန်တာ တွေ့နိုင်ပါတယ်။

အချုပ်တန်း ဆရာဖေကို မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်(ခန့်) မှာ အမရပူရမှာ မွေးဖွားတယ်လို့ ယူဆရပါတယ်။ ၁၂၂၂ ခုနှစ်မှာတော့ အမရပူရကနေ မိဘများနဲ့ အတူ မန္တလေးမြို့ရိုးတောင်ဘက် အပ်ချုပ်တန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အပ်ချုပ်တန်းဆိုတာက ဘုရင့်တပ်တော်ကြီးအတွက် ကုန်းနှီးတွေ ချုပ်လုပ် တင်သွင်းရာ အရပ်ဖြစ်လို့ အပ်ချုပ်ဝင်း၊ အချုပ်တန်း စသဖြင့် ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

သူဟာ ၁၂၂၆ ခုနှစ် လောက်ကစပြီး မက္ခရာမင်းသား အထံတော်မှာ အမှုထမ်းခွင့်ရခဲ့ပြီး၊ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းမှာ မက္ခရာမင်းသား နောက်တော်မှ အမှုတော်ကို ထမ်းရွက်ခဲ့တယ်။ အဲဒီနောက် ကနောင်မင်းသားရဲ့ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော် မင်းတုန်းမင်းကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ ထွက်ခွာ သွားသောအခါတွင်လည်း မက္ခရာမင်းသားရဲ့ အမိန့်တော်နဲ့ ပတိမ်းစားရန်ကို တွန်းလှန်ရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဖေဟာ ကုန်းဘောင်မင်းဆက်များ လျှောကျ ပျက်စီးနေချိန်၊ အင်္ဂလိပ်တို့ သိမ်းယူချိန် ခေတ်ကာလ အပြောင်း အလဲကို ဖြတ်သန်းရပါတယ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေထိုင်ခဲ့တဲ့ ဆရာဖေဟာ အင်္ဂလိပ်တွေကို မျက်မုန်းကျိုးပါတယ်။ မကြာခဏ ကဗျာတွေရေး စာတွေစပ်ပြီး တုံ့ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြန်မာလူမျိုးတွေက အင်္ဂလိပ်ကို အောက်ကျို့ ဆက်ဆံတာ၊ အရေးပေး ဆက်ဆံနေရတာကို စိတ်အပျက်ကြီး ပျက်ပြီး `တွေးမိတိုင်း´ ဆိုတဲ့ တေးထပ်ကိုလည်း ရေးစပ်ခဲ့ပါသေးတယ်။

မျိုးချစ်စိတ် ပြင်းထန်တဲ့ ဆရာဖေဟာ မိတ်ဆွေရင်း ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝနဲ့အတူ ၁၂၅၁ ခုနှစ်မှာ ရှမ်းပြည်ကို ပြောင်းရွှေ့ပြီး သုံးဆယ်စော်ဘွားဆီမှာ ကွန်းခိုရင်း တနေ့မှာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည် ပြန်လည် ထူထောင်ဖို့ မျှော်မှန်း ကြိုးစားခဲ့ကြတယ်။ ဆရာဖေ ရှမ်းပြည်ရောက်ပြီး စည်းရုံးရေးလုပ်ရင်း ၅ နှစ်အကြာ ၁၂၅၆ ခုနှစ်မှာ အအေးမိဖျားနာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

တွေးမိတိုင်း
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီး နန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မီတယ်
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ၊ ဖ ရှောင်သွေသည်
ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး၊
မြန်မာ မြန်မာချင်းကျ ကြွားချင်
ဓားပြသွင် သူခိုး
ကုလားမြင် သူ့အမေ ရိုး တော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနေ ပြုမဟေးရယ်နဲ့
သူ့ ပထွေးတော့ ထွက်လို့ မဟောင်
ပြောစမ်းဟဲ့ ရာဇ၀င်တွင်အောင်
ဆာဂျင်တောင် ဦးချလို့
ပလူးကြ ပြေးကျို့ခါခါ ၊ ခွေးသို့ ပမာ ၊
တွေးမိတိုင်း အရိုးနာသည် ၊ အမျိုးပါ ဆဲချင်ပါ့လေး။    ။


အချုပ်တန်း ဆရာဖေ (၁၂၀၀-၁၂၅၆)


ဧရာဝတီ


အသံမဲ့စကားသံတွေကို ကြားစေသူ ဂျူအန်း ပတ်ဘလို ဘိုနေး

Friday, April 24, 2015 0 comments


ဂျူအန်း ပတ်ဘလို ဘိုနေး(photo- aragec.com)

စပိန်ပညာရေး လောကမှာ ဆွံ့အမကြားသူတွေ အတွက် ကြားသိစေတဲ့ အသံတွေကို ဖန်တီးပေးတဲ့ သူ၊ သင်ကြားပေးတဲ့ သူ လို့ ထင်ရှားတဲ့ ပညာရေးရှေ့ဆောင်လမ်းပြ တဦး အကြောင်း ပြောပြချင်ပါတယ်။

စပိန်မှာသာမက ကမ္ဘာ့ နိုင်ငံတွေမှာ သူ တီထွင်ခဲ့တဲ့ သင်္ကေတ ဘာသာစကားကို အခုထိတိုင် သုံးစွဲနေကြတာကို ဆွံ့နားမကြားကျောင်းတွေမှာ တွေ့နိုင်ပါ တယ်။ သူဟာ ဆွံ့အနားမကြားသူတွေရဲ့ ပညာရေးအတွက် သင်ကြားပေးမှုရဲ့ ရှေးဦးအစ တီထွင်ခဲ့သူပါ။ သူ့အမည်က ဂျူအန်း ပတ်ဘလို ဘိုနေး ပါ။

ဂျူအန်း ပတ်ဘလို ဘိုနေး ကို ၁၅၇၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၆၃၃ ခုနှစ်မှာ သေဆုံးတယ်လို့ ယူဆရပါတယ်။ သူဟာ စပိန်ဘုန်းတော်ကြီး တပါး ဖြစ်ပြီး ဆွံ့အနားမကြားသူများ အတွက် သင်ကြားရေးမှာ မီးရှူးတန်ဆောင် လမ်းပြခဲ့သူပါ။ သူ့ရဲ့ ဆွံ့အနားမကြားသူများအား သင်ကြားရေးစာအုပ်ကို ၁၆၂၀ ခုနှစ်၊ မက်ဒရစ်မှာ ထုတ်ဝေခဲ့တယ်လို့ဆိုပါတယ်။

သူ့ကို မွေးဖွားတာက ဇာရာဂိုဇာ ခေါ် အရဂွန်မှာ မွေးဖွားတာ ဖြစ်ပြီး၊ သူဟာ ဖရေယာမြို့ရဲ့ ၅ ဦးမြောက် နယ်စားကြီး Juan Fernández de Velasco ရဲ့ အတွင်းဝန် ဖြစ်လာပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် အချိန်မှာပဲ သူဟာ မြို့စားကြီးရဲ့ ဒုတိယသား ဆွံ့အနားမကြား သူငယ်လေးကို ပညာသင်ကြားပေးဖို့ကိုပါ တာဝန်ယူရပါတယ်။

အဲဒီကာလက ချမ်းသာပြီး ဂုဏ်သရေရှိ လူတန်းစား တွေမှာ ဆွံ့အနားမကြား ကလေးငယ်တွေ မွေးဖွားလာတာလည်း အများအပြား ရှိနေပါတယ်။ သူတို့ဟာ သူတို့ရဲ့ကလေးတွေအတွက် ပညာတတ်မြောက်စေချင်ကြသလို ပညာကို လိုလိုလားလားလည်း ရှိကြတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ချမ်းသာကြွယ်မှုကို အမွေဆက်ခံနိုင်ဖို့ အတွက် ပညာတတ်မြောက်ဖို့ အရေးကြီးသလို၊ အဲဒီအထဲမှာ စာပေလေ့ကျက် တတ်မြောက်ခြင်းလည်း ပါဝင်ပါတယ်။

ခေတ်သစ် စာပေသင်ကြားမှု နယ်ပယ်မှာ ဂျူအန်း ပတ်ဘလို ဘိုနေး ဟာ ကိုယ်ဟန်အမူအယာပြ ဘာသာစကားကို အကောင်းမွန်ဆုံး တီထွင် သင်ကြားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလက လွန်ခဲ့တဲ့ ၁၇ ရာစုက ဂျူအန်း ပတ်ဘလို ဘိုနေး က စတင်သင်ကြားပေးခဲ့ခြင်းပါ။ ၁၆၂၀ ခုနှစ်မှာတော့ ဂျူအန်း ပတ်ဘလို ဘိုနေး ဟာ Reducción de las letras y arte para enseñar a hablar a los mudos (အင်္ဂလိပ်လို - "Summary of the letters and the art of teaching speech to the mute") (မြန်မာလို- တိတ်ဆိတ် စကားသံများကို သင်ကြားခြင်း အနုပညာအကျဉ်း) စာအုပ်ကို မက်ဒရစ်မြို့မှာ ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာအုပ်ဟာ ဆွံ့အနားမကြားပုဂ္ဂိုလ်များ အလွယ်တကူ သင်ယူ တတ်မြောက်စေအောင် ပညာပေးခဲ့တဲ့ ခေတ်မီတဲ့ စာအုပ်တအုပ် ဖြစ်ကြောင်း ယနေ့ထက်တိုင် အသိအမှတ် ပြုနေရဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ အက္ခရာ စကားလုံးတွေရဲ့ သင်္ကေတကို အပြည့်စုံဆုံး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စတင် ရေးသားချိန်ကတော့ စပိန်နိုင်ငံက ဆွံ့အနားကြားသူများ အတွက် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် အခုအချိန်အထိ ကမ္ဘာ့ဘာသာ ပေါင်းစုံက အဲဒီ အခြေခံကို ယူပြီး မိမိတို့ ဘာသာ စကားနဲ့ ဆက်စပ်ပြီး ပြုပြင်ရေးသား သင်ကြားပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဥပမာ Spanish Sign Language, French Sign Languange, American Sign language စသည်ဖြင့် ပေါင်းစပ်သင်ကြားပေးနိုင်တဲ့ နည်းတွေ ဆင့်ပွား တီထွင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူ့ရဲ့ အက္ခရာ သင်္ကေတတွေ အကြောင်းကို လေ့လာကြရအောင်ပါ။
 


A ,
B,C,D
E,F,G
H,I,L
M,N
O,P,Q
R,S,T
V,X,Y

ဒါကြောင့် သူဟာ ဆောင်းပါး ခေါင်းစဉ်မှာ တင်ပြသလို ဂျူအန်း ပတ်ဘလို ဘိုနေး (သို့မဟုတ်) အသံမဲ့ စကားသံတွေကို ကြားစေသူလို့ ဂုဏ်ပြုလိုက်ရခြင်းပါ။


နိုင်စွမ်း

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved