ငတိသန်းရွှေ (အပိုင်း-၃)

Wednesday, June 8, 2011


ဗိုလ်ဖိုက်တာ

ငတိသန်းရွှေ (အပိုင်း ၁ / အပိုင်း ၂ ဖတ်ရှုရန်)

ငတိသန်းရွှေရဲ့ ကာယကံ

မွေးရာပါလူ့အခွင့်အရေးအရ ကိုယ့်ဆန္ဒ ကိုယ်ပြသူများကို ငတိသန်းရွှေသည် သနားဂရုဏာ အကြင်နာအလျဉ်းကင်းမဲ့စွာ သတ်ဖြတ်ခဲ့သည်ကြောင့် ကျောင်းသား၊ ဘုရားသား၊ တိုင်းရင်းသား၊ တိုင်းသူပြည်သား၊ စစ်သား..ဟူသည့် “သားငါးသား” လုံး အမြောက်အမြား ကျဆုံးခဲ့ရသည်။

ငတိသန်းရွှေသည် ဂူတလုံးထဲတွင် ခြင်္သေ့နှစ်ကောင်မအောင်း ဆိုသည့်မူအရ သူ၏လက်ပါးစေပါးကွက်သားများကို အသုံးချပြီး တော်လှန်ရေးသမား၊ တော်လှန်ရေးနယ်ပယ်သားတို့ကိုလည်း တွေ့ရာသင်္ချိုင်း မဆိုင်းမတွ သတ်ဖြတ်ခဲ့ကြသည်မှာ ဆုံးခန်းတိုင်သည်ဟူ၍ မရှိပါဗျာ။


ဒီတော့ ငတိသန်းရွှေ၏ စနက်ကြောင့် ရေတွက်လို့ပင်မကုန်နိုင်သော အသတ်ခံခဲ့ရသူ ဟူသမျှ၏ ရဲဘော်ရဲဘက်၊ ဆွေမျိုးညာတကာများက လက်ရင်းလူသတ်သမား ငတိသန်းရွှေကို ကလဲ့စားချေ လက်တုန့်ပြန်ကာ သတ်ချင်ကြမည်မှာ၊ ထို့ပြင် သတ်ဖို့ရာလည်း အစဉ်တစိုက်အားထုတ်နေကြမည်မှာ သဘာဝပါခင်ဗျား။

ငတိသန်းရွှေသည် အသက်ရှိနေသမျှ ကာလပတ်လုံး နောက်ကျောမလုံသည့် ဘ၀ပေး စိုးရိမ်ကြောင့်ကြမှုဝေဒနာကြောင့်၊ အာဏာကို လက်မလွှတ်ရဲ၊ နောက်က ကြိုးကိုင်နေဦးမည်ဟုလည်းကောင်း၊ ငတိသန်းရွှေက အာဏာကို ကြိုးကိုင်နေနိုင်သမျှ ဒီမိုကရေစီမရ၊ တိုင်းရင်းသားတန်းတူရေးမရ၊ လူ့အခွင့်အရေးမရဟုလည်းကောင်း၊ ဦးနှောက်ရှိသူဟူသမျှက သေချာကျန တွက်ဆနိုင်ကြမည်မှာလည်း သဘာဝပါခင်ဗျား။

ထိုထိုသော သဘောသဘာဝအရ သေမင်းက ငတိသန်းရွှေပြေးရာနောက် တကောက်ကောက်ဖြင့် ဖ၀ါးခြေထပ် ထပ်ကြပ်မကွာ လိုက်လျက်ပါဗျာ။ ခြေဒူးခေါင်းခွက် နောက်ကနင်းလျက် အမဲဖျက်ဖို့ရာ လှုပ်ရှားကြမည်မှာလည်း ဧကန်ဧကပါခင်ဗျာ။

ပြေးစရာနေရာ ဘယ်မှာလဲ

ကိုင်း ... ငတိသန်းရွှေ ဘယ်သို့ပြေးမည်နည်း။ ပြေးစရာမြေရှိပါသလား။

တလုပ် (ခေါ်) တရုတ်က ငတိသန်းရွှေတို့တသိုက်ကို ရေမျောကမ်းတင် ဒုက္ခသည်စာရင်းဝင်များ မဟုတ်ဘဲ နိုင်ငံတော်တရားခံ ၀ရမ်းပြေးစစ်စစ်ကြီးများသာ ဖြစ်နေတာကြောင့် ငတိသန်းရွှေသည် “ငါကျိုးမရှိလျှင် အရေးမလုပ်” မူအရ “၀မ်စွေ့” လို့လည်း နှုတ်ဟတော့မည်မဟုတ်။ အခွင့်ထူးခံ ဒုက္ခသည်အတုအဖြစ်လည်း လက်ခံမည်မဟုတ်။

ဒူဘိုင်းဆိုတာကရော၊ ယနေ့ အာရပ်ကမ္ဘာကို ငဲ့စောင်းမကြည့်ပါဘဲ ၀ရမ်းပြေးငတိသန်းရွှေဆီက ငွေကိုယူ၊ ငတိသန်းရွှေနဲ့ အိမ်နိမ့်စံမိသားစုဝင်များ၊ လက်ပါးစေများကို လက်ခံခြင်းဖြင့် နိုင်ငံ့ဂုဏ်သိက္ခာကို ပစ္စလက်ခတ် ရောင်းစားရဲကြမှာလား။

အိုင်ဗရီကို့စ် သမ္မတဟောင်း လောရင့် ဘက်ဂ်ဘို၊ တူနီးရှားသမ္မတဟောင်း ဇီနီအယ်လ် အဘီဒင်းဘင်အလီ၊ အီဂျစ်သမ္မတဟောင်း ဟိုစနီ မူဘာရက်တို့ အဖမ်းခံ၊ အကျဉ်းချခံ၊ အစစ်ဆေးခံ ဘ၀များမှာ နှလုံးစိတ်ဝမ်း လောင်ကျွမ်းဒဏ်၊ စိတ်ထောင်းကိုယ်ကြေ ခန္ဓာဒဏ်တို့ကို ဘယ်လိုခံနေကြရသလဲ။ လစ်ဗျားလူမိုက်ကြီး ကဒါဖီအတွက် လုံခြုံတဲ့နေရာ ဘယ်မှာရှိသလဲ။ အယ်လ်ကေးဒါးခေါင်းဆောင် ဘင်လာဒင် ဘယ်လိုစီရင်ခဲခဲ့ရသလဲ။ “ဤဒွန္နယာမှာ သင်ကသူများကိုနိုင်လျှင် သင့်ကိုလည်း အလ္လာအရှင်က နိုင်တတ်ပါသည်” တဲ့။

ဒီတော့ … ငတိသန်းရွှေ ရေ။ ကိုယ်ပြုခဲ့တဲ့ကာယကံ၏ တုန့်ပြန်ချက်ဆိုးကျိုးတွေကို ဘယ်လိုခုန်ကျော်, ဘယ်လိုရှောင်ရှားမလဲ။ ကိုယ်တိုင်က စဉ်းနှီးတုံးပေါ်မှာ လည်အစဉ်းခံရဲတယ်ထား..။ ဂဠုန်စောကို အားကျမခံ ကြိုးစင်တက်ရဲတယ်ထား။

မြေးပေါင်းစုံ သားသမီးပေါင်းစုံကို လုံခြုံစွာထားရစ်ခဲ့ဖို့၊ နေစရာနေရာ ဘယ်ကမ္ဘာမှာ ရှာလို့ရနိုင်မလဲ။
ဘယ်မှာလဲ … ဖေးကူမယ့်သူ၊ ကယ်မမယ့်သူ
အထက်မှာ ဖော်ပြခဲ့တဲ့ ငတိသန်းရွှေ၏ ဒုက္ခကို ဘယ်သူကဖေးကူပါ့မလဲ။ ကယ်မပါ့မလဲ။ သိန်းစိန်လား၊ တင်အောင်မြင့်ဦးလား၊ ရွှေမန်းလား၊ ချာတိတ် မင်းအောင်လှိုင်လား။ ဒါမှမဟုတ် တေဇလား၊ ဇော်ဇော်လား၊ လော်စစ်ဟန်ဂျူနီယာ ထွန်းမြင့်နိုင်လား။ ဒီမောင်တွေဟာ ကိုယ်ကျိုးအတွက် စစ်သားလုပ်တယ်။ စီးပွားရေးသမားလုပ်တယ်။

သူတို့တတွေကို ငတိသန်းရွှေက နေရာပေးခဲ့တာ၊ ပါစားပေးခဲ့တာကလည်း ငါကျိုးသက်သက်အတွက်ပါ။ ဒီတော့ … ငါကျိုးထိတော့မယ့် အခြေဆိုက်လာရင် သူတို့ကို တွဲဖြုတ်လျှင်ဖြုတ်မည်။ ကန်ထုတ်လျှင်ထုတ်မည်။

ငတိသန်းရွှေကို သူတို့တတွေ လက်အုပ်ချီနေတာကလည်း ငါကျိုးသက်သက်အတွက်ပါ။ ဒီတော့ … ငါကျိုးထိတော့မယ့် အခြေဆိုက်လာရင် ငတိသန်းရွှေ ခွေးသေကောင်ပုတ်ကြီးကို ၀ါးလုံးနဲ့ထိုးပြီး ရေဆိုးမြောင်းထဲမျှောချကြမှာပါ။

အမှန်တကယ် ဖေးကူမယ့်သူ၊ ကယ်မမယ့်သူ မရှိတာကြောင့် ငတိသန်းရွှေ ဘာလုပ်မလဲ။
အိုင်ဗရီကို့စ်သမ္မတလို လိမ်ညာရှုပ်မလား။ တူနီးရှားသမ္မတ ဘင်အလီလို ဆုတ်မလား။ အီဂျစ်သမ္မတ မူဘာရက်လို ရှောင်မလား။ ကဒါဖီလို ကိုယ်တိုင်တူးတဲ့သေတွင်းထဲ ခုန်ဆင်းမလား။ အဲ … ငတိသန်းရွှေရေ့..၊ လာမယ့်ဘေး ပြေးတွေ့မှာလား။ လာမယ့်ဘေး၊ အဝေးကရှောင်မှာလား။ ကြိုက်ရာကိုသာ ရွေးပေတော့ဗျား။

ငတိသန်းရွှေကို ဖက်မလား၊ ခွာမလား

ငတိသန်းရွှေ ကြိုးဆွဲရာကနေရတဲ့ ပင်စိမ်းရောင်ချွတ်များ၊ ပင်စိမ်းရောင်ဝတ်များကလည်း စဉ်းစားကြပါဗျား။ ခွေးရူးသေကောင်ပုတ် ငတိသန်းရွှေကိုဖက်ပြီး အသေခံကြမှာလား။ ခွေးရူးသေကောင်ပုတ် ငတိသန်းရွှေကိုခွာပြီး မိဘပြည်သူများရဲ့ ရင်ငွေ့ကို ခိုလှုံကြမှာလား။

ယခင်က ဘာပဲလုပ်ခဲ့ လုပ်ခဲ့၊ လက်ရှိသဘောထားက အမှန်ဘက်ကို ပြောင်းလာပြီး အဖိနှိပ်ခံပြည်သူများဘက်မှာ ရပ်လာလျှင် ကျုပ်တို့လူမျိုးက ခွင့်လွှတ်တယ်။ ဖေးကူတယ်။ ကယ်မတယ်။ ဒီအချက်ကို သတိမလွတ်စေချင်ပါ ... ဗျာတို့ရာ။

ကိုင်း ... ဧရာဝတီပရိသတ် မိတ်ဆွေများခင်ဗျား၊ ငတိသန်းရွှေ၏ ကာယကံအကုသိုလ်အကျိုးပေးနှင့် ပတ်သက်၍ ကျနော်ဗိုလ်ဖိုက်တာနှင့် မိတ်ဆွေကြီးတို့ … တွေ့ကြုံရပုံချင်း၊ သိမြင်ခံစားရပုံချင်း၊ ကိုက်ညီမှု ရှိ မရှိ ခွန်းတုန့်ပြန်ကြပါဦးလေ..။

4 comments :

  1. Anonymous said... :

    ငတိ ကြီး ကတော့ မသေခင် ငရဲ အရင် ရောက်နေတာ ကိုး ... ပူပင်ခြင်း သောက များ နဲ့ .. သေလည်းသေချင် သေလည်း မသေရဲ ..
    လောက ငရဲ ပါဘဲဗျား ...

    နေ၀င်း

  1. Anonymous said... :

    ဘရိန်းကတော့ ချီးကျူးရမှာပါ
    မူဘာရက် မျောက်စုတ်ကလေးလို ဆင်းသွားချိန်
    ဂရာဖီ ခွေးပြေးဝက်ပြေး ရှောင်နေချိန်မှာ
    ဆရာသမားက အေးဆေးလို့ ငြိမ့်လို့
    အရှင်ထွက် ထွက်တာ
    စောင့်တော့ ကြည့်ရဦးမှာပါ
    ပွဲမှ မပြီးသေးတာကိုး........................

  1. မင်းဆြာ said... :

    အိမ်း .... ပြောရမှာတော့ ရင်ထဲသိပ်မချိ လှဘူးဗျာ။ အများသိကြတဲ့ အတိုင်း၊ ဒီ ငတိအိုကြီးက "အတ္တ" လွန်စွာကြီးမားလှပေတယ် မဟုတ်လား။ သူလည်းလေလောကီသား ပေမို့၊ ဒီလိုတော့ စဉ်းစားပေမပေါ့ "အင်း သေမင်း က၊ ငါ့နောက်ကို 'လှမ်း' တွေလို၊ ထက်ချပ်မကွာလိုက်နေဒါ၊ တော်တော်တောင်နီးလာပြီ။ ငါမရှိလျှင် ငါ့သားသမီးမြေးမြစ်တွေ၊ ဒုက္ခရောက်ကြရတော့မယ်။ မထူးတော့ပါဘူး ငါ့မြေးကလေး က, စ ပြီး၊ မိသားစုဝင်တွေ ကို တယောက်ပြီး တယောက် အယင် ရှင်းထားပြီး၊ နောက်ဆုံး ငါလည်းသူတို့ နောက်ကို လိုက်သွားတော့မယ်" [ မိသားစုဝင် တော်တော်များများအား နည်းမျိုးစုံဖြင့် ဒုက္ခတွေပင်လယ် ဝေအောင်ပြုခဲ့၊ပြုဆဲ "ကံ" ၏အကျိုးပေးဖြစ်ပေလိမ့်မည်]

  1. မင်းသိုက် said... :

    လူယုတ်မာများဟာ သေခဲပါတယ်။ ရဟန်းသံယာများကို စော်ကားထားသော ကံကြောင့် မသေခင်မှာ ဒုက္ခမျိုးစုံ ခံစားရပြီးမှ သူသေသွားမှာပါ။

    မင်းသိုက်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved