ကဗျာဆရာ အောင်ဘညိုအတွက် ရသအလင်းရဲ့ အလှူ

Wednesday, June 15, 2011





ဟိန်းမြတ်ဇော်၊ အမည်မသိ၊ အောင်ဘညို၊ မိုဃ်းဇော်

စင်ကာပူနိုင်ငံရှိ အနုပညာချစ်မက်သူများ ဖွဲ့စည်းအခြေတည်ထားသော ရသအလင်းဖောင်ဒေးရှင်းက ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကဗျာဆရာ အောင်ဘညိုကို ဂုဏ်ပြုငွေ ကျပ် ၃ သိန်း လှူဒါန်း ပေးအပ်ခဲ့ပါတယ်။

ဒီငွေကို ကဗျာဆရာဟိန်းမြတ်ဇော်၊ ကဗျာဆရာဇော်ထက်တို့ကနေ တဆင့် ပေးအပ် ဂုဏ်ပြုခဲ့တာပါ။

ကဗျာဆရာ အောင်ဘညိုဟာ ဦးနှောက်သွေးခဲပြီး ခန္ဓာကိုယ်အောက်ပိုင်း ထိသိ အာရုံတွေပျောက်ဆုံးသွားလို့ လမ်းမလျှောက်နိုင်တဲ့
အဆင့်အထိ ရောဂါဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။

ဆေးရုံက ဆင်းလာပေမယ့်လည်း အိမ်မှာ ဆေးကုသမှု ဆက်လက်ခံယူနေရပြီး ၅ ရက်တကြိမ် ဆေးရုံကြီးကို သွားရောက်ပြသ ကုသမှု ခံယူနေရပါတယ်။ အနည်းဆုံး တလခန့်အထိ တဦးတည်း လမ်းလျှောက်နိုင်လိမ့် ဦးမှာ မဟုတ်တဲ့အကြောင်း ကြားသိရတဲ့ အတွက် ဆရာ အောင်ဘညိုကို ရသအလင်း ဖောင်ဒေးရှင်းက ကျန်းမာရေး အထောက်အပံ့အဖြစ် ဂုဏ်ပြုငွေ ပေးအပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။



၁၉၆၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ ဆရာအောင်ဘညိုရဲ့ အနုပညာဖြတ်သန်းမှုများ -

၁။ ဧကစာမီးခိုးများ ကဗျာစာအုပ်ကို ၁၉၉၀ ကျော်ကာလခန့်က ကိုသန်းထွန်း၊ ကျော်အောင်သစ် (ကေအေတီ)၊ အောင်ဘညိုတို့ သုံးယောက်တွဲ ထုတ်ဝေခဲ့။

၂။ တဦးတည်းအနေနဲ့ “တံတားပေါ်က ညနေခင်းများ”၊ “အိုစမာ” ကဗျာစာအုပ်တို့ ထုတ်ဝေခဲ့။

၃။ လူစွမ်းကောင်း စာအုပ်တိုက်နာမည်နဲ့ ပန်းနုရောင်ဆံနွယ်များ၏ချည်တိုင်၊ မောင်ချောနွယ်အတု ကဗျာ စာအုပ်တို့ကို စီစဉ်ထုတ်ဝေခဲ့။

၎။ ကမ်းလွန်လေ ကဗျာမဂ္ဂဇင်းကို ကဗျာဆရာ လှသန်းနဲ့ တွဲဘက်ဦးစီး ထုတ်ဝေခဲ့။

၅။ ပိတောက်ပွင့်သစ်၊ ဟန်သစ်၊ လှိုင်းသစ် စတဲ့ မဂ္ဂဇင်းတွေမှာလည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့။

၆။ မဂ္ဂဇင်း အမျိုးမျိုးမှာ နှစ်ပေါင်း ၂၀ ကျော်ခန့် ကဗျာမြောက်များစွာ ရေးသားခဲ့ပြီး ပင်လယ်အော်သံ ကဗျာကို (အဆိုတော်လေးဖြူက အယ်လ်ဘယ် ခေါင်းစဉ်အဖြစ်အသုံးပြုခဲ့)

အိုစနေ၊ အိုစမာ စတဲ့ ကဗျာများ ကျော်ကြား

၇။ ၂၀၀၈ နာဂစ် ဒေသကူညီမှုတွင် ကဗျာ၊ ဂီတ၊ ပန်းချီ ကူညီသူများအဖွဲ့မှာ တက်တက် ကြွကြွ ဦးဆောင် ကူညီခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ရသအလင်းအနေနဲ့ ယခုတကြိမ်ပေးအပ်နိုင်ခြင်းဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပါတယ်။

ရသအလင်း ဖောင်ဒေးရှင်းအနေနဲ့ နာမည်မတပ်ခင်က ၂ ကြိမ်ပေးအပ်လှူဒါန်းခဲ့ပြီး အခု ဖောင်ဒေးရှင်း တခုအနေနဲ့ ဖွဲ့စည်းပြီးချိန်မှာ ၂ ကြိမ် ပေးအပ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။

ပထမအကြိမ် ကဗျာဆရာမ လုံမငြိမ်းချမ်း၊ ဒုတိယအကြိမ် ကဗျာဆရာလှသန်း၊ တတိယအကြိမ် ကာတွန်းဆရာဗိုမောင်နဲ့ အခု စတုတ္ထအကြိမ် ကဗျာဆရာအောင်ဘညို တို့ ဖြစ်ကြပါတယ်။

ရသအလင်းရဲ့ ချမှတ်ထားတဲ့ မူအတိုင်း ပြည်တွင်းရှိ နွမ်းပါးပြီး ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နေတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ပေးသွားမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူတွေ အနေနဲ့

aestheticlightfoundation@gmail.com

ရသအလင်း(aestheticlightfoundation@gmail.com) Face Book

တို့ကို တိုက်ရိုက်မေးလ်ပို့ လှူဒါန်းနိုင်ကြပါတယ်။

*ရသအလင်း ဖောင်ဒေးရှင်း အမှူဆောင်အဖွဲ့*


Website: www.aestheticlightfoundation.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved