၈ လေးလုံး အမှတ်တရ သူတို့ စကားများ

Monday, August 8, 2011


(ကိုလင်းသန့် စုဆောင်း တင်ပြသည်။ ဓာတ်ပုံ - AP)

မြန်မာနိုင်ငံ၏ သမိုင်းတွင် အထင်ကရဖြစ်ရပ်ကြီးတခုဖြစ်သည့် ရှစ်လေးလုံး (၈၊ ၈၊ ၈၈) တော်လှန်ရေးကြီးသည် ယနေ့ ဆိုလျှင် ၂၃ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က ကျောင်းသားများ အစပြုခဲ့သော ကျောင်းသား လှုပ်ရှားမှုများမှသည် ရဟန်း ရှင်လူ ပြည်သူ တရပ်လုံးက တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို အံတုတော်လှန်ခဲ့ကြသည်။

တပါတီအာဏာရှင်၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့မှု၊ နှစ်ပေါင်းများစွာ မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်မှုတို့သည် ကျောင်းသားထု တရပ်လုံးပါမက မြန်မာနိုင်ငံသားထု တရပ်လုံး၏ ရင်ကို မီးဟုန်းဟုန်း တောက်ခဲ့ရသည်။ နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာ ငုပ်လျှိုးနေခဲ့သည် ကျောင်းသား သမဂ္ဂကိုလည်း ပြန်လည်မွေးဖွားခဲ့သည်။

ထိုစဉ်က ၈၈ လူထုအုံကြွမှုကြီးတွင် ရှေ့တန်းက ပါဝင်ခဲ့သည့် ခေါင်းဆောင်တချို့၏ ပြောဆိုခဲ့သည်များက ယနေ့ထိ ကမ္ဘာ့ နံရံ တ၀ိုက် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

“အကျဉ်းထောင် ဆိုတာ တကယ့်ကိုပဲ လူ့ငရဲခန်းကြီး တခုဖြစ်လို့ “ဘာလဲဟဲ့ လူ့ငရဲ” လို့ ကျနော် ထောင် မှတ်တမ်း ပုံစံမျိုး ပြန်ရေးခဲ့တာ” (ဦးဝင်းတင်- နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာ)

“တိုင်းတပါးကျွန်၊ စစ်တပ်ကျွန် ဘယ်ကျွန်မှမခံ။ ဒေါင်းအလံဟေ့၊ ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်” (မင်းကိုနိုင်-ဥက္ကဋ္ဌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများပြန်လည်ဖွဲ့စည်းရေးကော်မတီ-ဗကသ)

“ထောင်ဆိုတာ ကျနော်တို့တင်မကဘူး အားလုံးမှာ မသေချာမှုတွေ၊ မလုံခြုံမှုတွေအပြည့် ခံစားနေကြရတဲ့ ရပ်ဝန်းဖြစ်တယ်။ ကျနော်တို့ကို ဖမ်းဆီးခဲ့တဲ့ အာဏာပိုင်တွေတောင်မှ ဒီလိုခံစားနေကြရတယ်လို့ ကျနော်ထင်တယ်” (မင်းကိုနိုင်)

“နိုင်ငံတနိုင်ငံမှာ ဘယ်လောက် စနစ်ဆိုးသလဲဆိုတာနဲ့ ပတ်သက်လို့ အဲဒီနိုင်ငံရဲ့ ထောင်စနစ်နဲ့ တိုင်းတာလို့ရနိုင်မယ် ထင်တယ်”
(ကိုကိုကြီး-ဒု ဥက္ကဌ ဗကသ)

“ညီလေး ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရ မင်းအဘိဓာန်ထဲက ဆုတ်ဖြဲပစ်လိုက်။ ဆုံးရှုံးတယ်လို့ ထင်နေတာတွေဟာ တကယ်တော့ ရင်းနှီးမြုပ်နှံတာ ပေးဆပ်နေတာ။ ငါတို့ ကလေးတွေအတွက်၊ ငါတို့သားမြေးတွေအတွက်။ တို့ဘိုးဘွားတွေသာ မပေးဆပ်ခဲ့ရင် ဒီနေ့ လွတ်လပ်ရေး ဘယ်ရလိမ့်မလဲ။ အဲဒီပေးဆပ်မှုတွေအတွက် မင်းကိုမင်း ဂုဏ်ယူလိုက်စမ်း၊ မင်းသားမြေးတွေ ဂုဏ်ယူတတ်အောင် သင်ပေးစမ်း။ ဆုံးရှုံးတယ်ဆိုတယ်ဆိုတဲ့ အတွေးကို မင်းခေါင်းထဲက မောင်းထုတ်ပစ်လိုက်။ ငါတို့ပေးဆပ်နေ ရင်းနှီးနေတယ်။ လာပေးဆပ်ကြစို့ ရင်းနှီးစို့” (ကိုကိုကြီး)

ပြည်သူအရေးကိုလုပ်ရမယ်။ ငါတို့ ပြည်သူတွေအရေးကိုလုပ်ရမယ်။ ဟော့ဒီ အဓိပတိလမ်းမကြီးက ငါတို့သာ တညီတညာတည်း ကြွေးကြော်လိုက်ရင် ဧရာဝတီမြစ်ကြီး ဒီကြွသွားစေရမယ်။ ဖောက်ပြန်သူတွေဟာ ရေစိုနေတဲ့ ခွေးတကောင်လို တုန်လှုပ်ခြောက်ခြား သွေးပျက်သွားရစေမယ်။ (မိုးသီးဇွန်)

ရှစ်လေးလုံးဆိုတာ အာဏာရှင်စနစ်ဆိုးကို တော်လှန်ပြီး ဒီမိုကရေစီကို အသက်သွင်းဖို့ တော်လှန်ခဲ့တဲ့ လူထုအရေးတော်ပုံကြီးဖြစ်တယ်... မင်းမဲ့စရိုက်တွေနဲ့ ဆူပူအုံကြွခဲ့တဲ့ အရေးအခင်းမဟုတ်ဘူး ( မောင်မောင်ဝမ်း -ရေနံချောင်း မှ ၈၈ ကျောင်းသားခေါင်းဆောင်)

“စစ်တပ်ဆိုတာ ဘယ်တော့မှ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ်” (အာဏာရှင်ဟောင်း ဦးနေ၀င်း)

“စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့” (ဗိုလ်ချုပ်အောင်ကြီး)

“ကျမဟာ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာမှ နားမလည်ပါဘူးတဲ့ ။ တကယ်တော့ နားလည်လွန်းလို့ခက်နေတာပါ။ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမမှာလည်း ဖေဖေရဲ့ သမီးလုပ်ပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယ လွတ်မြောက်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင် လည်း ဖြစ်ပါတယ်” ( ဒေါ်အောင်ဆန်းစုကြည်)

“ဘဘက ပွဲလန်းတုန်း ဖျာခင်းတာ မှန်ပါတယ်။ ဒါပေမယ့် ဒီဖျာက ဘဘ အတွက် မဟုတ်ပါဘူး။ မောင်တို့ မယ်တို့ အဆင်သင့် ထိုင်ဖို့အတွက် ဘဘ ခင်းပေးတာပါ” (၀န်ကြီးချုပ်ဟောင်း ဦးနု)

“ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး ဘယ်တော့မှ အရှုံးမပေးဘူးဟေ့ ... သေနတ်သံတချက်ဖောက်ရင် ရာဇပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် ... နောက်ဆုံးနေ့အထိ” ( ရွှေဘုန်းလူ- တာရာမင်းဝေ)

“ငါ့ရဲ့ မီးခြစ်တဆံ ဟာ နောင်အနှစ် ၂၀ ကြာတဲ့အခါ လောင်စာများရဲ့ ပြာနဲ့ထုဆစ် သမိုင်းဝင် ကျောက်တိုင် ဖြစ်လာလိမ့်မယ်” ( မောင်သော်က- ဗိုလ်မှူးဟောင်း ဘသော်)

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးတွင် ရဟန်း၊ ပြည်သူ၊ ကျောင်းသားများ ၃၀၀၀ ကျော် ကို အာဏာရှင်၏ စစ်တပ်က ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနှိပ်စက်မှုများကြောင့် သေဆုံးခဲ့ကြရသည်။ ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီတွင် တိုင်းပြည်၏ အာဏာအရပ်ရပ်ကို စစ်တပ်က သိမ်းပိုက်ယူခဲ့သည်။

ထို့နောက် ဖမ်းဆီးထိမ်းသိမ်းခံရသူများ၊ မြန်မာပြည်အနှံ့ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်ရသူများနှင့် အမိ ပျောက်၊ အဖမဲ့သားသမီးများ၊ သားပျောက်မိခင်နှင့် ဖခင်များကို ၈ လေးလုံးအရေးတော်ပုံကြီးတွင် အာဏာရှင်တို့၏ ရက်စက်မှုများက မွေးဖွားပေးခဲ့ကြသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved