ထိုအမေ ဤသမီး ၏ ရဲဘော်ရဲဘက်ဝတ္တရား

Tuesday, January 31, 2012


ဦးခြံသူကြီး (Burma Media Wash)

(၁)

ရဲဘော်ရဲဘက်ဝတ္တရားဆိုင်ရာသမိုင်းဝင်ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့သည်..။ သည်ဇာတ်လမ်းကို ကျွန်တော့်ထံ သယ်လာသူမှာ. ညီအစ်ကိုသဘွယ် သံယောဇဉ်တွယ်ခဲ့ရသော အထက်အညာက လူငယ်လေးတစ်ဦးပါ..။

အကြောင်းကြောင်းတွေကြောင့် သူ့နံမည်ရင်းကို ပဉ္စလက်နည်းအရ ချစ်စနိုးစွာ ခေတ္တပြောင်းထားလိုက်သည်မှာ “မောင်အညာသား” ပါတဲ့ ခင်ဗျာ။

(၂)

၁၉၈၂/၈၃ခုနှစ်တ၀ိုက်ကဖြစ်ပေလိမ့်မည်။ အတိအကျ မမှတ်မိတော့.။ တနေ့တွင် မောင်အညာသားသည် ဧည့်သည်တစ်ယောက်နှင့်အတူ၊ ရန်ကုန်တွင်နေသူ ကျွန်တော်၏အိမ်သို့ ရောက်ချလာသည်။

ရောက်လျှင်ရောက်ချင်း, ထိုင်ပင်မထိုင်ရသေး, မဆိုင်းမတွ….၊ ကျွန်တော့်အား မျက်ကလဲဆန်ပျာ မေးလေသည်။

“အစ်ကိုကြီး..ဟို, ရုရှားဂျစ်ကား ရော”

“ဓါတ်ဆီတန်းစီနေရတယ်ကွာ”

“ဟာ..တော်ပါသေးရဲ့..”

မောင်အညာသားမေးသည့်စကား, ပြောသည့်စကားတို့၏အကြောင်းရင်းက ဘာလဲ။ ပါလာသူဧည့်သည်ရှေ့မှောက်တွင် မမေးကောင်းသဖြင့်၊ မောင်အညာသားအား မမေးခဲ့။

“ဒီလိုပါ..အစ်ကိုကြီး..။ ဧည့်သည်ဦးကြီးကို အမေကြည်က ဖိတ်ထားတယ်။ အစ်ကိုကြီးပါကျွန်တော်တို့နဲ့ လိုက်ပေးပါ။ အစ်ကိုကြီးကားနဲ့သွားမယ်။ အမေကြည်က သူ့အိမ်မှာ မနက်စာရော, ညစာရော, စားရမယ်တဲ့..။ တနေကုန် စကားတွေ အများကြီး ပြောဖို့ ရှိသတဲ့..”

သြော်, ခုမှပဲ မောင်အညာသားက၊ ကားအကြောင်း မျက်ကလဲဆန်ပျာ မေးသည်ကို၊ ကျွန်တော် သဘောပေါက်လေပြီ။ အမေကြည်၏ အိမ်သို့ ကျွန်တော့်ကားဖြင့် ချီတက်မည်ဟု၊ ဧည့်သည်အား လောကွတ်ချော်ထားပြီးဖြစ်ပေလိမ့်မည်။

“ဒါထက်..အမေကြည်ဆိုတာဘယ်သူလဲကွဲ့”

“ဟာ...အစ်ကိုကြီးကတော့ လုပ်ချလိုက်ပြီ…။ ကျွန်တော်တို့ တောသားတွေကို ချွတ်ပြီ။ အမေကြည်, ဘယ်သူ ဆိုတာ၊ အစ်ကိုကြီး သိပါတယ်..”

“သြော်..မောင်အညာသားရယ်။ ဧည့်သည်ကိုအားနာစရာကွယ်..။ အစ်ကိုကြီး တကယ် တိတိကျကျ မသိလို့ပါကွယ်” မောင်အညာသားသည်ကား၊ ဟာသဉာဏ်ရှိ၍ ဟာသဖြင့် တုန့်ပြန်၏။

“အစ်ကိုကြီးရာ, ကျွန်တော်က, တောသား, အညာသား, အ.တ.တ, စာဖတ်စမ်း, မဖတ်တတ်’ ဆိုတဲ့အထဲကပါဗျာ..။ ”

သူ့ဟာသကို သူ့ဘာသာသူ သဘောကျပြီး၊ တခစ်..ခစ်, တဟဲ..ဟဲ..ရယ်ပြီးမှ.၊ ဆက်ပြောသည်။

“အမေကြည်ဆိုတာ, ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်..။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်..”

“ဟေ..”

ကျွန်တော့်နှုတ်ကဖွင့်ဟသံမဟုတ်။ ကျွန်တော့်ရင်ထဲကအံ့သြသံ..။

ထိုစဉ်ကမောင်အညာသား၏မျက်နှာမှာ..၊ ၀င်းပလျက်ကြည်နူးရိပ်ယှက်သန်းနေ၏။ သူ့အာဝဇ္ဇန်းက ရွှင်နေသည်၊ သွက်နေသည်။ လူပုံကလည်း တကြွကြွ, တရွရွ.။ အားတွေ, မာန်တွေ, လျှံထွက်နေသည့်အလား.။

မောင်အညာသားက…၊ အမေကြည့်ထံ သွားရေးကိစ္စကို ကျွန်တော့်အား ပြောပြီးပြီဖြစ်၍၊ မတင်မကျအတုံးအခဲကြီး ကျသွားပြီဟု မှတ်ယူသည်ထင့်..။ ခုခါမှဧည့်သည်ကို ကျွန်တော်နှင့် မိတ်ဆက်ပေးတော့သည်။

“ဧည့်သည်ဦးကြီးက ဖက်ဆစ်တော်လှန်ရေးလုပ်တုန်းက ဗိုလ်ချုပ်အခြေချတပ်စွဲခဲ့တဲ့ ကံမမြို့နယ် သရက်ချောင်းရွာသူကြီး ရဲ့ သား..”

သြော်..ဒါကြောင့် မောင်အညာသား ၀ိဂြိုဟ်ပြုထားသည့် တောသား, အညာသား, အ.တ.တ, ဟု အဆိုခံရသူတွေကို၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က၊ အရေးတယူဖြင့် ဖိတ်မန္တက ပြုခဲ့သည်ကိုး..။

(၃)

မောင်အညာသားတို့ ရောက်လာကြသည့် အကြောင်းကို..၊ ကျွန်တော်သဘောပေါက်ပြီ….။ မောင်အညာသားက လျှာဖျားမှာ အရသာယူပြီး ခေါ်နေသော အမေကြည့်အိမ်ကို၊ ကျွန်တော် ကောင်းစွာ သိသည်.။ သိရုံမျှမက အမေကြည့်ခြံထဲသို့ ၁၉၇၆ ခုနှစ် မတိုင်မီကတည်းကပင်၊ ညကြီးမင်းကြီး သွားခဲ့ဘူးသည်။

အမေကြည့်ခြံထဲသို့ သွားရန်၊ ဆရာကြီးသခင်ဘသောင်းက စေခိုင်းခဲ့သည်။

“ကုက္ကိုင်းလမ်းဆုံကနေ၊ တက္ကသိုလ်ရိပ်သာလမ်းထဲ လျှောက်သွား။ ညာဘက်ပလက်ဖေါင်းကလျှောက်။ ခြံနံပါတ် ၅၄ ကို ကြည့်။ တွေ့ရင်ခြံထဲဝင်။ ခြေလှမ်းနည်းနည်းလှမ်း။ ညာဘက်ချိုးတဲ့လမ်းလေးကို တွေ့မယ်..”

ဆရာကြီးသခင်ဘသောင်းက၊ ကွက်တိ, ဒက်ထိ, လမ်းညွှန်သည်။

“လမ်းလေးထဲ ဆက်လျှောက်..။ ဘယ်ဘက်ချမ်းကို ကြည့်သွား။ မြေစိုက်အိမ်ကလေးကို တွေ့မယ်.။ အဲဒီမှာ စာရေးဆရာ မောင်ကျော်သာ နေတယ်။ သူက မိုးချုပ်မှအိမ်ပြန်ရောက်တာ။ မိုးချုပ်မှသွား..”

ဆရာကြီးက နတ်လမ်းညွှန်ပြီးသည်နှင့်၊ ကျွန်တော် ဘာဆက်လုပ်ရမည်ကို မိန့်သည်။

“ငါကလွှတ်လိုက်တယ်လို့မောင်ကျော်သာကိုပြော။ ဒေါ်ခင်ကြည် ငါ့ဆီက ခဏငှားထားတဲ့စာအုပ်က၊ မောင်ကျော်သာလက်ထဲ ပြန်ရောက်နေပြီ။ မင်းကို မောင်ကျော်သာက ပြန်ပေးလိုက်လိမ့်မယ်။ မပျောက်စေနဲ့။ ငါဆီပြန်ယူလာခဲ့.”

သည်လို, သည်လိုဖြင့်…၊ အမေကြည့်ခြံဝင်းထဲသို့ ဆရာကြီးသခင်ဘသောင်း၏ ’ပြာတာ’ အဖြစ်၊ ကျွန်တော် ရောက်ခဲ့ဘူးခြင်းဖြစ်သည်။

(၄)

ဖေါ်ပြခဲ့သည့်အတိုင်း အမေကြည့်ခြံဝင်းထဲသို့ ကိုယ်တိုင် ရောက်ခဲ့ဘူးသည်က တစ်ကြောင်း…။

အကောင်ကြီးကြီး မဟုတ်၍.၊ ‘အခွင့်ထူးစံအရောင်ထိန်စီးတော်ကား’ကို မစီးနိုင်သော်ငြား၊ အလုပ်ဖြုတ်ခံဘ၀တွင် ရုံးရင်းကန်ရင်း ပြည်လုံးတခွင် ပြဲပြဲစင် စိတ်ချလက်ချ မောင်းနှင်နေသော ’ချွေးနှီးစာအရောင်မှိန်စီးတော်ကား’ ရှိထားသည်ကလည်း တစ်ကြောင်း…။

ထိုစီးတော်ကားကို ကျွန်တော်ကိုယ်တိုင် အန္တရာယ်ကင်းစွာ ထိန်းထိန်းသိမ်းသိမ်း မောင်းနိုင်စွမ်း၍ မောင်းနေဆဲဖြစ်သည်က တစ်ကြောင်း.။

ထိုထို အကြောင်းများကြောင့်၊ အမေကြည်တွေ့ချင်လွန်းလှသော သရက်ချောင်းရွာသူကြီး၏သား, ဦးကြီးကို..၊ အမေကြည့်ရှေ့မှောက်သို့….၊ အလွယ်တကူ အရောက် ပို့ဖို့သာရှိတော့သည်။

သို့သော်..သို့သော်..ထိုသို့သော်သည်ကား ...

(၅)

ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ဟူသည် ဧရာမ မျက်နှာကြီးပုဂ္ဂိုလ်။ နိုင်ငံတကာအခေါ်အဝေါ်အရ Ladies and Gentlemen တွင် အကျုံးဝင်သည့် Ladies အများထဲက lady တစ်ဦး..။

ဤသို့သော အရှိန်အ၀ါကြီးကျယ်လွန်းလှသည့်ပုဂ္ဂိုလ်အနားသို့ ကပ်ရမည်ကို၊ သာမညောင်ည သာမန်မျှသော ကျွန်တော်က လိပ်ပြာမသန့်။ အနားမှာ ပျာလောင်ခတ်သော အနားပျာ, ကပ်ဖါးရပ်ဖါး, မျက်နှာလုပ်သူ ဖြစ်သွားလေမည်လား, ဟုစိုးရွံ့မိသည်။

ထိုသို့စိုးရွံ့မိသည်ကြောင့် သူကြီးသား, ဦးကြီးရယ်..၊ မောင်အညာသားရယ်တို့နှင့် အတူတကွ၊ အမေကြည့်ဆီ, စီးတော်ကားဖြင့် ချီတက်ရေးသည်… အီလေးအာလေး, ဟိုလိုလိုသည်လိုလိုနှင့်, တုန့်ဆိုင်း ထစ်ငေါ့နေလေတော့သည်။

ကျွန်တော်တုန့်ဆိုင်းထစ်ငေါ့နေသည့်အဖြစ်ကို သူကြီးသား ဦးကြီးက ရိပ်စားမိလို့လေလား..။ သူ့အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြသည်.။ ထိုစာရွက်ပေါ်တွင် ကြည့်မြင်တိုင်က, လမ်းအမည်, အိမ်နံပါတ်, လူအမည်, တို့ကို ရေးထားသည်…။ လူအမည်က ဗိုလ်မှူးအေးငွေ..။

အိုး..ဗိုလ်မှူးအေးငွေဟူသည် စာရေးဆရာ ဒဂုံမြတ်လေးနွယ်..။ ဟိုး…တချိန်က မြ၀တီမဂ္ဂဇင်း အယ်ဒီတာချုပ်..။

ကျွန်တော်ကလိပ်စာကိုဖတ်အပြီး မျက်နှာကို ပြန်မော့လိုက်သည်။ ထိုစဉ် သူကြီးသား, ဦးကြီးက၊ အားတုန့်အားနာမျက်နှာ, အားကိုးတကြီးလေသံဖြင့် ပြောရှာသည်။

“ကျွန်တော်တို့နဲ့အတူလိုက်နေရရင်၊ တနေကုန်မှာပဲ။ လိပ်စာထဲကပုဂ္ဂိုလ်ဆီကိုတော့ ပို့ပေးပါဗျာ။ အဲဒီပုဂ္ဂိုလ်က အမေကြည်ဆီ လိုက်ပို့ပေးနိုင်ပါလိမ့်မယ်”

ဦးကြီးကကျွန်တော့်ကိုထွက်ပေါက်ကလေးပေးပြီး..၊ ထူးထူးခြားခြားစကားကို ဆက်ပြောသည်။

“ကျွန်တော့်ဖခင်ရှိနေတုန်းက၊ အမေကြည်က လစဉ် ငွေငါးဆယ် ကန်တော့ပါတယ်။ စာတိုက်ကတဆင့် ၀တ်မပျက် ပို့ပေးနေခဲ့တာ”

သူကြီးသား, ဦးကြီးပြောပြသည်က၊ ထူးထူးခြားခြားသတင်းစကားပါလား။ ဟိုတုန်းက ငွေငါးဆယ်ကျပ်သည်၊ သူ့ခေတ်နှင့်သူ အတော်ပင် အရာရောက်ခဲ့သည်။

“ဖက်ဆစ်တွေကို တော်လှန်တုန်းက၊ ဗိုလ်ချုပ်ကို ကျွန်တော့်ဖခင်က ကူညီခဲ့လို့ ကျေးဇူးဆပ်တာတဲ့ဗျာ။ ကျွန်တော့်ဖခင် ဆုံးပါးသွားတော့၊ အမေကြည်က မကြာခဏ သတိရနေပါသတဲ့..”

သြော်..အမေကြည်..အမေကြည်။ ခင်ပွန်းသည်ဗိုလ်ချုပ်၏လက်ရုံးရဲဘော်, ရွာသူကြီးကိုပင်၊ မမေ့မဖျောက်သူပါတကား..

“အခုကျွန်တော့်ကိုဖခင်ရဲ့ ကိုယ်ပွားအဖြစ်နဲ့ လာပါလို့ အတန်တန်မှာနေတော့၊ ကျွန်တော်ကလည်း ရန်ကုန်ကို မရောက်ဖူးဘူး။ မသွားတတ်။ မလာတတ်”

သည်ဒုက္ခမျိုးကို ကျွန်တော်ဦးခြံသူကြီးသည်လည်း တောသားဖြစ်၍၊ ဟိုးတုန်းက ကိုယ်တိုင်ကြုံခဲ့ဘူးသည်မှာ၊ အကြိမ်ကြိမ်အခါအခါ….။ “ဤသည်လည်း..တဒုက္ခ”ကို ကျော်လွှားဖို့၊ ဦးကြီး၏ ကံဇာတာက အချိန်တန်လာလေပြီ။

“မောင်အညာသားနဲ့စကားစပ်မိတော့မှ၊ ဟာ..ဦးကြီး..မပူနဲ့..။ ရန်ကုန်မှာ ကျွန်တော့် အစ်ကိုကြီးရှိတယ်။ ကားလည်း ရှိတယ်..တဲ့။ ဒါနဲ့ပဲ မောင်အညာသားကို အားကိုးပြီး လာခဲ့ရတာပေါ့ဗျာ။ ..”

သူကြီးသား, ဦးကြီး၏စကားက, ကျစ်သည်။ စေ့သည်..။ ထိသည်..။ စုံသည်..။ အကြွင်းအလပ်မရှိ..။

“ဟိုက်..မောင်အညာသား, ရေ့..။ မောင်မင်းကြီးသားဝိဂြိုလ်ပြုထားတဲ့ ’တောသား, အညာသား, အ.တ.တ, စာဖတ်စမ်း, မဖတ်တတ်’ ဆိုတာ မဟုတ်ပါလား။ သူကြီးသား, ဦးကြီးက အစ်ကိုယ်ကြီးရဲ့ ရင်ထဲက အကျဉ်းအကြပ်ကို အကဲခတ်ပြီး၊ စာဖတ်သွားပါပြီလားကွယ်”

ကျွန်တော့်ရင်တွင်းဖြစ်စကားကို.၊ ကျွန်တော်ကမောင်အညာသားအား ပြောပြချင်သည်။ သို့သော်..ဧည်သည်ဦးကြီးက ရှိနေသဖြင့်၊ သည်စကားကို ကျွန်တော့်ရင်ထဲတွင် အစီအရီ သိမ်းဆည်းထားလိုက်ရတော့သည်။

(၆)

လိုရင်းအစ, ပြန်ကောက်ရလျှင်….၊ နောက်နေ့နံနက်စောစော အဆာပြေစားပြီးသော်၊ ရွှေဧည့်သည်နှစ်ဦးကို ’ချွေးနှီးစာအရောင်မှိန်စီးတော်ကား’ ပေါ်တင်ကာ..၊ ဗိုလ်မှူးအေးငွေဆီ သုတ်သုတ်နှင်ခဲ့သည်။

လိုရာခရီးသို့ရောက်သော်၊ သရက်ချောင်းရွာသူကြီး၏သား, ဦးကြီးကို..၊ ဗိုလ်မှူးအေးငွေအား မိတ်ဆက်ပေးကာ အပ်နှံလိုက်သည်။

ဗိုလ်မှူးအေးငွေခမျာ တကြိမ်မျှ မတွေ့မြင်ဘူးသော ရွှေဧည့်သည်ဦးကြီးရောက်လာတော့ ပျော်လို့မဆုံး တပြုံးပြုံးနှင့် ခင်မင်ဖေါ်ရွေလွန်းလှသည်။ ထိုစဉ်ကဗိုလ်မှူးအေးငွေ၏မျက်နှာကို မြင်တွေ့ရတော့၊ “တိမ်စင်သောလပြည့်ည ဖိုးရွှေလမင်းကြီးကို မြင်တွေ့နေရသည့်နှယ်” ဟု ကြားဖူးသည့်စကားကို အမှတ်ရမိသည်။

ဗိုလ်မှူးအေးငွေအိမ်ကဧည့်ဝတ်ပြုသည်များကို စားသောက်၍ ပြီးကြသော်….၊ ဗိုလ်မှူးအေးငွေက ဆိုလေသည်။

“ကဲ..သွားကြစို့”

ကျွန်တော်တို့အားလုံးကားပေါ်ရောက်တော့၊ ဗိုလ်မှူးအေးငွေကဆိုပြန်သည်။

“ဗိုလ်ချုပ်ဈေးကိုပို့ပေးပါလားဗျာ။ ကိုကျော်သာကဗိုလ်ချုပ်ဈေးမှာ”

ဗိုလ်ချုပ်ဈေးဆီကျွန်တော်မောင်းပြီ..။ ဗိုလ်ချုပ်ဈေးရောက်တော့၊ ဗိုလ်မှူးအေးငွေက “ခဏလေးစောင့်ကြပါဗျာ..။ ကိုကျော်သာဆီသွားလိုက်ဦးမယ်” ဟု ပြောပြောဆိုဆို ခပ်သွက်သွက်လျှောက်သွားလေသည်။

ခဏအတွင်းမှာပင်ဗိုလ်မှူးအေးငွေပြန်ရောက်လာသည်။ မြန်မြန် သုတ်ခြေတင်ခဲ့သည်ကို သူ၏မျက်နှာပေါ်က ချွေးသီးချွေးပေါက်များက ဖေါ်ပြနေသည်။

မောသည်ပမ်းသည်ဟုသဘောမထားပုံကိုလည်း..၊ သူ၏မျက်နှာပေါ်က လန်းဆန်းသော အပြုံးများက ဖေါ်ပြနေပြန်သည်။

အပြုံးမပျက်ပဲလက်ကိုင်ပုဝါဖြင့်ချွေးသီးချွေးပေါက်များကို သုတ်လိုက်သည်။ ပြီးတော့ အားရပါးရလေသံဖြင့် ကျွန်တော့်အားပြောလေသည်။

“ကျေးဇူးတင်လိုက်တာ။ တကယ်ပါဗျာ။ ကျွန်တော်တို့မှာမျှော်လိုက်ရတာ။ အခုမှပဲ စိတ်ထဲ ပေါ့သွားတော့တယ်”

ဟုတ်ပေလိမ့်မည်။ ဗိုလ်မှူးအေးငွေခမျာဧည့်သည်များကိုတွေ့အပြီး..၊ သရက်ချောင်းရွာသူကြီး၏သားမှန်း သိရကတည်းက၊ ရွှင်မြူးနေလေတော့သည်။

“ဧည့်သည်တွေကိုကျွန်တော်ခေါ်ထားလိုက်မယ်နော်။ လာမကြိုပါနဲ့ဗျာ။ အပြန်ကိစ္စကို ကျွန်တော်တို့ပဲ စီစဉ်ပါ့မယ်။ ကျေးဇူးတင်ပါတယ်ဗျာ”

ဧည့်သည်များကိုဗိုလ်မှူးအေးငွေနှင့်ထားခဲ့ပြီး၊ ကျွန်တော်အိမ်ပြန်လာခဲ့သည်။ ကားမောင်းရင်း ကျွန်တော် စဉ်းစားလာသည်။

(၇)

ဧည့်သည်များရောက်လာကြသည်ကြောင့်၊ ဗိုလ်မှူးအေးငွေကပင် သည်မျှပျော်နေလျှင်၊ အမေကြည်က ဘယ်မျှထိ ပျော်လေမည်နည်း။

ဟော..အမေကြည်ခမျာမျှော်တော်ဇောနှင့်မောနေရသောသရက်ချောင်းရွာသူကြီး၏သားဖြစ်သူ၊ တကြိမ်တခါမျှ မတွေ့ဘူး မမြင်ဘူးသူကို၊ ယခုနာရီပိုင်းအတွင်းမှာပင် ၀မ်းသာအယ်လဲ ကြိုဆိုရတော့မည်….။ နွေးထွေးသမှု ဧည့်ဝတ်ပြုရတော့မည်..။ ၀မ်းသာလိုက်မည့်ဖြစ်ခြင်း..။

သို့သော်..သို့သော်…

နေစောင်းချိန်တွင်ဧည့်သည်များအမေကြည်ထံမှပြန်ကြမည်။ ထိုနေ့ညကာလ အိပ်ယာဝင်, မှေးစက်သောခါတွင် -

အမေကြည့်အာရုံထဲသူကြီးသားဦးကြီး၏ပုံရိပ်ကပေါ်လာလေမည်လား..။

တဆက်တည်းပင်..၊ ဦးကြီး၏ဖခင်သရက်ချောင်းကျေးရွာသူကြီး..၊ မိမိခင်ပွန်းသည်၏ လက်ရုံးရဲဘော်ကြီးကို တသသ, သတိရနေလေမည်လား..။

သရက်ချောင်းရွာသူကြီးကဲ့သို့သောအခြားလက်ရုံးရဲဘော်များ၊ တစ်ယောက်ပြီး တစ်ယောက်၊ အမေကြည့်အာရုံထဲ ၀င်ရောက်လာကြလေမည်လား..။

ထို့ပြင်တ၀ အမေကြည်..အမေကြည်..

ကျွန်တော်၏နှုတ်မှ, မထွက်ရက်သည့်, ထိုထိုပုဂ္ဂိုလ်ကြီးအတွက်၊ လွမ်းတသသ, ဆွေးတမြမြဖြစ်ကာ၊ လွမ်းဆွေးဝေဒနာကို ရင်တနင့်နင့်ခံစားရင်း၊ ဘယ်လှိမ့်လို့, ညာလူးကာ, ဒီညတာအိပ်လို့ ပျော်နိုင်ပါဦးမှာလား..ထိုအမေ..။

ခင်ပွန်းသည်ဗိုလ်ချုပ်ထားရစ်ခဲ့သည့်“ရဲဘော်ရဲဘက်ဝတ္တရား”တွေကို၊ အမေက အားတက်သရော ထမ်းဆောင်နေနိုင်တာ၊ ဘယ်လို စိတ်တန်ခိုးကြောင့်လေလဲ ဆိုတာကို၊ ကျွန်တော် စူးစမ်းရပါဦးမည်…ထိုအမေ..။

ကျွန်တော်ဦးခြံသူကြီး၏အာရုံက“ထိုအမေမှသည်, ဤသမီးဆီသို့” လှည့်သွားသည်။

(၈)

ထိုအမေ, ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် ၏ ဤသမီး -

ဤသမီး, ဒေါ်အောင်ဆန်းစုကြည်သည်လည်း….၊ သစ္စာရှိ လုပ်ဖေါ်ကိုင်ဘက်, ရဲဘော်ရဲဘက်များအပေါ်၊ နိုင်ငံရေးဝတ္တရား ကျေလှသည်....။

နိုင်ငံရေးမှာတစ်ချက်ကလေးမျှမှားသည်နှင့်၊ စိတ်မော, လူမော, ငွေမျော, လူနာ, အနစ်နာမျိုးစုံခံခဲ့သမျှ၊ ပြောင်တလင်း ခါကုန်တော့သည်..။ ထို့မျှနှင့်မရပ်သေး.။

နိုင်ငံရေးလမ်းဘေးကိုချော်ကာကျမည်။ ထိုမှတဖန် နိုင်ငံရေးရေဆိုးမြောင်းထဲ စိုက်ကျသွားပြီး ညစ်ညမ်းပေတူး နံစော်ကာ လူရှောင်ခံဘ၀ဆိုးတွင် “ကိုလူရှောင်” “မလူရှောင်”များ ဖြစ်ကုန်တော့မည်။

ထိုသို့အဖြစ်မဆိုးရစေရန် တိုးတိုးတိတ်တိတ်, မသိမသာ, လိမ္မာစွာဖြင့်..၊ မိမိ၏ ရဲဘော်ရဲဘက်များကို “ထိန်း”သည်။ “လက်တွဲ”ခေါ်သည်။

ဤကိစ္စကိုကျွန်တော်ဦးခြံသူကြီးက.၊ အကောင်အထည်လိုက် ထုတ်ပြနိုင်သော်ငြား၊ မလျော်မသင့်၍ ကိုယ့်ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ၏။

(၉)

ဤသို့ဤနှယ်အိမ်အပြန်ကားမောင်းရင်းတွေး.။ တွေးရင်းကားမောင်း..။ သို့ဖြင့် အိမ်ကိုနွမ်းလျစွာ ပြန်ကာ ရောက်ပြီဖြစ်၍…၊ ဤတွင် ဇာတ်လမ်းဆုံးခန်း ရောက်လေပြီ။ ။

ဦးခြံသူကြီး [6:03PM;Jan 17, 2012]

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved