မျိုးဆက်သစ် စာနယ်ဇင်းသမားတို့ရဲ့ အသံ

Thursday, June 21, 2012



ဖူးငုံတို့ အတွက် စာနယ်ဇင်းရဲ့ အနှစ် အရသာကို ချစ်မြတ်နိုးပြီး ပြည်သူတွေ အတွက် ပေးဆပ်ဖို့ စာနယ်ဇင်း လောကထဲကို ၀င်ရောက် လာကြတဲ့ မျိုးဆက်သစ် စာနယ်ဇင်း သမားတွေနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

သူတို့တွေကတော့ MIJ(Myanmar Independent Journal) ဂျာနယ် အတွက် လေ့ကျင့်မှုတွေ လုပ်နေကြပြီး မကြာခင်မှာ ပရိသတ်တွေက သူတို့ရဲ့ ကြိုးစားမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင် ကြရတော့မှာပါ။ သူတို့တွေရဲ့ စာနယ်ဇင်း သမား အဖြစ် ခံယူဖို့ ဆုံးဖြတ်ခဲ့ ပုံတွေ၊ စာနယ်ဇင်း လောကအပေါ် ခံယူချက် တွေနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အကြောင်း မေးမြန်း ဖြစ်ခဲ့ပါတယ်။

ပထမဆုံး အနေနဲ့ စာနယ်ဇင်းသမား အဖြစ် ခံယူဖို့ ဆုံးဖြတ်ခဲ့ပုံနဲ့ စာနယ်ဇင်း အပေါ် ခံယူချက်တွေကို မေးကြည့်တဲ့ အခါမှာ ကိုရဲထွဋ်၊ ထက်ထက်စုအောင်၊ ကိုဘိုမျိုးမြင့်ညိမ်းဂျူးဝေနိုင်ခိုင်ရွှေရည် အောင်သိုက်နဲ့ ထင်ရမ်တို့ ဖြေကြားထားတာက-

ကိုရဲထွဋ်။ ။ သတင်း အမှန်ပေးချင်လို့ စာနယ်ဇင်း လောကထဲ ၀င်ခဲ့တာပါ။ ကျွန်တော်က အတွေ့အကြုံ လုံးဝမရှိဘဲ ဒီ MIJ ကို ရောက်လာခဲ့တာ။ MIJ က ကျွန်တော်တို့ကို စာနယ်ဇင်းနဲ့ ပတ်သက်ပြီး Journalism 101 ကို သင်ကြားပေးတယ်။ စာနယ်ဇင်း လောကထဲကို ၀င်ပြီး ကိုယ်တိုင်သတင်းတွေ လေ့ကျင့် ရေးသားတော့မှ သတင်းကို ဝေဖန်ရတာ လွယ်တယ်။ ကိုယ်တိုင် ရေးတော့မှ အခက်အခဲတွေ ရှိလာတယ်။ အဲဒါကြောင့် ကျွန်တော်ထပ်ပြီး ကြိုး စားရဦးမှာပါ။ ကျွန်တော် ထင်တယ်။ မီဒီယာဆိုတာ ပွဲစား တစ်ယောက်လိုပေါ့။

ထက်ထက်စုအောင်။ ။ ညီမက သတင်း အမှောင်ချ ခံထားတဲ့ နှစ်တွေကို ဖြတ်သန်း လာခဲ့ရတော့ သတင်း အမှန်ကို လိုချင်တယ်။ ပြီးတော့ ပြည်သူ လူထုကိုလည်း သတင်း အမှန်တွေ ချပြချင်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမား ဖြစ်ချင်တာပါ။ ညီမ အခုကြုံတွေ့ရတာက ပြည်သူလူထုဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုဖို့ မပြောနဲ့၊ ဘာအခွင့်အရေးတွေ ရသင့်မှန်းတောင် မသိကြဘူး။ မွေးရာပါ လူ့အခွင့်အရေး ဆိုတာလည်း သူတို့ မသိကြဘူး။ အဲဒါမျိုးတွေကို ပြည်သူတွေ သိလာအောင် ရေးပြချင်တယ်။ ရေးပြနိုင်အောင်လည်း ကြိုးစား နေပါတယ်။

ကိုဘိုမျိုးမြင့်ညိမ်း။ ။ ကျွန်တော်က စာပေ အသိုင်းအ၀ိုင်းထဲမှာ ကြီးပြင်း လာရတာပါ။ ဒါပေမဲ့ စာပေ လွတ်လပ်ခွင့် မရှိတာ သိလို့ စာနယ်ဇင်းကိုလည်း စိတ်မ၀င်စားခဲ့ပါဘူး။ သမိုင်းကြောင်း ဆိုင်ရာ အင်တာဗျူးတွေကို လုပ်လာပြီး နောက်ပိုင်းမှ စာနယ်ဇင်းကို စိတ်ပါလာတယ်။ လွတ်လပ်လာတယ်လို့လည်း ထင်တယ်။ အဲဒါနဲ့ စာနယ်ဇင်း လောကထဲကို ၀င်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီလိုဆုံးဖြတ်ပြီး ဒီ MIJ ကို ရောက်လာတယ်။ MIJ က သင်တဲ့ Journalism 101 ကို တက်ရတော့မှ စာနယ်ဇင်းဟာ တိုင်းပြည်အတွက် ဘယ်လောက်ထိ လိုအပ်လဲဆိုတာ သိလာတယ်။ စာနယ်ဇင်းရဲ့ တာဝန်တွေ၊ ကျင့်ဝတ်တွေကို သိလာရတယ်။

ဂျူးဝေနိုင်။ ။ ညီမက ကချင်ပြည်နယ်က လာတာပါ။ အရင်တုန်းက စုံစမ်း စစ်ဆေးရေး အပိုင်းကို အဓိက ၀ါသနာ ပါခဲ့တယ်။ အစိုးရရဲ့အခက်အခဲကို ပြည်သူတွေ သိဖို့၊ ပြည်သူတွေရဲ့ အခက်အခဲကို အစိုးရ သိဖို့ ကြားခံနယ် တစ်ခု အနေနဲ့ ဆောင်ရွက်ချင်တယ်။ ပြည်သူ တစ်ယောက်က သတင်း အားလုံးကို မသိနိုင်ဘူးလေ။ ဂျာနယ်တွေနဲ့ မီဒီယာတွေမှာ ကျတော့ တစ်ပြိုင်နက်တည်းမှာ သတင်းမျိုးစုံ ပါဝင်နိုင်တယ်။ စာနယ်ဇင်း သမားတွေရဲ့ အရည်အချင်း အပေါ် မူတည်ပြီး သတင်းကောင်းတွေ၊ ခိုင်မာ တိကျတဲ့ သတင်းတွေ ရနိုင်တယ်။ စာနယ်ဇင်းဟာ ပြည်သူတွေ အတွက် တော်တော်ကြီး လိုအပ်တာ တွေ့ရတယ်။ အဲဒါနဲ့ စာနယ်ဇင်းလောကထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ MIJ ရဲ့ ကြော်ငြာကိုတွေ့ပြီး လျှောက်လွှာတင်ခဲ့ တယ်။ အဆင့် ၂ အရွေးခံပြီး သင်တန်းတက်ခွင့် ရခဲ့တယ်။ သင်တန်းက သင်ပေးတဲ့ Journalism 101 ဟာ တကယ့် စာနယ်ဇင်းရဲ့ အခြေခံပဲ။ သင်တန်းမှာ တဖြည်းဖြည်း ကြာလာလေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာလေပဲ။ တကယ့် သတင်း လိုက်ရမယ့် အချိန်မှာ သတင်းသမားရဲ့ ၀ိညာဉ် ပူးကပ်သလို ခံစားရတယ်။ သတင်းတစ်ပုဒ်ရဲ့ အတိကျဆုံး အရင်းအမြစ် အထိ လိုက်ရတာ ပင်ပန်း ရမှန်းတောင် မသိတော့ ဘူး။ စိတ်ထဲမှာ ပြည်သူတွေကို သတင်းမှန် ပေးချင်တဲ့ စိတ်ပဲ ရှိတော့တယ်။

ခိုင်ရွှေရည်။ ။ ညီမ တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေနေတဲ့ အချိန်မှာ ၂၀၀၇ ရွှေဝါ ရောင် တော်လှန်ရေး ဖြစ်ခဲ့ပါတယ်။ အဲဒီမြင်ကွင်း၊ အဲဒီ အဖြစ်အပျက်ကို ကြည့်ခဲ့မြင်ခဲ့ ရပါတယ်။ ဒါပေမဲ့ ညီမ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ အဲဒီမှာ ညီမ ဆုံးဖြတ်ချက် တစ်ခု ချခဲ့တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဖိနှိပ်မှုတွေကို ပြည်သူတွေ အားလုံးလည်း သိရမယ်။ တစ်ကမ္ဘာလုံးလည်း သိစေချင်တယ်”ဆို တဲ့ စိတ်မျိုး ၀င်သွားတယ်။ အဲဒီကစပြီး သတင်းစာ ပုံမှန် ဖတ်ဖြစ်တယ်။ ရေဒီယို နားထောင်ဖြစ်တယ်။ သတင်းဆိုတာ ဘာလဲလို့ လေ့လာခဲ့ တယ်။ ဂျာနယ်ထဲမှာ သတင်းထောက် အလိုရှိသည်။ အတွေ့အကြုံ မလိုဆိုတဲ့ ကြော်ငြာတွေ့တော့ လျှောက်လွှာ တင်ခဲ့တယ်။ အင်တာဗျူးတွေ ဖြေပြီးတော့ သင်တန်း တက်ခွင့်ရတယ်။ သင်တန်းမှာ သင်ရတဲ့အခါ သတင်းရဲ့တန်ဖိုး သတင်း ရဲ့ သက်ရောက်မှုဟာ ပြည်သူလူထု အတွက် ဘယ်လောက် လိုအပ်မှန်း ပိုပြီး သိလာတယ်။ လူတွေ အားလုံးအတွက် စာနယ်ဇင်းဟာ တကယ်လို အပ်တာ သိလာတယ်။ မှန်ကန်တာတွေ အားလုံးကို ပြည်သူတွေကို ချပြဖို့ ဆုံးဖြတ်ထားတယ်။

အောင်သိုက်။ ။ ကျွန်တော်က ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်မှာ ရှိတဲ့ ကျေးရွာလေး တစ်ခုက နေ ဒီရန်ကုန်ကို ရောက်လာတာပါ။ ကျွန်တော် အရင်က စာရေးဆရာ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ နယ်မှာက ပညာတတ် နည်းပါးမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတွေ ရှိနေတယ်။ အဲဒါတွေကိုလည်း ကျွန်တော် အကူ အညီပေးချင်ခဲ့တယ်။ တစ်နေ့မှာ ကျွန်တော်ဂျာနယ် ဖတ်ရင်း သတင်းထောက် အလိုရှိသည် ကြော်ငြာကို တွေ့ရတယ်။ အဲဒီမှာ ကျွန်တော် စဉ်းစားမိတယ်။ ငါသတင်းထောက် ဖြစ်ရင် ငါ့နယ်အတွက်သာ မက တိုင်းပြည်မှာ ရှိတဲ့ ပြည်သူ အားလုံးကို အကျိုးပြု နိုင်မယ်လို့ပေါ့။ အဲဒါနဲ့ ကျွန်တော် သတင်းထောက် လုပ်ဖို့အတွက် လျှောက်လွှာ တင်လိုက်တယ်။ တိကျခိုင်လုံတဲ့ သတင်းတွေကို ပြည်သူတွေ သိဖို့ကျွန်တော် ကြိုး စားမှာပါ။

ထင်ရမ်။ ။ ကျွန်တော်က ရ၀မ် ကချင်တိုင်း ရင်းသားဗျ။ ပူတာအိုမြို့နယ် နောင်မွန်ရွာက လာခဲ့တာ။ အစက ကျွန်တော် စာနယ်ဇင်းထဲကို ၀င်ဖို့ ဆုံးဖြတ်တာက သတင်းအမှန်တွေ ပြည်သူ ကိုပေးချင်လို့ပါ။ တိုင်းရင်းသား ရေးရာသတင်း တွေကိုလည်း ကျွန်တော် စိတ်ဝင်တစားရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က မြန်မာစ ကားလုံး မကြွယ် ၀ဘူးဖြစ်နေတယ်။ စာဖတ်သူနားလည်အောင် ရေးပြဖို့ကို အတော်အခက်တွေ့ရတယ်။ အဲဒီမှာ ကျွန်တော် သတင်းတွေကို ရှာဖွေတဲ့သူ မလုပ်တော့ဘဲသူများတွေ လိုက်ခဲ့တဲ့သတင်းတွေ ကို ပြည်သူလူထု လက်ထဲရောက်အောင် လုပ်ပေး ရတဲ့ ဒီဇိုင်းဌာနကို ပြောင်းခဲ့တယ်။ ကိုယ်တိုင် သတင်း မရေးရပေမဲ့ သူများရေးတဲ့ သတင်းတွေ ကို ကျွန်တော် ကျွမ်းကျင်တဲ့ ဒီဇိုင်းပညာနဲ့ အစွမ်း ကုန်ပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားတယ်။ နောက်ပိုင်းမှာတိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေဒီယိုကနေတစ်ဆင့် အသံနဲ့လွှင့် ခွင့်ရမယ်ဆိုရင် ကျွန်တော် သတင်းသမားတစ်ယောက် လုပ်ဖြစ် ဦးမှာပါ။ သတင်းအမှန်ဟာ လူသားအားလုံး အတွက် အပြည့်အ၀လိုအပ်တာကြောင့် ကျွန်တော်သတင်းသမား တစ်ယောက်အဖြစ်ရတဲ့ နေရာကနေ ဆက်လက်လုပ် ဆောင်နေဦးမှာပါ။
ဆက်လက်ပြီး မြန်မာပြည်ရဲ့ စာနယ်ဇင်း လောကနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် တွေအကြောင်းကို မေးမြန်းဖြစ်တဲ့ အခါမှာ သူတို့ ဖြေကြားခဲ့တာတွေကို ဖူးငုံတို့ ဖတ်ကြည့်ကြပါဦး နော်။

ကိုရဲထွဋ်။ ။ စာနယ်ဇင်း လွတ်လပ်ခွင့်က အခုဆိုရင် ၇၅ ရာခိုင်နှုန်း ရှိလာပြီလို့ ပြန် ကြားရေး ၀န်ကြီးရဲ့ မိန့်ကြားချက်တွေထဲမှာ တွေ့ရတယ်။ ရာနှုန်းပြည့် လွတ်လပ်ခွင့် ရှိလာဖို့ ကတော့ စာနယ်ဇင်း သမားတွေကပဲ ကြိုးစားသွား ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြည်သူတွေ အကျိုး မရှိတာကို ပြည်သူက ဖတ်မှာ မဟုတ်ဘူး လေ။ ပြည်သူကပဲ စာနယ်ဇင်းရဲ့ တန်ဖိုးကို ဆုံး ဖြတ်ပေးသွားမှာပါ။

ထက်ထက်စုအောင်။ ။ စာနယ်ဇင်းသမားတွေ လွတ်လပ်လား၊ မလွတ်လပ်လားဆိုတာကို ညီမ ရဲ့အတွေ့အကြုံနဲ့ ပြောပြပါမယ်။ ညီမ သတင်း တစ်ပုဒ်သွားလိုက်ပါတယ်။ ပြီးတော့ ရုံးကိုပြန်လာပြီး သတင်းရေးပါတယ်။ အဲဒီအချိန် မှာ ရုံးကို ဖုန်းဆက်ပြီး အဲဒီသတင်းအရင်း မြစ်က ရေးပြီးရင်လာပြဖို့ ပြောပါတယ်။ ဒါကိုကြည့်ရင် စာနယ်ဇင်းသမားတွေ လွတ်လပ်မှုရှိမရှိ ပြည်သူ တွေသိနိုင်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ပေးတယ် ဆိုတဲ့နေရာမှာ စည်းမရှိ ကမ်းမရှိတော့ မဟုတ်ဘူးပေါ့။ စည်းကမ်းလေးနဲ့ လုပ်စေချင် တယ်။ အမှားတွေ မလုပ်မိဖို့လည်း ဥပဒေ ချမှတ် ပြီးထားသင့်တယ်။ နိုင်ငံတကာ စာနယ်ဇင်း တွေနဲ့ ယှဉ်ကြည့်ရင် မြန်မာပြည်ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်က ကြိုးစားရဦးမှာပါ။ မီအောင် လည်း တော်တော် လိုက်ရဦးမယ်။

ကိုဘိုမျိုးမြင့်ညိမ်း။ ။ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လောကဟာ အခုချိန်ထိ သေချာ လွတ်လပ်ခွင့် မရသေးပါဘူး။ စာနယ်ဇင်းဟာ လွတ်လပ်ခွင့် ရှိဖို့ အလိုအပ်ဆုံးပါပဲ။ ဥပမာ အားဖြင့် သမ္မတလို နိုင်ငံတော် အကြီးအကဲ တွေကိုလည်း မေးမြန်းနိုင်ခွင့် ရှိမယ်ဆိုရင် စာနယ်ဇင်း လောကဟာ ပိုပြီး ခိုင်မာမှုရှိမယ်လို့ ထင်ပါတယ်။ စံချိန် စံညွှန်းနဲ့ ကိုက်ညီတဲ့` စည်းလေးတော့ ထားသင့် တာပေါ့နော်။ တစ်နိုင်ငံလုံး ဒုက္ခ ရောက်သွားနိုင်တဲ့ သတင်း အမှားမျိုး မရေးမိအောင်တော့ စာနယ် ဇင်းတွေက တာဝန် ယူရမယ်လို့ ထင်ပါတယ်။

ဂျူးဝေနိုင်။ ။ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် အခုလက်ရှိ မှာ ဌာနဆိုင်ရာတွေကို အင်တာဗျူးသွားတဲ့အခါ ဆက်ဆံရေးမပြေလည် တာတွေ ရှိတယ်။ စိစစ်ရေးအပိုင်းကလည်း အစိုး ရနဲ့ဆိုင်တဲ့ သတင်းတွေဆိုရင် ပြန်ပြီးစိစစ်ခိုင်း တာတွေ ရှိနေသေးတယ်။ ရာနှုန်းပြည့်လွတ်လပ် ခွင့်ပေးမယ်ဆိုရင် စာနယ်ဇင်းသမားတွေ ဘက်ကလည်း ဘက်လိုက်မှု မရှိအောင် ရေးရ မယ်။ ထင်မြင်ချက်တွေ၊ ယူဆချက်တွေလည်း ထည့်မရေးသင့်ဘူး။ စာနယ်ဇင်း လောကသမား အစစ်တွေအတွက် လွတ်လပ်ခွင့်ဟာ ရာနှုန်းပြည့် လိုအပ်တယ်လို့ ထင်ပါတယ်။ လွတ်လပ်ခွင့် အပေါ် လွဲမှားတဲ့ အသုံးချမှုတွေလည်း ရှိလာနိုင် ပါတယ်။ ဒါပေမဲ့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများလာနိုင်မယ်လို့ ထင်ပါတယ်။

ခိုင်ရွှေရည်။ ။ ညီမအထင် ပြောရရင်လည်း စာနယ်ဇင်း လောကဟာ အပြည့်အ၀လွတ်လပ်ခွင့် မရသေးပါဘူး။ ဒါပေမဲ့ တိုးတက်မှုတော့ ရှိလာပါတယ်။ နည်းနည်းပါပဲ။ ဒီမိုကရေစီတိုင်း ပြည်မှန်ရင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေးသင့်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့် ပေးသင့်တယ်။ လွတ်လပ်ခွင့် အပြည့်အ၀ ပေးလိုက်ရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကိုလည်း ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းသမား ကောင်း ပီသတဲ့သူတွေ အတွက်တော့ ပိုပြီး ကောင်းကျိုး ရှိနိုင်ပါတယ်။

အောင်သိုက်။ ။ စာနယ်ဇင်း လွတ်လပ်ခွင့် နေ့လို့ သတ်မှတ် ထားပေမဲ့ ကျွန်တော်တို့ မြန်မာ စာနယ်ဇင်းလောက မပါသေးဘူးလို့ ထင် တယ်ဗျ။ ဥပမာ မှုခင်း သတင်းတွေ ရေးတဲ့အခါ သတင်းရင်းမြစ်တွေ ပြန်လည်ဖြေကြားခြင်း မရှိတာ တွေ့ကြုံရတယ်။ အဲဒါကို ကြည့်ရင် စာနယ်ဇင်းလောက လွတ်လပ်လား မလွတ် လပ်လား သိနိုင်ပါတယ်။ စာနယ်ဇင်းသမား ပီသတဲ့သူတွေ များလာရင် ဆိုးကျိုးတွေနည်း လာနိုင်တယ်။ ပြည်သူတွေ အထိတ်တလန့် ဖြစ်စေတဲ့ သတင်းမျိုးတွေ၊ နိုင်ငံအကျိုးပျက် စီးစေတဲ့ သတင်းမျိုးတွေဟာ စာနယ်ဇင်း သမားတွေ ရှောင်သင့်တဲ့ သတင်းမျိုးပါ။ တိကျ ပြီး မှန်ကန်တဲ့သတင်းမျိုးတွေသာ စာနယ်ဇင်း တွေက ဖော်ပြသင့်ပါတယ်။

ထင်ရမ်။ ။ ကျွန်တော်တို့ နိုင်ငံက အခုမှ ဒီမိုကရေစီ စနစ် စတင် ကျင့်သုံးနေတဲ့ အတွက် စာနယ်ဇင်း လွတ်လပ်ခွင့် သိပ်မရှိသေးပါဘူး။ တချို့လူတွေဆိုရင် စာနယ်ဇင်းတွေက မေးရင် ဖြေဖို့ တအား ကြောက်ကြတယ်။ ဖြေလိုက်ရင် တစ်ခုခု ဖြစ်မှာကို ကြောက်ကြတာ။ ဒါပေမဲ့ အခုတော့တဖြည်းဖြည်းနဲ့ ပြည်သူတွေလည်း သတင်းရဲ့ ဆိုးကျိုးကို သိလာတယ် ထင်ပါတယ်။ စာနယ်ဇင်း လောကလည်း တဖြည်းဖြည်း လွတ်လပ်လာပါပြီ။

ဖူးငုံတို့ရေ ဖြေကြားသွားတဲ့ စကားသံတွေ ကို ကြားပြီးတော့ ဘယ်လိုများခံစားမိကြလဲရှင့်။ ကျွန်မကတော့ သူတို့ရဲ့အဖြေတွေကိုကြားပြီး ကြက်သီးတောင် ထမိသွားပါတယ်။ ပြီးတော့ သူတို့တွေရဲ့ အနာဂတ်တွေကိုလည်း မျှော်ကြည့် မိသွားတယ်။ ဒါနဲ့သူတို့တွေကို စာနယ်ဇင်းနဲ့ပတ် သက်တဲ့ ရည်မှန်းချက်တွေ မေးကြည့်လိုက်တော့ သူတို့ ဖြေသွားတာက-

ကိုရဲထွဋ်။ ။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောကဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် အနည်းငယ် နောက်ရောက်နေတယ်ဗျ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပြည်တွင်းမှာ သာမက ပြည်ပ မှာပါ အောင်မြင်တဲ့စာနယ်ဇင်းသမား ဖြစ်အောင် လုပ်မယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ မြန်မာစာနယ်ဇင်း သမားဖြစ်အောင် ကြိုးစားမယ်။ မြန်မာ့စာနယ်ဇင်း လောကကြီး ရှေ့တန်းကို ရောက်လာအောင် ကျွန်တော်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားတယ်။

ထက်ထက်စုအောင်။ ။ ညီမကကျတော့ စာနယ်ဇင်းသမားတစ်ယောက် အနေနဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သိအောင် လုပ်ပေးသွားမယ်။ ပြည်သူတွေရဲ့ မွေးရာပါ လူ့ အခွင့်အရေးဆိုတာ ဘာလဲလို့သိအောင် ပြည်သူ တွေကို တင်ပြသွားမယ်။ ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို သိသွားရင် တောင်းဆိုတာ မတောင်းဆိုတာကတော့ ပြည်သူတွေရဲ့အပိုင်းပေါ့ နော်။

ကိုဘိုမျိုးမြင့်ညိမ်း။ ။ ကျွန်တော်က ပြည်သူ တွေ အကျိုးရှိနိုင်တဲ့ သတင်းတွေ အားလုံးကို လက်လှမ်းမီသလောက် ကြိုးစားပြီး တင်ပြပေးသွား မယ်လို့ ဆုံးဖြတ်ထားတယ်။

ဂျူးဝေနိုင်။ ။ ညီမက သတင်းထူးတွေ၊ သတင်းဦးတွေကို တင်ပြနိုင်တဲ့ သတင်းထောက် ကောင်း တစ်ယောက် ဖြစ်ချင်တယ်။ ဖြစ်အောင်လည်း ကြိုးစားသွားမယ်။

ခိုင်ရွှေရည်။ ။ နယ်ပယ်တိုင်း၊ ကဏ္ဍတိုင်း အတွက် လွတ်လပ်ခွင့်တွေကို တောင်းဆိုသွား မယ်။ ဖြစ်ပျက်နေတဲ့ သတင်းတွေကို ပြည်သူ တွေသိအောင် အမှန်အတိုင်းချပြသွားမယ်။

အောင်သိုက်။ ။ ကျွန်တော်ကတော့ တိကျ ခိုင်လုံတဲ့ သတင်းမျိုးတွေ ပြည်သူတွေ တကယ် လိုအပ်တဲ့ သတင်းမျိုးတွေကို အမှန်တကယ်ဖော် ဆောင်သွားမှာပါ။

ထင်ရမ်။ ။ ကျွန်တော့် အနေနဲ့ အခုချိန်မှာ တော့ ဒီဇိုင်းပညာနဲ့ သတင်းတွေကို လူထု လက်ထဲရောက်အောင် ပံ့ပိုးပေးနေပါတယ်။ နောက်ပိုင်းမှာ ကိုယ်တိုင် သတင်းတွေရေးနိုင် အောင်လို့ ကြိုးစားပြီးလေ့လာသွားမှာပါ။ ကိုယ်တိုင် ရေးသားတဲ့သတင်းတွေကို ပြည်သူတွေ ဆီရောက်အောင်ပို့ဖို့ ကျွန်တော် ဆုံးဖြတ်ထား တယ်။

ဖူးငုံတို့ရေ၊ ဖူးငုံတို့လို ပြည်သူတွေအတွက် စာနယ်ဇင်းဟာ ဘယ် လောက်ထိ လိုအပ်သလဲ။ စာနယ်ဇင်းလောကအတွက်လည်း လွတ်လပ်ခွင့်ဟာ ဘယ်လောက် လိုအပ်သလဲ ဆိုတာတွေကို သိခဲ့ရပြီနော်။ ဒီလိုအရေးကြီးတဲ့ စာနယ်ဇင်း လောကအတွက် တစ်တပ်တစ်အား ကြိုးစား လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်တွေရဲ့ အားမာန်တွေ ကိုလည်း တွေ့မြင်ခဲ့ပြီလို့ ထင်ပါတယ်။ စာနယ် ဇင်းဟာ ပြည်သူ့အတွက် ဆိုတဲ့ အချက်ကို ဖူးငုံတို့ သိသွားပြီးဆိုရင်ဖြင့် ဒီကနေ့ စကားဝိုင်းလေးဟာ ပြုလုပ်ရ ကျိုးနပ်ရပြီပေါ့။ ဖူးငုံတို့တွေ သတင်းရဲ့ တန်ဖိုးကို ပိုပြီးသိကြပါစေလို့ ဆုတောင်းရင်း။

တင်တင်အေး

ညွှန်း - ဖူးငုံ မဂ္ဂဇင်း shweamyutay.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved