ချင်းမိုင်မြို့ နာရေး ကူညီမှု အသင်းနဲ့ အင်တာဗျူး

Wednesday, November 28, 2012







ဒီခေတ်ကာလကြီးက အနေခက်သည်ထက် အသေခက်တဲ့အခြေအနေမျိုးမှာ နာရေးကူညီမှု အသင်း ဆိုတာတွေက အခက်အခဲရှိသူတွေအတွက် အားကိုးရာ တခုဖြစ်နေတာပါ။  ဒါကြောင့်လည်း ဒီလို အသင်းတွေဟာ အခုခေတ်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာနေတာဖြစ်ပါတယ်။ 

ဒီလို နာရေး ကူညီမှု အသင်းတွေများစွာထဲက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က စေတနာ နာရေး ကူညီမှု အသင်း လည်း ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် အားကိုးရာ ဖြစ်ပါတယ်။

ချင်းမိုင်မြို့က စေတနာ နာရေး ကူညီမှုအသင်းဟာ ယခုနှစ် နိုင်ဝင်ဘာလ ၂၇ ရက်နေ့မှာတော့ အသင်း တည်ထောင်ခဲ့တာ ၄ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ထိုင်းရောက် မြန်မာတွေနဲ့ပတ်သက်ပြီး ကြုံတွေ့ ကြားသိနေ ရတဲ့ ကြေကွဲဖွယ်နာရေး ကိစ္စတွေကို အကြောင်းပြုပြီး လက်လှမ်းမီရာ မြန်မာနိုင်ငံသားတချို့က ဦးဆောင်ပြီး ဖွဲ့ခဲ့တာပါ။ 


စေတနာ နာရေး ကူညီမှု အသင်းက ဒေသတွင်းရောက်လာကြတဲ့ မြန်မာတွေရဲ့ နာရေး ကိစ္စများကို အဆင် ပြေစေဖို့ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ အခြေစိုက်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ က စတင်ဖွဲ့စည်းခဲ့ပါတယ်။ 

 စေတနာ နာရေး ကူညီမှု အသင်း ၄ နှစ်ပြည့်တွင် ကွယ်လွန်သွားသူများအတွက် အလှူရေစက်ချ အမျှဝေပွဲ  

အခုလို စေတနာ နာရေး ကူညီမှု အသင်း ၄ နှစ်ပြည့်ချိန်မှာတော့ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ကွယ်လွန်သွားသူတွေအတွက် ရည်စူးပြီး မေတ္တာပို့ အမျှအတန်းဝေနိုင်ဖို့ အလှူဒါန ပြုပွဲတခု ကျင်းပခဲ့ပါတယ်။



စေတနာ နာရေး ကူညီမှုအသင်းနဲ့ပတ်သက်ပြီး အသင်း ဥက္ကဋ္ဌ မမီးမီး (ခ) ဒေါ်လှလှသီ ကို ဧရာဝတီ သတင်းဌာနက အိမ့်သံစဉ်က မေးမြန်း ထားပါတယ်။ 

ချင်းမိုင်မြို့ စေတနာ နာရေး ကူညီမှု အသင်း ဥက္ကဌ  မမီးမီး (ခ) ဒေါ်လှလှသီ

မေး။      ။ စေတနာ နာရေးကူညီမှုအသင်းဖြစ်ပေါ်လာပုံနဲ့ ဖွဲ့စည်းထားပုံလေး ရှင်းပြပေးပါလား။ 

ဖြေ။   ။ ကျမတို့ စေတနာ နာရေး အသင်းကို လွန်ခဲ့တဲ့ ၄ နှစ် ၂၇ ရက်နေ့ ၁၁ လ ၂၀၀၈ ခုနှစ်မှာ သူငယ်ချင်းတွေနဲ့ စု ပေါင်းပြီး မြန်မာပြည်သူပြည်သားတွေရဲ့ အခက်အခဲတွေကို ကူညီဖို့ ဒီလို အသင်းလေး ထူထောင်ကြရအောင်ပြောပြီး စတင် ပြီး တည်ထောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ရောက်နေကြ တဲ့ မြန်မာတွေ အနေနဲ့ "သာ" ရေးမှာ သိပ်ကိစ္စ မရှိပေမယ့် နာရေး ကျ တော့ အလောင်းကို ဘယ်လို သဂြိုလ်ရမှန်း မသိ၊ သချုင်္ိင်း ဘယ်မှာမှန်း မသိတာတွေ၊ အလောင်းတွေ ဘယ်လို လုပ်ရမှန်းမသိလို့ ဆေးရုံမှာ ငိုနေတာ သိရ ကြားရတာ များတော့ အမတို့က ဒီလိုမျိုး ကိုယ့် မြန်မာပြည်သူ အချင်းချင်း လူမျိုးမရွေး ဘာသာမရွေး အမတို့ ကူညီရအောင်ဆိုပြီး အသင်းကို သူငယ်ချင်း ၁၅ ယောက်နဲ့ စတင် ဖွဲ့စည်းပြီးဖြစ်ပေါ်လာခဲ့ တာ ပေါ့နော်။

မေး။        ။ အခုလို ၄ နှစ်ကာလအတွင်းမှာ နာရေး ဘယ်နှစ်ခုလောက် ကူညီလုပ်ဆောင်ပေးခဲ့ပါလဲ။ 

ဖြေ။    ။ ကျမတို့ ၄ နှစ်ကာလအတွင်းမှာ နာရေး အလောင်း ၅၀ လောက်တော့ ကူညီခဲ့ရပါတယ်။ 

မေး။   ။ စေတနာ နာရေးကူညီမှုရဲ့ ရံပုံငွေနဲ့ ဘဏ္ဍာရေးက ဘယ်လို စုဆောင်းရရှိပါလဲ။ 

ဖြေ။   ။ ရံပုံငွေကတော့ ကျမတို့ သူငယ်ချင်းအသိုင်းအ၀ိုင်းက စတင် မ, တည်ပြီး လက်လှမ်းမီသလောက် ထိုင်းမှာ ရှိတဲ့ မြန်မာပြည်သားတွေကို ရှင်းပြတဲ့အခါမှာ အသင်းဝင်တွေ ဖြစ်လာပြီး အသင်းဝင်တွေအနေနဲ့ တလကို ဘတ်ငွေ ၁၀၀ နှုန်း နဲ့ ကောက်ခံပါတယ်။ ဒါပေမယ့် အသင်းကို ပုံမှန်ထည့်ပေးတဲ့ သူတွေ ရှိသလို တချို့က အလုပ် အဆင်မပြေရင်လည်း လ စဉ် တော့ ပုံမှန် မပေးနိုင်ဘူး။ ဒါပေမယ့် ကျမတို့ရဲ့လုပ်ဆောင်ချက် တွေကို တခြား အပြင်က သူငယ်ချင်း မိတ်ဆွေတွေ၊ ရပ်ဝေးက သူငယ်ချင်း မိတ်ဆွေတွေ မြင်လာတဲ့ အချိန်မှာ ကျမတို့ကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးခဲ့တာပါ။ 


မေး။    ။ စေတနာ နာရေးကူညီမှု အသင်းအနေနဲ့ နာရေး ကိစ္စ အပြင် တခြား ဘာတွေ ကူညီ လုပ်ဆောင် တာမျိုးလုပ်တာရော ရှိပါသလား။ 

ဖြေ။   ။ ကျမတို့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ နာရေးကူညီမှုက လက်လှမ်းမီတာနည်းနေတယ်။ အသင်းဝင် တွေကလည်း ရှိနေတယ် ဆိုတော့ အသင်းရဲ့ ကိုယ်စားအဖြစ် ကျမတို့က (ထိုင်းနိုင်ငံ မဲဆောက်မြို့က) ဆရာမ စင်သီယာမောင် ဆေး ခန်းမှာ အခက်အခဲလေး ရှိနေတယ်ဆိုတဲ့အချိန်မှာ ကျမတို့ ဆရာမ စင်သီယာမောင်ကို ရံပုံငွေအဖြစ် ကူညီခဲ့တယ်။ ဆန်ရယ်၊ ရံပုံငွေရယ်ပေါ့။  နောက် ရောင်နီဦး အထက ကျောင်း၊ အဝေးရောက် ဧရာဝတီ မိဘမဲ့ ကလေးတွေရယ်၊ နောက် မြ၀တီက စေတနာ နာရေးကူညီမှုအသင်း၊ အဲလိုမျိုးပေါ့နော်။   နောက် ပြီးတော့ လွန်ခဲ့တဲ့ လမှာပဲ ၈၈ မျိုးဆက်ကျောင်းသားတွေ ကနေ တဆင့် ကချင်ဒုက္ခသည်တွေ အတွက် လည်း လှူဒါန်းခဲ့ပါသေးတယ်။ အစတုန်းကတော့ ကျမတို့က စေတနာ အသင်းဟာ နာရေးအတွက် လို့ ဖွဲ့ထားခဲ့ပေမယ့် ရံပုံငွေလည်း ရှိနေတယ်၊ နောက်ပြီး တော့ နာရေးကလည်း လက်လှမ်းမီ နည်းနေ တဲ့ အတွက် ကျမတို့ တခြား ဒုက္ခရောက်နေတဲ့ အဖွဲ့အစည်း လေးတွေ၊ ကျမတို့ရဲ့ မြန်မာ ပြည်သူ ပြည်သား မိတ်ဆွေတွေကိုလည်း ကူညီဖို့ ကျမတို့ ဆုံးဖြတ်ပြီး ဒီလိုမျိုး ဆောင် ရွက်ခဲ့တာပါ။ 

မေး။   ။ အမတို့ စေတနာ နာရေး ကူညီမှု အသင်းအနေနဲ့ ရန်ကုန်မှာ ရှိတဲ့ နာရေးကူညီမှု အသင်းက ဦးကျော်သူတို့နဲ့ ရော ချိတ်ဆက်ထားတာ ရှိပါသလား။ 

ဖြေ။    ။ အခုချိန်ထိ တိုက်ရိုက်တော့ ချိတ်ဆက်မှု မရှိသေးပါဘူး။ ကျမတို့ လွန်ခဲ့တဲ့ အချိန်တုန်းက ဦးကျော်သူတို့ အ တွက် ဆိုပြီးတော့ လှူဒါန်းခဲ့ပါသေးတယ်။ ကျမတို့ စေတနာ နာရေး ကူညီမှု အသင်း အနေနဲ့လည်း ဦးကျော်သူတို့ နာရေး ကူညီမှု အသင်းနဲ့ ချိတ်ဆက်ဖို့ ဆန္ဒရှိပါတယ်။ အဆက်အသွယ် မရှိသေးလို့ပါ။ 

မေး။   ။ စေတနာ နာရေး ကူညီမှု အသင်းက ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ ရှိပါလဲ။ 

ဖြေ။   ။ ကျမတို့က ဒီအသင်းကြီးကို တည်တံ့ခိုင်မြဲဖို့ တရားဝင် အဖွဲ့အစည်းဖြစ်ဖို့ ဆုံးဖြတ်ထားပါတယ်။ မကြာခင်မှာ ဒီအသင်းကို တရားဝင် အဖွဲ့အစည်းဖြစ်ဖို့ လုပ်မှာပါ။ ဒီထိုင်းမှာက အလောင်းတွေ သွားပြီး ထုတ်တဲ့အခါမှာ တချို့ဆိုရင် အမှုတွေလည်း ရှိတယ်လေ။ ကားတိုက်သေတာ ရှိသလို လူသတ်မှုတွေလည်း ရှိတယ်။ ကျမတို့အတွက် ရုံးတွေ၊ ရဲစခန်း တွေ ဆက်သွယ်တဲ့အချိန်မှာ နည်းနည်း အခက် အခဲလေးတော့ ရှိတယ်ပေါ့နော်။ တရားဝင် ဖြစ်တယ်ဆိုလို့ရှိရင်တော့ ပို လွယ်ကူမယ်လေ။ ဒါကြောင့် ကျမတို့ တရားဝင် အဖွဲ့အစည်း တခုဖြစ်ဖို့ စီစဉ်နေပါတယ်။ 

မေး။   ။ အသင်းက ထိုင်းနိုင်ငံမှာ တရားဝင် အဖွဲ့အစည်းမဖြစ်သေးတဲ့ အချိန်မှာ အခုလိုလုပ်ဆောင်နေ ရတာ ဘယ်လို အခက်အခဲတွေ ရှိလဲ။ 

ဖြေ။   ။ တခါတလေတော့လည်း သူတို့က အလောင်းတွေ သွားထုတ်တဲ့အခါမှာ မေးတယ်လေ။ ဘယ် အဖွဲ့အစည်းကလဲ ဆိုရင် ကျမတို့ သူငယ်ချင်းတွေ စုပေါင်းပြီး လုပ်ထားတဲ့အဖွဲ့အစည်းပါလို့ ပြောရင် သူတို့က “ဟာ” မဟုတ်သေးဘူး ပြောတယ်။ တချို့ဟာတွေလည်း သူတို့က အခက်အခဲရှိတာကို အကြံ ဥာဏ်ကောင်းပေးတာလည်း ရှိပါတယ်။ ဒါတွေ တရားဝင် မဟုတ်တော့ နင်တို့ မကောင်းဘူးလို့ သူတို့က ပြောတယ်။ တချို့ အလောင်းတွေက လူသတ်မှုတို့ အက်ဆီးဒန့်တို့ ဖြစ်တော့ ကျမတို့အတွက် စိုးရိမ်စရာ ရှိလို့ သူတို့ကလည်း အကြံဥာဏ် ပေးပါတယ်။ 

မေး။       ။ ဒါဆို ထိုင်းအာဏာပိုင်တွေက အမတို့ စေတနာ နာရေး ကူညီမှု အသင်းကို တားဆီးတာတို့ ပိတ်ပင်တာတို့ မရှိဘူးပေါ့။

ဖြေ။    ။ သူတို့က အဲဒီလိုမျိုးမရှိဘူး။ ကျမတို့ကို အကြံဥာဏ်ပေးတယ်။ ကျမတို့ တင်ပြတာကို သူတို့က နားလည်ပြီးတော့ အားပေးတယ်။

ဒါကတော့
ချင်းမိုင်မြို့က စေတနာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌကို တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

စေတနာ နာရေး ကူညီမှု အသင်းရဲ့ ကထိန် အလှူ




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved