တရုတ်နယ်စပ်က ကိုယ်ထူကိုယ်ထ အမျိုးသမီးများ

Saturday, March 2, 2013


တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့က ဆေးစွဲနေကြသဖြင့် အမျိုးသမီးတို့က  မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြသည်။

နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းပေါ်ဒေသဖြစ်သည်။


[ ဓာတ်ပုံ - မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအသင်း ]


အမျိုးသားတို့က  မူးယစ်ဆေးမျိုးစုံကို စွဲလန်းသည့် အဆင့်ရောက်သွားပြီးနောက် ခိုးဝှက်မူ တနေ့တခြား များပြားလာခြင်းကို မခံနိုင်သည့် မိခင်များ စုပေါင်းကာ မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအသင်းကို လွန်ခဲ့သည့် ၇ လက ဖွဲ့စည်းခဲ့သည်။

“အင်တိုက်အားတိုက် လုပ်လာတာ .... ခုဆိုရင် တော်တော်လျော့ပါးသွားပါပြီ။  ၆၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု အဖွဲ့အတွင်းရေးမှူး ဒေါ်အက်စတာက ပြောသည်။

ပေါ်ပေါက်လာသည့် အမေများ၊ အစ်မများအဖွဲ့သည် အုပ်စုလိုက် ရွာစဉ်လှည့်ပြီး ဆေးသုံးစွဲသူများ၊ ရောင်းချသူများကို ရှာဖွေကာ မူးယစ်ဆေး သိမ်းယူခြင်း၊ ပညာပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

ပထမအဆင့် ပညာပေးခြင်း၊ ဒုတိယအဆင့် သတိပေးခြင်း စသည့် နည်းများ အသုံးပြုကာ ဆောင်ရွက်နေကြပြီး  တတိယအဆင့်မှာ အာဏာပိုင်တို့၏ ဖမ်းဆီး အရေးယူခြင်း ဖြစ်သည်။

၂၀၁၂ - ၂၀၁၅  အတွင်း မုံးပေါ်ဇုံ တ၀ိုက်တွင် မူးယစ်ဆေးဝါး လုံးဝ ကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြောင်း၊
သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မုံးပေါ်ဈေးအနီး လူမြင်ကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ပညာပေးမှု အစီအစဉ်တွင် ပြဇာတ်၊ သီချင်း သီဆိုကပြသည့် နည်းလမ်းကိုလည်း အသုံးပြုသည်ဟု ဆိုသည်။

အောင်မြင်မှုများ ရှိသော်လည်း အားမရသည့်အပိုင်းလည်း ရှိသည်ဟု အမျိုးသမီးများက ပြောသည်။

ယင်းမှာ ယခုနှစ်အတွင်း ဒေသခံ ပြည်သူစစ်တို့  ပူးပေါင်း ဆောင်ရွက်လိုမှု နည်းပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။

 ပြည်သူ့စစ် ဆိုသည်မှာ အာဏာပိုင်တို့ အသိအမှတ်ပြုထားသော ဒေသခံ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

“မနှစ်တုန်းကလောက် တက်တက်ကြွကြွ မရှိကြတော့ဘူး။ သူများအိမ်တွေ ၀င်ရှာရတာ ဆိုတော သူတို့ပါတော့ အဟန့်ကောင်းတယ် ” ဟု
မူးယစ်ဆေး တိုက်ဖျက်ရေးအသင်းတွင် ပါဝင်သူတဦးက ပြောသည်။



လဖိုင် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved