ပြည်ထဲရေးဝန်ကြီးဌာန စာတတ်သွားပြီ

Tuesday, March 19, 2013



ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကနေ
ပတ်စ်ပို့ (passport) တွေ ထုတ်ပေးနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ပတ်စ်ပို့ ရလိုသူများက စာရွက်စာတမ်းတွေ တပုံတပင် ရေးဖြည့်ပြီး လျှောက်ထားခဲ့ကြရတာပါ။
အခုတော့ တပုံတပင် ဖြည့်စရာ သိပ်မလိုတော့ပါဘူး တဲ့။

လျှောက်လွှာ ၁၄ ရွက်  ဖြည့်ရတဲ့ ဘ၀ကနေ ၅ ရွက်ပဲ ဖြည့်ရတော့မယ်လို့ ဒီကနေ့ ကြေးမုံသတင်းစာ စာမျက်နှာ ၉ မှာ ရေးထားပါတယ်။

တကယ် လိုအပ်တာကလည်း အဲဒီ ၅ ရွက်လောက်ပါပဲ။ ကျန်တာတွေက အပိုအလုပ်တွေပါ။
စာရွက်တွေ သိပ်များရင် ရုံးမှာလည်း စာရွက်ထားစရာနေရာ အခက်အခဲ ဖြစ်ပါလိမ့်မယ်။

မလိုလားအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ လျှော့ချရမယ်ဆိုတာကို ပြည်ထဲရေးဌာန သဘောပေါက်သွားတာ ၀မ်းသာစရာပါပဲ။

စာရွက်စာတမ်း ဖောင်းပွခြင်းဟာ လျှောက်ထားသူအတွက်လည်း ပင်ပန်းပါတယ်။ ဌာနဆိုင်ရာများအတွက်လည်း သိမ်းဆည်း၊ သိုလှောင်၊ စီမံ ခန့်ခွဲရတဲ့ ဝန်ထုပ်ဝန်ပိုးလည်း အင်မတန် ကြီးပါတယ်။

ဒီမိုကရေစီခေတ်၊ ကွန်ပျူတာခေတ်မှာ ဒီလို မလုပ်နိုင်စရာ အကြောင်း မရှိပါ။

ဒီသတင်းအရ ဆိုရင် - စာရွက်စာတမ်းကိစ္စကို ၆၅ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ပြီ၊ ပတ်စ်ပို့ကိုလည်း ဆယ်ရက်အတွင်း ထုတ်ပေးနိုင်ဖို့ စီစဉ်နေပြီ လို့ သိရပါတယ်။




1 comments :

  1. Ashin said... :

    ရဟန်းတော်များ ပတ်စပို့လုပ်ရာ ဗီဇာ လျောက်ထားရာတွင် ယခင်က ထုတ်ထားသော ညွန်ကြားချက်များ ရှိနေပါသေးသည်။ ထိုညွှန်ကြားချက်များကိုလည်း ဖျက်ပေးရန် မေတ္တာရပ်ခံလိုပါ၏။ ဥပမာ ထိုင်းဗီဇာ ရရှိရန်အတွက်
    ၁။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတံဆိပ်ပါသော ပင့်ဖိတ်စာ ယူရပါ၏ ( အခက်အခဲ သိပ်များပါ)
    ၂။ ထိုပင့်စာကို သာသာနာရေးဋ္ဌာန ကမ္ဘာအေးသို့ ပိုရ၏။
    ၃။ ကမ္ဘာအေးမှ လက်ခံကာ နေပြည်တော်သို့ ပို့ပေးပါ၏။
    ၄။ တဖန် နေပြည်တော်မှ ထောက်ခံချက်ပေးပါ၏။
    ၅။ ၃ ပတ်ကျော်ကြာမှ နေပြည်တော်က ကမ္ဘာအေးသို့ တဖန် ပြန်ပို့၏။
    ၆။ ကမ္ဘာအေးသို့ သွားထုတ်ယူရ၏။
    ၇။ ထိုသို့ ပြည့်စုံပါမှ မြန်မာပြည်ရှိ ထိုင်းသံရုံးက ဗီဇာဖောင်ကို လက်ခံပါ၏။
    ၈။ လေယာဉ်လက်မှတ် အသွားအပြန်ပြရ၏( ဤကိစ္စကား ဖြစ်သင့်ကြောင်း အားလုံး နားလည်ပါ၏။)
    ၂ မှ ၆ အထိ လုပ်ငန်းစဉ်များအတွက် ရဟန်းတော်များမှာ အချိန်ကုန် အလုပ်များ ကုန်ကျစရိတ်ပို များလှပါသည်။ သံရုံးတာဝန်ရှိသူကို မေးကြည့်သောအခါ မြန်မာနိုင်ငံ ဋ္ဌာနဆိုင်ရာအရာရှိများက ထိုသို့ ပြည့်စုံမှ ဗီဇာဖောင် လက်ခံရန် အကြောင်းကြားထားသည်။ ထိုအကြောင်းမှုကို ယခုထိ မရုတ်သိမ်းသေး သဖြင့် သူတို့လည်း ဆက်လက် ကျင့်သုံးရသည် ဟု ဆိုပါသည်။ ဤကိစ္စအတွက် ဋ္ဌာနဆိုင်ရာမှ လိုအပ်သလို ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပါသည်။ - See more at: http://blog.irrawaddy.org/2013/03/d-form_14.html#sthash.Ab2nupZZ.dpuf

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved