စာနယ်ဇင်း အတတ်ပညာ အခြေခံပင် မရှိသူများသို့

Friday, May 31, 2013


  ဧရာဝတီ (မြန်မာပိုင်း၊ အင်္ဂလိပ်ပိုင်း) အွန်လိုင်း သတင်းစာမျက်နှာပေါ်မှ သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ အတွေးအမြင်၊ ကာတွန်း၊ ဓာတ်ပုံနှင့် ရုပ်သံဖိုင်များကို စီးပွားဖြစ် လုပ်ကိုင်နေသည့် စာနယ်ဇင်းများနှင့် ဝက်ဘ်ဆိုက်များ အနေဖြင့် ကူးယူ ဖော်ပြလိုပါက အောက်ဖော်ပြပါ အီးမေးလ်၊ ဖုန်းနံပါတ်များအတိုင်း ဧရာဝတီ အယ်ဒီတာအဖွဲ့သို့ ဆက်သွယ် ခွင့်ပြုချက် တောင်းပါရန် အသိပေးအပ်ပါသည်။ ခွင့်ပြုချက် မတောင်းဘဲ ကူးယူဖော်ပြခွင့် မပြုပါ … အစရှိသည့် အသိပေးစာကို ယခင်တပတ်ကျော်က ဧရာဝတီဝက်ဘ်ဆိုက်တွင် တင်ဖြစ်ခဲ့သည်။

ထိုသို့ အသိပေးစာ တင်ခဲ့ရခြင်းမှာ
ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တချို့က ဧရာဝတီ ဝက်ဘ်ဆိုက်မှ သတင်းများ၊ ဆောင်းပါးများ၊ အင်တာဗျူးများပါမကျန် အလွယ်တကူ ယူငင် သုံးစွဲခဲ့သောကြောင့် ဖြစ်၏။

ဧရာဝတီ၏ မူပိုင်ခွင့် အသိပေးချက် ဝက်ဘ်ဆိုက်ပေါ် တင်ပြီးနောက်တွင် သတင်းဂျာနယ် အများစုက ဧရာဝတီ၏ မူပိုင် သတင်းနှင့် ဆောင်းပါးများကို ယူငင် သုံးစွဲခြင်း မပြုတော့ကြောင်း တွေ့ရသည်။ သို့သော် ပြီးခဲ့သည့် တပတ်က ဖြန့်ချိခဲ့သော နံနက်ခင်း အပတ်စဉ်ထုတ် ဂျာနယ်ကမူ ဧရာဝတီသို့ လုံးဝအသိပေး အကြောင်းကြားခြင်း မပြုဘဲ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် အကြောင်း ရေးထားသည့် ဆောင်းပါးတပုဒ်နှင့် ဗိုလ်ချုပ်ခင်ညွန့်နှင့် အင်တာဗျူးတို့ကို ကူးယူ ဖော်ပြခဲ့သည်။

ဘီးလင်းတွင် ထမင်းဆိုင် ဖွင့်ထားသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်အကြောင်း ရေးထားသည့် ဆောင်းပါးကို ဧရာဝတီက အလွယ်တကူ ရရှိခဲ့သည် မဟုတ်ပါ။ သတင်းထောက် မေခက ဘီးလင်းသို့ တကူးတက သတင်းသွားယူကာ ၃ ရက်ကြာ လေ့လာ တွေ့ဆုံမေးမြန်း၍ ရေးသားထားသော ဆောင်းပါး ဖြစ်ကြောင်း ယင်းဆောင်းပါးထဲတွင်လည်း ဖော်ပြထားပြီး ဖြစ်သည်။



အလားတူ ဗိုလ်ချုပ်ခင်ညွန့်နှင့် အင်တာဗျူးသည်လည်း ဧရာဝတီသတင်းထောက် နန်းသီရိလွင်၏ သီးသန့် အားထုတ်မှု ဖြစ်သည်။ ထိုအင်တာဗျူးရရှိရန် သတင်းထောက် အနေဖြင့် မည်မျှ ကြိုးပမ်းထားရသည်ကို ဧရာဝတီ အဖွဲ့သားများသာမက  စာဖတ်သူများပင် သိရှိနိုင်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နံနက်ခင်း ဂျာနယ်သို့ ကျမ ဖုန်းဆက် မေးမြန်းသောအခါ ဂျာနယ်တိုက်ပိုင်နှင့် အယ်ဒီတာချုပ် ဦးဇန်ဇန်က ဖုန်းမကိုင်ခဲ့ပေ။ လက်ထောက် အယ်ဒီတာ ဦးတင်မောင်ဆွေကသာ ဖုန်းဒိုင်ခံ ဖြေကြားခဲ့သည်။ ကျမက အကျိုးအကြောင်း သိလိုသောကြောင့် အယ်ဒီတာချုပ် ဦးဇန်ဇန်နှင့် တွေ့ဆုံလိုသည်ဟု ဆိုသောအခါ ဦးတင်မောင်ဆွေက အချိန်းအချက် ပြုပေးပါသည်။

ရန်ကုန် လမ်း ၅၀ တွင် ရှိသော နံနက်ခင်း ဂျာနယ်တိုက် ရုံးခန်းသို့ မေလ ၂၂ ရက်နေ့ မနက် ၁၁ နာရီတွင် လာရောက် တွေ့ဆုံရန် ဦးတင်မောင်ဆွေက ပြောသောကြောင့် ကျမနှင့် သတင်းထောက် မေခတို့ သွားရန် စီစဉ်ခဲ့ပါသည်။ ထိုနေ့ နံနက် ၁၀ နာရီခန့်တွင် ဦးတင်မောင်ဆွေက ဦးဇန်ဇန် မအားသဖြင့် ၎င်းတို့ရုံးခန်းသို့ နေ့လယ် ၁ နာရီတွင်မှ လာရန် ဖုန်းဆက်ပြောလာပါသည်။ ထို့ကြောင့် ကျမနှင့် သတင်းထောက် မေခတို့ နေ့လယ် ၁ နာရီ တိတိတွင် အဆိုပါ ရုံးခန်းသို့ ရောက်သွားပါသည်။ ဦးဇန်ဇန် ရှိမနေဘဲ ဦးတင်မောင်ဆွေကသာ ကြိုဆို၍ နေရာထိုင်ခင်း ပေးကာ ဦးဇန်ဇန်ကို ခဏစောင့်ရန် ပြောပါသည်။

ကျမနှင့် မေခတို့ အဆိုပါ ရုံးခန်းတွင် ၄၅ မိနစ်တိတိ ထိုင်စောင့်နေကြသော်လည်း ဦးဇန်ဇန် ပေါ်မလာပါ။ ကျမ အနေဖြင့် အချိန်ကုန်ခံ ထပ်စောင့်ရန် ဆန္ဒမရှိတော့သောကြောင့် ဦးတင်မောင်ဆွေကို မှာကြားပြီး ပြန်လာခဲ့ပါသည်။ ကျမတို့ ပြန်လာပြီး ၃၂ လမ်းရှိ ကျမတို့ရုံးခန်း တည်ရှိရာ နေရာသို့ ရောက်ခါနီးတွင် ဦးတင်မောင်ဆွေ ဖုန်းဆက်လာပါသည်။ ကျမတို့ ထွက်သွားပြီး မကြာမီတွင် ဦးဇန်ဇန်ရောက်လာသည်ဟု ပြောသည်။ ထိုအချိန်အထိ ဦးဇန်ဇန် ကျမတို့ထံ ဖုန်းမဆက်ပါ။ သူရှိနေသည် ဆိုပါက ဦးတင်မောင်ဆွေကို ဖုန်းမဆက်ခိုင်းဘဲ သူကိုယ်တိုင် ဖုန်းဆက်သင့်သည် မဟုတ်ပါလား။

ဧရာဝတီ၏ အချိန်ကုန်၊ ငွေကြေးအကုန်ခံကာ ပြုစု ရေးသားထားသော ဆောင်းပါးနှင့် အင်တာဗျူးကို တားမြစ်ထားသည့်တိုင် အလွယ်တကူ ကူးယူဖော်ပြခဲ့သည့် နံနက်ခင်းဂျာနယ်အား ပြင်းထန်စွာ ရှုတ်ချလိုသည်။ ထို့အပြင် မိမိ၏ အမှားကို ကိုယ်တိုင် တောင်းပန်ရန် ရှောင်လွှဲ၍ တာဝန်ယူချင်စိတ် မရှိသော အယ်ဒီတာချုပ် ဦးဇန်ဇန်ကိုလည်း ညံ့ဖျင်းသော စိတ်ဓာတ်ရှိသူအဖြစ် မှတ်တမ်း ပြုလိုသည်။

   

မပြီးသေးပါ။ မေလ ၂၄ ရက်နေ့က မာယာမဂ္ဂဇင်း ထုတ်ဝေသူ ကိုဦးဆွေက ကျမထံ ဖုန်းဆက်လာပြန်သည်။ ဦးဇန်ဇန်က ညှိနှိုင်းခိုင်းသောကြောင့် ဆက်ခြင်း ဖြစ်သည်ဟု ဆိုလာသည်။ ကျမ နားမလည်ပါ။ ကိုယ်တိုင် ကျူးလွန်သည့် အမှားအတွက် ယနေ့အချိန်အထိ ကိုယ်တိုင်ကိုယ်ကျ ဝန်ခံ တောင်းပန်ခြင်း မရှိသည့်အပြင် ကြားက မဆိုင်သူကို ဝင်ရောက် ညှိနှိုင်း ခိုင်းသည်မှာ ထူးဆန်းနေသည်။ ညှိနှိုင်းခိုင်းသည် ဆိုသော စကားက တမျိုးတဖုံ အဓိပ္ပာယ် သက်ရောက်သည်ဟု ကျမ ထင်သည်။ ကျမတို့ ဧရာဝတီဝက်ဘ်ဆိုက်မှ ဆောင်းပါးနှင့် အင်တာဗျူးကို ကူးယူ ဖော်ပြခဲ့သည့်အတွက် ကျမတို့က တရားစွဲဆိုခြင်း မပြုသလို ငွေကျပ် သိန်းပေါင်းများစွာ တောင်းခံနေခြင်းလည်း မရှိပါဘဲ အဘယ်ကြောင့် ကြားလူကို ဝင်ရောက် ညှိနှိုင်းခိုင်းသလဲ ဆိုသည့်အချက်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ကျမတို့ ဧရာဝတီ အဖွဲ့သားများ လိုချင်သည်မှာ သတင်းသမားအချင်းချင်း ခေါင်းပုံဖြတ်ခြင်း မရှိဘဲ ကျင့်ဝတ်သိက္ခာကို စောင့်စည်းခြင်းနှင့် တာဝန်ယူမှုသာ ဖြစ်သည်။ ယခု နံနက်ခင်း ဂျာနယ်က သတင်းသမား ကျင့်ဝတ်ကိုလည်း ဖောက်ဖျက်သည်၊ သူတပါး ပင်ပင်ပန်းပန်း ရယူထားသော ဆောင်းပါးကို အလွယ်တကူ ကူးယူဖော်ပြသည့်နည်းဖြင့်လည်း အလုပ် ခေါင်းပုံဖြတ်သည်၊ ထို့အပြင် မိမိအမှားအတွက် တာဝန်ယူမှုမရှိ။

သတင်းထောက် မေခက ဦးလွန်းမောင်အကြောင်း ဆောင်းပါးအပြင်၊ အများစိတ်ဝင်စားမည့် သီးသန့်အင်တာဗျူးကိုပါ ဦးလွန်းမောင်အား မေးမြန်းနိုင်ခဲ့သဖြင့် မေလ ၂၁ ရက်နေ့က ဝက်ဘ်ဆိုက်ပေါ် တင်နိုင်ခဲ့သည်။ ထိုနေ့တွင်ပင် လူထု ပုံရိပ် ဂျာနယ်က ကျမတို့ထံ ဖုန်းဆက်၍ ယင်းအင်တာဗျူး သူတို့ဂျာနယ်စာမျက်နှာတွင် ဖော်ပြခွင့်ပြုရန် ပန်ကြားလာသည်။ ကျမတို့ အယ်ဒီတာအဖွဲ့က ဖော်ပြခွင့်မပြုကြောင်း ငြင်းဆန်လိုက်သောအခါ တဘက် အယ်ဒီတာက အင်တာဗျူးမှ အချက်အလက် တချို့ကို ကိုးကား၍ ဆောင်းပါး ရေးပါရစေဟု ပန်ကြားပြန်သောကြောင့် ခွင့်ပြုလိုက်သည်။

နောက်တနေ့တွင် လူထုပုံရိပ် ဂျာနယ်၌ မေခ၏ အင်တာဗျူးကို ကိုးကား ဖော်ပြထားသော ဆောင်းပါး ပါလာသည်။ သို့သော် ဧရာဝတီက မေးမြန်းထားသည်ကို ဦးလွန်းမောင် ပြန်ဖြေထားသည့် အတိုင်းမဟုတ်ဘဲ လုံးဝ လွဲမှားစွာ ကိုးကားထားကြောင်း တွေ့ရသည်။

 “လက်ရှိအစိုးရသည် စစ်အာဏာရှင် စနစ်ဆီကို ပြန်သွားလိုသည့်သဘောရှိသည်” ဟု ဦးလွန်းမောင်က ဧရာဝတီသို့ ပြောကြောင်း ယင်းဆောင်းပါးတွင် ပါရှိသည်။ ဦးလွန်းမောင်က ဧရာဝတီသို့ လုံးဝ ပြောမထားသော စကားတခွန်းကို ဧရာဝတီသို့ ပြောသည်ဟူ၍ ကိုးကား ဖော်ပြထားသည်မှာ အလွန်ဆိုးရွားသော မှားယွင်းမှု တရပ်ဟု ကျမ မြင်မိသည်။ ထိုဆောင်းပါးကို တွေ့တွေ့ချင်း ကျမကိုယ်တိုင် လူထုပုံရိပ်ဂျာနယ်မှ အယ်ဒီတာ ကိုမင်းနိုင်စိုးထံ ဖုန်းဆက်ပြောလိုက်ရာ သူက နောက်တပတ် အမှားပြင်ဆင်ချက် ထည့်ပေးပါမည်ဟု ပြန်လည် ပြောဆိုသည်။

မြန်မာပြည်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အထိုက်အလျောက် ရရှိနေသည့် ယခုအချိန်၊ နေ့စဉ်ထုတ် သတင်းစာများ ပလူပျံအောင် ထွက်ရှိနိုင်သည့် ယခုလို ကာလတွင် သတင်းစာများ၊ ဂျာနယ်များ အနေဖြင့် အထူးဂရုပြုသင့်သည့် အချက်မှာ စာနယ်ဇင်း ကျင့်ဝတ်ဟု ယူဆပါသည်။

စာနယ်ဇင်း ကျင့်ဝတ်ထဲတွင် အကြီးမားဆုံး ကျူးလွန်မှုဖြစ်သည့် သူတပါး မူပိုင်ပစ္စည်းကို ခွင့်ပြုချက် မရဘဲ ယူငင်သုံးစွဲသူများ၊ သူတပါး ကြိုးစားပန်းစား အားထုတ်ထားသည်ကို ပြန်လည် ကိုးကားသည့်အခါ လက်ဖဝါးကို လက်ဖမိုးဖြစ်စေသည့် လုံးဝ လွဲမှားစွာ (Wrong Quote) ဖြင့် ဖော်ပြသူများ ရှိနေသရွေ့ တိုးတက်ဖွံ့ဖြိုးလာသည့် မြန်မာ့မီဒီယာလောကတွင် ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေသလို ဖြစ်နေပေလိမ့်မည်။

ဂျာနယ်၊ သတင်းစာများ များပြားလွတ်လပ် လာသကဲ့သို့ သူ့ဂျာနယ်၊ ကိုယ့်ဂျာနယ်၊ သူ့သတင်းစာ၊ ကိုယ့်သတင်းစာ စောင်ရေ အပြိုင်အဆိုင် တက်လိုမှုများ ရှိနေပါလိမ့်မည်။ သို့သော် ကိုယ့်ဂျာနယ်၊ ကိုယ့်သတင်းစာ စောင်ရေတက်ရေးအတွက် အောက်လမ်းနည်း အသုံးပြုသူ၊ တနည်းအားဖြင့် သူတပါး၏ ကြိုးစားအားထုတ်မှုကို ခုတုံးလုပ် အသုံးချသူများကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုသည်။ ထိုသူများသည် စာနယ်ဇင်း အတတ်ပညာ အခြေခံပင် မရှိသူများဟုသာ ခပ်ရှင်းရှင်း ဆိုချင်ပါသည်။

အေးချမ်းမြေ့


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved