သမ္မတ ပြောတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ AAPP ဘာပြောလဲ

Wednesday, June 5, 2013

သမ္မတ ဦးသိန်းစိန်က ယမန်နေ့က ရေဒီယို မိန့်ခွန်းမှာ နိုင်ငံရေးအကျဉ်းသား ကိစ္စ ထည့်သွင်းပြောဆိုသွား တဲ့အပေါ် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က သူ့ရဲ့ အမြင်ကို ဧရာဝတီကို အခုလို ပြောဆိုထားပါတယ်။ 


  AAPP တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည် (ဓာတ်ပုံ – ဧရာဝတီ)

ဒီတခါ သမ္မတ ပြောတဲ့ မိန့်ခွန်းထဲမှာ ကျွန်တော့်အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦး တစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး။ ဆိုတဲ့စကားဟာ ကောင်းမွန်ပါတယ်။ 

ဒီစကားစု အပေါ်မှာ သမ္မတ ကို သဘောကျပါတယ်။ သို့သော်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ မှာ ပါဝင်နေတဲ့ သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီကော်မတီမှာ ကျနော်တို့ ဟာ ဘာမှ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဆောင်ရွက်နိုင်တာလည်း မရှိပါဖူး။ 

သမ္မတ က သူ့ရဲ့ တွက်ဆမှုတွေအရ သူလွှတ်ပေးချင်တဲ့အချိန် မတိုင်ခင် တရက်အလိုလောက်မှာမှ ကျနော်တို့ တဦးချင်းစီကို လက်မှတ်လိုက်ထိုးခိုင်းပြီး လွှတ်ပေးလိုက်တာဘဲ ကျနော်ကြုံခဲ့ရတယ်။ 

ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးတာ မရှိခဲ့ပါဖူး။ ကျနော်တို့က လက်မှတ်ထိုးရခက်၊ မထိုးရခက် အခြေအနေ ကို တွန်းပို့တဲ့ ပုံစံဖြစ်နေပါတယ်။ ပြီးတော့ ကျနော်တို့ သဘောမတူလည်း လွှတ်တာပါဘဲ။ 

ပြီးခဲ့တဲ့ ၂ သုတ်လွှတ်ခဲ့တဲ့အထဲမှာ ကျနော်တို့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး အဖမ်းခံထားရပါတယ်လို့ ယူဆမထားတဲ့ သူတွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ မှာ ဆွေးနွေးခွင့် မရခဲ့ပါဖူး။ 

ဒီအပြင် ဒီကော်မတီထဲမှာ လက်ရှိ ပြစ်ဒဏ်ကျခံရခြင်း မရှိသေးတဲ့သူတွေ ကိစ္စကိုလည်း ဆွေးနွေးခွင့် မရဖြစ်နေပါသေးတယ်။ 

နောက်အစည်းအဝေးတွေမှာ ကော်မတီဝင်တွေအနေနဲ့ အရင်ထက်ပိုပြီး လုပ်ပိုင်ခွင့်တွေ ရလာအောင်
တော့ ကြိုးစားကြပါမယ်။ 

ပွင့်လင်းမြင်သာတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာအောင် တဦးနဲ့တဦး အသိအမှတ်ပြု အလေးထား လုပ်ဆောင်မှသာ ကော်မတီဟာ ပိုပြီး အသက်ဝင်မှာဖြစ်ပါတယ်။ 

နိုင်ငံရေးအကျဉ်းသား ရှိနေခြင်းဟာ မြန်မာနိုင်ငံမှာ ဥပဒေ စိုးမိုးမှုအားနည်းလွန်းနေတာကို ပြသပါ တယ်။ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးစားမယ်လို့ ကြွေးကြော်နေတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဥပဒေ မဲ့ဖမ်းဆီးနေတာတွေ ရှိနေပါသေးတယ်။ 

ဒီလို ဥပဒေမဲ့ ဖမ်းဆီးနေတာကို ရပ်တန့်အောင်လုပ်ဖို့ ဆိုရင် လက်ရှိအစိုးရဟာ အဲဒီ ဥပဒေမဲ့ ဖမ်းဆီးမှုကို ကျူးလွန်တဲ့ ထောက်လှမ်းရေး (သို့) ရဲ အရာရှိတွေ ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သင့်ပါ တယ်။ 

ဒါမှသာ ဥပဒေ မဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်အောင် လုပ်လို့ရမှာပါ။ နောက်တခုက နှိပ်စက်ညှင်းပမ်းခြင်းကို ကျူးလွန်တဲ့ မည်သူ့ကို မဆို တည်ဆဲဥပဒေအရ အရေးယူဖို့လိုပါတယ်။ 

ဒါမှသာ တရားဥပဒေ စိုးမိုးရေး အတွက် အထောက်အကူဖြစ်မှာပါ။ ဒါပေမဲ့ ဒီကော်မတီမှာ ကျနော်တို့ ပါဝင်နေရတဲ့ အဓိက အကြောင်းရင်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြသနာတွေကို ဖြေရှင်းရာမှာ ပူးပေါင်း လုပ်ဆောင်ခြင်းကသာ ပြသနာကို အမြန်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ ပူးပေါင်းဆောင်ရွက်နေ တာ ဖြစ်ပါတယ်။ 

ကျနော်တို့ ဒီကော်မတီမှာ အစိုးရဖက်က တာဝန်ရှိသူတွေရယ်၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ရယ်၊ အရပ်ဖက် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ပေါင်းစပ်ထားတာပါ။ အင်မတန်မှ ကောင်းမွန်တဲ့ ဖွဲ့စည်းမှုပါ။ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမဲ့ ရလာဒ်ထွက်အောင် ကြိုးစားချင်ပါတယ်။ 

နောက်ဆုံးအနေနဲ့ သမတကြီးအနေနဲ့ နိုင်ငံရေးအရ ထိမ်းသိမ်းထားသူများအပါအ၀င် လွတ်ရက်မစေ့ဘဲ လွှတ်ပေးတဲ့ မည်သူ့ကိုမဆို လွှတ်ပေးခဲ့တဲ့ အခါမှာ သုံးခဲ့တဲ့ ၄၀၁ (၁) အရ လွှတ်ပေးရတာကို နားလည်ပါတယ်။ 

သို့ပေမဲ့ လွှတ်ပေးခဲ့တဲ့၊ နောင်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသားများအတွက် အမိန့်ကြေငြာချက် တစောင်ထုတ်ပေးသင့်ပါတယ်။ 

အဲဒါကတော့ ၄၀၁ (၁) အရ အလွှတ်ခံထားရသော နိုင်ငံရေး အကျဉ်းသားများအားလုံးသည် ခြွင်းချက်မရှိ လွှတ်ခြင်းဖြစ်သည်ဟု သတ်မှတ်သည် ဆိုတဲ့ အမိန့် နဲ့ ဥပဒေပါဘဲ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved