"လူ့အခွင့်အရေးချိုးဖောက် ခံခဲ့ရသူတွေကို စာနာ နားလည် အသိအမှတ်ပြုပြီး သူတို့စိတ်ကျေနပ်မှုရအောင် ဆောင်ရွက်ပေးနိုင်မှသာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိမှာ ဖြစ်ပါတယ်"
သေနတ်ကိုင်ထားတဲ့ Reberto နဲ့ ဒူးထောက်နေရတဲ့ John တို့ရဲ့ ဇာတ်ဝင်ခန်းတခု -
ဟန်ပိုင် ရေးသားသည် ~
ပြီးခဲ့တဲ့အပတ် အားလပ်ရက်မှာ Killing Season ဆိုတဲ့ ရုပ်ရှင်ကားတကား ကြည့်ဖြစ်ပါတယ်။ ကျနော့်အတွက်တော့ ရုပ်ရှင်ကားကောင်းတကောင်းဖြစ်ပြီး၊ လက်တွေ့ဘ၀အတွက် သင်ခန်းစာယူစရာတွေပါ ရလိုက် တဲ့အတွက် အချိန်ပေးကြည့်ရတာ အကျိုးရှိတယ်လို့မြင်ပါတယ်။
ရုပ်ရှင်မှာပါတဲ့ အဓိကဇာတ်ကောင် ၂ ယောက်ကတော့ နာမည်ကျော်သရုပ်ဆောင် John Travolta (နောင်မှာ John လို့ သုံးပါမယ်) နဲ့ Roberto De Niro (နောင်မှာ Reberto လို့ သုံးပါမယ်) တို့ပါဘဲ။ ဇာတ်လမ်းနောက်ခံကတော့ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘောစနီးယား စစ်ပွဲပါဘဲ။ ၁၉၉၂ ခုနှစ်၊ ဧပြီလ မှာ ယခင် ယူဂိုဆလားဗီးယားပြည်ထောင်စုထဲက ဘောစနီးယားက လွတ်လပ်ရေးကြေညာခဲ့ပါတယ်။ အဲဒီနောက် ဆာ့ဘ် တွေလွှမ်းမိုးထားတဲ့ ယူဂိုဆလားဗီးယားတပ်တွေ ဘောစနီးယားကို ၀င်ရောက် တိုက်ခိုက်၊ သိမ်းပိုက်ကြပါတယ်။ ဆာ့ဘ်တွေက ဘောစနီးယားမှရှိတဲ့ ဘောစနီးယား (Bosniak) တွေနဲ့ ခရိုအေးရှားတွေကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့ပြီး “ethnic cleansing” ခေါ် လူမျိုးသန့်စင်ရေး လို့ လူသိများတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ကြပါတယ်။
၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ ဘောစနီးယား စစ်ပွဲအတွင်း ပြည်သူ ၁သိန်းလောက် အသက် ဆုံးရှုံးခဲ့ပြီး၊ ၈၀ ရာခိုင်နှုန်းက Bosniaks တွေဖြစ်ပါတယ်။ (ဒီစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ် (Genocide) မှုကြောင့် ဘော့စနီးယား ပြသည်သူ ၂ သိန်းကျော် သေဆုံးခဲ့ရတယ်လို့ ရုပ်ရှင်ထဲက နောက်ခံစာတန်းထိုးမှာ ဖော်ပြထားပါတယ်)။ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ စစ်ကြောင့် လူအများအပြား သေဆုံးခဲ့ရ တာဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ အမေရိကန်နဲ့ နေတိုး (NATO) မဟာမိတ်တပ်တွေက ဘော့စနီးယား စစ်ကို အဆုံးသတ်စေဖို့၊ စစ်ပွဲအတွင်း ၀င်ရောက်လာပါတယ်။
ဘောစနီးယားစစ်ပွဲနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ဆာဘီးရား နဲ့ ယူဂိုဆလားဗီးယား သမ္မတဟောင်း Slobodan Milosevic အပါအ၀င် Ratko Mladic၊ Radovan Karadzic စတဲ့ ဆ့ာဘ်ခေါင်းဆောင်ဟောင်းတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားဖြစ်တည် မှုကိုဆန့်ကျင်တဲ့ပြစ်မှုတွေနဲ့ စွဲဆို ဖမ်းဆီးခဲ့ပါတယ်။ သမ္မတဟောင်း Milosevic ဟာ အမှုရင်ဆိုင်နေရတုန်းမှာဘဲ၊ မတ်လ ၂၀၀၆ ခုနှစ်မှာ သူ့ကိုထိန်းသိမ်းထားတဲ့ The Hague က အချုပ်ခန်းမှာဘဲ သေဆုံးခဲ့ပါတယ်။
ဇာတ်လမ်းအစမှာ ဆာဘ့်တွေက ဘောစနီးယားပြည်သူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတခုကို နေတိုးတပ် တွေက ၀င်ရောက်စီးနင်းပြီးတဲ့နောက်၊ လက်နက်ချလာတဲ့ ဆာ့ဘ်တပ်သားတွေကို လက်ပြန်ကြိုးတုတ်၊ ဒူး ထောက် ထိုင်ခိုင်းထားပါတယ်။ နောက်ကနေ အသင့်အနေအထားနဲ့ သေနတ်နဲ့ချိန်ရွယ်ထားတဲ့ နေတိုးတပ် တွေက အဲဒီဆာ့ဘ်တပ်သားတွေကို တယောက်ချင်းစီ အနီးကပ် ပစ်သတ်ခဲ့ပါတယ်။
နောက်ဆုံး တယောက် အလှည့်မှာ သေနတ်သမားက တော်တော်ကြာ မပစ်သေးလို့ ဒူးထောက်၊ လက်ပြန်ကြိုးတုတ်ခံထားရတဲ့ ဆာ့ဘ်တပ်သားက တစောင်းလှည့်အကြည့်မှာ သေနတ်သံ ထွက်ပေါ်လာပါတယ်။ နောက်ဆုံး အပစ်ခံရတဲ့ ဆာ့ဘ်တပ်သားက John ဖြစ်ပြီး၊ သေနတ်နဲ့ ပစ်တဲ့ နေတိုးတပ်က ဗိုလ်မှုးကတော့ Roberto ပါဘဲ။ ဇာတ် ကား တကားလုံးမှာ သူတို့ ၂ယောက်ဘဲ အဓိကပါဝင် သရုပ်ဆောင်သွားပါတယ်။
ဇာတ်လမ်းကို အကျဉ်းချုပ်ပြောရရင် နေတိုးတပ်တွေက သေနတ်နဲ့ ပစ်သတ်အပြီး ပစ်ထားခဲ့တဲ့ ဆာ့ဘ်တပ် သားတွေထဲမှာ John က မသေပါဘူး။ နောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့် အကြောသေ သွားပြီး စကားပြောလို့မရ၊ လမ်းလျှောက်လို့မရတဲ့ ဘ၀ကနေ ခက်ခက်ခဲခဲ ကြိုးစားပြီး နောက်ဆုံးမှာ နာကျည်းချက်တွေ ရင်မှာပိုက်ရင်း ပုံမှန်ဘ၀ ပြန်ရောက်လာတယ်။ ဒါပေမယ့် သူ့ကို ပစ်သတ်ခဲ့တဲ့ နေတိုးတပ်က အရာရှိ Roberto ကို၊ သေနတ်နဲ့ အပစ်မခံရမီ လှည့်အကြည့်မှာ မြင်လိုက်ဖူးတော့၊ Roberto ကို လက် စားချေဖို့ ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး စုံစမ်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် ဘောစနီးယားစစ်ပွဲအပြီး ၁၈ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာတော့ John က Roberto ကို အနံ့ခံမိသွားပါတယ်။
အဲဒီအချိန်မှာ Roberto က အတိတ်ကိုပြည်ဖုံးကားချပြီး တောထဲကအိမ်မှာ တယောက်တည်း ဓာတ်ပုံဆရာ ဘ၀နဲ့ မထင်မရှား ဇာတ်မြှုပ်နေပါတယ်။ တရက်မှာ John က အမဲလိုက်သမားယောင်ဆောင်ပြီး Roberto ရှိရာ တောထဲကိုရောက်လာပါတယ်။ Roberto ကလည်း အမှတ်မထင်ဆုံမိတဲ့ John ကို သူ့အိမ်မှာ ညစာနဲ့ တည်ခင်းရင်း John ယူလာတဲ့ အရက်တလုံးကို ၂ ယောက်သောက်၊ မူးလာတော့ အတိတ်ကိုမေ့ထားချင်တဲ့ Roberto ကို Jhohn က စစ်အတွင်းက ကိစ္စတွေ ပြန်အစဖော်ပြီး ပြောပြဖို့မေးပါတယ်။ Roberto ကတော့ မ ပြောပြပါဘူး။ ဒါနဲ့ဘဲ သူ့သားအနေနဲ့ မကြာသေးမီက ဖွားမြင်ခဲ့တဲ့ သူ့သားလေး (Roberto ရဲ့မြေးလေး)ကို Baptist ထုံးစံအတိုင်း ရေဖျန်း၊ ရေနှစ်၊ ကင်ပွန်းတပ် မင်္ဂလာလုပ်မယ့် အခမ်းအနားကို တက်ဖို့ဖိတ်တယ်။ ဒါ ပေမယ့် Roberto အနေနဲ့ သူ့ဇနီးဟောင်းနဲ့ သူ့ခင်ပွန်းသစ်ကို အဲဒီ အခမ်းအနားမှာ မဆုံချင်ဘူး၊ တကယ် တော့ သူ့ဇနီးအနေနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က နောက်အိမ်ထောင်ပြုခဲ့တာဖြစ်ပေမယ့်။ Roberto အ နေနဲ့ အဖိုးအဖြစ်မဟုတ်ဘဲ၊ အဲဒီ သူ့ဇနီးဟောင်းရဲ့ ခင်ပွန်းသစ် က သူ့မြေးလေးရဲ့ အဖိုးအနေနဲ့တက်လာမှာ လက်မခံနိုင်ဘူး။ Roberto ဆီက စစ်အတွင်းက ကိစ္စတွေ ဘာမှမသိရဘဲ၊ John နဲ့ Roberto တို့ လမ်းခွဲခဲ့ တယ်။ John က မနက်ဖြန်မှာ သူနဲ့ အမဲပစ်ထွက်ဖို့ Roberto ကို ပြန်ကာနီးအထိ ဖိတ်ခေါ်ခဲ့တယ်။
နောက်တနေ့ တောထဲမှာ ၂ ယောက်သားအမဲလိုက်ထွက်ရင်းကနေ John က Roberto ကို အမဲလိုက်တဲ့ လေးနဲ့မြှားကို အသုံးပြုတိုက်ခိုက်ရင်း၊ သူ့ဇာတိမှန်တွေကို ဖွင့်ဟပါတယ်။ ခြေသလုံးမှာ မြှားဒဏ်ရာရသွားတဲ့ Roberto ကို ဇောက်ထိုးဆွဲထားရင်းကနေ၊ John က ဘောစနီးယား စစ်အတွင်း သူတို့ကို ဘာလို့ ပစ်သတ်ခဲ့သလဲဆိုတဲ့ ၀န်ခံချက် (Confession) ကို Reoberto ဆီကနေ တောင်းပါတယ်။ John အနေနဲ့ အတိတ်က နာကျည်းချက်တွေကို တယောက်တည်း ကြိတ်မှိတ်ခံစားခဲ့ရတာတွေအတွက် Reoberto ဆီက ၀န်ခံချက် ဟာ သူ့အတွက် အသက်တမျှအရေးကြီးဆုံး အရာဖြစ်နေပါတယ်။ ညှင်းပန်း နှိပ်စက်ခံနေရချိန်မှာဘဲ စစ်သားဟောင်းကြီး Roberto ထွက်ပြေးလွတ်မြောက်သွားပါတယ်။
ဇာတ်လမ်းအဆုံးအထိ၊ စစ်သားဟောင်း ၂ ဦးဖြစ်တဲ့ John နဲ့ Roberto တို့ဟာ တယောက်ကို တယောက် ရင်သပ်ရှုမော၊ တိုက်ခိုက်လိုက်၊ သေလုမြောပါး ဒဏ်ရာနဲ့ တယောက်က အဖမ်းခံရပြီး အနှိပ်စက်ခံရ၊ ပြီးရင် ပရိယာယ်တွေသုံးပြီး တိုက်ခိုက်၊ ထွက်ပြေးလိုက်နဲ့ ဘတပြန်၊ ကျားတပြန်၊ မုဆိုးဖြစ်လိုက်၊ သားကောင်ဖြစ် လိုက်နဲ့ပေါ့။ ပြေးရင်းလွှားရင်းလည်း အတိတ်က နာကျည်းချက်တွေ၊ ခံစားချက်တွေကို John က ပြန်ပြော လိုက်။ Roberto ကလည်း ဘောစနီးယားစစ်ပွဲအတွင်း လူသတ်၊ မုဒိန်းကျင့်၊ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ John အပါအ၀င် ဆာ့ဘ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ပြောပြီး အပြစ်တင်လိုက်နဲ့ပေါ့။
John က Roberto ကို ဖမ်းထားပြီး၊ နှိပ်စက်ရင်းနဲ့ သူတစိုက်မတ်မတ် တောင်းဆိုတာက Roberto အနေနဲ့ သူ့ကို ပစ်သတ်ခဲ့တဲ့အတွက် ဘာလို့ပစ်သတ်ခဲ့ရတာလဲနဲ့ ဒီလုပ်ရပ်အတွက် ၀န်ခံချက် (Confession) ပါဘဲ။ Roberto ကလည်း စစ်ဆိုတာ “မင်းလည်း ငါ့သူငယ်ချင်းတွေကို သတ်မှာဘဲ၊ ငါလည်း မင်းသူငယ်ချင်းတွေ ကို သတ်မှာဘဲ၊ ဒါ သဘာဝဘဲ၊ အခုလည်း စစ်ကပြီးသွားပါပြီ” ဆိုပြီး ပြည်ဖုံးကားချချင်တယ်။ John အတွက် တော့ “စစ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး”လို့ ခံယူထားပြီး Roberto ကို ပစ်သတ်လို့ရတဲ့ အနေအထားမှာ တောင် မသတ်ဘဲ၊ သူ့ကိုသတ်ခဲ့တဲ့ Robeto ဆီက ၀န်ခံချက်ကိုသာ ကြားချင်နေပါတယ်။
နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ John က Roberto ရဲ့ လက်ပြန်ကြိုးတုတ်တာ ခံထားရပါတယ်။ သေနတ်တလက်နဲ့ Roberto က “၁၉၉၅ ခုနှစ်၊ အောက်တိုဘာလမှာလေ၊ အခုလိုပုံစံဘဲမဟုတ်လား” ဆိုပြီး အဲဒီအချိန် က အဖြစ်အပျက်ကို ပြန်ပြောပါတယ်။ Roberto တို့ တပ်ဖွဲ့အနေနဲ့ ဘောစနီးယား က စခန်းတခုထဲမှာ ထိန်း သိမ်းခံထားရတဲ့ ဘောစနီးယားမွတ်စလင်တွေကို ကယ်တင်ဖို့ ရောက်လာတယ်။ ပထမဆုံး သူတို့တွေ သတ် ဖြတ်ခံထားရတဲ့အလောင်းတွေ၊ အရေပြားတွေကို ဦးခေါင်းခွံကနေ ဆွဲဆုတ်ထားတဲ့ အလောင်းတွေ အ မြောက်အများကို ရထားတွဲတွေပေါ်မှာ တွေ့ရတယ်။ “ကင်းမြီးကောက်” လို့ သူတို့ကိုယ်သူတို့ အမည်ပေး ထားတဲ့ ဆာ့ဘ်အသေခံတပ်သားတွေ ထိန်းသိမ်းထားတဲ့ စခန်းကို ၀င်သိမ်းအပြီးမှာ တဒါဇင်လောက်ရှိတဲ့ ဆာ့ဘ်တပ်သားတွေ လက်နက်ချလာတယ်။ သူတို့ဟာ စစ်ပွဲအပြီးမှာ အိမ်ကို ပြန်မယ့် သူတွေဖြစ်တယ် လို့ Roberto က ပြောပြတယ်။
အဲဒီ ဆာ့ဘ်တွေကျူးလွန်ခဲ့တဲ့ ကလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့် တာတွေ၊ နှိပ်စက်ညှင်းပန်းတာတွေကို ငါတို့ တွေ့မြင်ခဲ့ရတယ်။ ငါ့အနေနဲ့ စစ်မြေပြင်တွေကို အများကြီး သွားဖူးတယ်၊ ဒါပေမယ့် ဘောစနီးယားစစ်ပွဲလောက် ရက်စက်တာ၊ ကြောက်စရာကောင်းတာမျိုး မတွေ့ဖူးဘူး၊ ဒီစစ်ပွဲဟာ ငါ့ခေါင်းထဲမှာ အမြဲစိုးမိုးနေတယ်၊ ဒီအကြောင်းအရာတွေကို ငါ့ခေါင်းထဲက ဖယ် ထုတ်လိုက်ချင်တယ်။ ဒါကြောင့် အဆိုးရွားဆုံးတွေထဲက တခုကို ရှင်းပစ်လိုက်ခြင်းအားဖြင့် အဲဒီ အဖြစ်အ ပျက်တွေ အဆုံးသတ်သွားမယ်ထင်ပြီး၊ မင်းတို့တပ်ဖွဲ့တွေကို သတ်ဖို့ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် ဒါတွေက ပျောက်မသွားပါဘူး၊ စစ်ပြီးလို့ အိမ်ပြန်ရောက်တာတောင် ငါ့ကိုယ်ငါတောင် မှန်ထဲပြန်မကြည့်ဝံ့ဘူး၊ ငါ့သားကိုတောင် ငါ့မျက်စိနဲ့ မကြည့်ဝံ့တော့ဘူး လို့ Roberto က ဆက်ပြောပြတယ်။
Roberto က အဲလိုပြောပြအပြီးမှာ သူတို့လုပ်ရပ်တွေအတွက် နောင်တရနေဟန်ရှိတဲ့ John က “ငါတို့ဘာ တွေ ကျူးလွန်ခဲ့လဲဆိုတာ မင်းလဲအသိဘဲ၊ အဲဒီတော့ ငါသေသင့်ပါတယ်။ ငါ့ကို ပစ်သတ်လိုက်ပါ၊ ငါတို့နှစ် ယောက်ရဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါ” ဆိုပြီး တောင်းဆိုတယ်။ John ရဲ့ နောက်မှာ သေနတ်နဲ့ ချိန် ထားတဲ့ Roberto က သေနတ်ကို “ဒိုင်း” ခနဲ ပစ်လိုက်ပါတယ်။ John ကိုတော့ မဟုတ်ပါဘူး၊ ဘေးကိုပစ်လိုက်တာပါ၊ နောက်ပြီး သေနတ်ကို အနားက ချောက်ထဲ ပစ်ချလိုက်ပြီး၊ John ကို လက်ပြန်ကြိုး တုတ်ထားတာကိုလည်းဖြတ်ပေးလိုက်ပါတယ်။
ဒါနဲ့ဘဲ သူတို့နှစ်ဦးကြးမှာရှိတဲ့ ရန်ငြိုးရန်စတွေ ချုပ်ငြိမ်းသွားပါတယ်။ ၂ ယောက်လုံးလည်း အသက်သေ လောက်အောင် အန္တရာယ်ရှိတဲ့ နည်းတွေနဲ့ ကိုယ်လိုချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေရအောင် စွန့်စွန့်စားစား ကြိုးပမ်းပြီးတဲ့နောက်မှာ၊ တယောက်နဲ့တယောက် အတိတ်ကလုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖွင့်ချ လိုက်နိုင်တဲ့အတွက်၊ ၂ ဦးလုံးရင်ထဲမှာရှိတဲ့ အစိုင်အခဲတွေ၊ အကြိတ်အခဲတွေ၊ နာကျည်းမှုတွေ၊ မုန်းတီးမှု တွေကို တနည်းအားဖြင့် ဖြေလျော့ပေး၊ ကုစားပေး(healing) လိုက်နိုင်တဲ့အတွက်ကြောင့် အခုလို ပဋိပက္ခ တွေ ချုပ်ငြိမ်းသွားတာလို့ မြင်ပါတယ်။
ရုပ်ရှင်ကဒီနေရာမှာ ပြီးသွားပေမယ့်၊ မပြီးသေးတာက ကျနော်ပါ။ ရုပ်ရှင်ထဲမှာတောင် ဘောစနီးယား ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ John တယောက်၊ သူကိုယ်တိုင် အသတ်ခံရတဲ့ အဖြစ်နဲ့ကြုံတွေ့ရပြီး ကံကောင်းထောက်မလို့ အသက်ဘေးက လွတ်မြောက်သွားတဲ့အခါ၊ သူ့ကိုသတ်ခဲ့တဲ့ Roberto ကို အချိန် ကုန်ခံ၊ ငွေကုန်ခံပြီး စွန့်စွန့်စားစား၊ တိုက်ခိုက်၊ ဖမ်းဆီး (ကိုယ်တိုင်လည်း Roberto အဖမ်းခံတာ၊ နှိပ်စက်တာခံရ)၊ ညှင်းပန်းနှိပ်စက်ပြီး Reberto ဆီကနေ ၀န်ခံချက် (Confession) ကိုသာ အငြိုးတကြီး အသက်စွန့်ပြီး ယူဖို့ကြိုးစားခဲ့ပါတယ်။
တကယ့် လက်တွေ့ဘ၀တွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး နှိပ်စက် နှစ်ရှည်ထောင်ဒဏ်တွေ ချခံရတဲ့ သူတွေအနေနဲ့လည်း သူတို့အပေါ် ကျူးလွန်ခဲ့သူတွေဆီကနေ ဒီလိုကျူးလွန်ခဲ့တဲ့အတွက် “မှားခဲ့ပါတယ်၊ ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိပါတယ်၊ အရှက်ရမိပါတယ်၊ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်မိခဲ့ပါတယ်” စတဲ့ ဖွင့်ဟ၀န်ခံချက်တွေ ကြားချင်၊ ကိုယ့်အမှားကို ကိုယ်ဝန်ခံပြီး ကျူးလွန်ခံရသူတွေအတွက် စာနာနားလည် အသိအမှတ်ပြုပေးတာတွေလိုချင်မှာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်က သာယာဝတီထောင်အတွင်း လေဘာတိုက်ပွဲဝင်ခဲ့တဲ့အထိမ်းအမှတ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ အခမ်းအနားတခုပြုလုပ်ခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုပြုံးချိုက “ဒါတွေကို ကျနော်တို့ဖော်ထုတ်ပြီးတော့ လက်စားချေခြင်လို့၊ ပြန်တုန့်ပြန်ချင်လို့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်နေတာမဟုတ်ပါဘူး။ ကျနော်တို့ ရှင်းရှင်း လင်းလင်းပြောချင်တာက အတိတ်က ဖြစ်ရပ်တွေကို ကျနော်တို့ မေ့နိုင်ဖို့၊ ခွင့်လွှတ်နိုင်ဖို့၊ အဲဒါတွေကို ဆုံးဖြတ်ဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖြစ်နိုင်ချေရှိတာက ခွင့်လွှတ်နိုင်ဖို့တော့ ကျနော်တို့ ကြိုးစားချင် ကြိုးစားပါမယ်။ ကျနော်တို့မေ့ပျောက်နိုင်ဖို့ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းဆိုင်ရာအဖြစ်အပျက်တွေကို ကျနော်တို့မျိုးဆက်တွေကို မျှဝေဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်” လို့ ပြောသွားပါတယ်။ ဒီပွဲမှာ ၁၉၈၉ ခုနှစ်က သာယာဝတီထောင်မှာ တာဝန်ရှိတဲ့သူတွေ တက်ရောက်ပြီး သူတို့ရဲ့ ကျူးလွန်မှုတွေအတွက် ၀န်ခံတာမျိုး၊ ပြန်လည် တောင်းပန်တာမျိုးလုပ်နိုင်ခဲ့ရင် ကျူးလွန်သူတွေနဲ့ ကျူးလွန်ခံရသူတွေအကြား နားလည်မှုတွေ၊ ပြန်လည်ရင်ကြားစေ့မှုတွေ ပိုရလာနိုင်မယ် လို့ ယူဆပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေးချိုး ဖောက်ခဲ့သူတွေအနေနဲ့လည်း သူတို့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူတာမျိုး၊ ၀န်ခံတာမျိုး၊ ကျူးလွန်ခံခဲ့ရသူတွေရဲ့ ဝေဒနာတွေအပေါ်အသိအမှတ်ပြု နားလည်ပေးနိုင်တာမျိုး လုပ်ပေးနိုင်ရင်၊ ကျူးလွန်ခံခဲ့ရသူတွေရဲ့ စိတ်ထဲကနာကျင်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေ လျော့ပါးသွားနိုင်သလို၊ ကျူးလွန်သူတွေအနေနဲ့လည်း ကိုယ့်လုပ်ရပ်တွေအတွက် ဖွင့်ဟ၀န်ခံလိုက်ခြင်းအားဖြင့် တသက်လုံး ကိုယ့်လိပ်ပြာကိုယ်မလုံဘဲ၊ ခြောက်ချားဖိစီးမှုတွေနဲ့ နေရတဲ့ဘ၀ကနေ လွတ်မြောက်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတည်ဆောက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက်ဆိုရင် လူ့အခွင့်အရေးချိုး ဖောက် ခံရသူတွေရဲ့ အခန်းကဏ္ဍကို လက်ခံအသိအမှတ်ပြုပေးဖို့ကလည်း အရမ်း အရေးကြီးပါတယ်။ လူ့အခွင့်အရေးချိုးဖောက် ခံခဲ့ရသူတွေကို စာနာ နားလည် အသိအမှတ်ပြုပြီး သူတို့စိတ်ကျေနပ်မှုရအောင် ဆောင်ရွက်ပေးနိုင်မှသာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိခဲ့တဲ့ နိုင်ငံမျိုးမှာ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေရဲ့ ကျေနပ်မှုကို ရအောင် ဆောင်ရွက်ပေးဖို့က ပိုအရေးကြီးပါတယ်။
Ref:
- http://www.youtube.com/watch?v=yUdA21P8y2Y&feature=youtu.be
- http://www.ushmm.org/genocide/take_action/genocide/patterns
- http://www.theguardian.com/world/2013/jul/11/radovan-karadzic-genocide-charge
- http://www.telegraph.co.uk/news/worldnews/europe/serbia/9984856/Ratko-Mladic-removed-from-UN-war-crimes-court.html
- http://www.biography.com/people/slobodan-milosevic-9409281
.
0 comments :
Post a Comment