ဝယ်ကြမလား ပူးဂဏန်း ကားနံပါတ်များ

Thursday, September 26, 2013

 ~



ကိုယ့်မှာ ကားတစီးရှိတယ် ဆိုပါစို့။
ကားနံပတ်ပြားအတွက် ပိုက်ဆံ ဘယ်လောက် သုံးချင်သလဲ။

ဒီလလယ်ပိုင်း ရန်ကုန်မြို့တနေရာမှာ တွေ့ရတဲ့ AA 8888 နံပါတ်တပ် အငှားကား (ဓာတ်ပုံ - ဧရာဝတီ)

နံပါတ်တခုအတွက် ၂၆ သိန်းပေးတဲ့သူ ရှိနေတယ်လို့ ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ရေးပါတယ်။

ဒီလအတွင်း အပူးဂဏန်း နံပတ်တွေကို ဈေးကြီးပေးပြီး ၀ယ်နေကြတာပါ ဆိုတဲ့ အဲဒီသတင်းမှာ

9F 2222 ၁၄ သိန်း
9F 4444 ၁၈ သိန်း
9F 6666 ၂၂ သိန်း
9F 7777 ၂၄ သိန်း
9F 8888 ၂၆ သိန်း

ဆိုပြီး ၀ယ်ဖို့ အဆိုပြုထားပါတယ် တဲ့။ 

ကညန လို့ အတိုကောက် ခေါ်နေကြတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဟာ ဒီဂဏန်းတွေနဲ့ ၀င်ငွေကောင်းနေပါပြီ။
ဒီလ ဒုတိယပတ်အတွင်းမှာပဲ ရွေးဂဏန်း၊ အပူးဂဏန်းတွေအတွက် သိန်း ၈၄၀ ရခဲ့တယ်လို့ ဌာန တာဝန်ရှိသူတဦးက ပြောပါတယ် တဲ့။

ရွေးဂဏန်း၊ အပူးဂဏန်းတွေ ကညနမှာ ရောင်းနေတာ ပြီးခဲ့တဲ့နှစ် ဧပြီကတည်းကဖြစ်ကြောင်း သတင်းမှာ ဆက်ရေးထားပါတယ်။

9F 8888  ကို ဘယ်သူ ရမယ် ဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘယ်သူရသွားတယ် ဆိုတာလည်း သတင်းထဲ ပါချင်မှ ပါလာပါလိမ့်မယ်။

ကားနံပါတ်ပြားတွေကို အခုဆို အင်္ဂလိပ်လိုပဲ ရေးရပါတော့မယ်။ ဒါကြောင့်  နံပါတ်သစ်တွေကို အင်္ဂလိပ်လိုပဲ ရိုက်နှိပ် ထုတ်ပေးနေပါပြီ။ ရှေးတုန်းကလို မဟုတ်တော့ဘဲ အတု လုပ်ဖို့ ခက်ခဲအောင် နံပါတ်ပြားကို ဌာနဆိုင်ရာကပဲ ထုတ်ပေးနေပါတယ်။ ဆိုင်းဘုတ်ရေးတဲ့ဆိုင်မှာ နံပါတ်ပြား ရေးခိုင်းလို့ မရတော့ပါ။

ထိုင်းမှာလည်း ရောင်းတယ်

ထိုင်းနိုင်ငံမှာလည်း မော်တော်ယာဉ်ဆိုင်ရာဌာနက ဒီလိုနံပါတ်မျိုးကို ဈေးကြီးကြီးနဲ့ ရောင်းပါတယ်။ ၀ယ်ကြပါတယ်။ ၀ယ်သူရှိလို ရောင်းသူပေါ်လာတာ ဖြစ်ပါလိမ့်မယ်။
သာမန်နံပါတ်တွေဆိုရင်တော့ သတ်မှတ်ဈေးအတိုင်းပဲ ပေးချေရပါတယ်။

အမေရိကန်လည်း ရောင်းတာပဲ
အမေရိကန်မှာလည်း ဈေးပိုပေးရတဲ့ ကားနံပါတ်ပြားတွေ ရှိပါတယ်။
အဆင်သင့်ရိုက်နှိပ်ထားတဲ့
ကားနံပါတ်ပြားမျိုး ဆိုရင်တော့ ပုံမှန်ဈေး သတ်မှတ်ထားတဲ့ဈေးပါပဲ။
အမေရိကန်တွေက သူတို့နာမည် အတိုကောက်တွေကို နံပါတ်ပြားမှာ ရေးခိုင်းတာလည်း ရှိပါတယ်။
ကိုယ့်လုပ်ငန်းနာမည်၊ ကိုယ်ပြောလိုတဲ့စကားအတိုကောက် စသဖြင့်လည်း ဖြစ်နိုင်ပါတယ်။
ရိုင်းစိုင်းတဲ့ စော်ကားတဲ့ စာလုံး မဟုတ်ရင်တော့ နံပါတ်ပြားရိုက်ပြီး ရောင်းပေးဟန်တူပါတယ်။ တချို့နံပါတ်မှာ စာလုံးတွေကို ချုံ့ထားတဲ့အတွက် ရိုင်းလို့ရိုင်းမှန်း ချက်ချင်း မသိတာလည်း ရှိပါတယ်။  မြန်မာတချို့တလေကတော့ မြန်မာလို ဆဲဆိုသံကို အင်္ဂလိပ်စာလုံးနဲ့ ရေးတာလည်း ရှိပါတယ်။ အမေရိကန်က မြန်မာလိုဆဲတာ နားမလည်တော့ လက်ခံပြီး လုပ်ပေးပါလိမ့်မယ်။ 

ABC2PHD ဆိုတဲ့ နံပါတ်က ABC to Ph.D ကို ရည်ရွယ်ဟန် တူပါတယ်။ ကကြီးခခွေးသင်တဲ့ မူလတန်းလည်း အောင်ပြီးပြီ ပါရဂူဘွဲ့လည်း ရပြီးပြီလို့ ဆိုလိုသလား။ ဒါကိုတော့ ကားပိုင်ရှင်မေးမှ သိပါလိမ့်မယ်။

KNG OF OH အိုဟိုင်းယိုးပြည်နယ်ရဲ့ဘုရင် လို့ ဆိုလိုဟန်တူတဲ့ နံပါတ်၊
911 WTF အရေးပေါ်နံပါတ်နဲ့ ရေရွတ်လေ့ရှိတာကို တွဲထားတဲ့နံပါတ်တွေကိုလည်း
ဓာတ်ပုံရိုက်ထားတာ အွန်လိုင်းမှာ  တွေ့ရပါတယ်။

နေရာအခက်အခဲကြောင့် စာလုံးအပြည့်အစုံ မရေး၊ GRLဆိုရင် Girl လို့ နားလည်၊ KS ဆိုရင် Kiss လို့ နားလည်ကြရပါတယ်။ PRN ဆိုတာက Porn ရဲ့ အတိုကောက်ပေါ့။
အတိုကောက်တွေနဲ့ ပေါက်ကရ နံပါတ် ရွေးကြသူလည်း မနည်းပါ။

မြန်မာပြည်နဲ့ နံပါတ်များ


မြန်မာပြည်မှာတော့ အမေရိကန်လိုမဟုတ်ပါဘူး။ ထိုင်းနဲ့ တူပါတယ်။
နံပါတ် လှတပတ လို့ အများအပြားက ထင်ကြတဲ့ 8888၊  4444၊ 9999 ဆိုတာတွေကိုပဲ ၀ယ်နိုင်ပါလိမ့်မယ်။ ဒါတောင်မှ အဲဒီဂဏန်းများရှေ့မှာ ကိုယ်ကြိုက်ချင်မှကြိုက်မယ့် 7F, 9F ဆိုတာတွေ ပါပါလိမ့်မယ်။

KO SOE, KYAW 2, LUCKY 7, ဆိုတာတွေကို ရမယ်မဟုတ်သေးပါ။ အနာဂတ်မှာ ပြုပြင်ပြောင်းလဲတာတွေ လုပ်မယ်ဆိုရင်တော့ ရလာပါမယ်။

လောလောဆယ်တော့ ပူးဂဏန်းများကိုပဲ ခရေဇီဖြစ်ရမယ့်သဘော ဆိုပါစို့။ ဟိုတလောက ဦးလော်စစ်ဟန် ကွယ်လွန်တော့ နောက်ဆုံးခရီးကို ၉၉၉၉ ဂဏန်းကားနဲ့ ပို့ပါတယ်။ အဲဒီ ခံ့ခံ့ညားညား အနက်ရောင်ကားပုံကို ဧရာဝတီဘလော့
http://blog.irrawaddy.org/2013/07/blog-post_3793.html မှာ ကြည့်နိုင်ပါတယ်။

တချို့ကတော့ နံပါတ် လှတပတကို မကြိုက်ကြ။ လုံခြုံရေးထိခိုက်တယ်၊
ကိုယ့်ကားနံပါတ်ကို မှတ်မိလွယ်တာ ပြဿနာရှိနိုင်လို့ပါ ဆိုပဲ။ 

မြန်မာပြည်နဲ့ ကားနံပါတ်များအကြောင်း ဆက်လက် ရေးသားချင်ပါသေးတယ်။ 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved