~
တကယ့်ကိုပါပဲ၊ ကဗျာတွေကို ဖတ်ရင်း အလွမ်းတွေက ရင်ကို လွှမ်းသွားပါတယ်။ ကိုဝေကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ သော်ဒီဝေရဲ့ “မြို့တမြို့၊ လ သုံးစင်း” ကဗျာ စာအုပ်ကို ဖတ်ရှုရင်း ကျနော့် အတွေးစိတ်ကူးနဲ့ ဘဝထဲကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး တိုးဝင်လာတဲ့ အလွမ်းတွေကို လွမ်းမိပါတယ်။
အဲဒီအလွမ်းတွေကို တိတိကျကျ ပြောဖို့ အမည်ပေး သတ်မှတ်ဖို့ အတော် ခက်ပါတယ်။
သော်ဒီဝေ၏ မြို့တမြို့၊ လသုံးစင်း ကဗျာစာအုပ် မျက်နှာဖုံး
သော်ဒီဝေရဲ့ ဘဝဟာ သော်ဒီဝေရဲ့ မြို့ဖြစ်တယ်။ အဲဒီမြို့မှာ သော်ဒီဝေရဲ့ အနုပညာ တိမ်စင်“လ” သုံးစင်း ရှိတယ်။
အဲဒီ လ သုံးစင်းကတော့ ပန်းချီဖန်တီးရေးဆွဲခြင်း၊ သီချင်းရေးသားသီကုံးခြင်းနဲ့ ကဗျာရေးဖွဲ့ခြင်းတွေပါ။
သော်ဒီဝေရဲ့ “မြို့တမြို့၊ လသုံးစင်း” ကဗျာစာအုပ်ကို ဖတ်ရှုလိုက်တာနဲ့ သော်ဒီဝေကို အဲဒီလို နားလည်သွားရတယ်။
အဲဒီ နားလည် သွားတဲ့အထဲမှာ သူ့ရဲ့ ဘဝဖြတ်သန်းမှု၊ အနုပညာ ဖန်တီးမှုတွေနဲ့ အတွေးအခေါ်တွေလည်း ပါဝင်နေပါတယ်။
အခု တင်ပြမှာကတော့ သူ့ရဲ့ ကဗျာရေးဖွဲ့ ဖန်တီးမှု အပေါ် ဦးစားပေး တင်ပြမှာ ဖြစ်ပါတယ်။
အဲဒီ ကဗျာစာအုပ်မှာ ထုတ်ဝေနေကျ ပုံစံအတိုင်း မဟုတ်တဲ့ အစီအစဉ်က ကဗျာဆရာ သော်ဒီဝေရဲ့ ဘဝ ကောက်ကြောင်းကို စာအုပ်မှာ ထည့်သွင်းတင်ပြထားပါပဲ။
ပြီးတော့ ကဗျာတွေကို အင်္ဂလိပ်လိုလည်း ဘာသာပြန်ထားပါသေးတယ်။ (သူ့ဘဝ ကောက်ကြောင်းကိုတော့ အင်္ဂလိပ်လို ဘာသာပြန်မထားပါ။)
ဒီအချက် ၂ ချက်ဟာ အနုပညာ ခံစားမှု ကူးစက် စီးဆင်းဖို့ အတွက် လမ်းသွယ်ပေးတဲ့ အကောင်းဆုံး တံတားတွေပါ။
သော်ဒီဝေရဲ့ ဘဝကောက်ကြောင်းကို ဖတ်ရှုရတော့ သူ့ရဲ့ အလွန်ရိုးသား ရိုးရှင်းတဲ့ ဘဝဖြတ်သန်းမှု၊ မာန်မာန ပလွှားမှု မရှိတဲ့ ငြိမ်းအေးစိတ် နဲ့ ဘဝဖြတ်သန်း တွေ့ကြုံရမှု အပေါ် လောကအရေး၊ ဓမ္မအရေး အမြင်နဲ့ ဆက်စပ်ပြီး ရောင့်ရဲတင်းတိမ် မှု တွေကို တွေ့ရပါတယ်။
သူ့ရဲ့ ပြင်းပြတဲ့ ခံယူချက်ကိုတော့ ကဗျာတွေ ဖတ်ရှုရတဲ့ အခါ တွေ့မြင်လာရပါတယ်။
တေးရေးဆရာ၊ ပန်းချီဆရာ၊ ကဗျာဆရာ သော်ဒီဝေကို စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကြက်ဆူကန်ရွာမှာ ကုန်သည်မျိုးရိုး မိဘတွေက ၁၉၅၄ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာမွေးဖွားပါတယ်။
မွေးပြီး ၁ လသားမှာပဲ အဲဒီရွာမှာ ဓားပြတွေ သောင်းကျန်းလို့ ရေဦးမြို့ကို ပြောင်းရွှေ့ခဲ့ရပြီး ရေးဦး အထက ၁ မှာ အထက်တန်းအထိ တက်ရောက်ခဲ့သူပါ။
အသက် ၂ဝ အရွယ် ၁၉၇၄ ခုနှစ်မှာ မန္တလေး ပန်းချီပန်းပုကျောင်းမှာ ၁၉၇၇ ခုနှစ်အထိ သုံးနှစ်သင်တန်း တက်ရောက်ခဲ့ပါတယ်။
သူနဲ့ Same Batch တွေကတော့ ကိုမာလာ၊ ဖိုးသျှား (ကိုဇော်ဝင်း)၊ ညမင်းကျော် တို့ ဖြစ်ပါတယ်။
ပန်းချီရေးဆွဲရာမှာ Pattern ရေးဆွဲနည်းနဲ့ သူ့စိတ်မြင် အရောင်တွေသုံးစွဲရေးဆွဲတတ်သလို၊ composition ကိုလည်း သူ့စိတ်ကူးအတိုင်း ထင်ဟပ်တင်ပြတာ တွေ့ရပါတယ်။
ပြီးတော့ သူသွားလေရာ အရပ်ဒေတွေကို ဓာတ်ပုံရိုက် မှတ်တမ်း လေ့ရှိသလို၊ အဲဒီမှတ်တမ်း ဓာတ်ပုံတွေကို ပန်းချီကားရေးဆွဲပြီး ပြန်လည်တင်ပြတာတွေလည်း ရှိပါတယ်။
သီချင်းရေးဖွဲ့ရာမှာလည်း ရိုးရှင်းလှပပြီး အဓိပ္ပာယ် ထိမိတဲ့ စကားလုံးတွေ သုံးစွဲတာတွေ့ရပါတယ်။ လေးဖြူ သီဆိုထားတဲ့ “အကောင်းဆုံး” ဆိုတဲ့ သီချင်းထဲမှာဆိုရင် -
“ဘုရားဟောတဲ့ ကျမ်းများထဲမှာ ဖတ်ဖူးတယ်…. လူ့ဘဝကို ရခဲတယ်.. အကောင်းဆုံး.. ကြိုးစား.. လူ့ဘဝထဲက အမှန်တရား…” ဆိုပြီး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
တဖန် ကဗျာရေးဖွဲ့မှုမှာတော့ စကားလုံး စတန့်ထွင်သလို စကားလုံး အသုံးအနှုန်းတွေ ထွေပြား ဝေဝါးမနေဘဲ လက်ရှိ အနေအထားမှာ သုံးစွဲနေကျ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း သုံးစွဲ တင်ပြရေးဖွဲ့ထားပါတယ်။
ဒါဟာ သူ့ရဲ့ စိတ်အခံ ရိုးရှင်းမှုနဲ့ ရိုးသားမှုကို ထင်သာမြင်သာ ရှိစေတာပါ။ သူ့ရဲ့ “ဆပ်ကပ်ကြည့်သူ” ဆိုတဲ့ ကဗျာကို ကြည့်ပါ။
သူတို့ပေါ့…
အလျှံငြီးငြီး မီးတောက်တွေကြား ဒိုင်ဗင်ထိုးပြကြ
ဟန်ချက် မပျက်၊ တဘီးတည်းနဲ့ လှိမ့်ပြကြ
ကြိုးတန်းပါးပါးလေးပေါ် သက်စွန့်ဆံဖျား လမ်းလျှောက်ပြကြ
သံတိုင်တွေရဲ့ကြား၊ သားရဲ တိရိစ္ဆာန်များနဲ့ ဆော့ကစား ပြကြ
နောက်… တယောက်ကို တယောက်
အသွားချွန်ထက် ဓားတွေနဲ့ ပစ်ပေါက်ပြကြနဲ့…၊
ဒါပေမယ့် သူတို့ဟာ
ဘယ်တော့မှလည်း အသည်းမကွဲကြ
ဘယ်တော့မှလည်း မနာကျင်ကြ
တကယ် အသည်းကွဲကြ
တကယ် နာကျင်ကြရသူတွေကတော့
အဲဒီ အစီအစဉ်တွေကို ငေးမောကြည့်နေကြတဲ့
ပရိတ်သတ်တွေမျှသာ ဖြစ်တယ်။ ။
ဒီကဗျာထဲမှာ သူ့ရဲ့ အတွေးအခေါ်နဲ့ ဘဝအမြင်ကို ထင်ဟပ်ပြတာလို့ ဆိုနိုင်ပါတယ်။
လူတွေဟာ အမှန်တကယ် မဟုတ်တဲ့ အရာတွေကို (ထင်ယောင်မှား ဖြစ်ပြီး) အမှန်အဖြစ်အနေနဲ့ ခံစားတတ်တဲ့ သဘာဝကို လှစ်ဟ ပြပါတယ်။
သော်ဒီဝေရဲ့ “နေ့စဉ်မှတ်တမ်းများ ကောက်နုတ်ချက်” ဆိုတဲ့ ကဗျာမှာတော့ ပေးဆပ်ခြင်း သဘောကို အားမလိုအားမရ ဖြစ်ပြီး ရေးဖွဲ့ထားတာက
အဲဒီမိန်းမ ပေါ့
အနုပညာ
အောင်မြင်ကျော်ကြားမှုနဲ့
စိတ်ကျရောဂါသည် တဦးတို့ကို
ခပ်ပေါ့ပေါ့ တပြိုင်နက်
လက်ထပ်ယူခဲ့တာ…၊
အဲဒီယောက်ျားပေါ့
ဝီစကီ ခြောက်ပက်
အင်ပရက်ရှင်းနစ် ပန်းချီရေးနည်းနဲ့
အမေရိကတိုက်ကို တွေ့ရှိဖို့
ကိုလံဘတ်စ်ရဲ့ ခရီးသွားမြေပုံတို့ကို
အဲဒီမိန်းမထံ ပေးဆပ်လိုက်လေရဲ့။ ။
သော်ဒီဝေဟာ သူတွေ့မြင်ရာ တွေ့ကြုံရာကို သူ့ခံစားမှုကို အရင်းအတိုင်း ရိုးရိုးရှင်းရှင်း ရေးဖွဲ့တင်ပြထားတာ တွေ့ရပါတယ်။
သူ့ရဲ့ ရိုးရှင်းတဲ့ တင်ပြမှုဟာ သူ့ရဲ့ တုနှိုင်းမဲ့ အနုပညာ ဖြစ်တည်မှုပါပဲ။ ။
နိုင်စွမ်း
.

0 comments :
Post a Comment