သံလွင်မြစ်ကို ဒုက္ခမပေးဖို့ ဒေသခံတွေ ပြောပြီ

Friday, March 14, 2014

 
~


 
 အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်ပွဲကို
မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာအနီး သဲသောင်ပြင်တွင်  ထိုဒေသအတွက် ပထမဆုံးကျင်းပရာ
သံလွင်မြစ်ကို ဒုက္ခပေးမည့် ရေကာတာနှင့် ရေအားလျှပ်စစ် စီမံကိန်းများရပ်တန့်ပေးရန် အဖွဲ့ ၁၃၁ ဖွဲ့က တောင်းဆိုလိုက်သည်။
 
-

 -
ဓာတ်ပုံများ - စနေလင်း / ဧရာဝတီ
 -
သံလွင်မြစ်ရိုးတလျှောက်  စီမံကိန်းများကြောင့်  ဒေသခံတိုင်းရင်းသားတို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဒေသတွင်း သစ်တော ၆၀%ကျော် ပြုန်းတီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခေးဆိုင်က ပြောသည်။

တောပြုန်းလာသည့်အတွက် တောနေဇီဝမျိုးစိတ်များ ပျက်သုန်းပြီး၊   သစ်တောကို အမှီပြုလုပ်ကိုင်စားသောက်နေကြရသည့်   ဒေသခံတို့   ဒုက္ခများစွာ ရင်ဆိုင်နေကြရသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတ၀ှမ်း ရေကာတာ၊ ရေအားလျှပ်စစ် စီမံကိန်း အများအပြား၏ နောက်ဆက်တွဲဆိုးကျိုးကို သက်ဆိုင်ရာ ဒေသခံတို့ လက်တွေ့ခံစားခဲ့ရပြီးဖြစ်ကြောင်း၊
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း ကွမ်းလုံရေကာတာ၊
နောက်ဖရေကာတာ၊ တာဆန်းရေကာတာ၊ ကယားပြည်နယ်မှ ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်မှ ဟတ်ကြီးရေကာတာတို့ကို
တည်ဆောက်ရန် စီမံနေခြင်းက သံလွင်မြစ်ရိုးတလျှောက် နေထိုင်ကြသော ပြည်သူတို့အပေါ် ဆိုးကျိုးအများအပြား သက်ရောက်နိုင်ကြောင်း
အထိမ်းအမှတ်ပွဲ ကျင်းပရေး တာဝန်ခံ ကိုကြည်ဇော်လွင်က ဆိုသည်။

“ဒီလိုပွဲမျိုးကို နိုင်ငံတိုင်းမှာ ကျင်းပကြတယ်။ ရေကာတာတွေကြောင့် အတိဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေက ကိုယ်နစ်နာမှုတွေအတွက် တောင်းဆိုကြတယ်။
ကျနော်တို့နိုင်ငံမှာ ဒီလိုကျင်းပတာ ပထမဦးဆုံးပဲ။ စွမ်းအင်ထုတ်ယူမှုတွေမှာ ဒီနည်း အပြင် တခြားဘယ်နည်းတွေရှိမလဲဆိုတာ စဉ်းစားဖို့လိုတယ်။
တကယ်လို့သဘာဝဘေးကြောင့်သာ ရေကာတာတွေ ကျိုးခဲ့မယ်ဆိုရင် ရေကာတာအောက်ခြေက သန်းနဲ့ချီတဲ့ ပြည်သူတွေပဲ ဒုက္ခရောက်မှာ” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်စီမံကိန်း ဒုက္ခသည်

အခမ်းအနားတွင် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရှိ လျှပ်စစ်စီမံကိန်း အပါအ၀င်   မြန်မာနိုင်ငံ တ၀ှမ်းလုံးရှိ ရေကာတာ၊ ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဒုက္ခရောက်နေကြသော တိုင်းရင်းသားများက   ၎င်းတို့တွေ့ကြုံခံစားမှုများကို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်တွင် စစ်ဘေးဒဏ်သင့် သူများကိုသာ ဒုက္ခသည်များအဖြစ် သတ်မှတ်ကြပြီး ဧရာဝတီမြစ် ဆုံရှိ လျှပ်စစ်စီမံကိန်းကြောင့် နေရပ်ရင်းစွန့်ခွာရသူတို့ကို  ဒုက္ခသည်အဖြစ် မသတ်မှတ်ကြကြောင်း မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသော ဒေါင်ပန်းရွာမှ ဒေါ်တိန့်ဝမ်က ပြောသည်။

“ကျမတို့က တကယ့် ငြိမ်းချမ်းရေး ဒုက္ခသည်တွေပါ။
စစ်ဘေးကြောင့် ဒုက္ခရောက်ကြတဲ့ သူတွေကို ကူညီမှုတွေ ပေးနေပေမယ့် ကျမတို့ကို ဘယ်အဖွဲ့အစည်းကမှ လာမကူညီကြဘူး။
ကျမတို့မှာ ရွာတွေပြောင်းလိုက်ရတဲ့အတွက် အခု အဲဒီစီမံ ကိန်းကို လုပ်နေတဲ့ တရုတ်ကုမ္ပဏီက ပေးတဲ့ တလကို ဆန် ၇ ပြည် ဆိုတာပဲ ရတယ်။
လုပ်စားကိုင်စားဖို့ကလည်း နေရာအသစ်မှာ ဘာမှ လုပ်လို့မရဘူး”

 ဒေသခံများ သဘောတူသောကြောင့် မြစ်ဆုံစီမံကိန်းကို လုပ် ကိုင်ရခြင်းဖြစ်ကြောင်း တရုတ်ကုမ္ပဏီဘက်က ပြောဆိုနေသော အချက်မှာလည်း မှားနေကြောင်း၊  နိုင်ငံ တ၀ှမ်း ရေကာတာ၊ ရေအား လျှပ်စစ် စီမံကိန်းများကို ပြန်လည် သုံးသပ်သင့်ပြီဖြစ်ကြောင်း  ဒေါ်တိန့်ဝမ်က ဆက်ပြောသည်။

အထိမ်းအမှတ်ပွဲတွင် သံလွင်မြစ်အတွင်းရှိ ရေကာတာများကို ချက်ချင်း ရပ်တန့်ပေးရန် ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ ၃၃,၅၃၈ ဦးတို့က လက် မှတ်ထိုးတောင်းဆိုခဲ့သည်။

စစ်တပ်အင်အား တိုးချဲ့တာ ပြဿနာကြီးတယ်


တိုင်းရင်းသားဒေသအသီးသီးတွင် ပဋိပက္ခ မရပ်တန့်သေးဘဲ စီမံကိန်း ရှေ့တိုးလုပ်ပါက   ပြည်တွင်းစစ်မီးကို လောင်စာထိုးပေးသကဲ့သို့ ဖြစ်နေကြောင်း၊
ထို စီမံကိန်းများသည် နိုင်ငံ တကာစံချိန်နှင့်မကိုက်ညီဘဲ  ပွင့်လင်းမြင်သာမှုလည်း  မရှိကြောင်း၊
 စီမံကိန်းလုံခြုံရေးဟုဆိုကာ  စစ်တပ်အင်အား တိုးချဲ့နေခြင်းကြောင့်  စစ်တပ်က ဒေသခံများကို အနိုင်ကျင့်ခြင်း ပိုမို တိုးပွားလာရကြောင်း  မြန်မာမြစ်ချောင်းများ ကွန်ရက်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာမြစ်ချောင်းများ ကွန်ရက်ကို ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက်၊ သံလွင်ချစ် သူ၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံး၊  ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့တို့ အပါအ၀င် အဖွဲ့ပေါင်း ၁၅ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။
 -
စနေလင်း







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved