ဒီမိုကရေစီခရီးစဉ်၏ အတက်အဆင်း အနိမ့်အမြင့်

Wednesday, April 30, 2014

 

~



ကိုဝ ရေးသားသည်။


 လွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့ကြီး (Freedom House) ရဲ့ ၂ဝ၁၃ ခုနှစ် အစီရင်ခံစာ မှာ လွတ်လပ်ခွင့်ဟာ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ ဆက်တိုက်ကျဆင်းလာတာ ၇ နှစ်ရှိပြီလို့ဆိုပါတယ်။
ကမ္ဘာကြီးဟာ ဒီမိုက ရေစီစနစ်နဲ့ ဘယ်လောက်အလှမ်းဝေးနေ သေးတာကို ဖော်ပြတဲ့သတင်းပါ။
 ပြောရ မယ်ဆိုရင် လက်တစ်ဆုပ်စာ လူနည်းစုချုပ် ကိုင်တဲ့အာဏာပိုင်စနစ် (Authoritarianism)  ကျင့်သုံးရာကနေ ဒီမိုကရေစီစနစ်ပြောင်းလဲ ကျင့်သုံးဖို့ကြိုးပမ်းအကောင်အထည်ဖော်နေ တဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေအတွက် သတိ ထားရမယ့် သတင်းမျိုးပါ။
ဒီလိုအာဏာပိုင် စနစ်ကနေ ဒီမိုကရေစီဆီပြောင်းလဲအ ကောင်အထည်ဖော်နေတဲ့ နိုင်ငံတွေကို ဒီမို ကရေစီအသွင်ကူးပြောင်းရေးကာလနိုင်ငံ တွေလို့ သတ်မှတ်ကြပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာ ခက်ခဲတဲ့ သ မိုင်းပေးတာဝန်ပါ။ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေပြွမ်းတီးနေတဲ့ ဆူးခင်းလမ်းလို့ပဲ ပြောရမှာပါ။ ဒီလိုဆူးခင်းလမ်းကို ဖြတ် ကျော်ဖို့အတွက် လမ်းညွှန်မှုတွေရှိရင်တော့ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေအတွက် အများ ကြီး အထောက်အပံ့ဖြစ်မှာပါ။
ဒါပေမဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလကို ကျော်ဖြတ်နေတဲ့ နိုင်ငံအား လုံးအတွက် အသင့်ဖော်စပ်ပြီး ဖော်မြူလာ ဆိုတာမျိုးကတော့ မရှိနိုင်ပါဘူး။ ကမ္ဘာ့နိုင်ငံ တွေရဲ့ ဖြတ်သန်းမှုကိုလေ့လာ ကြည့်မယ် ဆိုရင် ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်ကို သွားရမယ်ဆိုတဲ့ ပုံသေအစီအစဉ်မျိုးကို တွေ့ရမှာမဟုတ်ပါဘူး။

 ဒီမိုကရေ စီအသွင် ကူးပြောင်းရေးဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ နောက်ခံသမိုင်း၊ စီးပွားရေး၊ နိုင်ငံ ရေးအ တွေးအခေါ်၊ ဘာသာရေးစတဲ့စတဲ့ နောက် ခံအကြောင်းအချက်တွေအပေါ် တည်မှီ ဖြစ်ပေါ်ပြောင်းလဲတဲ့အတွက် ကြိုတင် ခန့်မှန်းဖို့မလွယ်ကူပါဘူး။
 ဒါပေမဲ့ သမိုင်းဖြစ် ရပ်တွေကို လေ့လာသုံးသပ်ကြည့် မယ်ဆို ရင် ရှောင်ကြဉ်သတိထားရမယ့် အခြေခံ သဘောတွေကိုသိနိုင်သလို အကောင်အ ထည်ဖော်ရမယ့် အခြေခံသဘောတွေကို လည်း နှလုံးသွင်းနိုင်မှာပါ။
အာဏာပိုင်စနစ် ဗြုန်းစားကြီးပြိုကျ တာမျိုးက ဒီမိုကရေစီစနစ်စတင်ကျင့်သုံး တာမျိုးကို ဦးတည်လာစေနိုင်သလို နောက် အာဏာပိုင်စနစ်တစ်မျိုးဆီ ဦးတည်စေနိုင် တယ်လို့ဆိုပါတယ်။

 မြန်မာနိုင်ငံမှာ ရှစ် လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး ကြောင့် မဆလပါတီအာဏာရှင်စနစ် ပြို လဲသွားပေမဲ့ (နဝတ) (နအဖ)ဆိုတဲ့ စစ် အာဏာရှင်စနစ်က အစားထိုးဝင်ရောက် လာပါတယ်။
၉ဝ ခုနှစ်ရွေးကောက်ပွဲကို မလွှဲသာ မရှောင်သာကျင်းပပေးခဲ့ရပေမဲ့ ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကတော့ လျစ်လျူရှုချောင်ထိုးတာပဲ ခံခဲ့ရပါတယ်။ ဒီ မိုကရေစီတော်လှန်ရေး (ဒါမှမဟုတ်) ဒီမို ကရေစီအရေးတော်ပုံ ဆိုတာတွေဟာတန် ဖိုးကြီးကြီးပေးဆပ်ရပြီး တည်ငြိမ်တဲ့ဒီမိုက ရေစီစနစ်ထူထောင်ဖို့လည်း ခက်ခဲတတ်ပါ တယ်တဲ့။ မြန်မာပြည်သူတွေရဲ့ ၁၉၈၈ ခုနှစ် ကနေ ဒီကနေ့ အချိန်ထိ ဒီမိုကရေစီလှုပ် ရှားရုန်းကန်မှုကို စဉ်းစားကြည့်တယ်ဆိုရင် ကိုပဲ ဒီအချက်က မြင်သာပါတယ်။ ဒီမိုက ရေစီအသွင်ကူးပြောင်းရေးကို တော်လှန် ရေးနည်းနဲ့အကောင်အထည်ဖော်တာလည်း မဟုတ်ဘူး (ဒါမှမဟုတ်) လူထုလှုပ်ရှားမှုနဲ့ ဆုပ်ကိုင်ရယူတာမျိုးလည်း မဟုတ်ဘူးဆို ရင် မြင်နိုင်တဲ့ နည်းလမ်းတစ်လမ်းကတော့ အာဏာစွန့်လွှတ်ရမယ့် အာဏာပိုင်တွေနဲ့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေအ ကြား သဘောတူညီချက်တစ်ရပ် ရယူတာ ပါ။
ဒီသဘောတူညီချက်က တရားဝင်သ ဘောဖြစ်နိုင်သလို အလွတ်သဘောလည်း ဖြစ်နိုင်ပါတယ်။
တရားဝင်သဘောပဲဖြစ် ဖြစ်၊ အလွတ်သဘောပဲဖြစ်ဖြစ် သဘောတူ ညီချက်ရဲ့ အခြေခံသဘောကတော့ အာ ဏာပိုင်တွေနဲ့ အတိုက်အခံ ဒီမိုကရေစီအင် အားစုတွေအကြား လုံခြုံစိတ်ချရရေး အတွက် အပြန်အလှန်အာမခံပေးတာပါ။ သဘောတူညီချက် အခြေခံဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ သဘောကတော့ အာဏာပိုင်ယန္တရားရဲ့ အစိတ်အပိုင်း အတော်များများက နဂိုအတိုင်း အပြောင်း အလဲမရှိ တည်ရှိနေပြီး ဒီလိုမပြောင်းလဲတာ ဟာ ဒီမို ကရေစီအကူးအပြောင်းအတွက် အနှောင့် အယှက်အဟန့်အတားလာ ဖြစ်နေတာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲ ဝင်လိုက်တာကနေ ဒီကနေ့ အချိန်အထိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီလိုအခြေ အနေမျိုးပါ။ မာ့စ်ပလက်နာ (Marc Plattner) က အဲဒီအခြေအနေမျိုးကို အဖြူအမည်းမသဲကွဲတဲ့ အခြေအနေ (gray zone) လို့သတ်မှတ်ပြီး ဒီအခြေအနေကနေ ဒီမိုကရေစီ စနစ်ဆီကူးပြောင်းမယ်ဆိုတဲ့ အာမခံချက်မျိုး မရှိဘူးလို့ဆိုပါတယ်။ မာ့စ်ပလက်နာဟာ ဒီမိုကရေစီအကူး အပြောင်းဆိုင်ရာ ကျွမ်းကျင်သူပညာရှင် တစ်ဦးပါ။

  ဒေါ်နယ်ဟောရာဝစ်

နောက်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ဟောရာဝစ် (Donold Horowitz) ရဲ့ မှတ်ချက်ကလည်း စိတ်ဝင် စားစရာကောင်းပါတယ်။
အာဏာပိုင်အင် အားစုအတွင်းမှာရော အတိုက်အခံဒီမိုက ရေစီအင်အားစုအတွင်းမှာပါ သဘောထား တင်းမာသူအုပ်စုနဲ့ သဘောထားပျော့ ပြောင်းသူအုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေလေ့ရှိ ပြီး နှစ်ဖက်စလုံးမှာရှိနေတဲ့ သဘောထား ပျော့ပြောင်းသူတွေက ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် စေ့စပ်ညှိနှိုင်းလေ့ ရှိတယ်ဆိုပါတယ်။
 ဒါပေမဲ့ တစ်ခါတစ်ရံ လောက်လောက်လားလား စေ့စပ်ညှိနှိုင်း နိုင်တဲ့ ပုဂ္ဂိုလ် (သို့)အင်အားစုမျိုးမရှိဘဲ လူ ထုဆန္ဒပြလှုပ်ရှားမှုတွေက အစိုးရကို ဖြုတ် ချတာမျိုး ဖြစ်တတ်တယ်ဆိုပါတယ်။
 အာရပ်နွေဦး လှုပ်ရှားမှုနဲ့ဆက်နွှယ်ပြီး အာ ရပ်အာဏာရှင်တွေပြုတ်ကျသွားပုံနဲ့ ဒီနိုင်ငံ တွေရဲ့ အကူးအပြောင်းလားရာတွေနဲ့ ပတ် သက်ပြီး ဒေါ်နယ်ဟောရာဝစ်ရဲ့ ထောက် ပြချက်တွေကလည်း သတိထားစရာပါ။ လစ်ဗျားနိုင်ငံမှာ အာဏာရှင်အစိုးရကို ဖြုတ်ချဖို့လက်နက်ကိုင် တော်လှန်ရေးဆင် နွှဲခဲ့ရပေမဲ့ တူနီးရှားနိုင်ငံနဲ့ အီဂျစ်နိုင်ငံတို့ မှာတော့ လက်နက်ကိုင်တော်လှန်ရေး မ လုပ်ခဲ့ရပါဘူး။
တူနီးရှားမှာရော အီဂျစ်နိုင်ငံ မှာပါ အာဏာရှင်အစိုးရတွေကို လူထုဆန္ဒ ပြပွဲတွေနဲ့ ဖြုတ်ချခဲ့တာပါ။ တပ်မတော် အနေအထားတွေကို ကြည့်တဲ့အခါ တူနီး ရှားနိုင်ငံမှာ လူထုက တပ်မတော်ကို မလို လားကြပေမဲ့ အီဂျစ်နိုင်ငံမှာတော့ လူထုက တပ်မတော်အပေါ် လိုလားတယ်လို့ပဲပြော ရမှာပါ။

ဒါကြောင့် တူနီးရှားနိုင်ငံရဲ့ ဒီမို ကရေစီအရွေ့ကို အရပ်ဘက်က ဦးဆောင် ပြီး အီဂျစ်နိုင်ငံမှာတော့ တပ်မတော်က ဒီ ကနေ့အချိန်ထိ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
အီဂျစ်နိုင်ငံရဲ့ နောက် ပြဿနာက အစ္စလာမ်ဘာသာရေးအခြေ ခံ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ (Muslim Brotherhood) နဲ့ ကျန်နိုင်ငံရေးပါတီ တွေအကြားသဘောထားကွဲလွဲမှုပါ။
 ဒီ သ ဘောကွဲလွဲမှုကြောင့် မူဆလင်ညီအစ်ကို တော်များအဖွဲ့ရဲ့ခေါင်းဆောင် သမ္မတမော် စီကို အီဂျစ်တပ်မတော်က ဖြုတ်ချခဲ့ပြီး အီဂျစ်နိုင်ငံရဲ့ အကူးအပြောင်းကို အီဂျစ် တပ်မတော်ကပဲ ချုပ်ကိုင်ခဲ့ပါတယ်။
တူနီး ရှားနိုင်ငံမှာတော့ အဓိကအတိုက်အခံပါတီ (Ennahda Party) က ဒီမိုကရေစီစံနှုန်း တွေဘက်ကို ပိုယိမ်းတဲ့အတွက် အီဂျစ် နိုင်ငံမှာလို အစ္စလာမ်ဝါဒီပြဿနာမျိုး ကြီး ကြီးမားမားမရှိပါဘူး။ အာဏာရှင်အစိုးရ တွေကို ဖြုတ်ချတဲ့နေရာမှာ တူညီပေမဲ့ တစ်နိုင်ငံချင်းစီရဲ့ နောက်ခံသမိုင်း အချက် အလက်တွေအပေါ်မူတည်ပြီး ဒီမိုကရေ စီအကူးအပြောင်းရဲ့ လားရာမတူညီပုံကို ပြောလိုတာပါ။
 


ဖရန်စစ်ဖူကူယားမား


ဖရန်စစ်ဖူကူယားမား (Francis Fukuyama) ကတော့ ဒီမိုကရေစီအကူး အပြောင်းမှာ လူထုလှုပ်ရှားမှု အရေးပါပုံ ကို အလေးအနက်ထားပြောပါတယ်။
သူ့ရဲ့ အခြေခံယုံကြည်ချက်က လူထုရဲ့နိုင်ငံရေး လှုပ်ရှား ရုန်းကန်မှုမရှိရင် ဒီမိုကရေစီမရနိုင် ပါဘူးတဲ့။ အာရပ်နွေဦးလှုပ်ရှားမှုမှာ အာရပ်ပြည်သူလူထုဟာ အာဏာရှင်အစိုး ရတွေကို ဘယ်လိုမှသည်းမခံနိုင်လို့ အ သက်တွေ၊ ဘဝတွေရင်းပြီး ဆန္ဒပြလှုပ်ရှား တဲ့အတွက် အာဏာရှင်အစိုးရတွေ ပြုတ် ကျခဲ့ပုံကို ဖရန်စစ်ဖူကူယားမားက ထောက် ပြပါတယ်။
အာဏာရှင်အစိုးရတွေ ပြုတ် ကျပြီး နောက်ပိုင်း ဒီမိုကရေစီစနစ်ဆီ ကူး ပြောင်းရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားဥပဒေစိုးမိုးမှုတို့ ရှင်သန်သက်ဝင်နေ ပြီး နိုင်ငံတော်ယန္တရားအရပ်ရပ်က အဆင် ပြေပြေချောချောမွေ့မွေ့လည်ပတ်နိုင်မှပဲ ဒီမိုကရေစီစနစ်က အမြစ်တွယ်ရှင်သန်မယ် လို့ ဖရန်စစ်ဖူကူယားမားက သတိပေးထား ပါတယ်။
ဒီလို နိုင်ငံတော်ယန္တရားအရပ်ရပ် အဆင်ပြေပြေချောချောမွေ့မွေ့လည်ပတ် နိုင်ဖို့ ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်းတွေက အရေးကြီးတယ်ဆိုပေမဲ့ ဖွဲ့စည်းပုံနဲ့လုပ်ထုံး လုပ်နည်းသက်သက်အပေါ် အခြေခံရင် တော့ လမ်းလွဲသွားလိမ့်မည်လို့ ဖရန်စစ်ဖူ ကူယားမားက ထပ်ဆင့်သတိပေးထားပါ တယ်။ ဒီသဘောကို ပေါ်လွင်အောင် ဖရန် စစ်ဖူကူယားမားက ဥပမာပေးဆွေးနွေး ထားပါတယ်။
လွတ်လွတ်လပ်လပ်တရားစီ ရင်ပိုင်ခွင့် အလေ့အကျင့်မရှိခဲ့တဲ့ နိုင်ငံမှာ လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိုလွတ်လွတ်လပ်လပ် တရားစီရင်ပိုင်ခွင့်ပြုတယ်ဆိုပါစို့။

နိုင်ငံ တော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌကိုသူ့လူယုံခန့်ပြီး ကြိုးဆွဲ ဖို့ ကြိုးစားတယ်ဆိုပါစို့။ ဒီလိုအခြေအနေ မျိုးမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံသူနိုင်ငံသားတွေ ရဲ့ အခွင့်အရေးအတွက် လှုပ်ရှားရုန်းကန်မှု မလုပ်ဘူးဆိုရင် တရားမျှတမှုကိုလက်တွေ့ မှာရနိုင်မှာမဟုတ်ဘူးလို့ ဖရန်စစ်ဖူကူယား မားကဆိုပါတယ်။
ဖရန်စစ်ဖူကူယားမားရဲ့ အလိုအရ ဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်ရေးမှာ အဆင့်သုံးဆင့်ရှိတယ်ဆိုပါတယ်။ ပထမအ ဆင့်ကတော့ ရှင်းပါတယ်။

အာဏာရှင် စနစ်ပြုတ်ကျရေးအတွက် လူထုကလှုပ်ရှား ရုန်းကန်ဆောင်ရွက်နိုင်ရပါမယ်။ ဒုတိယအ ဆင့်ကတော့လွတ်လပ်မျှတတဲ့ ရွေးကောက် ပွဲကျင်းပရေးပါ။
ဒီ ဒုတိယအဆင့်နဲ့ ပတ် သက်ပြီး ရှင်းလင်းရာမှာ ဖရန်စစ်ဖူကူယား မားက အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ပတ် သက်ပြီး ရှင်းလင်းရာမှာ ဖရန်စစ်ဖူကူယား မားကအရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အခန်း ကဏ္ဍကို မပစ်ပယ်ပေမဲ့ နိုင်ငံရေးပါတီတွေ ရဲ့ အခန်းကဏ္ဍကို အလေးပေးမီးမောင်းထိုး ပြောပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်း တွေက နိုင်ငံရေးပါတီတွေရဲ့ နေရာကို အစားထိုးဆောင်ရွက်လို့ မရဘူးလို့ဆိုလို တာပါ။
ဒီနေရာမှာ ဖရန်စစ်ဖူကူယားမား ထောက်ပြတဲ့ အချက်က စိတ်ဝင်စားစရာ ပါ။ ကျောင်းသားလူငယ်တွေဟာ အာဏာ ရှင်အစိုးရဖြုတ်ချနိုင်ဖို့ လူထုကို စည်းရုံး လှုပ်ရှားနိုင်ပေမဲ့ တိုင်းပြည်ရဲ့ မဲဆန္ဒနယ်မြေ တိုင်းမှာ လူထုကထောက်ခံဆန္ဒမဲပေးနိုင် မယ့် နိုင်ငံရေးပါတီမျိုးကိုတော့ စည်းရုံး ထူထောင် နိုင်စွမ်းမရှိဘူးလို့ ဖရန်စစ်ဖူကူ ယားမားက ဆိုထားပါတယ်။
တတိယ အဆင့်ကတော့ ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူလူထုမျှော် လင့်တောင့်တနေတဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိရပါ မယ်တဲ့။

ပြည်သူလူထုမျှော်လင့်တောင့်တနေ တဲ့အရာတွေကို ဖြည့်ဆည်းပေးဖို့ဆိုတာ ပြည်သူလူထုအများစုကြီးအနေနဲ့ ငါတို့ လည်း ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခံစားရပါတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးဖြစ် လာအောင် တည်ဆောက်ဖန်တီးရယူဖို့ပါ။ ပြောရမယ်ဆိုရင် ပြည်သူလူထုအများစုရဲ့ ဝင်ငွေနဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင် ပေးဖို့ပါ။
 နောက်တစ်မျိုးပြောရရင် အခြေခံ လူတန်းစားရဲ့ဆင်းရဲမွဲတေမှုကို လျှော့ချပေး ဖို့ပါ။
သမိုင်းအရ ပြောရရင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနဲ့ ဒြီအယူအဆကို တစ်မျိုးလှည့်ပြောရရင် လူလတ်တန်းစား အလွှာပါးနေပြီဆိုရင် ဒီမိုကရေစီအကူးအ ပြောင်းဟာ ခက်ခဲကြမ်းတမ်းမှာပါ။

ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နည်းနာအမျိုးမျိုးရှိ ပေမဲ့ ဒီနေရာမှာ နှစ်ချက်ကိုအဓိကဆွေး နွေးလိုပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံလူတန်းစား ပြည်သူလူထုအများစု ကြီးရဲ့ လူနေမှုအဆင့်အတန်းမြှင့်တင်ရေး ပါ။ ပိုလန်နိုင်ငံဟာ ကွန်မြူနစ်စနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ဆီ ကူးပြောင်းတဲ့ အခါ တခြား ကွန်မြူနစ်နိုင်ငံတွေလိုပဲ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ပါတယ်။
ပိုလန်နိုင်ငံရဲ့ အားသာ ချက်က ပုဂ္ဂလိကပိုင်မပြုလုပ်ခင် တရားစီ ရင်ရေးစနစ်ပြောင်းလဲရေးကို အရင်ဆောင် ရွက်ခဲ့တဲ့အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့အ ခါ ပွင့်လင်းမြင်သာမှုရှိပြီး ပါဝင်ဆောင်ရွက် လိုသူအားလုံးက တန်းတူရည်တူပါဝင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီအချက်က ပို လန်နိုင်ငံမှာ ဒီမိုကရေစီအမြစ်တွယ်ရှင်သန် အောင်ဆောင်ရွက်တဲ့နေရာမှာ အများကြီး အထောက်အပံ့ဖြစ်ခဲ့ပါတယ်။
 ရုရှားနိုင်ငံမှာ တရားစီရင်ရေးစနစ်ခိုင်မာအားကောင်းမှု မရှိသေးခင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို ဒရောသောပါးဆောင်ရွက်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ ဓနဥစ္စာနဲ့ သြဇာအာဏာအ များစုဟာ လက်တစ်ဆုပ်စာ လူနည်းစု လက်ထဲ စုပြုံရောက်သွားပါတယ်။ ဒီ လက် တစ်ဆုပ်စာ လူနည်းစုတွေဟာ ရုရှားနိုင်ငံ သယံဇာတအရင်းအမြစ်နဲ့
စက်မှုလုပ်ငန်း တွေရဲ့ ၄ဝ ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားပါ တယ်။ ဒီအချက်ကြောင့် ရုရှားနိုင်ငံမှာ အာ ဏာအားပြုဆောင်ရွက်လေ့ရှိတဲ့ ဗလာဒီမာ ပူတင်လို ပုဂ္ဂိုလ်မျိုးက ကာလရှည်ကြာ သမ္မ တအဖြစ်ဆောင်ရွက်နေနိုင်တာပါ။

အခြေခံလူတန်းစားပြည်သူလူထုအများ စုကြီးရဲ့ လူနေမှုအဆင့်အတန်းမြှင့်တင်ရေး ကိစ္စမှာ ဘရာဇီးနိုင်ငံကို နမူနာထားဆွေး နွေးလိုပါတယ်။
ဘရာဇီးနိုင်ငံက ဒီပြဿနာ ကို ကိုင်တွယ်ရာမှာ မဟာဗျူဟာ နှစ်ရပ်ကို ပင်မအခြေခံထား ဆောင်ရွက်ခဲ့ပါတယ်။ ပထမ မဟာဗျူဟာက ဆင်းရဲနွမ်းပါးတဲ့ မိ သားစုတွေအတွက် ထောက်ပံ့ငွေပေးတဲ့ လူမှုဖူလုံရေးအစီအစဉ် (Bolsa Famila) ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည် ဖော်ပါတယ်။ ထောက်ပံ့ငွေရယူချင်တယ်ဆို ရင် မိဘတွေလိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။
 ဒါကတော့ ကလေးတွေကို ကျောင်းပို့ပညာသင်ခိုင်းရပြီး ကာကွယ် ဆေးပုံမှန်ထိုးပေးရတာပါ။ ဘရာဇီးနိုင်ငံရဲ့ ဒီလူမှုဖူလုံရေးအစီအစဉ် (Bolsa Famila) ဟာ အလားတူ လူမှုဖူလုံရေးအစီအစဉ်ချင်း ယှဉ်ကြည့်ရင် ကမ္ဘာပေါ်မှာအကြီးဆုံးပါ။ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဘရာဇီး နိုင်ငံလူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းအထိ လွှမ်း ခြုံဆောင်ရွက်ပေးနိုင်ပါတယ်။
 နောက် မဟာဗျူဟာကတော့ ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာသင်ကြားခွင့်နဲ့ အလုပ်သ မားအခွင့်အရေးတွေကို ပြည်သူလူထု တစ် ရပ်လုံး ခံစားနိုင်အောင် တာဝန်ယူဆောင် ရွက်တာပါ။ ဒီတော့ တိုင်းပြည်မှာ ဒီမိုက ရေစီစနစ်ခိုင်မာအားကောင်းစေချင်တယ် ဆိုရင် အဖြေကတော့ ရိုးရိုးကလေးပါ။ အခြေခံလူတန်းစား ပြည်သူလူထုအများ ကြီးရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင် ပေးရပါလိမ့်မယ်။

ဒီအချက်တွေ ကျွန်တော် ကျွန်မတို့ တိုင်းပြည်မှာ မရှိသေးဘူးဆိုရင်တော့ အဖြေကရှင်းပါတယ်။
 ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို ပြည်သူလူထုအနေနဲ့ ကိုယ့်အခွင့် အရေးအတွက် အကြမ်းမဖက်တဲ့ လူထု လှုပ်ရှားမှုတွေဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ပြည်သူလူထုကနိုင်ငံရေးအရ နိုးကြားတက်  ကြွပြီး လူထုလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်တယ်ဆိုရင် ဒီနိုင်ငံဟာ ဒီမိုကရေစီစနစ်ရဲ့ အုတ်မြစ်ချပြီးဖြစ်နေ တယ်ဆိုတာကို သမိုင်းက သက်သေပြထား ပြီးပါပြီ။





REF:
Journal of Democracy (January/February 2014)
Political and Economic Lesson From Democratic Transitions
by Isobel Coleman and Terra Lawson-Remer


(အတွဲ ၁၊ အမှတ် ၁ ခေတ်ရနံ့ထဲက ဆောင်းပါးတစ်ပုဒ်ကို အွန်လိုင်းစာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်
လင့်က https://www.facebook.com/pages/Khit-Ya-Nant-%E1%80%B1%E1%80%81%E1%80%90%E1%80%B9%E1%80%9B%E1%80%94%E1%80%B6%E1%82%94-%E1%80%99%E1%80%82%E1%81%A2%E1%80%87%E1%80%84%E1%80%B9%E1%80%B8/743029699063513
ဖြစ်ပါတယ်။)




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved