နွေရာသီ၊ ရွှေနတ်တောင်စေတီ နဲ့ ထော်လာဂျီ၊

Sunday, April 6, 2014

~






နွေရာသီရဲ့ အပူဆုံးအချိန်တွေဖြစ်တဲ့ တပေါင်းလ( မတ်လ )နဲ့ တန်ခူးလ( ဧပြီ )လတွေမှာ ပွဲလမ်းသဘင်သွားဖို့ မဆိုထားနဲ့ မဖြစ်မနေခရီးသွားဖို့ပင် တော်တော်လေး စဉ်းစားရမယ့် အခြေအနေပါပဲ။
  .

 .
(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
 
.
နေ့အပူချိန် ၃၅ - ၃၈ ဒီဂရီအထိရှိပြီး ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းမြင့်တက်နေမှုကြောင့် အဲဒိဒဏ်တွေကိုခံနိုင်ဖို့ အကာအကွယ်ယူပြီးမှ အပြင်ထွက်ကြပါလို့ မကြာခဏသတိပေးပြောဆိုသံတွေကို သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေ ကြား၊ မြင်နေရလို့ပါ။
အပူပိုင်းဒေသလို့ အများကခေါ်ကြတဲ့ အညာနဲ့ မနီးမဝေးဖြစ်တဲ့ မြန်မာပြည် အလယ်ပိုင်းမြေလတ်ဒေသ  တောရွာလေးတခုမှာတော့ အဲဒီအပူရှိန်ကို အန်တုပြီး သောင်းနဲ့ချီပြီးရှိတဲ့လူတွေကတော့ ရွှေနတ်တောင်ဆိုတဲ့ ဘုရားပွဲမှာ ဘုရားဖူးရောက်ရှိခဲ့ကြပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိဖြစ်တဲ့ ရွှေတောင်မြို့နယ်ထဲက ဝါးတောကျေးရွာရဲ့ လေးမိုင်အကွာလောက်မှာရှိတဲ့ မယားမာန်ကျေးရွာလေးက ရွှေနတ်တောင်ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း (၈)ရက်နေ့ကနေ (၁၅) ရက်နေ့အထိ (၈)ရက်တိုင်တိုင် ကျင်းပပြုလုပ်လေ့ရှိတာပါ။

လယ်ကွင်းတွေရဲ့အလယ် တောင်ထီးထီးကြီးတလုံးပေါ်မှာ တည်ထားတဲ့ ရွှေနတ်တောင်ဘုရားရဲ့ ပွဲတော်ကိုတော့ တောင်သူ၊ လယ်သမားတွေ လာရောက်ကြတာများတယ်လို့ ဘုရားဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

“သိန်းနဲ့ချီပြီးဘုရားဖူးတွေလာကြတဲ့အထဲက ၈၀ ရာခိုင်နှုန်းဟာ တောသူတောင်သားလယ်သမားတွေပါပဲ။
ဘယ်ကနေတောင်လာကြသလဲဆိုရင် သဲကုန်း၊ ဇီးကုန်း၊ မင်းလှ၊ မိုးညိုကနေတောင်လာတယ်။ အနောက်ဘက်ဆို ကျီးသဲ၊ ညောင်စာရေး၊ ဘန့်ဘွေးကုန်းဘက်ကနေတောင်လာကြတယ်။
သူတို့က ပေါင်းမိုးလှည်းနဲ့လာတာ” လို့ သူကရှင်းပြပါတယ်။

သူပြောတဲ့ ပေါင်းမိုးလှည်း ဆိုတာက  နေပူခံနိုင်ဖို့ အမိုးတပ်ထားသောနွားလှည်းကို ဆိုလိုတာပါ။
ရာထောင်ချီတဲ့ ပေါင်းမိုးလှည်းတွေဟာ မြို့နယ်အလိုက် အုပ်စုလိုက်ရပ်နားကြတာပါ။ ဘုရားတောင်တော်အောက်က လယ်ကွင်းတပြင်လုံး နွားလှည်းတွေ၊ သုံးဘီးဆိုင်ကယ်တွေ၊ ထော်လာဂျီအပြင် မြေသယ်ကားတွေနဲ့ ပြည့်နေပါတယ်။
အဲဒိလှည်းတွေပေါ်မှာတော့ ထမင်းဟင်းချက်စားဖို့ အိုးခွက်၊ ပန်းကန်တွေ ရေထန်းပုံတွေအပြင် စောင်၊ ခြင်ထောင်နဲ့ နေဒဏ်လေဒဏ်ကို အံတုဖို့အတွက် ပလပ်စတစ်မိုးကာစတွေနဲ့ အစုလိုက်အစုလိုက် အိမ်ပြောင်းလာသူတွေလိုပဲ အကုန်အစုံသယ်လာပြီး ဘုရားပွဲကိုလာကြ၊ ပွဲတော်အစမှ အဆုံး လယ်ကွင်းတွေထဲ သင့်တော်တဲ့နေရာတွေမှာ စခန်းချနေထိုင်ကြပါတယ်။
 
  .
 

 
  .
(ထော်လာဂျီက လှည်းထက် ပိုမြန်မယ်၊ နွားအစာကျွေး ရေတိုက်ရတဲ့အလုပ်လည်း သက်သာမယ်၊ သို့သော်လည်း ဆီမထည့်ရင်တော့ ရပ်ထားရပါလိမ့်မယ်)


လမ်းပန်းဆက်သွယ်ရေး အသင့်အတင့်ကောင်းမွန်လာတဲ့ ယနေ့ခေတ်လိုအချိန်မှာ ဘုရားပွဲကိုလာဖို့အတွက် တရက်နဲ့တည လှည်းမောင်းလာရတဲ့ သဲကုန်းမြို့နယ်က တောင်သူတဦးကလည်း အခုလိုပြောပြပါတယ်။

“ကျနော်တို့ဆို သဲကုန်းဘက်ကလာတာ၊ တရက်နဲ့တညလှည်းမောင်းပြီးလာကြတာ။ သုံးဘီးဆိုင်ကယ်တို့ ထော်လာဂျီနဲ့လာလည်းဖြစ်တယ်။  နှစ်တိုင်းလှည်းနဲ့လာနေကြ လှည်းနဲ့လာရမှကို ကျေနပ်တာ။
နောက်နှစ်လည်း လှည်းနဲ့ပဲလာမယ်။ ဒီလှည်းဝိုင်းမှာ လှည်းဆယ်စီး(၁၀)ပါတယ်။ ကိုယ့်မြို့နယ်နဲ့ကိုယ်ပေါ့ ဂေါပကကနေရာချပေးတာမဟုတ်ဘူး အဆင်ပြေတဲ့နေရာမှာပဲ စခန်းချကြတာ။
မိသားစုလိုက်လာတာ အိမ်ကခွေးတောင်ပါသေးတယ်။  ပွဲပြီးမှပြန်မှာ နောက် (၂) ရက်လောက်တော့ နေအုံးမှာ”

  ရွှေနတ်တောင်ဘုရားနဲ့ မိုင် ၄၀ လောက်ဝေးတဲ့ သဲကုန်းမြို့နယ်က ဆိုတော့
ဒီခရီးကို တရက်နဲ့တည လာရပါတယ်။

နှစ်စဉ်ဘုရားပွဲတော်အချိန်ကာလအတွင်း ကောက်ခံရရှိတဲ့ အလှူငွေ အပေါ် မူတည်ပြီး တောင်သူလယ်သမားတွေရဲ့ လုပ်ငန်းကိုင်ငန်း ကောင်းမွန်မှုကိုသိရှိနိုင်သလို ဘုရားပွဲစည်မစည်ကိုလည်း သိရှိနိုင်ကြောင်း ဂေါပကအဖွဲ့ဝင်ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

“ဒီနှစ်က မြေပဲကလွဲပြီး၊ တခြားပဲ အကုန် ဈေးကောင်းတယ်။ စပါးဈေးဆိုလည်း လေးသိန်းကျော်ဆိုတော့ လယ်သမားတွေပို လှူနိုင်တန်းနိုင်တယ်လို့ဆိုရမှာပေါ့။
ဘုရားပွဲစတာ ဒီကနေ့နဲ့ဆို ၆ ရက်ရှိပြီး သိန်း (၈၀)ကျော်တော့ရပြီး၊ မနှစ်က စံချိန်တော့မမှီသေးဘူး။
မနှစ်က ဒီလိုအချိန်ဆို သိန်း ရာကျော်ပြီ။ နောက် (၂) ရက်တော့ ကျန်ပါသေးတယ်။ ၂၀၁၀ နောက်ပိုင်းတော့ နှစ်တိုင်း သိန်း(၁၀၀) ကျော်ပါတယ်”

ဘုရားပွဲတော်အတွင်း ကောက်ခံရရှိတဲ့ အလှူငွေတွေရဲ့ (၇ ) ရာခိုင်နှုန်းသော ပမာဏမှာ တောင်သူလယ်သမားတွေက ခိုင်းနွားကြီးများအတွက် သီးသန့်လှူဒါန်းခဲ့သည့် အလှူငွေများဖြစ်ပါတယ် တဲ့။ ဆိုလိုတာက လူတွေအတွက်သာမဟုတ်ဘဲ ခိုင်းနွားကြီးတွေ အမည်နဲ့ လှူဒါန်းထားတဲ့ ဖြတ်ပိုင်းတွေကို တရွက်စီလှန်ပြရင်း ဂေါပကလူကြီးဖြစ်တဲ့ ဦးကျော်ကျော်ဝင်းက ရှင်းပြပါတယ်။


(ဈေးတန်းမှာတော့ လုပ်ငန်းခွင်သုံး၊ အိမ်သုံးပစ္စည်းတွေ စုံစုံလင်လင် ရှိတာကြောင့် စိမ်ပြေနပြေ ကြည့်ရှု စဉ်းစားပြီး ဈေးဆစ် ဝယ်ယူကြပါတယ်)

ဘုရားပွဲဈေးတန်းမှာ ဆိုင်ခန်းပေါင်း (၈၀၀) ကျော်ရှိပြီး အများစုမှာ နွားနှင့် လှည်းယာဉ်အလှဆင်ဖို့ အပိုပစ္စည်းရောင်းချသည့် ဆိုင်ခန်းများမှာ အများဆုံးဖြစ်ပြီး၊ လက်မှုလယ်ယာသုံးပစ္စည်းတွေဖြစ်တဲ့ ထွန်တုံး၊ ထယ်သွားစတဲ့ ပစ္စည်းတွေကိုရောင်းချတဲ့ဆိုင်တွေကိုလည်း တွေ့ရပါတယ်။ တရားမဝင်ပြည်ပထုတ်ကုန်အဖြစ် ကျွဲ၊ နွားများ ဈေးကောင်းပေးဝယ်နေတဲ့ ဒီကနေ့လိုခေတ်မျိုးမှာ ရှားရှားပါးပါး နွားချော၊ နွားကောင်းတွေကိုလည်း အဲဒီမှာမြင်တွေ့နိုင်ပါတယ်။

ဘုရားရင်ပြင်တော်ပေါ်မှာလည်း လူနှစ်ဦးသာ အရှောင်အတိမ်းပြုလုပ်ဖို့လမ်းမှအပ ရင်ပြင်တခုလုံး ထိုင်နေသူတွေ အိပ်စက်အနားယူသူတွေ ဈေးသည်တွေနဲ့ ပြည့်နေပြီး နွေခေါင်ခေါင် လယ်ကွင်းပြင်ထဲ နေကပူပူ ဖုန်တထောင်းထောင်းနဲ့ ဘာကြောင့်ကြက်ပျံမကျလောက်အောင် လူစည်းကားရ သလဲဆိုတာ အဆိုပါဂေါပကလူကြီးကို မေးမြန်းလိုက်ပါတယ်။

“ပဲခူးတိုင်းအနောက်ပိုင်းမှာ တော်သလင်းလ ပေါင်းတည်ဘုရားစွယ်တော်ကစလိုက်တာ၊ အခုတပေါင်းလ ရွှေနတ်တောင်ဘုရားပွဲကနောက်ဆုံးပွဲဖြစ်တာ တကြောင်း၊ တောင်သူတွေရဲ့ အသီးအနှံတွေလည်း ရိတ်သိမ်းထားပြီးကာစ ဆိုတော့ ငွေရွှင်တာလည်း ပါတယ်။
နွားတွေ လှည်းတွေ လယ်တွေနဲ့ပတ်သက်တာတွေလည်း လာဝယ်ကြတယ်။ ဒီလောက်နေပူဒဏ်ကတော့ တောင်သူလယ်သမားအတွက် မမှုပါဘူး။ ဘုရားပွဲအဓိကစည်ကားတယ်ဆိုတာ သူတို့တွေကြောင့်ပါ” လို့ သူကဆက်ရှင်းပြပါတယ်။

အခုလိုနွေရာသီမျိုးမှာ ငွေကြေးအသင့်အတင့်ရှိသူတွေအတွက် ငပလီ၊ ချောင်းသာ၊ ငွေဆောင် စတဲ့နေရာတွေဟာ ဘဝအမောတွေကိုပြေစေဖို့ အပန်းဖြေစရာနေရာတွေ ဖြစ်ခဲ့မယ်ဆိုရင်၊ နေပူမရှောင်မိုးရွာမရှောင် နွားနဲ့ရုန်းကန်ပြီး ပင်ပင်ပန်းပန်းလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေအတွက် ရွှေနတ်တောင်ဘုရားပွဲဟာ တနှစ်တာလုံး ပင်ပန်းခဲ့သမျှဘဝအမောတွေကိုပြေစေဖို့ အပန်းဖြေအနားယူစရာ နေရာတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘုရားပွဲက ဒီနှစ်ဆိုရင်  (၁၇၅) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ပြီး ဘယ်နှစ်မှာပဲဖြစ်ဖြစ်   ပွဲအတွင်း ခိုက်ရန်ဒေါသဖြစ်ပွားမှုကြောင့် သေဆုံးသူ တဦးမျှမရှိကြောင်း၊  ဘုရားပွဲအတွင်း အရက် မရောင်းချရန် တားမြစ်ထားကြောင်းလည်း သိရပါတယ်။

ရွှေနတ်တောင်ဘုရားသမိုင်းကို  ဆရာကြီးသခင်ကိုယ်တော်မှိုင်းက မြန်မာသက္ကရာဇ် ၁၂၇၃/ ခရစ်သက္ကရာဇ် ၁၉၉၁ ခုနှစ်မှာ မြန်မာရာဇဝင်ချုပ်နှင့် ရွှေနတ်တောင်သမိုင်းအမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သလို၊ သခင်အေးကလည်း  ၁၃၂၉/၁၉၆၇ ခုနှစ်မှာ   ရွှေနတ်တောင်စေတီတော်သမိုင်းစာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ဖူးကြောင်း သိရပါတယ်။

ရွှေနတ်တောင်စေတီဟာ ပြည်မြို့ကနေဆို (၁၅) မိုင်ခန့်ဝေးပြီး ရွှေတောင်မြို့ကဆိုရင် (၄)မိုင်အကွာခန့်မှာရှိတဲ့ မယားမာန်ကျွေးရွာမှာ တည်ထားကိုးကွယ်တာပါ။ ဒီလမ်းဟာ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းပေါ်မှာ တည်ရှိပါတယ်။

ဘုရားပွဲကို အရပ်ရပ်ကနေ လှည်းနဲ့ ရောက်လာကြရာကနေ လှည်းမက ကားမကျလို့ ပြောနိုင်တဲ့ ထော်လာဂျီတွေ အသုံးများလာတဲ့အခုခေတ်မှာတော့ ထော်လာဂျီနဲ့ ချီတက်လာတာတွေကိုလည်း အများအပြား တွေ့ခဲ့ရပါတယ်။ ခေတ်ပြောင်းလာတဲ့အတွက် လူတွေရဲ့ နေထိုင်မှုပုံစံလည်း ပြောင်းလဲ၊ ဘုရားပွဲရဲ့ မြင်ကွင်းလည်း ပြောင်းလဲလာပါပြီ။
ကိုယ်တိုင်မရောက်ဖြစ်တဲ့ ဧရာဝတီဘလော့ ပရိသတ်များအတွက်  ရွှေနတ်တောင်ဘုရားပွဲမြင်ကွင်းများကို ဖော်ပြပေးလိုက်ပါတယ်။

ကောင်းမြတ်မင်း


 





























.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved