~
~
“...အဲဒီရွာက ဘုရားတွေအကုန်လုံး အလှူရှင်တွေလျှောက်ပြင်တာ ရှေးလက်ရာ ဘာမှမရှိတော့ဘူး...”
ကောင်းမြတ်မင်း
ရဟန္တာ ရုပ်ပွားတော် ၈၀၊ ပြိုကျလုနီးပါးဖြစ်နေတဲ့ စေတီ ၉ ဆူ၊ ထုထည်ကြီးမားတဲ့သိမ်ကျောင်းကြီးတို့ကို ရွှေတောင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အင်ကြင်းစင်ရွာနဲ့ ပေကုန်းကျေးရွာ အကြား သိမ်လျှိုလို့ ဒေသခံတွေခေါ်ဝေါ်တဲ့ နေရာမှာ ဘုရားပျက်တွေနဲ့ တောအုပ်ကြီးတခု ရှိနေတာကို သိပေမဲ့ ရှေးဟောင်းဘုရားရှိနေတယ်ဆိုတာကို ယဉ်ကျေးမှုဝန်ကြီးဌာနက မြေပုံတွေအရ လာရောက်ရှာဖွေတော့မှ သိခဲ့ရတာလို့ ဒေသခံတောင်သူ ဦးခင်မောင်က ဧရာဝတီကိုပြောပါတယ်။
“တပေါင်းလဆန်း ၈ ရက်နေ့( မတ်လ ၈) မာဇဒါဂျစ်နဲ့ ပြည်ရှေးဟောင်းသုတေသနဌာနက အရာရှိတဦးက မြေပုံကြီးကြည့်ပြီးရောက်လာတယ်။
တသောင်းပေးပြီး ရှင်းခိုင်းတယ်။ ရှင်းရင်းရှင်းရင်းနဲ့ ကြောက်လို့ ဘုန်းကြီးကျောင်းက ကိုရင်ကြီးကိုခေါ်ပြီး ဘေးမှာ ထိုင်ပြီးစောင့်ခိုင်းရတယ်။
ဒီလောက်ကြီးတဲ့ သိမ်တွေဘုရားတွေ ကျနော့်လယ်ဘေးမှာရှိနေ သိကို မသိတာ။
သိမ်လျှို ဆိုတော့ တော်ရုံတန်ရုံလူတွေ မသွားမလာရဲတဲ့နေရာကြီးပေါ့”
ထုထည်ကြီးမှာတဲ့ သိမ်းကျောင်းကြီးရဲ့ အရှေ့၊ အနောက်၊တောင်၊ မြောက် တဘက်စီမှာ တင်ပျင်ခွေထိုင်နေတဲ့ ရုပ်ပွားတော် အဆူ (၂၀)စီရှိပြီး ရဟန္တာ ၈၀ သိမ်တော်ကြီးလို့ ခေါ်ကြတဲ့အကြောင်း ဒေသခံစာရေးဆရာတဦးဖြစ်တဲ့ အဘဦးခင်ဦး(တောဘော်လုံး)က ရှင်းပြပါတယ်။
“၂၀၀၄ ခုနှစ်က သရက်တောရပ်ကွက်၊ ဖိုးသိန်းတန်ရွာမှာ တခု ပေါ်လာတယ်။
၂၀၀၉ ခုနှစ်ကျတော့ ညောင်ဇရေးတိုက်နယ် ဆင်သေရွာမှာ တခု ပေါ်လာတယ်။
အဲဒီရွာက ဘုရားတွေအကုန်လုံး အလှူရှင်တွေလျှောက်ပြင်တာ ရှေးလက်ရာ ဘာမှမရှိတော့ဘူး။
အခု ၂၀၁၄ မှာ ဒီသိမ်ပေါ်လာတယ်။ နေထွက်သိမ်လို့ ဒီသိမ်ကို ခေါ်တယ်။ ဟို (၂)ခုကတော့ ဘယ်ဟာမွန်းတည့်သိမ်၊ ဘယ်ဟာ နေဝင်သိမ်မှန်း မသိရသေးဘူး။
သေချာတာကတော့ ဒီသိမ်က နေထွက်သိမ်ဆိုတာပဲ။
သုံးခုစလုံးက တပုံစံတည်းပဲ”
“ အဘတို့ကတော့ ပြုပြင်မွန်းမံတာတို့ဘာတို့ကို လက်ခံမှာ မဟုတ်ဘူး။
ဒို့အတွက်က အုတ်ခဲပုံ၊ ဘုရားပျက်လောက်သာ သတ်မှတ်ပေမဲ့ ဘယ်ခေတ်အဘယ်ခါက ယဉ်ကျေးမှုလဲဆိုတာ သုတေသနပြုမဲ့လူတွေအတွက်က ပိုအရေးကြီးတယ်။...
ဒီအုတ်ခဲပုံတွေက သမိုင်းတခေတ်ကို စကားပြောနိုင်တယ်ဆိုတာ သိဖို့ လိုအပ်တယ်”
သိမ်းကျောင်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာတော့ အင်ကြင်ကျောက်တုံးကြီးတတုံးကို မြင်တွေ့ခဲ့ရပါတယ်။
သိမ်သမုတ်တဲ့
အင်ကြင်းကျောက်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။
အဲဒီမှာအသုံးပြုထားတဲ့ အုတ်တွေကတော့ ယခုခေတ်မှာပြင်တွေ့ရတဲ့ အုတ်အမျိုးအစားထက် ကြီးမားနေပါတယ်။
စေတီ(၉)ဆူရှိပြီး၊ ဆယ့်နှစ်ရာသီမခန်းခြောက်နိုင်တဲ့ နတ်ရေကန် လို့ ဒေသခံတွေ ခေါ်တဲ့ အိုဟောင်းနေတဲ့ ကန်ကြီးတကန်လည်း ရှိနေတာပါ။
အိုဟောင်း ကျိုးပျက်နေတဲ့ စေတီ၊ ဆင်းတု၊ ခြင်္သေ့ရုပ်၊ ဘီလူးရုပ်တွေကို အများဆုံးမြင်တွေ့ခဲ့ရပါတယ်။
ဒီယဉ်ကျေးမှုလက်ရာတွေဟာ ဘယ်ခေတ်ဘယ်အခါက လက်ရာတွေဖြစ်တယ်ဆိုတာကိုတော့ ရှေးဟောင်းသုတေသနဌာနရဲ့ အတည်ပြုချက်တွေနဲ့ မကြာခင် ဆက်လက်ဖေါ်ပြပေးသွားပါ့မယ်ခင်ဗျာ။
.

0 comments :
Post a Comment