အယူတော်မင်္ဂလာနှင့် တရုတ်လျော်ကြေး

Friday, June 13, 2014

 ~






 


အယူတော် မင်္ဂလာ အမတ်ကြီးသည် တိုင်းရေး ပြည်ရေး ကိစ္စများကို စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့သလို အချို့ ကိစ္စများကိုမူ တိုက်ရိုက် မဟုတ်ဘဲ တစ်ဖက်တစ်လမ်းမှ သွယ်ဝိုက်ခါ ပါဝင် ကူညီလေ့ရှိ၏။
ယခုဖော်ပြမည့် တရုတ်တို့နှင့် ပတ်သက်သည့် ကိစ္စက အယူတော် မင်္ဂလာ အနေနှင့် တိုက်ရိုက် မဟုတ်ဘဲ တစ်ဖက်တစ်လမ်းမှ ကူညီခဲ့သည့် ကိစ္စဖြစ်၏။

ယင်းကိစ္စကား…

ဂန္ဓာလရာဇ် ပြည်ဟုခေါ်သည့် တရုတ်ပြည်မှ ဘုရင် ချင်လုံဥတည်သည် ဘိုးတော် မင်းတရားအား ဆက်သရန် အတွက် ပိုး ၊ ဖဲ စသည့် လက်ဆောင် ပစ္စည်းများနှင့် တကွ မြန်မာပြည်မှ ပစ္စည်းများကို ဝယ်ယူရန် ငွေ (၈) သိန်း ဝန်တင်လား ကောင်ရေ ၇၀၀ ကျော်နှင့် စေလွှတ်စေခဲ့ရာ မန္တလေးမြို့ အရှေ့ဘက်ရှိ ရန်ကင်းတောင် အနီးတွင် စခန်းချနေခဲ့၏။

ထိုစဉ် ဘိုးတော်ကြီး ဘုရား၏ မြေးတော်၊ စစ်ကိုင်းမင်း၏ အိမ်တော်သားများက ဝင်ရောက်စီနင်း လုယက်သဖြင့် တရုတ်ပြည်မင်းက ဘိုးတော်မင်းတရားအား လျော်ရန်အတွက် သံတမန်များကို စေလွှတ်၍ အရေးဆိုခိုက် ဖြစ်လေသည်။
ဤသို့ တရုတ်ပြည်မှ သံတမန်လွှတ်ကာ အရေးစကား ဆိုစဉ် ဘိုးတော် မင်းတရားက သားတော်ကြီးကို ခေတ္တ ထီးနန်းလွဲအပ်ပြီး သားတော်၊ သမီးတော်များနှင့် တကွ မှူးမတ်အ ချို့ကိုပါ ခေါ်၍ မင်းကွန်းတွင် စံနန်းတည်က နန်းတော်ကျွန်း ဟု သမုတ်လျက် စံနေခိုက်ဖြစ်၏။

ဘိုးတော်မင်းတရား ဤသို့ နန်းတော်ကျွန်း ယာယီ တဲနန်းတွင် စံနေရခြင်းမှာ မင်းကွန်း ပုထိုးတော်ကြီး တည်ဆောက်ခြင်း ကိစ္စရှိ၍သာ မဟုတ်ဘဲ အခြားသော အကြောင်းကိစ္စ တစ်ခုသည် ရှိပေသည်။

ထိုအကြောင်းက အခြားမဟုတ်ပါ။ အမရပူရမြို့ တရုတ်တန်းတွင် နေထိုင်သော တရုတ်လူမျိုး ရွှေကြည်၏ ခေါက်ဆွဲဖိုမှ စ၍ မီးလောင်ရာ မြို့ပြင်တွင် သာမဟုတ် အုတ်မြို့တွင်းမှ နန်းတော် အဆောင်ဆောင် အခန်းခန်းများပါ မီးထဲ ပါသွားသောကြောင့် ဖြစ်လေသည်။ ယင်းကဲ့သို့ တစ်မြို့လုံး ပြုတ်ပြုတ်ပြုန်းမှု ဖြစ်နေသည့် ကာလမျိုးတွင် ယခုတစ်ဖန် စစ်ကိုင်းမင်းသား၏ အိမ်တော်သားတို့က လုယက်သည့် ကိစ္စကို တရုတ်တို့က အလျော် တောင်းနေရာ နှစ်ပြည်ထောင် ချစ်ကြည်ရေး ထာဝရ တည်တံ့ ခိုင်မြဲရေးအတွက် လျှောက်ပတ်သလို စီစဉ်ရမည့် ကိစ္စဖြစ်လေသည်။ အလျော်ပေး လျော်စရာ မရှိလောက်အောင် မီးလောင်းပြီး ပြုတ်ပြုတ်ပြုန်း နေသဖြင့် အတော်ကလေး စိတ်နှလုံး မချမ်းမသာ ဖြစ်နေရလေသည်။

သို့သော် ထိုကိစ္စသည် ဥပေက္ခာ ပြုထားရမည့် ကိစ္စမဟုတ်။ သို့အတွက် အရေး ဆိုလာသော တရုတ် သံတမန်တို့နှင့် စကား ပြောဆိုရန်အတွက် အတွင်းဝန် သေနာပတိ မင်းကြိး မဟာသင်္ကြန်ဘွဲ့ရ အမတ်ကြီး ဦးပေါ်ဦးကို တာဝန်ပေးထား၏။ ဆွေးနွေးသည့် ကိစ္စသည် ဘယ်လို ဖြစ်သည်မသိ။ ထိုကိစ္စနှင့် ပတ်သက်သည့် ဘိုးတော် မင်းတရားသည် ကိုယ်တိုင်လည်း သိလိုစိတ် ပြင်းပြနေသည်။ သို့အတွက်ကြောင့် ဘိုးတော် မင်းတရားသည် အယူတော် မင်္ဂလာမတ်ကြီးအား ချက်ချင်း ဆင့်ခေါ်၏။

" အမတ်ကြီး၊ အခု အမတ်ကြီး ဦးပေါ်ဦးနှင့် တရုတ်သံတို့ ဆွေးနွေးနေသည့် အရေးအခင်း ဘယ်သို့သော အခြေနေများ ရှိသည်ဆိုသည်ကို ငါကိုယ်တော်ရှင်မြတ်  သိလိုလှသည် ယခုပင် လျှောက်တင်စမ်း "

အယူတော်မင်္ဂလာ အမတ် ရှေ့တော်သို့ ရောက်လျှင် သိလိုစိတ် အာသာ ပြင်းပြနေသည့် အမတ်ကြီး ဦးပေါ်ဦးနှင့် တရုတ်သံတို့ ဆွေးနွေးမှု့ အရေးအခင်း အကြောင်းကို မေးတော်မူ၏။

ထိုအခါ အယူတော် မင်္ဂလာအမတ်က " မှန်လှပါ ဖ၀ါးတော်အောက်တွင် ယခုပင် လျှောက်တင်ပါမည် ဘုရား။ ကျွန်တော်မျိုး စနည်းနာ ချက်အရ မကြာမတင်သော ကာလ သမင်ခြံရွာ ဦးမှသည် ဦးဆောင်ရွာဘက်သို့ သွားကြသည့် လှေတစ်စင်းပေါ်တွင် လူငယ်နှစ်ယောက် လှော်တက်ကို မြှောက်ကာ မြှောက်ကာ လှော်ရင်း-

" တရုတ်စကား မိဘများ
လက်သုပ်လုပ်စား ဘိန်းဖြစ်လား
ကျေးသား စစ်ပွဲအောင်
ပြည်ထောင် လွမ်ကျင်းအေး
ကျင်စွယ်လူပအေး "

ဟု အော်ဟစ် သီဆိုနေသည်ကို ကြားရပါသည်။ ထိုတေးကို ကောက်ယူမည်ဆိုပါက  တရုတ်စကား ဆိုသည်မှာ တရုတ်တို့နှင့် စကား ပြောရခြင်း မည်ပါသည်။ မိဘများ ဆိုသည်ကား အရှင်မင်းကြီးကို ဆိုလိုပါသည်။  လက်သုပ်လုပ်စား ဘိန်းဖြစ်လား ဆိုသည်က အရှင်နှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်တို့ပါ အကျော်ဟူ၍ ခေါ်ကြသည့် တရုတ်စကားဖူးကို လက်သုပ် ပြုလုပ်စားပါက ကျေးသား စစ်ပွဲအောင်  ဆိုသည့်အတိုင်း ကျေးသားပမာ စကားအရာ ကျွမ်းကျင်လှသော အမတ်ကြီး ဦးပေါ်ဦး၏ စကားမှာ အောင်မြင်ပါလိမ့်မည်။

ဟု လျှောက်တင်လေရာ အယူတော် မင်္ဂလာအမတ် ဟောမိန့်သည့် အတိုင်း ဘုရင်နှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်တို့သည်လည်း တရုတ်စကားဖူးကို လက်သုပ် လုပ်ကာ စားကြလေ၏။ ထို့နောက် မကြာမီ တရုတ်သံတို့နှင့် ဦးပေါ်ဦး ဆွေးနွေးပွဲသည် ပြီးဆုံးသွားခဲ့၏။ လောလောဆယ် လျော်ကြေး မပေးရဘဲ တရုတ်သံများ ပြန်သွားကြလေသတည်။

( မူရင်း စာရေးသူမှတ်ချက်)   အယူတော်မင်္ဂလာအမတ်၊ ဟောညွှန်းသည့် အတိုင်း ဘဝရှင် မင်းတရားကြီးနှင့်တကွ မိဖုရား သားတော်၊ သမီးတော်များ တရုတ် စကားဖူးကို လက်သုပ် လုပ်စား၍လား မပြောတတ်။
သို့သော်လည်း ကဝိသေတ္တု မဉ္စူသာကျမ်းတွင် ဖော်ပြထားသည်ကား…
မိတ်ဆွေတို့၏ အခက်အလက်တို့အား ကျွန်ုပ်တို့၏ အခက် အလက်များက ထိခိုက်သည်က မှန်၏။ မိတ်ဆွေတို့၏ တောင်းဆိုသည်ကား ပေးလျော်ရန် သင့်သလို ပေးလျော်ပါမည်။

သို့သော် ယခုအခါတွင် ကျွန်ုတို့၏ အရှင်ဘုရင် ဘဏ္ဍာတိုက်တွင် ဘဏ္ဍာငွေ မရှိဖြစ်နေပါသည်။ အဘယ်ကြောင့် ဆိုသော် မိတ်ဆွေတို့၏ တရုတ် အမျိုးသားဖြစ်သည့် တရုတ် ရွှေကြည်၏ ခေါက်ဆွဲဖိုမှ စ၍ လောင်သော မီးကြောင့် မချို့တဲ့သင့်ဘဲ ချို့တဲ့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် မီးလောင်မှု တရားခံ ရွှေကြည်ထံမှ ကျွန်ုပ်တို့လျော်ကြေး တောင်းရဦးမည်။ တိမ်းရှောင် နေသော မိတ်ဆွေတို့ အမျိုးသား တရုတ် ငရွှေကြည်ကို ရှာဖွေ ဖမ်းပေးရန် နှိုးဆော် မေတ္တာရပ်ခံပါသည်။

၎င်း တရုတ်အမျိုးသား ငရွှေကြည်အား ဖမ်းဆီးမိပါက ထိုက်သင့်သော လျော်ကြေးကို တောင်းခံပြီး ရရှိမှသာ မိတ်ဆွေတို့အား ပေးလျော်နိုင်မည် ဖြစ်ပါသည်    ဟု ပြောဆိုလိုက်ရာ တရုတ်သံတို့ လက်မှိုင်ချသွားည်။ ဘာပြန်ပြော ရမည်မသိ။ ပြောလည်း မပြောသာတော့ သဖြင့် လက်လျှော့ကာ ပြန်သွား ရလေသည် စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် စာရေးသူတို့ ကောက်ချက် ချမိသည်မှာ အယူတော် မင်္ဂလာ အမတ်သည် ဗေဒင်ပညာနှင့် ဓာရိုက်၊ ဓာတ်ဆင်လည်း ကျွမ်းကျင်လှသဖြင့် ယတြာချေ လေခြင်းလား၊ ဓာတ်ရိုက်ဓာတ်ဆင် ပြုလုပ်သည်လား  စဉ်းစားရမည် ဖြစ်ပေသည်။


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved