လက်ပံတောင်းလေထုရဲ့ အနံ့အသက်

Thursday, June 26, 2014

 ~



လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေမှာရှိတဲ့  အက်ဆစ်စက်ရုံဟာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါဘဲ ဆောက်ထားတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။
လက်ပံတောင်းတောင် ဒေသခံတို့၏ စတုထ္ထအကြိမ်မြောက် ကျိန်စာတိုက်ပွဲကို လက်ပံတောင်းတောင်ခြေ ဆည်တဲရွာမြောက်ဖက်တွင် မေ၂၄ရက်နေ့က ပြုလုပ်ခဲ့သည် (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
    
သူက စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ လေ့လာ၊ မကြာသေးမီက အဲဒီဒေသကို ကိုယ်တိုင် သွားရောက်ပြီး ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။
 
ကြေးနီတူးဖော်ရေးက ထွက်လာတဲ့ စွန့်ပစ်မြေပုံတွေက အင်မတန် ကြီးလွန်းတာကြောင့် တောင်ကြီးလို ဖြစ်နေတယ်လို့ ဆိုတယ်။
 
ဒီလိုအနေအထားတွေကြောင့် အဲဒီဒေသမှာ ရှူရတဲ့လေက တခြားဒေသနဲ့ မတူပါဘူး။ အဲဒီဒေသကို ရောက်တာနဲ့ သိသိသာသာ ဖြစ်မှာကတော့ ရှူမိတဲ့လေမှာ အနံ့အသက်တွေ ပါနေတယ် ဆိုတာပါပဲ။ ဒေသခံတွေက အနေကြာလို့ သိချင်မှ သိမယ်၊ အပြင်လူက ဝင်တာနဲ့ ဒါကို သတိပြုမိတယ်လို့ ဆိုတယ်။

ဒီလေက ဒေသခံတွေအတွက် ဘယ်လောက် အန္တရာယ် ရှိနေပြီလဲ။

စက်ရုံကို စနစ်တကျ ဆောက်ထားရဲ့လား၊ စွန့်ပစ်မြေကို စနစ်တကျ စွန့်ရဲ့လား ဆိုတာ မေးစရာ ဖြစ်လာပါပြီ။

အစိုးရနဲ့ စာချုပ် ချုပ်စဉ်က ဒီလို စည်းကမ်းချက်တွေ ပါမှ ပါပါရဲ့လား။ အဆင်ပြေသလိုလုပ်ဖို့ ခွင့်ပြုတဲ့ စာချုပ်များ ဖြစ်နေရော့လား။

ဒေါ်ဒေဝီသန့်စင်ကတော့ မြန်မာပြည်မှာ ပွင့်လင်းမြင်သာမှု ဆိုတဲ့ စကားလုံးက အင်မတန် အသုံးများလာနေပေမယ့် အဲဒီ ပွင့်လင်းမြင်သာမှုဆိုတာ မရှိသေးဘူး၊ အမှောင်ထဲ စမ်းတဝါးဝါး လုပ်နေကြသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ လေ့လာမှုအစပိုင်း အခြေအနေတွေကို မကြာသေးခင်က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောသွားတာပါ။ အဲဒီဒေသ ရေ၊ မြေ အနေအထားကို နိုင်ငံတကာအဆင့်မီ စမ်းသပ်ဖို့လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒါဆိုရင်တော့ စီမံကိန်းမှာ လုပ်ချင်သလို လုပ်နေကြသလား၊ အဲဒီဒေသ ရေ၊ မြေ အနေအထားက ဒေသခံတို့ကို ထိခိုက်မှု ရှိမရှိ ဆိုတာတွေ မကြာခင် ပိုမို ရှင်းလင်းလာပါတော့မယ်။

စီမံကိန်းအတွက် ဒေသခံတို့ရဲ့ လုပ်ငန်းခွင် လယ်မြေတွေ ဖယ်ပေးရပါတယ်။

လယ်မြေတေ။ွကို ဒီလို ဖယ်ပေးရ အသိမ်းခံရတာတွေက နိုင်ငံတဝန်းမှာ ဖြစ်နေတာပါ။

ဒီလို ပြဿနာတွေကို အစိုးရက ပြေလည်အောင် မရှင်းပေးနိုင်ရင် ဒုတိယ လယ်သမား အရေးတော်ပုံ ပေါ်လာနိုင်တယ်လို့ ရှေ့နေဦးအောင်သိန်းက သတိပေးပါတယ်။

ဒေါ်ဒေဝီသန့်စင်တို့ လက်ပံတောင်းဒေသအရေး ရှင်းလင်းပွဲပြုလုပ်ရာမှာ ရှေ့နေဦးအောင်သိန်းလည်း ပါဝင်ပါတယ်။

မုံရွာ လက်ပံတောင်းဒေသ နဲ့ အနီးတဝိုက် သဘာဝပတ်ဝန်းကျင် အကြီးအကျယ်ပျက်စီးသွားပုံ၊ ဒေသခံတို့ ဥပဒေမဲ့ သို့မဟုတ် ဥပဒေကို လက်တလုံးခြားလုပ်ခံရပုံတွေကို သူတို့တွေ လေ့လာပြီး ဆက်လက် ထုတ်ဖော် ဖွင့်ချသွားကြဖို့ ပြင်ဆင်ထားပုံရပါတယ်။






.

1 comments :

  1. susan said... :

    `` ဘာမှဖြစ်မလာနိုင်တဲ့ အဲဒီကျိန်စာတိုက်ပွဲတို့မိုးခေါ်လွန်ဆွဲပွဲတို့ ဆုတောင်းပွဲတို့အန္တရာယ်ကင်းပရိတ်ရွတ်ပွဲတွေကိုမလုပ်သင့်ဘူ:ဗျာ အဲဒါမျိုးတွေလုပ်နေလေ မယုံကြည်တဲ့ဟိုဘက်ခြမ်းက ဝမ်:သာလေဘဲ ဒီလောက်ဘဲအသိဉဏ်ရှိတဲ့သူတွေကို ဘယ်လိုထပ်ပုံစံပေးလို့ရနိုင်မယ်ဆိုတာလမ်းစဖော်ပေးသလိုဖြစ်နေလို့ဘဲ။ အဲဒီကျိန်စာတိုက်ပွဲအစား ခြုံခိုတိုက်ပွဲက လက်တွေ့သဘာဝမကျပေဘူ:လား´´

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved