သစ်ပင်စိုက်လို့ တရားစွဲတယ်

Thursday, June 5, 2014

 ~



မြန်မာနိုင်ငံမှာ တရားမဝင် သစ်ပင်ခုတ်ရင် ထောင်ကျနိုင်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ 
လက်ရှိအခြေအနေမှာတော့ တရားမဝင် သစ်ပင်စိုက်ရင် တရားစွဲခံရနိုင်တဲ့ အခြေအနေတွေ ရှိလာပါပြီ။


 သစ်ပင်စိုက်တာ ခွင့်ပြုချက်မယူလို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများ
သစ်ပင်စိုက်တာ ခွင့်ပြုချက်မယူလို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများ 


ဒီရေကာတော သစ်ပင်တွေစိုက်ပျိုးရာမှာ ခွင့်ပြုချက် မတောင်းလို့ ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့က ဦးထွန်းထွန်းဦး၊ ဒေးဒရဲမြို့နယ်က ဒေသခံဦးချိုလွင်၊ ဦးခင်ရွှေတို့ကို
တရားစွဲဆိုထားကြောင်း သိရပါတယ်။

 တရားစွဲခံနေရတဲ့ ဦးချိုလွင်က
“ဒီရေကာတောစိုက်ရာမှာ ဒေသခံရာနဲ့ချီပြီး စုပေါင်း စိုက်ကြတာဖြစ်ပေမယ့် ရဲစခန်းက ကျနော်တို့ကိုပဲ သီးသန့်ရွေးပြီး တရားစွဲတာ” လို့ ဧရာဝတီကို ပြောပါတယ်။

ကျုံဒါးစခန်းမှူး ရဲအုပ်နိုင်မွန်ထွန်းက တရားလိုပြုလုပ်၊   ပုဒ်မ ၁၈ နဲ့  တရားစွဲတာပါ။

ဒါကပထမဆုံးအကြိမ် တရားစွဲခြင်းတော့ မဟုတ်ပါဘူး။  ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဒီရေကာတော အရေးပါပုံအကြောင်း လိုက်လံဟောပြောတဲ့၊ ပွဲစီစဉ်တဲ့ သူတို့ကို ဒီရဲစခန်းက ဒီပုဒ်မနဲ့ တရားစွဲထားခဲ့ပါတယ်။

ပထမအမှုကို ဒေးဒရဲမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေတုန်း အခုလို ဒုတိယအမှု ဖြစ်လာတာပါ။

ဦးထွန်းထွန်းဦးကတော့
“ဒီရေကာတောစိုက်တယ်ဆိုတာ အလွန်ကောင်းမွန်တဲ့ ကိစ္စပါ။  သဘာဝ ဘေးအန္တရာယ်ကိုလည်း ကာကွယ်နိုင်သလို ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံမှုပေးမယ့်ကိစ္စပါ။ 
ဒေသခံတွေက အသိရှိရှိနဲ့ ဒီရေကာတော စိုက်လာတာကို အစိုးရက အားပေး ကူညီရမယ့်အစား ဦးဆောင်သူတွေကို တရားစွဲတဲ့ ကိစ္စကြီးက လုံးဝမဖြစ်သင့်ပါဘူး။ 
ဒီရေကာတောစိုက်လို့ တရားစွဲတာမျိုး ဘယ်နိုင်ငံမှာမှ ရှိမယ် မထင်ဘူး”

ဒေးဒရဲ တောင်ဘက်ပိုင်း တော်ကနိ - ညောင်လိန်ကုန်း၊ ချောင်းသစ်ပေါက်၊ သြဥလမ်း၊ ကျောင်းဆိပ်၊ အလယ်ကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၂ဝ ကျော်ကဒေသခံ ၄ဝဝ ကျော်ဟာမေလ ၁၂ ရက်ကစတင်ပြီး ပင်လယ်ဒီရေကာတောတွေ ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဒီရေကာတော စားကျက်မြေဧက ၁,၁ဝဝ ကျော်မှာ အပင်ပေါင်း ၉ဝ,ဝဝဝ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီလို သစ်ပင်စိုက်တဲ့အတွက် စားကျက်မြေထဲမှာ လယ်ယာစိုက်ပျိုးနေတဲ့ လယ်သမားတွေက သစ်ပင်စိုက်ပွဲဦးဆောင်သူ ၂၄ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားပါတယ်။

“ကျမတို့က ဒီရေကာတော စားကျက်မြေကိစ္စနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ သွားတွေ့တော့ ဝန်ကြီးချုပ်က အဘတို့လည်း ဒီရေကာတောစိုက်မယ်။  သမီးတို့လည်း စိုက်ကြဆိုလို့ ကျမတို့ ပြည်သူတွေပူးပေါင်းပြီး သစ်ပင်တွေစိုက်ကြတယ်။  အခုကျတော့ ကျမတို့ကိုစားကျက်မြေထဲမှာ ကျူးကျော်ပြီး စပါးစိုက်နေတဲ့ လယ်သမားက တရားစွဲတာခံနေရတယ်။  ဒီကိစ္စကို အစိုးရကဘာမှ ဖြေရှင်းပေးတာ မရှိသေးဘူး” လို့ တော်ကနိ - ညောင်လိန်ကုန်းကျေးရွာကဒေါ်ခင်ဌေးကပြောပါတယ်။

ဒေးဒရဲမြို့နယ်ကျုံဒါတ်၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန် စတဲ့ကျေးရွာအုပ်စုတွေဟာ ကပ္ပလီပင်လယ်နံဘေး၊ မုတ္တမကွေ့အနီးမှာ တည်ရှိတာပါ။ ရွာပေါင်း ၄၇ ရွာ ရှိကာ လူပေါင်း ၄ သောင်းကျော် အခြေချ နေထိုင်ကြတဲ့ ပင်လယ်ကမ်းစပ်ဒေသဖြစ်ပါတယ်။  နာဂစ်မုန်တိုင်းကာလတုန်းက လူပေါင်းသောင်းနဲ့ချီ သေကြေပျောက်ဆုံး ခဲ့တဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

အဲဒီဒေသမှာပင်လယ်ရေတိုက်စားမှုဒဏ်နဲ့ သဘာဝဘေးဒဏ်တွေ ကာကွယ်နိုင်ဖို့ ဒီရေကာတောစားကျက်မြေဧက ၂ဝဝဝ ကျော်ကို အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက သတ်မှတ်ပေးခဲ့တာပါ။  ၁၉၉၇ ခုနှစ်မှာလယ်မြေဧက ၁ သန်း ဖော်ထုတ်ရေး စီမံချက်အရ ကျေးရွာအာဏာပိုင်များက ဒါတွေကို ရောင်းစားခဲ့တာပါ။

စားကျက်မြေတွေလည်း လယ်မြေဖြစ်ကုန်လို့ ဒီရေကာတောအပင်တွေလည်း ပျက်စီးပြီးနောက်ပိုင်းမှာ သဘာဝဘေးဒဏ်တွေကို အလူးအလဲခံလာရတယ်လို့ ဒေသခံတွေကပြောပြပါတယ်။

“ဒီရေကာတောစားကျက်မြေက လယ်တွေဖြစ်ကုန်တော့ နာဂစ်လည်းဖြစ်ရော လှိုင်းဒဏ်၊ လေဒဏ်ကို မကာကွယ်နိုင်တော့ဘဲ ကျနော်တို့ဒေသက အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးခဲ့ကြရတယ်။  လက်ရှိမှာလည်း ပင်လယ်ရေ တိုက်စားလို့ ကုန်းမြေတွေ တဖြည်းဖြည်း ပင်လယ်ထဲပါကုန်ပြီ။  ဒါကြောင့် ဒီရေကာတော ပြန်လည်စိုက်ပျိုးဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ ခံယူပြီး စားကျက်မြေထဲမှာ အပင်တွေစိုက်ကြတာပါ” လို့ ကျောင်းဆိပ်ကျေးရွာက ကိုအောင်ကျော်စန်းကပြောပါတယ်။ 

လက်ရှိအချိန်မှာတော်ပေါင်စိန်၊တော်ပုလွဲ၊ ကျွန်းပင်၊ သြဥလမ်း၊၊ ချောင်းသစ်ပေါက်၊ သံဒိပ် စတဲ့ကျေးရွာတွေဟာ ပင်လယ်ရေတိုက်စားမှုဒဏ် ခံနေရကြောင်း သိရပါတယ်။

 

  • ဆလိုင်းသန့်စင်
     ဒီရေကာတောစားကျက်မြေဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်နေသည့် ဒေးဒရဲ ဒေသခံများ 

     

      ဒီရေကာတောစိုက်သူများ 
    ဒီရေကာတောတွေပြုန်းတီးပြီးနောက် ပင်လယ်ရေတိုက်စားမှုဒဏ် ခံနေရတဲ့ ဒေးဒရဲမြို့နယ် ချောင်းသစ်ပေါက်ကျေးရွာ



 


.

1 comments :

  1. Unknown said... :

    ပြင်သင့်တဲ့ဥပဒေ၊ မလျှော်ညီတဲ့ ဥပဒေတွေ ရှိနေတုံးဘဲဆိုတာ မြန်မာနိုင်ငံသားတိုင်း သိပါတယ်။
    ရှိနေတဲ့လုပ်ပိုင်ခွင့်တွေ အာဏာတွေနဲ့ ဒီလိုဥပဒေမျိုးကို ပိုသိသင့်ပါတယ်၊ ဥပဒေကမည်သို့ပင်ဆိုဆို ၊နိုင်ငံအတွက်ဆိုယင် ပြည်သူတွေအတွက်ဆိုယင် ၊ကျေးရွာ မြို့နယ်အာဏာပိုင်များ မှားခဲ့တောင် ခုမမှားသင့်တော့ပါဘူး တရားမဆွဲသင့်ပါဘူး....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved