သေဆုံး ကချင် ကျောင်းဆရာမ ၂ ဦးကိစ္စ WLB နဲ့ KWAT တို့ ထုတ်ပြန်ချက်

Friday, January 23, 2015


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်အတွင်း ကချင် ကျောင်းဆရာမ ၂ ဦး သတ်ဖြတ်ခံရ တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့ ၂ ခုက ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက် စွဲ နဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ 



အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ)က  ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်ရဲ့ ထိုးစစ်တွေ
ပြန်ရုပ်သိမ်းဖို့ လိုအပ်ကြောင်းပြသနေပြီလို့ထောက်ပြထားပြီး  ကချင် အမျိုးသမီးအစည်းအရုံး ( ထိုင်းနိုင်ငံ) ကလည်း ဖြစ်စဉ် အသေးစိပ်ကို ထုတ်ပြန် လိုက်ပါတယ်။ 

အမျိုးသမီး အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) ရဲ့ ကြေညာချက် အပြည့်အစုံကတော့.... 


ဆက်လက်ဖြစ်ပွားနေသည့် လိင်အကြမ်းဖက်မှုများက မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်များ ရပ်တန့်ပြီး ကချင် ဒေသရှိတပ်များ ပြန်လည်ရုပ်သိမ်းရန် အရေးပေါ် လိုအပ်နေကြောင်း ပြသနေသည်။ 

(ချင်းမိုင်။ ၂၀၁၅ ခုနှစ် ဇန်န္န၀ါရီ ၂၂ ရက်) ကချင်ပြည်နယ်အတွင်း တနင်္လာနေ့က ဆရာမနှစ်ဦး မုဒိန်းပြု ကျင့်ပြီး သတ်ဖြတ်ခံရခြင်းသည် မြန်မာ့တပ်မတော်အနေဖြင့် အရပ်သား ပြည်သူလူထုအား ထိတ်လန့်
ကြောက် ရွံ့စေရန် လိင် အကြမ်းဖက်မှုကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း အထောက်အထားတရပ် ပင် ဖြစ်သည်။ 

ကချင်နှစ်ခြင်း အသင်းတော် စေတနာ့ဝန်ထမ်း ဆရာမများဖြစ်သော အသက် ၂၀ အရွယ် မရမ်လုရာနှင့် တန်ဘောလ်ခေါန်နန်စင် တို့ နှစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်ခါရှဘုတ်ရွာရှိ သူတို့၏ ဘုရား
ကျောင်းဝင်းအတွင်းတွင် အုပ်စုလိုက် မုဒိန်းပြုကျင့်ပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ 

ယင်းသို့ ဖြစ်ပွားပြီး နောက်တစ်ရက်တွင်လည်း ရှမ်းပြည်မြောက်ပိုင်း ခူးမော် ကျေးရွာမှ အမျိုးသမီးတစ်ဦး သည် ယင်းကျေးရွာတွင် အခြေပြုသော မြန်မာစစ်တပ်မှ စစ်သားတစ်ဦးက မုဒိန်း ပြုကျင့်ရန် ကြိုးပမ်းခဲ့ရာ မှ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ 

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသား နယ်မြေများ အတွင်း ထိုးစစ်များကို ချက်ချင်းရပ်တန့်ရန်နှင့် တပ်များ ကို ပြန်လည်ဆုတ်ခွာပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်ရန် လိုအပ်နေသည်။ 

ဆရာမနှစ်ဦးအား သတ်ဖြတ်မှု ကျူးလွန်ခဲ့သူမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေသော တပ်ဖွဲ့များဖြစ်သည်။ 

တပ်ဖွဲ့များသည် ဆရာမများ၏ ကျေးရွာအနီးတွင် အခင်း ဖြစ်ပွားသည့်ညက တပ်စွဲထားခြင်း လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ကချင်ပြည်နယ်အတွင်း ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ရာ ထောင်နှင့်ချီသော အရပ်သားများ အိုးအိမ်မဲ့ဖြစ်ပွားခဲ့ရပြီး အရပ်သားများမှာ ပစ်မှတ်များဖြစ်လာခဲ့ရသည်။ 

၂၀၁၁ ခုနှစ် ကေအိုင်အေနှင့် ပဋိပက္ခများ ပြန်လည် စတင်ဖြစ်ပေါ်လာချိန်မှ စတင်၍ မြန်မာ့တပ်မတော်၏ လိင်အကြမ်းဖက်မှုများ တိုးများလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်း
နိုင်ငံ) က မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော အုပ်စု လိုက် မုဒိန်းပြုကျင့်မှု၊ မုဒိန်းမှုနှင့် လိင်အကြမ်းဖက်ရန် ကြိုးပမ်းမှု အဖြစ်အပျက်ပေါင်း ၇၀ ကျော်ကို မှတ်တမ်း တင်ခဲ့သည်။ 

ယင်းအမှုများအတွင်း ကျူးလွန်သူ နှစ်ဦးသာ အပြစ်ပေးခံခဲ့ရသည်။ 

‘ဒီနောက်ဆုံးသတ်ဖြတ်မှုတွေက ပြုပြင်ပြောင်းလဲမှုတွေရဲ့ အခြေအနေကို ထင်ရှားစေပါတယ်။ မြန်မာစစ် တပ် ဟာ မုဒိန်းမှု၊ နှိပ်စက်ညှင်းပမ်းမှုနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် သတ်ဖြတ်မှုတွေကို အပြစ်ပေးအရေးယူမှု မခံရပဲ ဆက်လက်ကျူးလွန်နေတယ်" ဟု ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ) မှ မွန်းနေလီက ပြောသည်။ 

‘နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာ့တပ်မတော်ရဲ့ လိင်အကြမ်းဖက်မှု၊ ရာဇ၀တ်မှုတွေအပေါ် လွတ် လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။’ 

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အစီရင်ခံစာဖြစ်သော "မျှော်လင့်ချက်သာ ရှိခဲ့ရင် သူတို့ ထုတ်ပြော ကြ မှာပါ" တွင် မိမိတို့ မှတ်တမ်းတင်ထားခဲ့မှုများ အရ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှစ၍ မြန်မာ့တပ် မတော် ၏ ချိုးဖောက် ကျူးလွန်မှုများသည် နိုင်ငံတကာ ရာဇ၀တ် ဥပဒေအောက်တွင် စစ်ရာဇ၀တ်မှုနှင့် လူသားဖြစ်တည်မှုကို ဆန့်ကျင်သော ရာဇ၀တ်မှုများ မြောက်နေပေသည်။

 မြန်မာနိုင်ငံက ယခင်နှစ်က လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး ပဋိဥာဉ်စာတမ်း ကို လက်မှတ်ရေးထိုး ခဲ့သော်လည်း မိမိတို့ ကချင်ညီအမများအပေါ် မုဒိန်းပြုကျင့် သတ်ဖြတ်လိုက်ခြင်းသည် မြန်မာ စစ်တပ်အ
နေနှင့် တိုင်းရင်းသား လူ့အဖွဲ့အစည်းများအပေါ်တွင် လိင်အကြမ်းဖက်မှုကို စစ်လက်နက်ကိရိယာအဖြစ် ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း သက်သေအထောက်အထားပင် ဖြစ်သည်။ 

ယနေ့တွင် မိမိတို့သည် မြန်မာ နိုင်ငံရှိ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့် ရန်နှင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ရာဇ၀တ်မှုများအပေါ် စုံစမ်းစစ်ဆေးရန် လွတ်လပ်သော နိုင်ငံ တကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် တည် ဆောက် ဖွဲ့စည်းရန် ထပ်မံ တောင်းဆိုလိုက်သည်။

 မိမိတို့ ကချင်ညီအမများ ကြုံတွေ့ရသော ကြမ်းတမ်းခက်ထန်မှုသည် မိမိတို့ နိုင်ငံ၏ အနာဂတ်အပေါ် နိုင်ငံ တကာ အသိုင်းအ၀ိုင်း၏ အကောင်းမြင်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုသည် အဆိုးဝါးဆုံးသောပုံစံ ဖြင့် အမြစ်တွယ်လျက် ရှိနေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြနေသည့် ပြယုဂ်ဖြစ်သည်။

 မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ရိုးသားဖြောင့်မတ်မှု ရှိမည်ဆိုပါက တိုင်းရင်းသားဒေသများတွင် ထိုးစစ်များ မဆင်သင့်ပဲ ပြစ်မှုကျူးလွန်သော တပ်ဖွဲ့ဝင်များ ကိုလည်း အပြစ်ပေးအရေးယူ ခံရမှုမှ ကင်းလွတ်ထားခွင့် မပေးသင့်ပေ။ 

အစိုးရအနေဖြင့် မြန်မာ့တပ်မတော်၏ လက်တွင်းတွင် လိင် အကြမ်းဖက်မှု ခံနေရသော အမျိုးသမီးများအား ကာကွယ်ရန် တခုတည်းသော နည်းလမ်းဖြစ်သည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်မည့် ဖက်ဒရယ် ပြုပြင်မှု လုပ်ငန်းစဉ်များ စတင်နိုင်ရန် စစ်မှန် သည့် နိုင်ငံရေး ဆွေးနွေးမှုများကို ချက်ချင်း စတင်ရန် လိုအပ်ပေသည်။ 

ဆက်သွယ်ရန်- ဒေါ်တင်တင်ညို (ထိုင်းနိုင်ငံ)– (+၆၆) (၀) ၈၁ ၀၃၂၂ ၈၈၂ 

ဂျန်မွန်းနေလီ (ထိုင်းနိုင်ငံ)– (+၆၆) (၀) ၈၅ ၅၂၃၃ ၇၉၁ 

ကချင် အမျိုးသမီး အစည်းအရုံး ( ထိုင်းနိုင်ငံ) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကချင် ကျောင်းဆရာမ ၂ ဦး သေဆုံးမှုနဲ့ပတ်သက်တဲ့ ဖြစ်စဉ် အသေးစိပ်ကို အခုလို ဖော်ပြထားပါတယ်။ 


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်အတွင်း ကချင် ကျောင်းဆရာမနှစ်ဦး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု အသေးစိတ် အချက်အလက်များ

 နောက်ခံ အကြောင်းအရာ

 မြစ်ကြီးနားမှ မရမ်လုရာ (အသက် ၂၀) နှင့် ၀ိုင်းမော်မှ တန်ဘောလ်ခေါန်နန်စင် (အသက် ၂၁ နှစ်) တို့သည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ ကောင်ခါရှဘုတ် ကျေးရွာ တွင် စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် လုပ်ကိုင်နေခဲ့ကြသည်။ 

ကချင်နှစ်ခြင်းအသင်းတော်က သူတို့နှစ်ဦးကို ယင်းနေရာတွင် လွန်ခဲ့သည့် ၈ လခန့်က တာဝန်ချထား ခဲ့ခြင်း ဖြစ်သည်။ 

သူတို့သည် ကျေးရွာစာသင်ကျောင်းတွင် စာသင်ကြပြီး ကျေးရွာ ဘုရားကျောင်းဝင်းအတွင်းရှိ ၀ါးအိမ် ငယ်လေးတွင် နေထိုင်ကြသည်။ ရွာစွန်တွင်ရှိသော ဘုရားကျောင်းအတွင်း အခြား နေထိုင်သူ မည်သူမျှ မရှိပေ။

 ကျေးရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး လူဦးရေမှာ ၁၆၀ ခန့်သာ ရှိသည်။ အစိုးရ ထိန်းချုပ်မှု ဧရိယာအတွင်း တွင် ရှိသော်လည်း မည်သည့် မြန်မာစစ်တပ်မျှ ကျေးရွာတွင် တပ်စွဲထားခြင်း မရှိပါ။

 ကျေးရွာအတွင်း (သို့မဟုတ်) ပတ်ဝန်းကျင်တွင် တော်လှန်ရေး တပ်ဖွဲ့များလည်း လှုပ်ရှားနေခြင်း မရှိပါ။ 

၂၀၁၅ ဇန္န၀ါရီ ၁၉ ရက်၊ တနင်္လာနေ့ 

 နံနက် ၇ နာရီခန့်တွင် ဗိုလ်မှူး အောင်စိုးမြင့် ဦးဆောင်သော ကျောက်မဲ အခြေစိုက် ခမရ ၅၀၃ မှ မြန်မာ စစ်တပ်၊ တပ်ဖွဲ့ဝင် ၃၀ ခန့်သည် မူဆယ်မြို့၊ အရှေ့ဖက် မိုင် ၂၀ ခန့်အကွာ ရှိ ကောင်ခါရှဘုတ်ကျေးရွာ သို့ ခြေလျင်ခရီးဖြင့် ရောက်ရှိလာခဲ့သည်။ 

သူတို့သည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)ကို ဇန္န၀ါရီလ အစောပိုင်းက ထိုးစစ်ဆင်တိုက် ခိုက်နေ ခဲ့သော မုံးကိုးဒေသဘက်မှ ရောက်ရှိလာခြင်းဖြစ်သည်။ 

စစ်သားများက ကျေးရွာအတွင်းရှိ၊ အရပ်ဒေသ အသီးသီးရှိ အိမ်လေးအိမ်တွင် တဖွဲ့နှင့် တဖွဲ့မြင်နိုင်သော အနေအထားတွင် နေရာယူလိုက်ပြီး ရွာကို ပတ်ကာ အစောင့်ချနေရာယူခဲ့ကြသည်။ 

သူတို့သည် သူတို့၏ လုံခြုံရေးအတွက် ရွာတခုလုံးကို တင်းတင်းကြပ်ကြပ် လုံခြုံရေး ယူထားခဲ့ကြသည်။ ညနေပိုင်းတွင် ကျေးရွာသူကြီး၏ အိမ်တွင် သူ၏ကလေး မွေးနေ့ပါတီပွဲကို ကျင်းပခဲ့ရာ ဆရာမနှစ်ဦးသည် လည်း ပါတီပွဲသို့ တက်ရောက်ခဲ့ကြသည်။ သူတို့သည် ည ၁၀ နာရီခန့်တွင် အိမ်ပြန်သွားခဲ့ကြသည်။ 

၂၀၁၅ ဇန္န၀ါရီ ၂၀ ရက်၊ အင်္ဂါနေ့ 

ညသန်းခေါင်ကျော် ၁ နာရီခန့်တွင် ဘုရားကျောင်းဝင်းအနီးတွင် နေ ထိုင်သော ရွာသားသုံးဦးသည် ဘုရားကျောင်းဝင်း အတွင်းမှ အော်ဟစ်သုံးများ၊ ရိုက်နှက်သံများကို ကြားခဲ့ ကြသည်။ 

သူတို့သည် ဆရာမနှစ်ဦးနေထိုင်သော ဘုရား ကျောင်းအတွင်းသို့ သွားရောက်ခဲ့ကြပြီး အော်ခေါ်ကြည့် ခဲ့သော် လည်း မည်သို့မှ တုန့်ပြန်မှု မရခဲ့ကြပါ။ အိမ်တွင် မီး ထွန်းထားခြင်း မရှိခဲ့ပဲ အနီးနားရှိ အိမ်သာ တွင်သာ မီးရောင်ကို မြင်ခဲ့ရသည်။ 

အိမ်အတွင်းမှ ညည်းငြူသံများ ကြားရ သဖြင့် သူတို့သည် တံခါးကို တွန်းဖွင့်ရန် ကြိုးစားခဲ့သော်လည်း တံခါး မပွင့်ခဲ့ပါ။ 

ရွာသားများက အမျိုးသမီးနှစ်ဦး အိမ်မောကျနေသည်ဟု ယူဆပြီး အော်ဟစ်သံများမှာ အခြားအနီးအနားရှိ အိမ်နီးနားချင်းများ ရန်ဖြစ်သံများဖြစ်မည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် သူတို့အိမ်သို့ သူတို့ ပြန်လာခဲ့ သည်။ 

 နံနက်စောစော ၇ နာရီခန့်တွင် ထရပ်ကား တစီးသည် မြန်မာ့စစ်တပ်မှ စစ်သားတချို့ကို တင်ဆောင်ပြီး ရွာမှ ထွက်ခွာ သွားခဲ့သည်။ စစ်သားအချို့မှာ ရွာတွင် ကျန်ရစ်ခဲ့ကြသည်။ 

 နံနက် ၇ နာရီခန့်တွင် အိမ်နီးချင်းတစ်ဦးက ဆရာမများ နံနက်စာ ပြင်ဆင်သည်ကို မတွေ့ရသဖြင့် ကလေး တစ်ဦးအား ဆရာမများအား သွားခေါ်ရန် စေလွှတ်လိုက်သည်။ 

ကလေးငယ်သည် သွားရောက်ခဲ့ပြီး ဆရာမများ အမည်ကို အိမ် အပြင်မှ ခေါ်ခဲ့သည်။ သို့သော်လည်း တုန့်ပြန်မှု မရှိခဲ့ပါ။ ထို့ကြောင့် ကလေးငယ် ပြန်လာခဲ့သည်။ 

ထို့နောက် အိမ်နီးချင်းကလည်း ဆရာမများအိမ်သို့သွားပြီး အမည်များကို အော်ခေါ်ခဲ့သော်လည်း ပြန် လည် ဖြေကြားမှု မရှိခဲ့ပါ။ ထို့နောက် အိမ်နီးချင်းဖြစ်သူက တံခါးကို တွန်းဖွင့်ကြည့်ရာ တံခါးမှာ အလွယ် တကူ ပွင့်သွားခဲ့သည်။ အိမ်အတွင်းတွင် ဆရာမနှစ်ဦးမှာ စောင်တစ်ခုဖြင့် ဖုံးပြီး လဲနေသည်ကို အိမ်နီးချင်း
ဖြစ်သူက တွေ့ရှိခဲ့သည်။ 

အိမ်နီးချင်းဖြစ်သူက သူတို့ အိမ်နေဆဲဖြစ်သည်ဟု စဉ်းစားပြီး စောင်ကို အနည်းငယ် မ ကြည့်လိုက်ရာမှ သူတို့နှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ 

သူတို့ ခန္ဓာကိုယ် တပိုင်းမှာ အ၀တ်အစားများ ကင်းမဲ့နေပြီး သူတို့ကိုယ်ခန္ဓာတွင် ဓါးဒဏ်ရာများ တွေ့ရှိ ကာ ဦးခေါင်းတွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ထားသည်ကို တွေ့ခဲ့ရသည်။ 

သူတို့နှစ်ဦး၏ အလောင်းများအနီးတွင် သွေးစွန်းနေသော တုတ်ကြီးတစ်ချောင်းကို တွေ့ရှိခဲ့သည်။ 

အိမ်နီးချင်းဖြစ်သူက အော်ဟစ်အကူအညီတောင်းသဖြင့် အခြား ရွာသားများ ချက်ချင်းရောက်လာကြသည်။ 

အိမ်အရှေ့ဘက် သဲမြေပေါ်တွင် စစ်ဖိနပ်ရာများကို တွေ့ရှိ သတိ ထားမိခဲ့ကြသည်။ ရွာလူကြီးက ရဲကို ဖုန်း ဆက်အကြောင်းကြားခဲ့ပြီး နေ့ခင်း ၂ နာရီခန့်တွင် ပန်ဆိုင်းမှ ရဲများ ဆေးရုံကားနှင့်အတူ ရောက်လာသည်။ 

အလောင်းများကို မူဆယ်ဆေးရုံသို့ ဆေးရုံကားဖြင့် သယ်ဆောင်သွားကြသည်။ 

၂၀၁၅ ခုနှစ် ဇန္န၀ါရီ၊ ၂၁ ရက်

 နေ့ခင်းပိုင်းတွင် ကျောက်မဲမှ နောက်ထပ် စစ်သား ၂၀၀ ခန့်ထပ်မံရောက်ရှိ လာပြီး စစ်သား ၁၀၀ ခန့်မှာ ရွာသားများ၏ အိမ်များတွင် စတင်တည်းခိုနေကြပြီး ကျန် ၁၀၀ ခန့်မှာ ရွာ အနီးတွင် ကင်းလှည့်နေသည်။ 

ဗိုလ်မှူး အောင်မြင့်စိုးနှင့် ခမရ ၅၀၃ မှ စစ်သားအချို့မှာ ကျေးရွာအတွင်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။ 

သုံးသပ်ချက် 

မုဒိန်းကျင့် သတ်ဖြတ်မှုကို ဇန်န၀ါရီ ၁၉ ရက်နေ့က ရောက်ရှိလာသော မြန်မာစစ်တပ်မှ တပ်ဖွဲ့ ၀င်များ လုပ်ဆောင်ခဲ့ကြောင်း ဆက်စပ်အထောက်အထားများကို အားကောင်းကောင်း တွေ့ရှိရသည်။ ယင်း တပ်ဖွဲ့များသည် ရွာ ပတ်ပတ်လည်ကို လုံခြုံရေး ယူထားခဲ့သဖြင့် ယင်းစစ်သားများ ရှေ့မှောက်တွင် အခြား မည်သူ တဦးတစ်ယောက်မှ ဤပြစ်မှုများကို ကျူးလွန်ရဲကြမည် မဟုတ်ပေ။ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved