အန္တရာယ်တွေကို စားနေသူများ

Friday, May 22, 2015


 


မနက်ခင်း မိုးလင်း နိုးထချိန်ကစလို့ သင့်ရဲ့ ညပိုင်း အိပ်ချိန် ပြန်ရောက်တဲ့အထိ တနေ့တာထဲမှာ သွားလာလှုပ်ရှားတာနဲ့ နားနေ စားသောက်တာတွေ မဖြစ်မနေ လုပ်ရတယ် မဟုတ်လား။ အသွားမတော် တလှမ်းဆိုတဲ့ စကားက သွားလာ လှုပ်ရှားတဲ့အခါ သတိရှိဖို့ ပြောတာဖြစ်ပြီး အစားမတော် တလုတ် ဆိုတာက စားသောက်တဲ့အခါ သတိရှိဖို့ ပြောတာ ဖြစ်ပါတယ်။ သွား သတိ၊ စား သတိ လို့လည်း ပြောပါတယ်။

အဲဒီထဲက သင် အန္တရာယ်တွေကို စားနေမိပြီလား၊ သင် အန္တရာယ်တွေကို စားနေတာလား ဆိုတာ သတိပြုကြည့်ပါဦး။ တကယ်တော့ လူ့ခန္ဓာကိုယ်ထဲကို အပြင်က ရောဂါဘယတွေ အလွယ်တကူ ၀င်ရောက်ဖို့အတွက် အဖြစ်နိုင်ဆုံး လမ်းကြောင်းက အစားအသောက်က တဆင့် ၀င်ရောက်တာပါ။ ဒီတော့ အစား အသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား၊ မညီညွတ်ဘူးလား ဆိုတာ စိစစ်ဖို့ထက် ကိုယ်စားတဲ့ အစားအသောက်က အန္တရာယ် ဖြစ်စေနိုင်သလား၊ မဖြစ်စေနိုင်ဘူးလားဆိုတာ စိစစ်သင့်ပါတယ်။

ကသောကမျော ကသီလင်တ ကတိုက်ကရိုက် ကမန်းကတမ်းနဲ့ ကမူးရှူးထိုး သွားလာလှုပ်ရှား ရုန်းကန်နေရတော့ အစားအသောက်တွေကိုလည်း ရွေးချယ်ခွင့်က မရှိဘူးလေ..၊ လမ်းဘေး အစာပဲ ဖြစ်ဖြစ်၊ လမ်းပေါ် ဆိုင်ပဲ ဖြစ်ဖြစ်၊ လမ်းကြားဆိုင်ပဲ ဖြစ်ဖြစ် ဖြစ်သလိုနည်းနဲ့ အစာအိမ်အတွက် အစားအသောက် ကိစ္စ ဖြေရှင်းနေရတာ နိစ္စဓူဝ မဟုတ်လား။

ယနေ့ အစားအသောက်တွေထဲမှာ အချိုမှုန့် မပါတဲ့ အစားအသောက်ရယ်လို့ မရှိသလောက်ပါ။ အချိုမှုန့်ဟာ ကျန်းမာနေသူအတွက်တောင် အန္တရာယ် ရှိစေပါတယ်။ မကျန်းမာတဲ့သူတွေအတွက်ဆို ပိုပြီးကြီးမားတဲ့အန္တရာယ် အစား အသောက် ဖြစ်ပါတယ်။ အချိုမှုန့်အကြောင်း ပြောပြပါ့မယ်။

အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တမျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေအဖြစ်ကို ပြောင်းလဲသွားပြီး အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်တွင် ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ ပုံမှန်သုံးသင့်သည့် ဟင်းခတ်အမွှေးအကြိုင်တခု လုံးဝ မဟုတ်ပါ။ နည်းနည်းစားစား၊ များများစားစား ရေရှည် စားရင် အန္တရာယ်ရှိပါတယ်။ Good Manufacturing Practice (GMP) ခေါ် ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) က ထုတ်လုပ်တဲ့ အစားအသောက်များတွင် အချိုမှုန့် လုံးဝ မပါပါ။

အချိုမှုန့်ရဲ့ ဆိုးကျိုး

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) အတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် ဆီးချိုဖြစ်စေပါတယ်။

(၂) အချိုမှုန့်က အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ အဝလွန်ခြင်း ဖြစ်လာလျှင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါတွေပါ ရလာနိုင်ပါတယ်။

(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်သော ရောဂါများ ဖြစ်စေရန် အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသော ကလေးများမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရဖူးပါတယ်။ အချိုမှုန့် စားသော ကိုယ်ဝန်ဆောင်များ မွေးလာသည့် ကလေးများဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်းပြီး မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါ ဖြစ်လာခြင်း တွေ့ရပါတယ်။ ဒါကြောင့် အဲ့ဒီ ကလေးတွေ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။ ထိုအချက်တွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တခု အပါအဝင် ဖြစ်ပါတယ်။

(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးလာတဲ့ ကလေးများရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာရှိတဲ့ အာရုံကြောဆဲလ်များကို ပျက်စီးစေပါတယ်။

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကြပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းများ ဖြစ်စေပါတယ်။ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်တတ်ပါတယ်။

(၇) ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တခုခု ရောင်ယမ်းတဲ့ ရောဂါရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ်သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်း ဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကိုဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွန်(General Guideline) အရ ပြောရရင် အစားအသောက် တကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့်ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားတွေဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။


ဧရာဝတီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved