၂၀၁၂ခုနှစ်က ဆင်မကြီး ဟနာကို တိရိစ္ဆာန်ရုံကိုလာရောက်လည်ပတ်သူများအား နှုတ်ဆက်နေစဉ်(photo- AP) |
ဟနာကိုအမည်ရှိတဲ့ ဆင်မကြီးဟာ သစ်ပင်နဲ့ မြက်ပင်များမရှိ၊ စိမ်းလန်းခြင်းဆိုတာမရှိဘဲ အုတ်နံရံများသာ ရှိသော ခြောက်သွေ့လှတဲ့ တိရိစ္ဆာန်ရုံထဲမှာ နှစ်ပေါင်း (၆၀)ကျော် တစ်ကောင်တည်း နေထိုင်ခဲ့ရပါတယ်။ အသက် (၆၈)နှစ်ရှိပြီဖြစ်တဲ့ သနားစရာကောင်းလှသော ဆင်မကြီး ဟနာကိုကိုတော့ ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ သံတမန်လက်ဆောင်အဖြစ် (၁၉၄၉)ခုနှစ်က ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်ရှိသော ကမ္ဘာ့ပထမဆုံး ဆင်များအတွက် ဆေးရုံကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ “Friends of Asian Elephants” ဖောင်ဒေးရှင်းမှ ဆင်မကြီး ဟနာကိုအတွက် ပိုမိုကောင်းမွန်တဲ့စောင့်ရှောက်မှုကို ရရှိဖို့ ဂျပန်နိုင်ငံအစိုးရအား မှတ်ချက်ပြုအကြံဥာဏ်များပေးပို့ တောင်းခံကာ ချဉ်းကပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ အင်နိုကာရှိရာ တိရိစ္ဆာန်ဥယျာဉ်ထဲမှ ဆင်မကြီး ဟန်နားကိုရဲ့သနားစရာကောင်းလှတဲ့ ဓါတ်ပုံကို လူထုထဲ ဖြန့်ဝေလိုက်ပြီး နောက်ပိုင်းမှာတော့ တိရိစ္ဆာန်ချစ်သူများအကြား ဆင်မကြီးရဲ့အကြောင်းဟာ လူပြောများ ရေပန်းစားလာခဲ့ပါတယ်။ (၁၉၅၄)ခုနှစ်နောက်ပိုင်းကတည်းက ဆင်မကြီးဟာ အခြားသော မည်သည့်ဆင်များနဲ့မှ တွေ့ဆုံခွင့်မရခဲ့ကြောင်း သိရှိရပါတယ်။ ယခုအခါမှာတော့ ဆင်မကြီးကို အဲဒီ တိရိစ္ဆာန်ရုံဘ၀ကနေ လွတ်မြောက်ပြီး အခြားသောဆင်များနဲ့ အတူနေထိုင်ခွင့်ပေးဖို့ လူပေါင်း (၂၁၀,၀၀၀)ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားကြပါတယ်။ ဆင်မကြီးကို ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာပေးဖို့ကိုလည်း အချို့သော ထိုင်းလူမျိုးများမှ တိုက်တွန်းထားတာကိုတောင် တွေ့ရပါတယ်။
သို့ပေမယ့် ဖောင်ဒေးရှင်းရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆိုရေဒါ စာဝလာ ဆိုသူကတော့ ဆင်မကြီး ဟနာကိုဟာ အသက်အရွယ်ကြီးရင့်နေပြီး အလုံပိတ်ထားတဲ့ နေရာမှာသာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့တာဖြစ်လို့ သူ့ကိုပြောင်းရွေ့ဖို့ ကိစ္စတွေဟာ သိပ်မလွယ်လှကြောင်း Telegraph သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“သူမဟာ အသက်အရွယ်ကြီးရင်နေပါပြီ။ သူမအတွက် တိရိစ္ဆာန်ရုံဟာ အိမ်အဖြစ်ရှိနေခဲ့တာ (၆၁)နှစ် တောင်ရှိနေခဲ့ပါပြီ။ အသက်အရွယ်ကြီးရင့်နေတာကြောင့် ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာဖို့ မသင့်တော်ပါဘူး။ သူမအတွက် အိမ်အပြန်လမ်းဟာ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။ သူမကို တိရိစ္ဆာန်ရုံထဲကထုတ် ပြီး အခြားဆင်များနဲ့အတူ နေထိုင်ခိုင်းဖို့ဆိုတာတောင် လျော်ကန်ခြင်းမရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ သူမဟာ သူမကို ပြုစုစောင့်ရှောက်ပေးတဲ့ တိရိစ္ဆာန်ရုံက ၀န်ထမ်းတွေနဲ့အတူ အခြား စေတနာ့ဝန်ထမ်းတွေနဲ့ပါ ထိတွေ့ရခြင်းကို နေသားကျနေခဲ့ပါပြီ။ သူမကို ကြည့်ရတာလည်း ကောင်းကောင်းမွန်မွန် မွေးမြူ ခင်း ခံထားရပုံပါပဲ။ သူမနေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ အထီးကျန်ဆန်မှုကပဲ သူမကို အခက်အခဲ ဖြစ်နေတာပါ။ ကျွန်မတို့ဖောင်ဒေးရှင်းအနေနဲ့လည်း အဲဒီကိစ္စကို စစ်ဆေးနေကြပါတယ်။ သူမအတွက် အဖော်ရစေဖို့ အခြားသော ဆင်များ ထပ်ဖြည့်ပေးဖို့နဲ့ စိမ်းလန်းတဲ့ နေရာထိုင်ခင်းတစ်ခု ပြုလုပ်ပေးဖို့ တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေကိုတော့ တိုက်တွန်းထားပါတယ်။ ဆင်တွေဆိုတာ အဖော်အပေါင်း အစုအဝေးနဲ့ နေထိုင်တဲ့ တိရိစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ ကျွန်မတို့ ဆေးရုံမှာ ဆေးကုပေးနေရတဲ့ ဆင်ထဲက အချို့ဆို ခွေး ကလေး၊ ကြောင်ကလေးများနဲ့ အဖော်ပြုနေထိုင်တတ်တာကို တွေ့ရပါတယ်” လို့ ဆိုရေဒါက ဆိုပါတယ်။
တိရိစ္ဆာန်ရုံထဲရှိ လူအများရဲ့အလယ်မှာ လမ်းလျှောက်ထွက်ပြနေတဲ့ ဆင်မကြီး ဟနာကို |
“ဒါကြောင့် သူမအဖော်ရဖို့အတွက် တိရိစ္ဆာန်ရုံအနေနဲ့ အခြားသော တိရိစ္ဆာန်များကို သူမထံ ခေါ်ဆောင် လာဖို့သင့်ပါတယ်။ တိရိစ္ဆာန်ရုံမှာလည်း အုတ်ထရံတွေချည်းပဲ မဟုတ်ဘဲ သစ်ပင်ပန်းမန်များကို စိုက်ပျိုးထားဖို့ အကြံပေးချင်ပါတယ်။ အစပိုင်းမှာ မြက်ပင်တွေဟာ သူမအတွက် ယားယံမှုကို ဖြစ်စေနိုင်ပေမယ့် သူမ အတွက် လုပ်ဆောင်ပေးစရာ ဒုနဲ့ဒေးရှိပါသေးတယ်” လို့ ဆိုရေဒါက ထပ်လောင်းပြောဆိုအကြံပြုထားပါ တယ်။
ဟနာကိုအား ဂျပန်နိုင်ငံမှာ စတင်လက်ခံရရှိချိန် (၁၉၄၉)ခုနှစ်တွင် သူမအသက်မှာ (၂)နှစ်မျှသာ ရှိပါသေးတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရန်နဲ့ ဒုတိယကမ္ဘာစစ်အပြီး စစ်ဘေးသင့်၍ ဆင်းရဲမွဲတေခဲ့သော ကလေးများအား ဖျော်ဖြေရန်အတွက် ရည်ရွယ်လျက် ထိုင်းစစ်တပ်အရာရှိတစ်ဦးမှာ ဟနာကိုအား ဂျပန်နိုင်ငံသို့ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ယခုထိတိုင် သူမဟာ တိရိစ္ဆာန်ရုံအတွက် ဆွဲဆောင်မှုကို ပေးနိုင်သော ဆင်ကြီးတစ်ကောင်ဖြစ်ပြီး တိရိစ္ဆာန်ရုံရှိ ၀န်ထမ်းများကလည်း သူမအား ကောင်းစွာစောင့်ရှောက်ထားကြောင်း၊ သူမမှာ အစာမခြေနိုင်တဲ့ ပြဿနာရှိတဲ့အပြင် သွားများလည်း ကျိုးကုန်ပြီ ဖြစ်တာကြောင့် သူမအတွက် အထူးပြင်ဆင်ထားသော အစားအစာများကိုသာ ပြင်ဆင်ကျွေးမွေး နေကြောင်း ၀န်ထမ်းများက ပြောဆိုထားပါတယ်။
သို့ပေမယ့် တိရိစ္ဆန်ရုံကို လာရောက်လည်ပတ်ကြတဲ့ သူတွေပြန်လည်ဖော်ပြထားတဲ့ လူမှုမီဒီယာ သတင်းတွေ မှာတော့ သူမဟာ စိတ်ဓာတ်ကျပြီး ပျော်ရွှင်ခြင်းမရှိကြောင်း ဖော်ပြရေးသားကြတဲ့အပြင် အချို့သော သူများကမူ သူမအား “ ကမ္ဘာ့အထီးကျန် အဆန်ဆုံး ဆင်မကြီး” လို့တောင် တင်စားခေါ်ဝေါ်လျက် ရှိကြပါတယ်။ “သူမကိုတွေ့လိုက်ရချိန်မှာ ကျွန်မ မျက်ရည်တောင်ကျမိတယ်။ တိရိစ္ဆာန်ရုံက သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မှု မရှိလို့ မဟုတ်ပါဘူး။ သူမကို သန့်ရှင်းတဲ့ နေရာမှာထားတဲ့အပြင် ကောင်းမွန်တဲ့ အစာတွေကျွေးထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူမဆီက အထီးကျန်ဆန်မှုကို ကျွန်မခံစားလို့ရတယ်” လို့ တိရိစ္ဆာန်ရုံကို အလည်အပတ်သွားရောက်ခဲ့သူတစ်ဦးက ဆိုထားပါတယ်။
“တကယ့်ကို အထီးကျန်ဆန်တဲ့ ကျဉ်းကျပ်တဲ့၊ အင်္ဂတေအပြည့်ပိတ်လှောင်ပြီး ကြင်နာယုယမှုမရှိတဲ့ နေရာမှာ သူမကို ထားကြတယ်။ သူမဟာ ကျောက်ရုပ်ကြီးတစ်ရုပ်လိုပဲ အသက်မပါသလိုမျိုး အဲဒီနေရာမှာ မတ် တပ်ရပ်နေတယ်” လို့ အလည်သွားသူ နောက်တစ်ဦးကလည်း မှတ်ချက်ပေးထားပါသေးတယ်။
ခင်အေးမြလွင်
ကိုးကားသတင်း။ ။
http://www.telegraph.co.uk/news/worldnews/asia/japan/12041581/Campaigners-demand-better-life-for-worlds-loneliest-elephant-in-Japan.html
0 comments :
Post a Comment