နံပါတ်ဝမ်းနှင့် နံပါတ်ဝမ်းတွေ

Thursday, October 28, 2010

ဦးအလံမလှဲ

ကိုတူမောင်က ဦးလေးကြီးအား မေးခွန်းတခု မေးလိုက်သည်။ ဦးလေးကြီးက ဤသို့ ရှင်းရှင်းပြတ်ပြတ် ဖြေ၏။

“လွတ်လပ်ရေးရအပြီး … ဟုတ်ပြီ။ ပထမဦးဆုံး နံပါတ်ဝမ်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု။ ဦးနုနံပါတ်ဝမ်း ဖြစ်လာပုံက ဒီလို။ပြည်သူတွေက အမတ်မင်းတွေကို မဲပေးရွေးချယ်။ အဲဒီအမတ်မင်းတွေက ဦးနုကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် အများဆန္ဒအရ တင်မြှောက်။ ဒီလိုနဲ့ ဦးနုက ဒီမိုကရေစီကျကျ ပထမဦးဆုံး နံပါတ်ဝမ်းဖြစ်လာတာ”

ကိုတူမောင်က နောက်မေးခွန်းတခု ထပ်မေးပြန်သည်။ သည်အချီမှာတော့ ဦးလေးကြီးက မာတာတာလေသံဖြင့် ပြန်ဖြေလိုက်သည်။ အဖြေဆုံးတော့ သက်ပြင်းတချက်ပင် မှုတ်ထုတ် လိုက်သေး၏။

“ကိုတူမောင်ရေ့။ သွားပြီ … သွားကုန်ပြီ။ ၁၉၆၂ မှာ အာဏာရူး ဗိုလ်နေဝင်းက စစ်တပ်ကို တလွဲသုံးပြီး အာဏာသိမ်းလိုက်တယ်။ ဒီစစ်ဘီလူးက ဒုတိယမြောက် နံပါတ်ဝမ်း … ဟင်း”

ဦးလေးကြီးက အရှိန်မပြေသေးသည့် မာတာတာလေသံဖြင့် စကားကိုဆက်သည်။

“အေး … သူစိုက်တဲ့အပင် သူရိတ်ရတာပဲ။ ၁၉၈၈ လည်းရောက်ရော … ဗိုလ်နေဝင်းတယောက်၊ ဆိုင်းမဆင့်ဗုံမဆင့် နှုတ်ထွက်သွားရရော။ သူ့နံမည်ရဲ့နောက်ဆုံးက ဝစ္စပေါက်နှစ်လုံးလည်း ပြုတ်ထွက်သွား။ ဒီတော့ နေမဝင်း နိုင်တော့ဘူး။နေဝင်သွားရပြီ။ ဒါကြောင့်ဗိုလ်နေဝင်းက ဗိုလ်နေဝင်ဖြစ်။”

ဦးလေးကြီး၏လေက မာနေသေးသည်။

“အောင်မာ … ထွက်ကြိမ်း … ကြိမ်းသွားလိုက်သေး။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်တဲ့။စေတနာကိုယ်က ယုတ်တာ။”

ဦးလေးကြီးက စကားကို ခဏရပ်သည်။ ထိုစဉ်က ဦးလေးကြီး၏ မျက်နှာကျောမှာ တင်းလွန်းလှသည်။ ခဏနားပြီးတော့ အားအပြည့်ဖြင့် ဆက်ပြောသည်။

“တတိယမြောက် နံပါတ်ဝမ်းက သားသတ်သမားလို့ ကျော်ကြားတဲ့ Butcher စိန်လွင်။ စတုတ္ထမြောက် နံပါတ်ဝမ်းက သူကိုယ်တိုင်က ဗိုလ်နေဝင်းဆီ သာကူးလုပ်ပြီး ကပ်ဖားရပ်ဖား ခစား။ သူကတဖန် သူတပါးကို သာကူးလို့ ပုတ်ခတ်ပြန် … ဟင်း … ငပြူးက ငပြဲလုပ်တဲ့ … သာကူးမောင်မောင်။ နောက်တက်လာပြန်တာက ပဉ္စမမြောက် နံပါတ်ဝမ်း … ဗိုလ်စောမောင်။ တီဗီကနေ အသံလွှင့်တယ်။ သူ့ကိုယ်သူ ကျန်စစ်သားတဲ့ … ဟဲ … ဟဲ”

အခုမှပဲ ဦးလေးကြီး … ဟဲ … နိုင်တော့သည်။ သို့သော် ဘာမျှမကြာပါ။ ဦးလေးကြီး၏လေသံက တကျော့ပြန်၍ ထန်လာသည်။

“ဟင်း … ကိုတူမောင်။ နောက်နှစ်ယောက်ရှိသေးရဲ့။ နံပါတ်ဝမ်းလည်း မကျ။ နံပါတ်တူးလည်းမက။ ဒီတော့သူတို့က နံပါတ်ဝမ်းအဲင်ဟာ့ဖ် (Number One-and-Half)။ တယောက်က ဗိုလ်အက်စ်တူး တင်ဦး။ အရပ်သား အရာရှိ ကြီးကြီးတွေနဲ့ဆုံတိုင်း အမြဲတန်းပြောနေတာက ဘယ်သူကိုမှ အာဏာမအပ်ဘူးတဲ့။ ပြောပုံက မိုက်တူးတူးနဲ့။ ဒါကြောင့် သူနာမည် ဗိုလ်အက်စ်တူးကနေ ဗိုလ်မိုက်တူးဖြစ်သွား”

ဦးလေးကြီး၏ မျက်နှာကျောက တင်းမြဲတင်းလျက်။ လေသံကလည်း ထန်မြဲထန်လျက်။

“နောက်တယောက်က ဗိုလ်အက်စ်ဝမ်း ခင်ညွန့်။ လူရှေ့ထွက်ခါနီးရင် မိန်းမတွေလို အလှပြင်လွန်းလို့၊ သူ့နံမည် … ဗိုလ်မမညွန့်”

အခုမှဦးလေးကြီးရော ကိုတူမောင်ပါ စည်းကိုက်ဝါးကိုက် ညှိမထားပါဘဲ ပြိုင်တူရယ်မိကြသည်။

“ဟား … ဟား … ဟား”

ရယ်ပြီးလို့မှမကြာ ဦးလေးကြီးက မျက်နှာရှုတည်တည်ဖြင့် ဆိုလာပြန်သည်။

“ဒီမိုကရေစီကျကျ နံပါတ်ဝမ်းဖြစ်လာတာက ဦးနုတယောက်ထဲ။ အဲဒီ ဦးနုတစ်ယောက်ပဲ လူလိုသေခဲ့ရတာ။ကျန်စစ်သား စစ်အစိုးရကတောင် ဦးနုအတွက် ကြံတောသင်္ချိုင်းမှာ အကောင်းဆုံးမြေနေရာကို အကျယ်ကြီးပေးခဲ့ရတယ်။ အုတ်ဂူမှာ ဘယ်ရောညာပါ အင်္ဂတေတို့၊ သံချောင်းတို့နဲ့ လုပ်ထားတာက မြှောက်ထားတဲ့ လက်ကြီးနှစ်ဘက်။ လက်ဝါးနှစ်ခုလုံးကို ဖြန့်ပြထားတယ်။ လက်ချောင်းလေးတွေကိုလည်း ချဲပြထားတယ်။”

“ဘာအဓိပ္ပါယ်လဲ ဦးလေးကြီး”

“ဘာကိုမှ မတရားယူမထားဘူးလို့ နိုင်ငံသားတွေကို ရှင်းတန်းထုတ်သွားတာလား။ အာဏာရှင်တွေ မတရားယူ။မယူစောင့်ကြည့်ဖို့ ပြည်သူအစဉ်အဆက်ကို နှိုးဆော်ထားတာလား။ အဲဒါ စဉ်းစားစရာပဲ”

ဤတွင် ကိုတူမောင်က ဦးလေးကြီးအနားကပ်ပြီး တိုးတိုးလေးမေး၏။ ဦးလေးကြီးကမူ အကျယ်ကြီးဖြေသည်။

“ဟိတ် ခုဏပြောခဲ့တဲ့ နံပါတ်ဝမ်းဦးနုက ဒီမိုကရေစီသမား။ ဒါကြောင့်ဒီမိုကရေစီ အကျိုးပေးအရ
လူလို သိက္ခာရှိရှိ သေရတယ်”

ဦးလေးကြီးက သူ့အသံကို မြှင့်လိုက်သည်။

“ဟိတ်..ဟိတ် နောက်နံပါတ်ဝမ်းတွေက အားလုံးအာဏာရှင်တွေ။ အာဏာရှင်တွေဖြစ်လို့ လူလိုမသေရဘူး။ လူလိုမသေရရင် … ဘယ်လိုသေရတယ်ဆိုတာ စဉ်းစားသာကြည့်ကြတော့”

ဦးလေးကြီး၏ စီးစီးပိုင်ပိုင်အသံကြီးက ရပ်သွား၏။ ခဏကြာတော့ တကျော့ပေါ်လာပြန်သည်။

“နောက် ဝမ်းန်အဲန်ဟာ့ဖ် ဗိုလ်မိုက်တူးကိုလား။ သေမင်းက တကောက်ကောက် လိုက်ရှင်းတာ။ သုံးကြိမ်အမြောက်မှာ သေခြင်းဆိုးနဲ့သေရ”

ဦးလေးကြီးက ထုံးစံအတိုင်း ခဏမျှအမောဖြေပြီး ဆက်၍ဆိုပြန်သည်။

“ဗိုလ်မမညွန့်ကျပြန်တော့ ... အများတကာကို ထောင်ထဲ ထည့်ခဲ့လို့ထင်ပါ့၊ လှောင်ချိုင့်ထဲမှာ အရှင်လတ်လတ် အလှောင်ခံနေရ။ အခုဆို အရင်တုန်းကလို မျက်နှာပေါင်းတင်ဖို့ ဝေလာဝေး။ မှန်ကြည့်ချင်စိတ်တောင် ကုန်လောက်ပြီ .. ဟဲ .. ဟဲ ...”

ဦးလေးကြီးက ပြောချင်တာတွေကို အားရပါးရပြောပြီးလို့ အမောပြေ .. ဟဲ .. လိုက်ပြန်သည်။
ကိုတူမောင်က ဘာရယ်မဟုတ်၊ စိတ်ထဲပေါ်လာသည်နှင့် နှုတ်ဆော့လိုက်မိသည်။

“ဦးလေးကြီးပြောချလိုက်တာ တဝကြီးပါလား”

“မဝသေးဘူး..ကိုတူမောင်။ နောက်ဆုံးငနဲ ကျန်နေသေးတယ်။ စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ။ မျက်နှာက မကြည်လင်၊ မရွှင်လန်း၊ ထုံနာနာနဲ့။ ကျက်သရေမဲ့လွန်းလို့၊ ဖားပြုတ်သန်းရွှေ..တဲ့။ ၂၀ဝ၃မှာ ဒီပဲယင်းလုပ်ကြံမှုကို ဗြောင်ကျူးလွန်ခဲ့လို့၊ ဗြောင်လူသတ်သမား..တဲ့။ ၂၀ဝ၇ မှာသံဃာတွေကို သတ်ခဲ့လို့ သိုဟန်ဘွားလက်သစ်..တဲ့။ သူ့ဟာမကြီး ဘုရားပြင်တာပြိုကျလို့ ဘုရားပြိုမင်း..တဲ့”

ဦးလေးကြီးက ခေတ္တမျှနားပြီး၊ ဆက်၍ပြောပြန်သည်။

“အင်း..ခုတော့ ဖားပြုတ်ကြီးသန်းရွှေ ဧရာမအကြောက်တရားကြီးနဲ့ ရင်ဆိုင်နေရပြီ။ သေရင်အပါယ်လားမှာ သေချာတော့ သေရမှာကို သိပ်ကြောက်။ ဒါကြောင့် သာမညဆရာတော်ရဲ့ အလောင်းကိုခိုးပြီး ဖိုလ်ဝင်သားစားလိုစား။ သံဃာတွေကို စော်ကားသတ်ဖြတ်မိလို့ စိတ်နှလုံးမသာမယာ ဖြစ်ရတာကြောင့် ဘုရားကိုတောင်းပန်ဖို့ ဗုဒ္ဓဂယာကို သွားလိုသွား။ ဗုဒ္ဓဂယာမှာ ဘုရားကန်တော့ခါနီးတော့ မောင်သန်းရွှေကြီး လဲကျတော့မလိုဖြစ်လို့ ထီးကိုင်ဖီနပ်ကိုင်တွေက ဇတ်ခနဲထိန်းပြီး တွဲခေါ်ရ။ ဘုရားကန်တော့တော့ ပုဝါခြုံလို့။ ယတြာအရ .. အာဏာဆိုတဲ့ ပါဝါအတွက်၊ ပုဝါကိုခြုံတာတဲ့။ လုပ်လိုက်သမျှ .. ဟားစရာကြီးပဲ … ဟား … ဟား … ဟား … ဟား”

တ..ဟား..ဟား...။ အဟား..ရပ်သွားပြီးသောခါ ဦးလေးကြီးငြိမ်ကျသွားသည်။ မျက်နှာတွင်လည်း ဂရုဏာပုံသွင်က ထင်လာသည်။ ကိုတူမောင်ခမြာဝေခွဲ၍မရ။ အချိန်အတော်ကလေးကြာတော့ ဦးလေးကြီးက ငြိမ့်ငြောင်းသောအသံဖြင့် အေးမြချိုလွင်စွာ ဆိုလှာသည်။

“ကိုတူမောင်..ရယ်၊ စစ်ဗိုလ်..စစ်သားတွေကို ပြောချင်ပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်းမို့ တူလိုသားလိုသဘောထားပြီး ပြောချင်တာ”

“ဦးလေးကြီးရယ်၊ ဘယ်လိုများပြောချင်တာလဲ”

သည်တွင်ဦးလေးကြီးက သံသာသာဖြင့် နိဂုံးချုပ်လေသည်။

“သန်းရွှေကိုရှောင်ရှား၊ အပါယ်မလား။ သန်းရွှေကိုပေါင်း၊ အပါယ်လောင်း”

2 comments :

  1. sk said... :

    I don't really respect PM U Nu.. His poor management was the turning-down point of Myanmar's governing mechanism and sadly, we all suffer until today.

  1. Anonymous said... :

    ကောင်းလိုက်တာနော်။မောင်အေးအကြောင်းမပါပါ့လား။စိုးဝင်းအကြောင်းလေးသိချင်တယ်။သွေးအန်သေတယ်ပြောလို့။ဒုတိယ သိုးဟန်ဘွားသန်းရွှေကြီးကော သေရင်တော့ တကယ်အ၀ီစိငရဲရောက်မှာ သေချာနေတယ်။သာဓု သာဓု သာဓု

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved