မယ်လသွား တောလား (၁)

Sunday, March 20, 2011

ရန်ပိုင်၊ မတ် ၂၀၊ ၂၀၁၁
ဓာတ်ပုံ - ရန်ပိုင်/ဧရာဝတီ


မြူတွေဆိုင်းနေတဲ့ နွေဦးနံနက်ခင်း ဝေလီဝေလင်းမှာ မြန်မာပြည်သား ဒုက္ခသည်တွေနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ် မယ်လစခန်းကို ရောက်သွားခဲ့တယ်။ ဈေးနေ့နဲ့လည်း တိုက်ဆိုင်နေတော့ စခန်းတခုလုံးမှာရှိတဲ့ လူတွေအားလုံး ဈေးမှာ လာစုနေသလိုပဲ လူးလာတုံ့ခေါက်နဲ့ စည်ကားနေတာပေါ့။


ကျနော်တို့ စီးလာတဲ့ ကားလေး ဈေးရှေ့ စခန်းဂိတ်ပေါက်မှာ ရပ်လိုက်တယ် ဆိုရင်ပဲ တောင်ခိုးတွေ ဝေနေတဲ့ တောင်တန်းကြီး အောက်က ဈေးတန်းလေးကို ဘွားခနဲ မြင်လိုက်ရတယ်၊ မြင်ကွင်းတချို့ကြောင့် နံနက်စောစော စည်ကားတတ်တဲ့ မြန်မာပြည်က ဈေးလေးတွေကို သတိရမိတယ်၊၊ ရောင်းဖို့ မြေပြင်ပေါ်မှာ ခင်းထားတဲ့ ဗန်းတွေပေါ်က အရောင် သွေးစုံတဲ့ မေမြို့၊ ဂန္ဓမာ စတဲ့ ပန်းတွေကို မြင်လိုက် ရတော့ ကားပေါ်ကဆင်းပြီး အားပါးတရ ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်လိုက်မိတယ်။


ဓာတ်ပုံရိုက်နေတုန်းမှာပဲ ဟေ့- ဟေ့ ဆိုတဲ့ အသံကြောင့် ဖျတ်ခနဲ ခေါင်းမော့ကြည့်လိုက်တော့ စခန်းလုံခြုံရေး တာဝန်ယူထားတဲ့ စစ်ဝတ်စုံနဲ့တယောက်က လက်ရပ် လှမ်းခေါ်နေပါပြီ၊ သူတို့စခန်းကုန်းပေါ်ကို တက်လာဖို့ ပြောလိုက်ချိန်မှာတော့ ဓာတ်ပုံရိုက်ခွင့် မရှိဘဲ ရိုက်မိတဲ့အတွက် ပြဿနာတက်ပြီဆိုတာ စိတ်ထဲမှာ သိလိုက်တယ်။


ဘယ်လိုဖြေရှင်းရမလဲ အပြေးအလွားစဉ်းစားရင်း အနားရောက်သွားတော့ စကားမတတ်တတတ်နဲ့ပဲ ရှင်းပြတဲ့အခါ စခန်းစောင့်က နောက်မရိုက်ဖို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ အခွင့်အရေးတရပ်ကို ဘယ်လက် လွတ်ခံနိုင်ပါ့ မလဲ၊ နောက်တော့လည်း ဆက်ရိုက်တာပေါ့။

မြန်မာပြည်တနံတလျားက ဒုက္ခအမျိုးမျိုးကြောင့် လာရောက်နေထိုင်ကြရတဲ့ ဒုက္ခသည်တွေရဲ့ ပုံရိပ်တွေဟာ ဒုက္ခအပေါင်းကို မေ့ပြီး လတ်တလော ပျော်ရွင်စွာနဲ့ ဈေးတန်းလေးမှာ အော်ဟစ်ရောင်းဝယ်နေကြတယ်၊ ပန်းခပ်ပျားသဖွယ် လူးလာခေါက်တုံ သွားနေသူတွေထဲမှာ ထိုင်းပုံစံ ဘောင်းဘီအတိုအရှည်၊ တီရှပ်အင်္ကျီတွေနဲ့ ၀တ်စားဆင်ယင် ထားတဲ့ တိုင်းရင်းသူ လှပျိုဖြူတွေကို တွေ့ရသလို၊ ရိုးရာဝတ်စုံ ပုဆိုး၊ ထဘီနဲ့ ကရင်လူမျိုးတွေ၊ မလေးရှားပုဆိုး နဲ့ ပသီဦးထုပ်ကို ဆောင်းထားတဲ့ မွတ်စလင်တွေ တော်တော် များများလည်း တွေ့ရပါတယ်။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မြေပြင်မှာ အပုံလိုက်၊ အပုံလိုက်ချပြီး ကရင်စကား၊ မြန်မာစကားတွေနဲ့ ဖောက်သယ်ခေါ် အော်ဟစ်ရောင်းဝယ်နေကြတဲ့ ဈေးသည်တွေကို တွေ့ရသလို ဆိတ်၊ ၀က်၊ ကြက်၊ ငါး စတဲ့ ဟင်းစားတွေကိုလည်း ဈေးသက်သက်သာသာနဲ့ လတ်လတ် ဆတ်ဆတ် ၀ယ်ယူ စားသုံးနိုင်တာကို တွေ့ရပြန်တော့ မြို့ပြနဲ့ ကျေးလက် ကွာခြားမှုတခုကို သတိထားမိလိုက်တယ်။


မြန်မာပြည် အလွမ်းပြေ လက်ဖက်ရည်ဆိုင် ၀င်ထိုင်လိုက်ပြန်တော့ ချိုပေါ့ကျတခွက်ကို ၆ ဘတ်၊ ကော်ဖီတခွက်ကို ၇ ဘတ် တဲ့။ ဘာစားချင်သလဲ အီကြာကွေးလား၊ နံပြားလား၊ အုန်းသီးနိုင်းချင်းဖြူးထားတဲ့ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း စားချင်သလား၊ ရနိုင်သလို ထမင်းကြော်ပွဲကြီး တပွဲ ၁၀ ဘတ်၊ အမဲစွပ်ပြုတ် တပွဲ ၁၀ ဘတ် ဆိုတော့လည်း ထိုင်းနိုင်ငံ မြို့ကြီး ပြကြီးက ကော်ဖီတခွက် ဘတ် ၃၀၊ ၄၀ ကနေ ဘတ် ၇၀ အထိ ရှိတဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်မလား၊ လက်ဖက်ရည်တခွက် ၄၀၀ ကျပ်ဆိုပြီး တရိပ်ရိပ်တက်နေတဲ့ မြန်မာပြည်က ကုန်ဈေးနှုန်းတွေထက် စာရင် အပုံကြီး ကွာခြားနေတာကိုလည်း တအံ့တသြ တွေ့ရပြန်တယ်။


ဆိုင်ထဲမှာလည်း လူအပြည့်၊ ဆိုင်ရှေ့မှာလည်း တီဗီ ၂ လုံးက ပြနေတဲ့ အမျိုးသမီး နပမ်းပွဲကို
လူတွေက မတ်တပ်ရပ်ပြီး စိတ်ဝင်စားစွာနဲ့ ကြည့်နေကြသလို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ထုတ်လွှင့်နေတဲ့ လစ်ဗျားအရေးကို ကြည့်နေတဲ့သူတွေလည်း မနည်းဘူး။

ဒုက္ခသည်စခန်းလို့သာ ဆိုရပေမယ့် မယ်ဆောက်မြို့ကို သွားစရာ မလိုလောက်အောင် ဈေးဆိုင်ပေါင်း ၇၀၀ လောက် ရှိပြီး အ၀တ် အထည်၊ လျှပ်စစ်ပစ္စည်း လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စိန်ကနေ စလောင်းဖုံး အထိ စခန်းထဲက မွတ်စလင် အများစုပိုင်တဲ့ ဆိုင်တွေမှာ ၀ယ်ယူနိုင်တာကိုလည်း မြင်ရပြန်တယ်။


အရင်က ဒီလိုမျိုး ရောင်းရေးဝယ်တာတွေကို ထိုင်းအာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ စခန်း၊ ရွာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီညွတ်အောင် ရောင်းချခွင့်ပေးခဲ့တယ်လို့ သိရတယ်။

1 comments :

  1. Anonymous said... :

    did u see fake refugees?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved