ချောင်းသာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်ကြောင့် အမှိုက်တွေ ပွနေပါတယ်လို့ ကျွန်ုပ်တို့၏ သတင်းထောက်က သတင်းပေးပို့ပါတယ်။
ဘာကြောင့် အမှိုက်က ဖိုးလပြည့်ကြောင့် ပွရသလဲဆိုတော့ ဖြစ်ပုံက ဒီလိုပါ။ ၂၀၁၀ ဒီဇင်ဘာလတုန်းက ဖိုးလပြည့်ဟာ ချောင်းသာကမ်းခြေကို လာပါတယ်။ အဲဒီ အနီးနားမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသော ဒေသခံတွေကို မြင်ပြီး သနားလို့ ကမ်းခြေမှာ ဈေးရောင်းခွင့် ပေးခဲ့ပါသတဲ့။
ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ်တခုက တာဝန်ခံက “ဗိုလ်ချုပ်မှူးကြီး သန်းရွေမြေးက ချောင်းသာကိုလာတော့ ဆင်းရဲသားတွေကို ဈေးရောင်းခွင့်ပေးလိုက်တယ်။ အဲဒီကတည်းက ကမ်းခြေမှာ စာပွဲးချ၊ ကုလားထိုင်ချပြီး ဈေးရောင်းနေကြတာ အခုထိပဲ။ အမှိုက်ရှင်းလင်းတာတွေ စနစ်တကျ မရှိလို့ ဖြစ်ကုန်တာပါ” လို့ ပြောပြပါတယ်။
ဖိုးလပြည့်က ခွင့်ပြုလိုက်တာနဲ့ ကမ်းခြေတလျှောက်မှာ ကော်ဖီဆိုင်၊ အအေးနဲ့ ဘီယာအရောင်းဆိုင်၊ အကင်ဆို၊ အမြည်းဆိုင်၊ အသုတ်ဆိုင်၊ ရာသီပေါ်သီးနှံဆိုင်၊ ကွမ်းယာဆိုင်တွေ အလျှိုလျှိုပေါ်လာပါသတဲ့။
ဗိုလ်ချုပ်မှူးကြီးမြေး အမိန့်မို့ စည်ပင်အပါအဝင် ဘယ်အဖွဲ့ကမှ အဲလိုဈေးရောင်းတာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကို တားမြစ် အရေးယူတာမျိုး မလုပ်ရဲပါဘူးတဲ့။
သင်္ကြန်ပြီးကာလမှာ ချောင်းသာ အပမ်းဖြေခရီးသွားဦးရေ မြင့်တက်လာတာနဲ့အမျှ ကမ်းခြေက ပျံကျဆိုင်တွေလည်း ၅၀ ကျော်အထိရှိလာပါတယ်။ အဲဒီတော့ စားကြွင်းစားကျန်၊ ပုလင်းခွံ၊ ဘီယာဘူးခွံ၊ ကြွပ်ကြွပ်အိတ်အပါအဝင် အမှိုက်တွေ ကမ်းခြေမှာ ပွနေပါတယ်။ တချို့အမှိုက်တွေလည်း ပင်လယ်ထဲ မျောပါကုန်ပါတယ်။
ချောင်းသာကို အပမ်းဖြေ ခရီးထွက်သူတယောက်ကတော့ “ဒေသခံတွေ အခုလို ဈေးရောင်းတဲ့အတွက် သူတို့ စားဝတ်နေရေး အဆင်ပြေတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အမှိုက်တွေ၊ စားကြွင်းစားကျန်တွေကိုတော့ အခုလိုမျိုး ပင်လယ်ကမ်းခြေမှာ စွန့်ပစ်တာမျိုးကို တားမြစ်ပြီး အရေးယူသင့်တယ်။ ကမ်းခြေညစ်ပတ်တဲ့အပြင် ပင်လယ်ကို ညစ်ညမ်းစေတယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတယ်” လို့ ပြောပါတယ်။
ကမ်းခြေတလျောက်လုံးမှာ အမှိုက်တွေနဲ့ ညစ်ပတ်နေတယ်။ ခရီးသွားတွေကို အမှိုက်ပုံးထဲ အမှိုက်ပစ်တတ်အောင် အသိပညာပေးဖို့တော့ လိုတယ်လို့ ရန်ကုန်မြို့က ခရီးသွားတဦးကလည်း ပြောပါတယ်။
ရန်ကုန်မြို့ကနေ မိုင် ၁၀၀ ကျော် ဝေးတဲ့ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၁၅ လုံးဖွင့်ထားပြီး နိုင်ငံတကာအဆင့်မီ ဟိုတယ် ၃ လုံးရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်လောက်တုန်းက ဒေသခံတွေရဲ့ အုန်းခြံတွေကို စစ်အစိုးရနဲ့ စီးပွားရေးသမားတွေက သိမ်းပိုက်ပြီး အပမ်းဖြေကမ်းခြေတည်ဆောက်ခဲ့တာပါ။
(၂၀၁၀ ဇန်နဝါရီလတုန်းက ချောင်းသာနဲ့ ငွေဆောင်က ဒေသခံတွေရဲ့ အပမ်းမပြေနိုင်တဲ့ ဘဝအမောတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဆောင်းပါးရှင် ကြည်ဝေက ဒီနေရာမှာ ရေးသားထားပါတယ်။ စိတ်ဝင်စားသူများ ဆက်လက် ဖတ်ရှုနိုင်ဖို့ပါ။)
မြတ်ကျော်
ဒီတစ်ချက်တော့ ဖိုးလပြည့် လုပ်တာ သာဓုခေါ်ပါတယ်
ငွေဆောင်မှာဆို ဟိုတယ်တွေအနား ဈေးသည်တွေ ကပ်လို့မရပါ
သူတို့လေးတွေ စီးပွားရှာတာကို မုဒိတာပွားစမ်းပါ
အမှိုက်ကိစ္စကတော့ ဟိုတယ်တွေကဘဲ တာဝန်ယူပေါ့ဗျာ
ယူထားတဲ့ဈေးက အဆမတန်ဘဲဗျာ
လာတဲ့သူတွေကလဲ ငွေကြေးတတ်နိုင်သူတွေဘဲ
ဘာဘဲဖြစ်ဖြစ်ဒေသခံတွေ စီးပွားဖြစ်ပါစေ
သတင်းထောက်ကြီးရေ နဲနဲတော့ အကောင်းမြင်ဗျာ....