လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန်၊ အခု ... နိဂုံးကမ္ပတ် အဆုံးသတ်ပြီလော

Friday, April 8, 2011


ဆူးငှက်
(ဆူးငှက်၏ ဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)

နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် ... ဟု လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် ...၊ အခု ...။

နိဂုံးကမ္ပတ်၊ အဆုံးသတ်ပြီလော ...။


ဆောင်းနှင်းငွေ့မပြယ်မီမှာပင် သင်္ကြန်ခံစားမှုက ပူးဝင်လာချေပြီ။

သည်လိုခံစားမှုလေးတွေ ပူးဝင်လာတော့ အိမ်ရှိသင်္ကြန်သီချင်းမူရင်း အဟောင်းလေးတွေ ပြန်ရှာနားထောင်ကာ ဆွတ်ပျံ့ဖွယ်အတိတ်စာမျက်နှာများကို ပြန်လှန်ရသည်ချည်း ...။ သင်္ကြန်ရင်ခုန်သံကလည်း အတိတ်မှာပဲ ကျန်ရစ်ခဲ့သည်လေ..။

တူးပို့ တူးပို့ ဒိုးဆစ်သံနှင့်အတူ ပိတောက်ပွင့်တွေ လှုပ်ခါနေ၏။ အစိမ်းစွက်သော အ၀ါရောင်ပုံရိပ်တွေ ယိမ်းထိုးသွားသည်။

(က)

ထိုနှစ်တွင် အိမ်ရှေ့ပိတောက်ပင်က ရှားရှားပါးပါး ပိတောက်တွေ ကြိုပွင့်သည်။ သင်္ကြန်ရောက်ဖို့ တစ် လနီးပါးတော့လိုသေး...။ သို့သော် ၀င်းထိပ် ကိုဘစိမ်းလက်ဖက်ရည်ဆိုင်ရှေ့ မန်ကျည်းပင်ကြီးမှာ သင်္ကြန်ကြော်ငြာဆိုင်းဘုတ်တွေ ပလူပျံနေ၏။


လှထိပ်တင် .. ရေသဘင်

ဝင်ကြေး ၁၅ ကျပ်နှင့်စာရင်း

ပေးနိုင်ပြီ

မြရိပ်ညိုတောင်သမန်နှင့်

မြောင်ပတ်ယံမန်းမြေအမော့မှာ

သလ္လာသက်ဦးတို့ပျော်မည်

နွေဦးပေါက်မို့

တစ်ခေါက်တစ်ခါ ...

မန်းမြို့တော်မှာ

အလည်လာခဲ့ပေါ့၊

တောကသာဂိတို့ သင်္ကြန်ဝယ်

အမြင်မတော်တာတွေ

ပြောချင်လွန်းလို့

ဝင်ကြေး ၂၀ ကျပ်

သင်္ကြန်ကြော်ငြာဆိုင်းဘုတ်တွေနှင့်အတူ အရပ်ထဲ၊ ၀င်းထဲ၊ ပြထဲ မှာ သင်္ကြန်တီးလုံးတိုက်သံတွေကြား လာရ၏။ ၀င်းလယ်ကွက်လပ်ကြီး ထဲ အောက်လင်းမီးတွေ ထိန်ထိန်ထွန်းပြီး တီးလုံးတိုက်၊ သီချင်းတိုက်၊ အကတိုက်ကြသည်။ သည်ကတည်း က စွဲငြိဖွယ်၊ နှစ်သက်ဖွယ် သင်္ကြန်သီချင်းတွေက အရပ်ထဲ၊ ဈေးထဲအထိ ပျံ့လွင့်နေရာယူခဲ့ပြီ။ သည်နှစ် သင်္ကြန်အတွက် ဗဟိုဆုပေးမဏ္ဍပ်ကြီးက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ် ဟံသာဝတီသတင်းစာတိုက်ကြီးရှေ့မှာ ဆောက်မှာတဲ့။ သစ်သားတွေပင် ချထားပြီးပြီတဲ့။ ဗဟိုမဏ္ဍပ်အတွက် သင်္ကြန်ယိမ်း အဖွဲ့ကို မြို့ တော်ခန်းမ (၁)မှာ တိုက်နေကြပြီ။ ဌာနဆိုင်ရာအသီးသီးက မန်းမြို့သူ ညိုပြာညက်တို့ယဉ်ယဉ်ကြော့ကြော့ သီဆိုကခုန်ကြပေါ့။

ရွှေမန်းမေတဲ့၊ ယမင်းရွှေစင်တဲ့၊ ယမင်းသူဇာတဲ့၊ ပတ္တမြားသူဇာတဲ့၊ မေထားဝယ်တဲ့၊ ငုရွှေဝါတဲ့၊ မေသစ် လွင်တဲ့၊ အကကောင်း အမျိုးသမီး ရေသဘင်အဖွဲ့တွေက နှစ်စဉ်ပရိသတ်အာရုံစိုက်စရာတွေချည်းဖြစ်နေသည်။

ထိုနှစ် ဗဟိုမဏ္ဍပ်မှာ သင်္ကြန် ယိမ်းအကကို မန္တလေးပန်တျာက အကနည်းပြ ဆရာမလေးကတာဝန်ယူသတဲ့။ ထိုသတင်းကလည်း ဟံ သာဝတီသတင်းစာမှာ ဖော်ပြပါရှိသည်။ ထို့ကြောင့်လည်း မြို့တော်ခန်းမ (၁)မှာ အကတိုက်နေသော ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့ကို မြို့လူထုက စိတ်ဝင်စားနေသည်။

အခြားအသင်းအဖွဲ့ အကတိုက်၊ တီးလုံးတိုက်ကြတာ ၀င်းထဲ၊ ရပ်ထဲမို့ သီချင်းတွေ၊ အကတွေ ကြိုတင်နားဆင် မြင်တွေ့ရသော်လည်း ဗဟို မဏ္ဍပ်အဖွဲ့က မြို့တော်ခန်းမ(၁)မှာ တံခါးပိတ်တီးလုံးတိုက်တာမို့ သူတို့ သီချင်း၊ သူတို့အကတွေ ကြိုကြားခွင့်၊ ကြိုမြင်ခွင့်မရသေး။ ထို့ကြောင့်လည်း ပိုမိုကြားလိုမြင်လိုကြသည်။ သည်ဆန္ဒကသင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်ကြို ၀တ်စုံပြည့်ပြင်ဆင် ဖျော်ဖြေသည့်ညမှာ ပြည့်ချေပြီ။ ပြိုင်ပွဲဝင်အသင်းတွေမရှိသေးသည်မို့ ဗဟိုမဏ္ဍပ်က သီချင်းတွေ၊ အက တွေချည်း ဆက်တိုက်ကြည့်ရှုရမည်မို့လည်း ပရိသတ်က ခဲခဲလှုပ်နေ၏။

မြောက်ဘက် ၂၉ လမ်းထိပ် ဘဂ၀မ်ဒတ်စ်ဘာဘူတိုက်အနီးကပင် ယာဉ်အ၀င်အထွက်မရှိရအောင် သံဆူးကြိုး တွေနှင့်လမ်းပိတ်ထားရ၏။ ထို့အတူ တောင်ဘက် ၃၁ လမ်းထိပ် ရွှေမောင်းတိုက်အနီးကလည်း အလားတူ လမ်းပိတ်ထားရသည်။ ထိုပြ ပေါက်များအတွင်း ပရိသတ်က အပြည့်အကျပ်ညပ်လို့။ ဟံသာဝတီ သတင်းစာတိုက်ဖွင့်လှစ်ထားသော နီညိုရောင် ရှေးဟောင်းအုတ်တိုက် ကြီးရှေ့က ဗဟိုမဏ္ဍပ်ကြီးကလည်း မီးရောင်များအောက်ခံ့ညားလှပနေ၏။ ကခွင်စင်က ပိုမိုကျယ်ဝန်းသည်။ မြန်မာမှုပန်းကနုတ်တွေပြင်ဆင်ထားသော နောက်ခံစင်မြင့်ရှေ့မှာ ပဉ္စရူပရုပ်ကြီးနှင့် မှန်စီရွှေချဆိုင်းဝိုင်းကြီးက နေရာယူထားသည်။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ ဘယ်ဘက်မှာ နီကယ်ရောင် တောက်ပနေသော လေမှုတ်တူရိယာများနှင့် ခေတ်ပေါ်တီးဝိုင်း။

စင်ပေါ်မှာ တီးမှုတ်သီဆိုကခုန်မည့်သူများမှအပ အခုလို ဆိုဖာခုံကြီးများ၊ ဆက်တီများနှင့်စားသောက်ဖွယ်ရာအစုံအလင်ဖြင့် ဇိမ်ခံအသား ယူကြမည့် မိသားစုများ၊ ဧည့်သည်တော်များမရှိကြသေး။ တီးမှုတ်သီဆို ကခုန်မည့် အနုပညာရှင်များ၏ မိသားစုများ၊ မြို့ခံ စာပေဂီတသဘင် အနုပညာရှင်များ၊ သတင်းစာဆရာများနှင့် အကဲဖြတ်များအတွက်သာ ကခွင်စင်ကြီး တဖက်တချက်မှာ ခေါက်ကုလားထိုင်များစီတန်းချထား သည်။ သို့သော် ထိုစင်က ကခွင်စင်ထက် နှိမ့်ထား၏။ တစ်ပြေးညီမဟုတ် ...။ ပါသည်ဆိုရုံ ...။

အကြို့အရင်ညကပင် ဗဟိုမဏ္ဍပ်က သီချင်းတွေက ပရိသတ်ရင်ထဲစွဲသွားသည်။ ထိုသီချင်းများနှင့်အတူ ထူးခြားစွာညက်ညောလှပသော ကကွက်များကလည်း ပရိသတ်ကို တသသဖြစ်သွားစေ၏။ နားဆင်ကြည့်ပါဦးလေ ...

အို .. အမောင်လူသား အသင်

ဟိုမှာကြည့်စမ်း ..၊

အခိုင့်အခိုင်ဝေဆာလွင် ...

ဝေဖြာပွင့်လန်း ..

ပန်းမျိုးတစ်ရာစုံလင်

ဒီအတာရေသဘင်

ရောက်ပြန်လေလျှင် ...

အမြင်မဆန်း၊ ညစ်နွမ်းသမျှ

ရေစင်ပက်ဖျန်းရွှင်လန်းစေချင်...

(ခ)

ထိုနှစ်က အမျိုးသားအလှပြယာဉ်ထဲမှာ နာမည်ကြီးနေတာက စေတနာ ဖြစ်၏။ မန္တလေးဆေးတက္ကသိုလ်က အနုပညာဝါသနာရှင်များဟု ဆိုသည်ထက် အဆိုအတီးတွင်ပညာရှင်များဟုပင် ဆိုရလောက်သည့် ပုဂ္ဂိုလ်များအပြင် ဂုဏ်ထူး ဦးသိန်းနိုင်ကဲ့သို့သော ပြင်ပပညာရှင် ကလည်း ၀န်းရံသည်။ ဂုဏ်ထူး ဦးသိန်းနိုင်၏ သင်္ကြန်နှင့်ပတ်သက်သည့်၊ မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်သည့် ပရိကံစကားများကလည်း ပရိသတ်ထောင်သောင်း ညွှတ်ကျသွားလောက်သည်။ ထိုစိန်ပွင့်များကို ပတ္တမြားရံသည့်အနေနှင့် မန္တလေးမှ အော်တိုဆိုက်ဆိုဖုန်း လေမှုတ်ပညာရှင်လူငယ်တစ်ဦးကလည်း စေတနာ မှာပါဝင်လာသည်။ သူက အော်တို ဆိုက်ဆိုဖုန်းကို မြန်မာ့နှဲဝိဇ္ဇာတစ်ယောက်ကဲ့သို့ နိုင်နင်းလှသည်။ မြန်မာမှုသံစဉ်များကို အော်တိုဆိုက်ဆို ဖုန်းဖြင့် အတွဲ့အနွဲ့၊ အမဲ့အရွဲ့၊ အဆွဲ အဖဲ့များဖြင့် မနားတမ်းဒရစပ်မှုတ်နိုင်သူလည်း ဖြစ်သည်။

သင်္ကြန်အကြိုနေ့ကတည်းက စေတနာ အလှပြယာဉ်က တောင်ပြင်တစ်ဝိုက်မှာ လှည့်လည်ဖျော်ဖြေ ရင်း နာမည်ကျော် မင်းသမီးများ ဦးစီးသော အမျိုးသမီးမဏ္ဍပ်များတွင် အော်တိုဆိုက်ဆိုဖုန်းနှင့်မင်းသမီးများ ပြိုင်ပွဲသတင်းက တစ်မြို့လုံးတမု ဟုတ်ချင်းပျံ့နှံ့သွားတော့၏။ ဘယ် မဏ္ဍပ်မှာ ဘယ်မင်းသမီးဖြင့် က ရင်း ပုံကျသွားလို့တဲ့။

ဘယ်မင်းသမီးကတော့ ၄၅ မိနစ်အကြာမှာ ဆက်မကနိုင်လို့ အရှုံးပေးလိုက်ရသတဲ့စသည့် စသည့် သတင်းက ထိုနှစ်သင်္ကြန်၏ အမျိုးသမီးဧည့်ခံ မဏ္ဍပ် ၁၀၀ ကျော်၊ အမျိုးသားအလှပြနှင့် သံချပ်အသင်းပေါင်း ၁၀၀ ကျော်၊ စင်ချင်း၊ ကားချင်းဆက်မျှ မြို့လုံးကျွတ်အုန်းအုန်းကြွက်ကြွက် ညံသည်။ သင်္ကြန်သီချင်းသံများအကြား ထူးထူးခြားခြား ထင်ရှားထွက်ပေါ်နေသည့် သတင်းလည်း ဖြစ်သည်။ မြို့က မွေးထုတ်ပေးသည့် မြို့ခံပညာရှင်များအချင်းချင်း အနိုင်မခံယှဉ်ပြိုင်ကြသည့် အနုပညာပြိုင်ပွဲမို့လည်း ပိုမိုစိတ်ဝင်စားကြ၏။ စေတနာ အလှပြယာဉ်၏ အော်တိုဆိုက်ဆိုဖုန်းအစွမ်းက ပြိုင်ပွဲတိုင်းမှာ အနိုင်ချည်းဖြစ်နေသည်။ အကြို၊ အကျ၊ အကြတ် .. ရက်များအထိ..။

ကဲ ..သင်္ကြန်အတက်နေ့ရောက်ပြီ။ စေတနာ အလှပြယာဉ်ရောက်ဖို့က ဗဟိုမဏ္ဍပ်ပဲရှိတော့၏။ သေချာပြီ။ သည်နေ့ ဗဟိုမဏ္ဍပ်မှာ စေတနာ ရောက်မည်။ အော်တိုဆိုက်ဆိုဖုန်းဆရာလေးနှင့် ဗဟိုမဏ္ဍပ်က အကနည်းပြဆရာမလေးတို့ တွေ့ကြမည်။ ပွဲကြီးပွဲကောင်း ...။

အကနည်းပြဆရာမလေးကလည်း ဆရာမဟုဆိုသော်လည်း အသက် ၂၀ ကျော်သာရှိသေး။ သူက အငြိမ့် မင်းသမီးတော့မဟုတ်။ ပန်တျာက ကျောင်းဆင်းအပြီး နာမည်ကျော် အငြိမ့်အဖွဲ့တစ်ဖွဲ့တွင် ရှေ့ထွက် အဖြစ် (၆) လမျှပင် မကရသေး။ အိမ်တော်အစီအစဉ်နှင့် မြန်မာအကဗေဒ ပြဋ္ဌာန်းမှတ်တမ်းတင်ရေး အစီအစဉ်တစ်ခုအတွက် နည်းပြဆရာမအဖြစ်တာဝန်ယူထားရသူဖြစ်သည်။ ပန်တျာကျောင်းသူ ဘ၀မှာလည်း သင်္ကြန်တစ်ခု၌ တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ(ထိုစဉ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး) ၏ ဂုဏ်ထူးဆောင် ငွေဖလားဆုကြီး ရရှိထားသူလည်းဖြစ်၏။ သူကလည်း မြန်မာအကနှင့်ပတ်သက်လျှင် ထိုအချိန်က နာမည်ကျော် ...။ သင်္ကြန်အတက်နေ့ည ဗဟိုမဏ္ဍပ်မှာ မြန်မာ့အနုပညာအကျော်အမော်နှစ်ဦး ပြိုင်ပွဲမြင်ကြရမှာမို့ ပရိသတ်က ညနေစောင်းကတည်းက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ် ပြည့်လျှံသွားတော့၏။

အတက်နေ့မို့လည်း ဆုယူမည့်အလှပြယာဉ်တွေ၊ သံချပ် အဖွဲ့တွေကလည်း ဗဟိုမဏ္ဍပ်တောင်ဘက်ခြမ်းမှာ တန်းစီနေရာယူထားကြသည်။ အတက်နေ့မို့ နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသလို တစ်မြို့ လုံးလည်း အခါတိုင်းနေ့များထက် စောစီးစွာ သီချင်းသံ၊ ဂီတသံ၊ သံချပ်သံတွေ လွှမ်းနေသည်။

ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့ကလည်း ပရိသတ်အင်အားကြောင့် အချိန်မဆိုင်းဘဲ သီဆိုကပြဧည့်ခံနေသည်။

သည်ကမ်း ... သည်သောင်၊

သည်တောင် .. သည်ယာ

သည်ရွာ .. သည်မြို့၊

သည်သို့ .. သည်ဓလေ့ ..

ပျော်မွေ့နှစ်ခြိုက် ..

စရိုက်အစဉ်အလာ ...။

သည်မြေမှာမွေး ..

သည်မြေသွေးပင် ...

သည်မြေကိုလျှောက် ...

သည်ရေသောက်လျှင်

ပန်းပိတောက်တို့ပမာထင်

အပင်ချင်းယှက် ..

အခက်ချင်းယှဉ် ...

ပန်းပိတောက်ရဲ့ ရွှေမျက်နှာ

ဝင်းထိန်လို့ဝါ ...

အနွယ်ချင်းယှက် ..

အခက်ချင်းယှဉ် ..

တစ်ပွင့်မြေသက်၊

တစ်ပွင့်တက်

တစ်ခက်ပက်ကြွေ ..

တစ်ခက်ဝေ

သည်အတာ သည်ရေသဘင်

အားသစ်မာန်သစ်ဝင် ...

ဆန်းသစ်လှသောစာသား၊ တေးသွားနှင့် သီချင်းဂီတသံတွင် ညီညာညက်ညောလှသော သင်္ကြန်အကများက ထောင်သောင်းချီပရိသတ်၏ အာရုံကို တုတ်တုတ်မျှမလှုပ်အောင် ဖမ်းစားထားနိုင်၏။ ဤသို့ဖြင့် သင်္ကြန်ယိမ်းတွေကအပြီး လှုပ်လှုပ်ရွရွဖြစ်သွားသော ပရိသတ်အသံနှင့် အတူ တောင်ဘက်ကျောက်သွေးတန်းဆီမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း အလှပြယာဉ်တစ်စီးက မီးရောင်စုံထွန်းညှိပြီး တေးဂီတသံသာများနှင့်အတူ ဆုယူရန် တန်းစီရပ်ထားသော အခြားအလှပြယာဉ်များ၊ သံချပ်အဖွဲ့ယာဉ်များကိုကျော်၍ ဗဟိုမဏ္ဍပ်သို့ တငြိမ့်ငြိမ့်ဝင်ရောက်လာ၏။

ပရိသတ်များကအချင်းချင်း ပူးကပ်ရှဲပေး၍ အလှပြယာဉ်ကို နေရာပေးသည်။ ကားဦးမှာသမားတော်၏ ဆေးကြိမ်လုံးကို မြွေနှစ်ကောင် ရစ်ကာ ပါးပြင်းထောင်နေသည့် တံဆိပ်က အော်တိုမစ်တစ်မီးလုံးများနှင့် ထင်ရှားနေသည်မို့ ပရိသတ်၏ သြဘာသံက ဆူညံသွားသည်။ မျှော်လင့်တောင့်တနေသည့် စေတနာ အလှပြယာဉ်။

စေတနာက ဗဟိုမဏ္ဍပ်ရှေ့ ရောက်သည်နှင့် ဂုဏ်ထူးဦးသိန်းနိုင်၏ ပဏာမအဖွင့်စကားအပြီး အော်တိုဆိုက်ဆိုဖုန်းဆရာက သူကိုယ်တိုင် ရေးစပ်သော သီချင်းလေးကို တိုက်ပုံအင်္ကျီအပေါ်အိတ်မှာ အသင့်ထိုးထားသော ပိတောက်ခက်လေး ကိုင်ကာကိုင်ကာ သီဆိုတော့၏။ ပရိသတ်က ကြုံဖူးပြီးမို့ သြဘာ လက်ခုပ်ကျသွားသည်။ ဆက်တိုက်ဆိုသလို ဘ၀ဂ်ညံမျှ သြဘာလက်ခုပ်ကျသွားပြန်တာက သင်္ကြန်ယိမ်းသမများအလယ် ကျုံ့ကျုံ့လေးထိုင်နေသော အကနည်းပြဆရာမလေးက ထကာ ထဘီကိုပြင်ဝတ်ပြီး စင်ရှေ့ထွက်၍ ကပြလိုက်ခြင်းမို့ ဖြစ်သည်။ ပွဲကြီးပွဲကောင်းတွေ့ပြီ။

အော်တိုဆိုက်ဆိုဖုန်းဆရာက သီချင်းအပြီး သူ့လက်စွဲအော်တို ဆိုက်ဆိုဖုန်းကိုကောက်ပြီး သီချင်းသွားကိုမှုတ်လိုက်၏။ သီချင်းသွားက ယိုးဒယားအသွားဖြစ်သည်။ အက ကလည်းညက်ညက်ကလေး။ ထိုယိုးဒယားအသွားမှာ ဖျင်းချဉ်အပိုဒ်လို ရေလည်စိမ် ပဒေသာသီချင်း များအကုန်ဆိုပါတော့ ...။ အက နည်းပြဆရာမလေးကလည်း တေးသွားစည်းချက်အလိုက် နုနုလှလှလေးကနေ၏။ ပရိသတ် သြဘာ လက်ခုပ်ကျသွားသည်။ ဤသို့ဖြင့် နာရီဝက်၊ ၄၅ မိ နစ်၊ ၁ နာရီ။ နှစ်ယောက်စလုံး အလျှော့မပေးကြ သေး ...။

အတက်နေ့မို့ ဆုပေးမည့် အစီအစဉ်တွေ မစရသေး။ ဗဟိုမဏ္ဍပ်မှ တာဝန်ရှိလူကြီးများက ရပ်စေချင်ပြီ။ ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများ အတွက် တပ်ဆင်ထားသော ချိန်မှတ် မီးနီကို မကြာခဏ အချက်ပြ၍ စေတနာအသင်း၏ တီးမှုတ်မှုကို ရပ်စေ၏။ မရ။

စေတနာအသင်းက အော်တိုဆိုက်ဆိုဖုန်းဆရာကလည်း အပွဲပွဲအနိုင်ယူခဲ့သမျှ အခုအလျှော့မပေး။ ထို့အတူ အကနည်းပြဆရာမလေး ကလည်း အလျော့မပေးနိုင်။ သည်လိုနှင့် ၁ နာရီနှင့် မိနစ် ၃၀ ခန့် ကြာလောက်ပြီ။ မည်သို့မှ တားမရသည့်အဆုံး၊ နယ်မြေပိုင်ရဲစခန်းကို အကူအညီတောင်းလိုက်ရတော့သည်။ ဗဟိုမဏ္ဍပ်နှင့် ၂ ပြကျော်သာဝေးသော ယိုးဒယားဈေးဂတ် (ယခုအမှတ် ၈ ရဲစခန်း) သို့ စေတနာအလှပြယာဉ်ကို ခေါ်ဆောင် သွားသည်။ သည်အထိ အော်တို ဆိုက်ဆိုဖုန်းဆရာက အမှုတ်မပျက်။ မဏ္ဍပ်ပေါ်မှ အကနည်းပြဆရာမလေးလည်း အကမပျက်။ အသံတွေ ဝေး .. ဝေး၍ ပျောက်သွားမှ အက ရပ်တော့သည်။ ပညာရှင်နှစ်ဦးပြိုင်ပွဲက ဘယ်သူ့ဘယ်သူမှ မနိုင်....။

သို့သော် နိုင်သူက နိုင်သွားပါ၏။ ပရိသတ်ဖြစ်ပါသည်။ ပရိသတ်က အုံနှင့်ကျင်းနှင့်တောင်းဆိုမှုကြောင့် တာဝန်ရှိလူကြီးများ အစီအစဉ်ဖြင့် အော်တိုဆိုက်ဆိုဖုန်း ဆရာကို ဗဟိုမဏ္ဍပ်ပေါ်သို့ ပြန်လည်ခေါ်ယူကာ .. ပရိသတ်စိတ်ကြိုက် ကျေနပ်သည်အထိ အကနည်းပြ ဆရာမလေး၏ အကနှင့်အတူ ဖျော်ဖြေစေခြင်းပဲဖြစ်ပါ၏။ သည်တစ်ခါ သူနိုင်ကိုယ်နိုင်ပြိုင်ပွဲမဟုတ်။ အနုပညာရှင်နှစ်ဦးနှင့် အပြန်အလှန် အပေးအယူနှင့် အနုပညာကွန့်မြူးမှု ...။ ပရိသတ်ကြီးကလည်း ၄ ပြနီးပါးလောက်ထိ ကပ်ညပ်ခဲကာ သြဘာလက်ခုပ်မစဲ အားပေးကြဆဲ ...။

အော်တိုဆိုက်ဆိုဖုန်းဆရာက ကချင်မြေ သိန်းနိုင်လေး ...။

အကနည်းပြဆရာမလေးက ဒေါ်ခင်ဝင်းနွယ် ...။

(ဃ)

ကျုံးနဘေး အာဇာနည်လမ်းပေါ် တွင် သက်တမ်းရင့်ကုက္ကိုပင်ကြီးများက အရွက်တို့ ဖွေ့ဖွေ့ကြွေပြီ။ မကြာမီ လမ်းလယ်ကျွန်းပေါ်က စီမံကိန်းတယ်ပင် လူပျိုပေါက်တို့လည်း သူ့ရွက်ဝါဟောင်းတွေ ခါချနေတော့၏။ တောင်လေအဝှေ့တွင် ကတ္တရာလမ်းပေါ်မှာ ရွက်ဝါတို့ ရှပ်တိုက်ပြေးနေသည်။ ကျုံးရေပြင်မှာ မြူငွေ့ပါးပါးထင်နေသည်။

ကပြသည့်ခွင်အတွက် ပေ ၆၀ ပတ်လည်နေရာအပြင် ဘေးတစ်ဖက်တစ်ချက်မှာ ပေ ၅၀ ပေ ၇၀ စီ ပွဲကြည့်ဆောင်များပါ ပူးတွဲပါဝင်သည့် ပေ ၁၆၀ ပေ ၇၀ ရှိ သင်္ကြန်မဏ္ဍပ်ကြီးအတွက် ၂၀၀၀ ခု နှစ်ကတည်းက သံမဏိဘောင်ကြီးများနှင့် ခြင်းကြားထည်ကို ပုံစံသေ အခိုင်အခံ့ တည်ဆောက်ခြင်းဖြစ်၏။

ရန်ကုန်က ခေတ်ပေါ်တီးဝိုင်းကို ငွေကျပ်သိန်း ဘယ်နှရာနှင့် ငှားရမ်းမှာ၊ လတ်တလော နာမည်ကျော်အဆိုတော်မလေး ကို ငွေကျပ်သိန်း ၈၀ နှင့်အပြေးအလွှားရက်ချိတ်ငှားရမ်းရတာ၊ ဒါတောင် ထိုအဆိုတော်မလေးက သင်္ကြန် ၄ ရက်မှာ ၃ ရက်မှာ သီဆိုနိုင်မှာ၊ အခြား ရုပ်ရှင်မင်းသားမင်းသမီးများ၊ နာမည်ကျော်အဆိုတော်များ၊ မော်ဒယ်များကို ငွေကျပ်သိန်း ဘယ်နှဆယ်စီဖြင့် ငှားရမ်းပြီးတာ စသည့်စသည့် သတင်းများကို ကြားနေရတော့ ...။

2 comments :

  1. Unknown said... :

    ကျွန်တော်က မြန်မာ့သင်္ကြန်ကို မြန်မာ့ယဉ်ကျေးမှုနဲ့အညီ..
    မြန်မာဆန်ဆန်သိမ်သိမ်မွေ့မွေ့လေးကျင်းပတာကိုပဲလိုလားတယ်..
    ဘယ်သူတွေမှာတာဝန်ရှိသလဲမေးခဲ့ရင်နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့ပဲပြောပါရစေ...စီးကရက်နံ့ အရက်နံ့ဘီယာနံ့တွေနဲ့ရောထားတဲ့ ဒီဂျေသင်္ကြန်ကိုအရမ်းမုန်းပါတယ်...............

  1. ck said... :

    ကချင်မြေ သိန်းနိုင်လေး မိထ္တီလာမှာ ရှိပါသေးတယ်။
    ဒီဆောင်းပါးလေး သူ့ကို ဖတ်စေချင်ပါတယ်။
    အဲဒီတုန်းက သူဆိုခဲ့တဲ့ သီချင်းက ချောကလျာ ထင်ပါရဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved