လွတ်ငြိမ်းချမ်းသာခွင့်တွင် ဦးခင်ညွန့်အကျုံးမဝင်ဟု အကျဉ်းဦးစီး ညွှန်ချုပ်ပြော

Tuesday, May 17, 2011

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်လွှတ်ပေးမည်ဖြစ်ပြီး အာဏာရှင်ဟောင်း ဦးနေ၀င်း၏ သားမက်နှင့် မြေးများ၏ သေဒဏ်ပြစ်ဒဏ်ကို တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲလိုက်သော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်သည် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးမ၀င်ကြောင်း အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကပြောကြားသည်။

သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမည်နှင့် အမိန့်ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် သေဒဏ် ကျခံနေရသူများသည် တသက်တကျွန်းပြစ်ဒဏ်သို့ လည်းကောင်း၊ ထောင်ဒဏ်ကျခံ နေရသူများသည် တစ်နှစ်လျှော့ပေါ့ ခံစားရခွင့် ရရှိမည်ဖြစ်ကြောင်း ကြေညာထားရာ ပြစ်ဒဏ်တနှစ်နှင့် ပြစ်ဒဏ် တနှစ်ခန့်သာ ကျန်ရှိတော့သော အကျဉ်းသားများ အားလုံးကို နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များနှင့် အလုပ် ကြမ်းစခန်းများမှ ယနေ့စတင် လွှတ်ပေးလိုက်ပြီဖြစ်သည်။

“အကျဉ်းသားပေါင်း ၁၄၆၀၀ ကျော်လွှတ်ပေးဖို့ရှိတယ်။ အမျိုးသမီး အကျဉ်းသား ၂၁၆၆ ဦးပါတယ်” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။

လွှတ်ပေးမည့် အကျဉ်းသား အများစုသည် ရာဇဝတ်မှု ကျူးလွန်သော အကျဉ်းသားများ ဖြစ်ကြပြီး လောင်းကစားမှု၊ ခိုးမှု၊ ခါးပိုက်နှိုက်၊ ပြည့်တန်ဆာမှု အပါအ၀င် ပြစ်မှုများဖြစ်ကြောင်း သိရှိရသည်။

“အခု သူတို့ပေးတဲ့ လွတ်ငြိမ်းချမ်းသာမှု အမိန့်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျုံးမဝင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အများစုက နှစ်ရှည်နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်နေလို့ပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတ၀န်းလုံးရှိ သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တသက်တကျွန်းသို့ ပြောင်းလဲပေးခဲ့ပြီး ယင်းတို့ထဲတွင် ၂၀၀၂ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ် အပြစ်ပေးခံထားရသော အာဏာရှင်ဟောင်း ဦးနေ၀င်း၏ သားမက် ဦးအေးဇော်ဝင်း၊ မြေးများဖြစ်ကြသည့် အေးနေ၀င်း၊ ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့လည်း ပါဝင်ကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။

လာဘ်စားမှုများ၊ အမိန့်မနာခံမှုဖြင့် ၂၀၀၄ ခုနှစ်က ဖမ်းဆီးအကျဉ်းချခြင်း ခံထားရသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်မှာမူ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျူံးမ၀င်ကြောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်သည် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်းသာ ဖြစ်ကြောင်း ဦးဇော်ဝင်းက ဆိုသည်။

ညွှန်ကြာရေးမှူးချုပ် ဦးဇော်ဝင်းက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိဘဲ နိုင်ငံတော်လုံခြုံရေးအရ အရေးယူ ပြစ်ဒဏ်ကျခံ ထားရသူတချို့လည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သည်ဟု ရှင်းပြသည်။

သတင်း/ ဓာတ်ပုံ - ဧရာဝတီ






2 comments :

  1. Anonymous said... :

    ဦးနေ၀င်းမြေးတွေဟာ တစ်သက်တစ်ကျွန်းကျခဲ့တာ ကြာပြီပဲလေ။အဲဒါကြောင့်မသေသေးတာပေါ့။ အခုမှ ပြောင်းလဲသတ်မှတ်တာမဟုတ်ပါဘူး။

  1. Anonymous said... :

    အော် ... ခင်ညွန့် ခင်ညွန့် သနားစဖွယ်ကောင်းလှပါတကား... မည်သည့်ပြည်သူတစ်ဦးတစ်ယောက်မှ ခင်ညွန့် အမြန်လွတ်မြောက်ပါစေလို့ ဆုတောင်း / တောင်းဆို ပေးသူမရှိ။ လူမသေခင် သမိုင်းသေခဲ့ပါပကော... သင်ခန်းစာ ယူနိုင်ကြပါစေသား....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved