ဗိုလ်ဖိုက်တာ၊ ဇွန် ၂၇၊ ၂၀၁၁
မျောက်အစွမ်းအစ `ဖောက်´ သွားလို့ သစ်ကိုင်းပေါ်က ပြုတ်ကျတာကြောင့် အကျဉ်ခံအပယ်ခံရတဲ့ သစ်ကိုင်းကျ မျောက်အိုကြီးတစ်ယောက်..ဟဲ...ဟဲ...။ အဲဒီမျောက်အိုကြီးကို ချစ်စနိုးပါ၍ ယားကျိကျိဖြစ်အောင် `ကလိ´ သည့်အလား၊ ကျီစယ်, ကျီစားလိုတဲ့သဘောနဲ့..ဟဲ..ဟဲ..။ မျောက်အိုကြီး အင်မတန်ခံတွင်းတွေ့လှတဲ့ `ပို့စ်မော်ဒန်´ အမျိုးအစား “အီကွေးရှင်းခေါင်းစီး” ကို `တင်´ထားတာပါခင်ဗျာ။
ဒါကြောင့်.. “အီကွေးရှင်းခေါင်းစီး”အရ တင်ပြရပါတော့မည်။ အဲ..တင်ပြပြီ။
`ဒီမိုကရေစီ´ ဆိုတာကဘာလဲ။`စစ်ဗိုလ်´ ဆိုတာကဘာလဲ။`စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´ဆိုတာကဘာလဲ။
ဒီသုံးချက်ကို တိုင်းရင်းသားပြည်သူအားလုံးက ကွဲကွဲပြားပြား, ခွဲခွဲခြားခြား, ကျေကျေညက်ညက် သိထားရမယ်။ သိမထားရင် ၀တ်စုံမျိုးစုံကိုထည်လဲဝတ်၊ မင်းသားခေါင်းမျိုးစုံကို ထည်လဲဆောင်းတဲ့ အာဏာရှင်ပေါင်းစုံရဲ့ `နားလှည့် ပါးရိုက်´ ခံရတဲ့ဘ၀က ဘယ်တော့မျှလွတ်မြောက်မှာ မဟုတ်ပေဘူးဗျ။
ဒါကြောင့်.. `ဒီမိုကရေစီ´ရဲ့ အနက်သဘောကို ရှေ့ရှုပြီး, စေ့ငု ကြည့်ကြပါစို့ဗျာ။
ဂျာနယ်တစ်စောင်ကတော့ အနောက်တိုင်း ဒီပနီကျမ်းကြီးတွေကို ကိုးပြီး မျက်နှာဖုံးမှာ, မိုးထိနီးပါး, ဟိတ်ဟန်ကြီးထားတာက “of the people, by the people, for the people” တဲ့.. ဟဲ..ဟဲ..။
ဒီစကားညှပ်ကို ဒီမှာဖြတ်ပြီး ပြောလိုရင်းစကားကိုဆက်ရရင် အနောက်တိုင်းဒီပနီကျမ်းကိုးက သိပ်သိပ်သည်းသည်း`ထိ´ပါဘိ..။ `မိ´ပါဘိ..။ သို့ပါသော်လည်း.. အဲ.. လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ခေါင်းရွက်ဗျတ်ထိုး လမ်းဘေးဈေးသည် ကူလီကပ်ပါး တောသူတောင်သားတွေက နားမလည်ဘူးဗျ။
ဗိုလ်ဖိုက်တာ ယခု စာရေးနေတုန်း ပြန်လည်သတိရတာကို ချပြပါ့မယ်။ ဖတ်ကြည့်ကြပါ ခင်ဗျာ။
“ဗမာပြည်သည်…ဒို့ ပြည်။ ဗမာစာသည်…ဒို့ စာ။ ဗမာစကားသည်… ဒို့စကား။ လာမယ့်ဘေး…ပြေးတွေ့။ သခင်မျိုး ဟေ့…ဒို့ ဗမာ။” ဆိုတဲ့ အသုံးအနှုန်းတွေပါ့ဗျာ။
ဒါတွေကို လှည်းနေလှေအောင်းကအစ တောသူတောင်သားအဆုံး အများပြည်သူအားလုံးက ကွင်းခနဲကွက်ခနဲ, လင်းခနဲလက်ခနဲ `သဘောမိ´ ကြပါတယ်။ ဒါမျိုးကို ပြိုင်စံရှား`စွမ်း´သူက သခင်ဘသောင်း ရယ်..ဗျ။
သခင်ဘသောင်းက ၁၉၆၀-ခုနှစ် ရွေးကောက်ပွဲကာလအကြိုမှာ ဒီမိုကရေစီအကြောင်း စာတစ်အုပ်ရေးထုတ်ခဲ့ပါတယ်။ စာအုပ်ထဲကအကြောင်းအရာတွေရဲ့ အဆီအနှစ်ကိုထုတ်ပြီး ဒီမိုကရေစီရဲ့ သရုပ်သဏ္ဍာန်အဟုတ်အမှန်ကို စာအုပ်မျက်နှာဖုံးမှာ ပန်းချီနဲ့သရုပ်ဖော်ခဲ့တာ ..သြချကြရပါသဗျာ။
သခင်ဘသောင်း ရဲ့ စိတ်ကူးစိတ်သန်းကို သခင်ဘသောင်း ကိုယ်တိုင်ရဲ့ ညွှန်ပြချက်အရ ပန်းချီဆရာက ရေးဆွဲခဲ့ရတာပါ။
ဒီပန်းချီကို ရုတ်တရက်ကြည့်လိုက်ရင် နွားလှည်းတစီးကိုမြင်ရမယ်။ သေသေချာချာ အနုစိတ်ကြည့်လိုက်တော့ နွားလှည်း, ဦးတည်ပြီးသွားနေတာက မြေစိုက်ဆိုင်းဘုတ်တခုဆီကိုပါ။ ဆိုင်းဘုတ်မှာစာရေးထားတာက “ပန်းတိုင်”တဲ့..။
လှည်းကိုဆွဲနေတဲ့ နွားနှစ်ကောင်လုံးကိုလည်း စာတန်းထိုးထားလေရဲ့..။ “အစိုးရ” တဲ့.. ။
နွားနှစ်ကောင်ရဲ့ကြိုးကို ၀ဲလက်ဖြင့်မြဲမြဲခိုင်ခိုင်ဆွဲကိုင်ထား..။ ယမထာရွှေကြိမ်လုံးကို ယာလက်ဖြင့်ဝှေ့ရမ်းနေ..။ အဲဒီမောင်ဟာ,လှည်းမောင်းနေတဲ့ `လှည်းဆြာ´ ပါ။ ကိုယ်တော်မြတ်ကိုလည်း စာတန်းထိုးထားပါတယ်။ “ ပြည်သူ” တဲ့..ခင်ဗျ။
စာအုပ်မျက်နှာဖုံးပန်းချီက ကြည့်သောသူရဲ့ စိတ်မနောကိုညှို့ထားကာ ဘာတွေပြောပြနေတာလဲ။ ဘာသဘောလဲ။ အဲ..ပန်းချီ ရဲ့ အနက်သဘောကို စေ့စေ့ ကြည့်လိုက်တော့.. လား..လား..
`ပန်းတိုင်´ဆီ ချီတက်ရာမှာ `အစိုးရ´ က `နွား´။`ပြည်သူ´ က `လှည်းဆြာ´ ။
အစိုးရဆိုတဲ့နွားကို ပြည်သူဆိုတဲ့လှည်းဆြာက လိုသလိုကြိုးဆွဲတယ်။ လိုသလိုကြိမ်နဲ့ ဆုံးမပြီးခရီးနှင်တယ်။ သရုပ်ဖေါ်ချက်ကဖြင့် ကျွန်ုပ်တို့ မော်လမြိုင်စကားနဲ့ပြောရရင်..`အာ..ပါး´…။ ခေတ်စကားနဲ့ပြောရရင်.. `မိုက်´မှ`မိုက်´..ဟဲ..ဟဲ...။
ဒီသရုပ်ဖော်ချက်ဟာ အရပ်ထဲက အရပ်သူအရပ်သားတွေရဲ့ နှုတ်ဖျားမှာပြောနေဆိုနေကြတဲ့.. `ဖွဲ့စည်းပုံ´ပါခင်ဗျာ..။ `ဇယား´ပါခင်ဗျာ..။
အရပ်သူအရပ်သားတွေ ပြောဆိုကြတဲ့ `ဖွဲ့စည်းပုံ´ ဆိုတာ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် MRTV4 ကိုကိုလှိုင့်ခေါင်းထဲက `ဖွဲ့စည်းပုံ´မဟုတ်ပါ..ဟဲ..ဟဲ..။ `ဇယား´ဆိုတာကလည်း စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းထဲက`ဇယား´ မဟုတ်ပါ..ဟဲ..ဟဲ..။ `ဘုရားကအောက်၊ မျောက်က,အထက်´ ဆိုသလို `နေရာမှန်,လူမှန်´ မဟုတ်တဲ့ ပြောင်းပြန်အနေအထားကို ဆိုလိုတာပါ..ဟဲ..ဟဲ..ဟဲ..။
ကိုင်း..ခုပင်လျှင် ကြားညှပ်,စကားချပ်ကို ဒီမှာဖြတ်ခဲ့ပြီး ဒီမိုကရေစီအကြောင်းကိုပဲ ထပ်ကာဆောင်းလိုက်ချင်ပါရဲ့..။
ဒီမိုကရေစီကျင့်စဉ်အရ `အစိုးရ´ကို မွေးထုတ်ပေးခဲ့တာက `ပြည်သူ´..။
ဒါကြောင့်..ပြည်သူသာ..အမိ။ ပြည်သူသာ..အဘ။ ဒီအနေအထားအရ `အစိုးရ´က အောက်မှာ..။
`ပြည်သူ´က အထက်မှာ..။ `အစိုးရ´က `ပြည်သူ´ကို နာခံရတယ်။
အလုပ်အကျွေးပြုရတယ်။ ပြည်သူကမကြိုက်တော့ဘူးဆိုရင် အဲဒီအစိုးရက နေရာမှ ဖယ်ပေးရတယ်။
ဗိုလ်ဖိုက်တာ ပြောခဲ့တဲ့အထဲမှာ လှိမ့်´လုံး, ဟိတ်´လုံး တွေပါနေလို့ အများပြည်သူက နားမလည်ပါဘူးဆိုရင်လည်း ထောက်ပြကြပါ။ `ငါ..လိုသေးသည်´ဆိုတဲ့မူကို စွဲကိုင်ထားသူမို့ ထောက်ပြသူမှန်သမျှကို ကြီးစွာကျေးဇူးတင်မှာပါခင်ဗျာ။
ဒီနေရာမှာ ဒီမိုကရေစီကို ဗိုလ်ဖိုက်တာရဲ့ ဆရာတစ်ဆူ အနက်ဖွင့်ဆိုပုံကိုလည်း လိုရင်း,တိုရှင်းတဲ့နေရာမှာ လက်ဖျားခါရလွန်းလို့ ထပ်ကာဆောင်းပေးလိုက်ဦးမယ်ခင်ဗျ..။ ဆရာက critical thinking နည်းဆိုလား..ဟဲ..ဟဲ.. မေးခွန်းနဲ့ `စ´လိုက်တာက -
“အာဏာရှင်ကိုသိသလား” တဲ့..။
အာဏာရှင်ကို ဒီခေတ်ကြီးမှာလူတိုင်းက ကောင်းကောင်းကြီး သိတာပေါ့ဗျာ။
အာဏာရှင်အဆင့်ဆင့်ကလည်း နေရာတိုင်းမှာ အာဏာနဲ့ချည်း စိတ်ရူးပေါက်တိုင်း လုပ်ချင်သလို ကိုယ်တိုင်လုပ်နေကြတာမို့ သူ့ကိုယ်သူ အာဏာရှိတဲ့အာဏာရှင်ဆိုတာ ဘ၀ပေးအရ အလိုလိုသိနေသဗျ။
အာဏာအသုံးချ လုပ်သမျှဒဏ်ကိုခံနေရတဲ့ တိုင်းရင်းသား ပြည်သူတွေကလည်း ဘ၀ပေးအရ, ခံစားချက်အရ, အာဏာရှင်ကို အလိုလိုသိနေသဗျ။ ဒီတော့ “ဟာ..အာဏာရှင်ကို သိတာပေါ့ဗျာ။ ဒါလေးများ..ဟဲ..ဟဲ..” တဲ့။
ဒီတော့ ဆရာက တိုတိုတုတ်တုတ် အမိအရ ထောက်ပြလိုက်ပါတယ်။
“အာဏာရှင် ရဲ့ ပြောင်းပြန်ဟာ ဒီမိုကရေစီ”
ကဲ.. `ဒီမိုကရေစီ´ ကတော့ လွယ်အောင်ပြောတော့ လွယ်လွယ်ပဲ `လွယ်´ သွားပါပြီ။
`စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´ အကြောင်းကို ဆက်ဖို့ရာ၊`စစ်ဗိုလ်´ ဆိုတာဘာလဲက `စ´ ရပါလိမ့်မယ်။
ကိုင်း.. `စစ်ဗိုလ်´ ဆိုတာ ဘာလဲခင်ဗျာ။
စစ်ဗိုလ်ရဲ့ လက်အောက်မှာ စစ်သားတွေရှိတယ်။ စစ်ဗိုလ်ရဲ့ လက်ထဲမှာရော သူ့ စစ်သားတွေ ရဲ့ လက်ထဲမှာပါ လူသတ်လက်နက်တွေရှိတယ်။ အဲဒီစစ်သားတွေနဲ့ အဲဒီလက်နက်တွေဟာ စစ်ဗိုလ်ရဲ့ MIGHT ဆိုတဲ့ `ကြီးမားလှတဲ့အင်အား´ ပါ့ဗျာ။
စစ်ဗိုလ်နဲ့ MIGHT အကြောင်း ကောင်းကောင်းကြီး သဘောပေါက်ဖို့ရာ စစ်တက္ကသိုလ်ရောက်စ အခါသမယကနေ ဇာတ်လမ်းစမယ်ဗျာ။
ဗိုလ်လောင်းအသစ်ကျပ်ချွတ် `ဂျူနီယာ´လေးများကို စစ်တက္ကသိုလ်ရောက်ခါစ မအူမလည်ဘ၀မှာ ပထမဆုံး lesson ပေးတဲ့အနေနဲ့ ကျောင်းပါးဝနေတဲ့ `စီနီယာ´ ကြီးတွေက အကြောင်းမရှိအကြောင်းရှာပြီး ထိုးကြိတ်ကန်ကြောက် ထုထောင်းနားရင်းအုပ် ပါးရိုက်လုပ်ကြတယ်ခင်ဗျ။
ကျောင်းပါးဝလို့ အင်အားကြီးလာတဲ့ MIGHTရှိလာတဲ့ `စီနီယာ´ ကြီးတွေ`ကျုံးနှံ´သမျှ အင်အားမကြီးသေးတဲ့ MIGHT မရှိသေးတဲ့ `ဂျူနီယာ´ လေးတွေ `ကုန်းခံ´ ကြရသဗျာ…။ မျော့မျော့ကလေးဖြစ်သွားလို့ `နှာနှတ်´ ယူရသူတွေကလည်း မနည်းမနောပါဗျာတို့ရာ..။ ကုန်းမခံပဲရုန်းကန်ပြီး တုန့်ပြန်ရင် `အမိန့်မနာခံဘူး´ ဆိုတဲ့စွဲချက်နဲ့ သေရမလောက်ထပ်ခံရဦးမယ်လို့သာ မှတ်ပါလေ..တဲ့။
ဒီ lesson က ကြီးသူ `ကြုံးနှံ´ သမျှ ငယ်သူ `ကုန်းခံ´ ရတဲ့အလေ့အကျင့်ရှိလာအောင် train တာပါ..တဲ့ဗျား။ ဒီအရိုင်းအစိုင်း နိုင်ရာစားစတမ်းတောထဲက jungle law ကို ရွံမုန်းတဲ့စိတ်ဓါတ်အခံရှိ ဗိုလ်လောင်းလေးတွေ အချောင်လိုက်တာ အကြပ်တွေ့လို့ စိတ်ဓါတ်ကျတဲ့လူဘော်ကြော့ ဗိုလ်လောင်းရူးလေးတွေ ထွက်ပြေးကြတာ တစ်နှစ်ထက်တစ်နှစ် ပိုလို့တောင်များလာပါသတဲ့ဗျာ။
ဘာပဲဖြစ်ဖြစ် မြင်ရတွေ့ရသူမှန်သမျှကို အပေါ်စီးနဲ့ကြည့်တဲ့ အလေ့အကျင့်ဆိုး၊ အနိုင်ကျင့်ရန်းကားတဲ့ အလေ့အကျင့်ဆိုးတွေကဖြင့် စစ်ကျောင်းစတက်ကတည်းက အမြစ်စတွယ်ပြီး စစ်ကျောင်းကလည်းဆင်းရော အမြစ်ကနှုတ်မရအောင် ခိုင်မြဲသွားပါကရော..။ ဒီတော့.. တင်အောင်မြင့်ဦးရဲ့ လူမြင်ရင်ပါးရိုက်မယ့် မျက်နှာထားနဲ့ `သာဒင် ကို ဘာထင်သလဲ´ဆိုတဲ့ လုပ်ပေါက်မျိုးတွေ လုပ်လာကြတာ ဘာဆန်းသလဲဗျာ။
ဗိုလ်လောင်းမှန်သမျှရဲ့ ခေါင်းထဲကို အဓိကထားပြီး သင်ကြားရိုက်သွင်းပေးလိုက်တာက အထက်ကအမိန့်မှန်သမျှကို တသွေမတိမ်း ရိုကျိုးနှိမ့်ချနာခံတဲ့ အလေ့အကျင့်...။ အောက်ကလူကို အပေါ်စီးနဲ့ရိုင်းစိုင်းမောက်မာ အမိန့်ပေးတဲ့ အလေ့အကျင့်...။ ဒီအလေ့,အကျင့်တွေဟာ တိုင်းပြည်ကို အေးချမ်းသာယာဝပြောစေနိုင်တဲ့ ပညာရပ်တွေမှ မဟုတ်ပေပဲဗျာ။
ဒီတော့စစ်ဗိုလ်တွေဟာ မိမိရဲ့ဦးနှောက်နဲ့ ထိုးထွင်းကြံဆ အကောင်အထည်ဖော်တာမျိုးမှာ အစွမ်းအစမရှိတော့ဘူး။ မိမိရဲ့နှလုံးသားနဲ့ စာနာတာမျိုးလည်း ခန်းခြောက်ကုန်ပြီ။ ဒီလိုလူစားတွေနဲ့ ဒီမိုကရေစီ အံဝင်,မှာလား.။ အံတင်,မှားလား..။ ဒိအတွက် ပြတ်သားရှင်းလင်းတဲ့ အဖြေထွက်လာဖို့ ဒီမိုကရေစီလွှတ်တော်ရဲ့ `အထာ´ကို ကြည့်ကြပါစို့..။
ဒီမိုကရေစီကျင့်စဉ်အရ လွှတ်တော်ထဲမှာ `ဗိုလ်ချုပ်ကြီး´ ရယ် `ဗိုလ်ငယ်လေး´ရယ်လို့ အထက်ဖိအောက်ပြား အဆင့်အတန်း´ မခွဲခြားဘူး။ အားလုံးဟာ ပြောပိုင်ခွင့်, ဆိုပိုင်ခွင့်, ဝေဖန်ဆန်းစစ်ပိုင်ခွင့်တွေမှာ အခွင့်ရေးတန်းတူရရှိကြပြီး အပြန်အလှန် အသိအမှတ်ပြုကြ။ အပြန်အလှန် လေးစားကြ။ နဖူးတိုက်, ဒူးတိုက်ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြ။ လိုအပ်လာခဲ့ရင်ငြင်းခုံကြ။ ငြင်းခုံရင်းအရှိန်တက်လာ ရင်လက်သီးလက်မောင်းတန်းကြ..။ အားမလိုအားမရ ဖြစ်လာပြီးစာပွဲးကို လက်သီးဆုပ်နဲ့ထုကြ..။ ကျယ်ကျယ်ပြန့်ပြန့်, နက်နက်ရှိုင်းရှိုင်း, အကြိတ်အနယ်ပြောဆိုညှိနှိုင်းလို့ စုံတကာစေ့တော့မှ အများဆန္ဒအရ ဆုံးဖြတ်ချက်ချလို့ရပြီ။ အဲဒါပဲဗျ.. unity of diversity ။
အဲ.. လွှတ်တော်ထဲကနေ ထွက်လည်းလာကျရော လက်သီးလက်မောင်းတန်းခဲ့သူအချင်းချင်း၊ စာပွဲကိုလက်သီးဆုပ်နဲ့ထုခဲ့သူအချင်းချင်း၊ လည်ပင်းဖက်ကြ။ ဒါပဲဗျ.. ဒီမိုကရေစီရဲ့ကျင့်စဉ်။ ဒီကျင့်စဉ်ဟာ ပါလီမန်ဒီမိုကရေစီခေတ်မှာ ထုံးတမ်းစဉ်လာပါဗျာ။
အဲဒီ.. ဒီမိုကရေစီကျင့်စဉ်ကို `ကြီးရင်နှံ,ငယ်ရင်ခံ´ ပေါ်လစီကျင့်သုံးတဲ့ `အမိန့်အာဏာသမား´တွေက ဘယ်နည်းနဲမျှ မကျင့်သုံးချင်ဘူး။ မကျင့်သုံးတတ်ဘူး။ ဒါကြောင့်.. လွှတ်တော်ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဗိုလ်ချွတ်ခင်အောင်မြင့်ကိုယ်တိုင်က ယှက်စရာစကားကို ယှက်စရာစကားမှန်းမသိပါပဲ၊ ဗြောင်ပေါ်တင်ထုတ်ပြောတော့တာ..။
`လွှတ်တော်ထဲမှာ စကားကို အပြိုင်မပြောရဘူး။ အငြင်းအခုံမပြောရဘူး´တဲ့..။ အဲဒီလို ပိတ်ဆို့တာထက်ပိုဆိုးတာက `စကားနိုင်မလုရဘူး´ ဆိုတဲ့ သေးသိမ်သယောင်အဓိပ္ပာယ်ဆောင်တဲ့ စကားလုံးနဲ့ ဒီမိုကရေစီကို လော်လော်မာမာ စော်ကားတာခင်ဗျ။
နောက်ပြီး.. လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆွေးနွေးချင်တာများကို စာရေးသားပြီး စောစီးစွာတင်ပြရတယ်။ ခွင့်ပြုချက်ရမှ ဆွေးနွေးရတယ်။ တင်ပြထားတဲ့ ဆွေးနွေးလိုရာများကို ဆင်ဆာဖြတ်တောက်လိုက်ရင်..၊ ခွင့်ပြုသမျှလေးလောက်ကိုပဲ အာသာပြေ, အရှက်ပြေ, ဆွေးနွေးရတယ်။
ကိုင်း..ဒါတွေဟာ ဒီမိုကရေစီကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပုံဖျက်ပစ်တာ, နှိပ်ကွပ်တာတွေပါ့ဗျာ..။
စစ်အာဏာရှင်သန်းရွှေနဲ့ သူ့လက်ပါးစေတွေက သူတို့ရဲ့ အဲဒီဗရုန်းသုန်းကား စိတ်ရူးပေါက်တိုင်း ရှုပ်ရှုပ်ထွေးထွေး ထင်ရာစိုင်းရမ်းကားတဲ့လုပ်ရပ်ကို ဖုံးကွယ်ဖို့ရာ ကလိမ်စေ့ငြမ်းဆင် လုပ်လာခဲ့တယ်။ သူတို့ရဲ့လုပ်ပေါက်က ဒီလိုခင်ဗျ။
ဒီဆောင်းပါးရဲ့အဦးအစမှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီမိုကရေစီ´ ဆိုတဲ့ `ဝေါဟာရ´ ရဲ့ရှေ့မှာ၊ `စည်းကမ်းပြည့်ဝသော´ ဆိုတဲ့ ကောင်းသလိုလိုထင်ရတဲ့ မိတ်ကပ် (make up) လိမ်းအလှဆင်ကာ ပို၍ကောင်းမြတ်သယောင် ပုံဖမ်းပြီး ထိန်းချုပ်ထားတာပါဗျာ။
တကယ်တော့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို လှုပ်ရှားမရအောင်၊ ရွှေလက်ကောက်, ရွှေခြေကျင်းတို့နဲ့ ဆင်ဆင်တူလှတဲ့ ရွှေရည်စိမ်လက်ထိပ်, ခြေထိပ်တို့ခတ်ပြီး ဒီမိုကရေစီကို ဘောင်ကန့် ချုပ်ထိန်းထားတာပါ။
ဒါကို `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´ လို့တံဆိပ်ကပ်ပြီး သပွတ်အူလိုက်အောင် ပုံမှားရိုက်ထားတာဗျ..။ အဲ.. အလုံးစုံကို အနှစ်ချုပ်လိုက်တော့ -

ဒီမိုကရေစီ + စစ်ဗိုလ် = စည်းကမ်းပြည့်ဝသောဒီမိုကရေစီ
အဲဒီကာတွန်းလေးကို ထည့်သွင်းဖော်ပြ ပေးနိုင်ရင် ပိုကောင်းလိမ့်မယ်လို. အကြံပေးပါရစေ