ဂျပန်နဲ့ကိုရီးယားရေညှိကို ပခုံးချင်းယှဉ်လာတဲ့ လာအိုရေမှော်ပြား... (အပိုင်း ၃)

Monday, August 27, 2012

~


ဒေါက်တာခင်လက်ျာ ~


ခမ်တို့တစ်တွေ ကုန်းပေါ်ရောက်လာတဲ့အခါမှာ မြစ်ထဲမှာ ဆေးကြောလာတဲ့ ကိုင်ပင်ရေမှော်များကို နုပ်နုပ်စဉ်းကြရပါတယ်။ အစကြီးကြီး မကျန်ရလေအောင် သေသေချာချာ စဉ်းပြီး ဆန်ခါများပေါ်မှာ စစ်ချပြီး အစကြီးကြီးတွေ ကျန်၊ မကျန် ကြည့်ရပြန်တယ်။

http://www.thistravellife.com/images/laos/sea-weed.jpg

(ဓာတ်ပုံ - www.thistravellife.com)

အားလုံးစစ်ဆေးပြီး သေချာရင်တော့ ကုန်းပေါ်ပြန်ရောက်တဲ့အခါ ဒီရေမှော်ပင်များကို ဒုတိယအကြိမ် ရေပြန်ဆေးရပါတယ်။ ဆေးကြော ပြီးသွားတဲ့အခါ သံဆန်ခါများပေါ်မှာ ဖြန့်တင်ပြီးရေစစ်ထားလိုက်ကြတယ်။

ဒုတိယအကြိမ် ဆေးကြောပြီး၊ ရေစစ်ပြီးတဲ့ အချိန်မှာတော့ လှန်းဖို့ ပြင်ဆင်ရပြန်ပါတယ်။ ကျွန်မတို့ဆီမှာ ငါးနီတူငါးတို့၊ ပုစွန်ခြောက်တို့ လှန်းသလို ကိုင်ပင်ရေမှော်များကို ဖျာများပေါ်ဖြန့်ပြီး လှန်းကြရတယ်။ တချို့က နည်းနည်းစောင်းပြီး ထောင်လှန်းတာလဲရှိတယ်။

ခမ်ပြောပြတော့ ကျွန်မတို့ဆီမှာ ငါးနီတူတွေကို ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွေပေါ်မှာ လှန်းရကြောင်း ကြားဖူးခဲ့တာကို သတိရသွားပါတယ်။ ဒီငါးနီတူတွေ ခြောက်တဲ့အခါ သိမ်းပြီး ဈေးကို ပို့သလိုပဲ ရေမှော် တွေခြောက်ရင် သိမ်းပြီး ရောင်းကြတာပဲလို့ ကျွန်မ ထင်မိလိုက်ပါတယ်။

ဒီလို လုံးဝ မဟုတ်ပါဘူး။ ကိုင်ပင်ကို ဖြန့်လှန်းချိန်ဟာ တကယ့် ပညာခန်း အပါဆုံးနဲ့ အရေးကြီးဆုံးလို့ သိရတယ်။ ဒီလို ဖြန့်လှန်းချိန်မှာ ဖျော်စပ်ထားတဲ့ အရည်တစ်မျိုးမျိုးနဲ့ ဆွတ်ပေးရတယ်။

ဒီအရည်ဖော်စပ်ပုံက တစ်ဦးနဲ့တစ်ဦး မတူကြဘူးလို့ ခမ်က ရှင်းပြပါတယ်။ အရည်ဖော်စပ်ပုံကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း သင်ပေးသွားကြတယ်။ ခမ်တို့သုံးတဲ့ အရည်က ရှာလကာရည်နဲ့ အမွှေးအကြိုင် ရောထားတဲ့ အရည်လို့ ပြောပြပါတယ်။

တချို့ကတော့ မန်ကျည်းရည်နဲ့ တောတွင်းမှာသာရနိုင်တဲ့ ဆီးသီးတစ်မျိုးကို ရောကျိုပြီးသုံးကြတယ်။ ဘယ်အရည်ကိုပဲ ဖော်စပ်ဖော်စပ် အဓိကကတော့ အချဉ်ပါရမှာ ဖြစ်ပုံပေါ်ပါတယ်။ ဒီအရည်က ရေညှိပြားကို မွှေးကြိုင်စေပြီး နုပ်နုပ်စဉ်းထားတဲ့ ကိုင်ပင်တွေကို ပြားကပ်သွားပြီး အပြင်လိုက် ဖြစ်သွားစေပါတယ်။

http://farm1.staticflickr.com/55/112938367_0a35acfa5f.jpg

(ဓာတ်ပုံ - Hanoi Mark)

ခမ်အပြောအရ ကြီးကြီးပုံ ဖျော်စပ်တဲ့အရည်က ထူးခြားပြီး ကောင်းတာကြောင့် သူတို့မိသားစုလုပ်ရောင်းတဲ့ ကိုင်ပင်ခေါ်တဲ့ ရေမှော်ခြောက် ပြားက နာမည်ကြီးပြီး အရောင်းသွက်ပါတယ်။ လန်ဖရဘန်မြို့အထိ တောင် ရောင်းရကြောင်း ပြောပါတယ်။

ကြီးကြီးပုံက ဒီဖျော်ရည်ကို ကိုယ်တိုင်ဖော်စပ်နေရတာကြောင့် မအားလပ်ရကြောင်းကို ခမ်က ကျွန်မကို ရှင်းပြပါတယ်။ ဒီဖျော်ရည်နည်းကို ကြီးကြီးပုံက သူ့အဘိုးဆီက လက်ဆင့်ကမ်း သင်ယူခဲ့တာပါ။ ကြီး ကြီးပုံ အဘိုးကလဲ သူ့အဘိုးမှတစ်ဆင့် သင်ယူခဲ့တာကြောင့် ဒီဖျော်ရည်နည်းဟာ သူတို့မိသားစု လက်ထဲမှာ ရှိတာ နှစ်တွေ ဘယ်နည်းပါ့မလဲ။

ကိုင်ပင်ကို ဖျာများပေါ်မှာ ဖြန့်ကျဲလိုက်ပြီးတဲ့အချိန်မှာ ဖျော်ရည်ကို ဆွတ်ပေးရပါတယ်။ ဖျော်ရည် ဆွတ်ရာမှာ တစ်ချပ်ချင်းကို နှံ့အောင် ဆွတ်ပေးကြရပါတယ်။ ဒါပြီးသွားရင်တော့ ခမ်တို့က အကွင်းအကွင်း လှီးထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ရေညှိချပ်တွေပေါ်လိုက် ဖြန့်ထည့်ကြရပြန်တယ်။

ဒီလို ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီများ ထည့်ပြီးတဲ့ အခါမှာတော့ ကြီးကြီးပုံဖော်စပ်ထားတဲ့ ဖျော်ရည်ကို ဒုတိယအကြိမ် တစ်ချပ်ချင်းနှံ့အောင် ဆွတ်ပေးရပြန်ပါတယ်။ ပြီးတာနဲ့ နှမ်းစေ့တွေဖြူးလိုက်ကြတယ်။ ဒါပြီး သွားရင်တော့ ရေမှော်များကို ခြောက်တဲ့အထိ လှန်းကြရတယ်။

တချို့ ရေမှော်ခြောက် ပြုလုပ်သူ တွေကတော့ တခြား ဟင်းသီးဟင်း ရွက်များလဲထည့်ကြတယ်လို့ ပြောပြ ပါတယ်။ အများအားဖြင့်တော့ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ပတဲကော စသည်တို့ကို သုံးကြတယ်။ အပြီးသတ်မှာတော့ အားလုံးက နှမ်းဖြူးကြရပါတယ်။

အောက်ခံ ရေမှော်ပြားပေါ်မှာ ဟင်းသီးဟင်းရွက်တင်တယ်ပြောတော့ ကျွန်မမျက်စိထဲမှာ ရောင်းနေကြတဲ့ ပိဇာ Pizza များကို မြင်လိုက်တယ်။ ပိဇာက ဂျုံအပြားပေါ်မှာ ငရုတ်သီးပွ၊ ကြက်သွန်၊ ခရမ်းချဉ်သီးတို့တင်ပြီး ဖုတ်စားတာလေ။ ဒီမှာကတော့ ရေမှော်ပြားကို နေနဲ့အခြောက်ခံရတာပေါ့။

http://laocook.com/wp-content/uploads/2007/05/m07-106.jpg
(ဓာတ်ပုံ - http://laocook.com)

စားပုံ စားနည်း၊ လုပ်ပုံလုပ်နည်းသာ ကွဲသွားတာပါ။ အလွယ်တကူ ပြောရရင် ကုန်းပေါ်မှာ ဟင်းသီး ဟင်းရွက် အစုံရှိသလို ရေထဲမှာလဲ ရေနဲ့ပတ်သက်တဲ့ ရေမှော်၊ ရေညှိ၊ ကျောက်ပွင့် အမျိုးမျိုးရှိတာ မဆန်းပါဘူး။ ဒါကို ဒေသခံ လာအိုလူမျိုးများက သူတို့ဆီမှာရှိတဲ့ ရေမှော်ကို အရသာရှိအောင်လုပ်စားကြတာပါပဲ။

ကိုင်ပင်များ နေပြပြီး ခြောက်သွားတဲ့အခါမှာတော့ အချပ်တွေကို လိပ်ပြီး လေလုံလုံထားရပါတယ်။ ကျွန်မတို့ စူပါမားကက်တွေမှာ ဝယ်စားလို့ရတဲ့ ပင်လယ်ရေညှိများကိုလဲ လေလုံလုံထားရတာပါ။ ဒါမှမဟုတ်ရင်တော့ ပျော့သွားပြီး ပျဉ်းတွဲတွဲနေတာကြောင့် စားမကောင်းပါဘူး။

ဒီကိုင်ပင်ပြားများက တစ်တောင်လောက်ရှိပြီး အလိပ်လိုက်ကို ဈေးမှာ တင်ရောင်းကြပါတယ်။ ဒီကိုင်ပင် အပြားကိုကြည့်ရင်း ကျွန်မသိတဲ့ မိုင်းကိုင်စက္ကူကို သွားသတိရမိပါတယ်။ အထူအပါး ခပ်ဆင်ဆင် တူပါတယ်။ သူ့ကိုကြည့်ရတာ တောင့်ပြီး ခိုင်မာတာပါ။ ပင်လယ်ရေညှိကတော့ ဒီလို လုံးဝ မဟုတ်ပါဘူး။ ကြွပ်ဆတ်ဆတ် နေတာပါ။ လက်နဲ့ချေလိုက်ရင် ကြေပြီး အမှုန့်ဖြစ်သွားတာကို တွေ့ရတယ်။

အများဆုံးကတော့ အချပ်ကြီးကို အနေတော် တစ်ကိုက်စာ အရွယ်လေးများ ညှပ်ပြီး ကြော်စားကြပါတယ်။ ရွာထဲမှာ ဒါကို အပျင်းပြေ ဝါးစရာအဖြစ် စားကြတာပါ။ ဒါကို သူတို့ရဲ့ အရက်ဖြစ်ဖြစ် မြို့ပေါ်မှာတော့ လာအိုဘီယာနဲ့တွဲပြီး အမြည်း လုပ်စားတာ သိပ်လိုက်ဖက်တယ်လို့ ပြောပါတယ်။ သူ့ချည်းသက်သက်ကို တချို့က အာလူးကြော်စားသလို ဆီပူပူမှာ ကြော်ပြီး စားကြသူတွေလဲ ရှိတယ်။

လန်ဖရဘန်မြို့နယ်မှာနာမည်ကြီးတဲ့ သူတို့ရဲ့ ကျေးအိုးဘောင်း Jeow Bong နဲ့လဲ တွဲစားတာ သိပ်လိုက်ဖက်ကြောင်း ခမ်က ပြောပါတယ်။ ဒီကျေးအိုးဘောင်းဆိုတာက ငရုတ်သီးထောင်းပါ။ ငရုတ်သီးအပြင် ပတဲကောပါ ထည့်ထောင်းထားတော့ ပူလဲပူ စပ်လဲစပ်ပါတယ်။ ကျွန်မတို့ သရက်သီးစိမ်းကို ငံပြာရည် ဖျော်နဲ့ တို့စားတာကို ကြိုက်ကြသလိုများ ဖြစ်နေရော့လား။

တချို့ကတော့ ကိုင်ပင်ကို ကြော်မစားဘဲ အချပ်လိုက်ကို မီးသွေး မီးဖိုပေါ်တင်ပြီး ကင်လိုက်ကြတယ်။ အနံ့သင်းလာရင် အချပ်ကြီးကို ဖဲ့စားတော့တာပါပဲ။ ဒါကတော့ ကျွန်မ တို့ဆီမှာ စားကြတဲ့ မုန့်လေပွေ စားပုံနဲ့ တူသွားတော့ပြန်တာပေါ့။

ဒီကိုင်ပင်ကို ရေနည်းနည်းဆွတ် ပြီး အသားဖြစ်ဖြစ်၊ ငါးဖြစ်ဖြစ် ထည့်လိပ်ကာ ပေါင်းစားကြတာလဲ ရှိပါတယ် တဲ့။ ဒါကိုပြောတော့ အိမ်မှာ ငါးကို ရဲယိုရွက်ထဲ ထည့်လိပ်ပြီး ပေါင်းစားတာကို သတိရမိပါတယ်။ အခု ရန်ကုန်မှာ ခေတ်စားလာတဲ့ ဂျပန်ထမင်းလိပ်လိုမျိုး ဒီကိုင်ပင် အချပ်ကိုလဲ သုံးလို့ရနိုင်မယ်လို့ ကျွန်မ ထင်မိပါတယ်။

ရွာခံ စားသုံးသူတွေက ကိုင်ပင်ဟာ ပင်လယ်ရေညှိနဲ့ မတူဘူး။ ကိုင်ပင်က နည်းနည်းပိုချိုပြီး အခါးဓာတ်လဲရှိသတဲ့။ အနံ့အရသာကလဲ ပိုထူးခြားကြောင်း ပြောကြတယ်။

ခမ်ကတော့ သူတို့ရဲ့ ကိုင်ပင်ဟာ စားလဲစားကောင်းတဲ့ အပြင် အာဟာရဓာတ်လဲ ပြည့်ဝတယ် တဲ့။ ဒါကြောင့်ကျန်းမာရေးအတွက် ကောင်းကြောင်းပြောပြီး ကျွန်မကို မြည်းကြည့်ဖို့ ကိုင်ပင် အထုပ်တစ် ထုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။

အာဟာရဓာတ် ပြည့်ဝတယ်ဆိုတာ ကျွန်မက ယုံပါတယ်။ ရေထဲက ရတဲ့ အရွက်တစ်မျိုးမို့ သံဓာတ်၊ ထုံးဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်များ ပါဝင်နိုင်ပါတယ်။ သဘာဝက ရရှိတဲ့ အစားကောင်းတစ်ခုပါ။

ဒီလိုသဘာဝ ထွက်ကုန်ပစ္စည်း တစ်ခုဟာ ကျန်းမာရေးအတွက် အကျိုးပြုတာကြောင့် သရေစာ ဝါးစားစရာ တစ်ခုအဖြစ် စားစား၊ အမြည်းပဲ လုပ်လုပ်၊ ဟင်းလျာတစ်ခုအဖြစ်ပဲ ချက်ချက်စားသုံးဖို့ သင့်တော်မယ်လို့ ပြောရမှာပါ။

ဒါကြောင့်လဲ ကိုင်ပင်ကို လာအိုနိုင်ငံ ပြည်တွင်းမှာသာမက နိုင်ငံခြားကိုပါ တင်ပို့ရောင်းချနေပါပြီ။ ကျွန်မ မဟာသိပ္ပံ သွားတက်ခဲ့တဲ့ အမေရိကန်နိုင်ငံက ကယ်လီဖိုးနီးယား ပြည်နယ်မှာတောင် ဝယ်လို့ရတယ်လို့ သိရပါတယ်။ ဒီလောက် ကျယ်ကျယ်ပြန့်ပြန့်် ဈေးကွက်ရသွားပါပြီ။

အခုဆို ကိုင်ပင်က နာမည်ကြီးလာပြီး အင်တာနက်မှတစ်ဆင့် ရောင်းနိုင်တာကတော့ မဆိုးပါဘူးလို့ပဲ ဆိုရမှာပေါ့နော်။
ဈေးကွက်ဂျာနယ် - zaygwet.com

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved