[အမှန်တကယ် ဒီစာကက ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဆီကို လိပ်မူပြီး တိုင်မယ်လို့ ရည်ရွယ်ထားတဲ့ စာဖြစ်ပါတယ်။ ဒါပေမယ့် တာချီလိတ် မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရုံးမှ ကြေးနန်းတာဝန်ခံက ဖက် (စ်) ထိုးမပေးတဲ့အတွက် ဧရာဝတီမှတဆင့် ဆက်သွယ်ရေးဝန်ကြီး သိအောင် တင်ပြခြင်းနှင့် ၃၁.၅.၂၀၁၁ ရက်နေ့ ၁၈း၃၀ အချိန် မောင်တော မိုက္ကရိုဝေ့ (ဖ်) မိုးကြိုးထိမှန်ခြင်းကိစ္စ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သိစေချင်လို့ပါခင်ဗျာ။
တိုင်တဲ့သူက ကျနော့်မိတ်ဆွေရဲ့ညီ မောင်လှကျော်သိန်း ဖြစ်ပါတယ်။ သူ့ရဲ့မူရင်းစာလေးအတိုင်းပဲ ဧရာဝတီကို ပို့ပေးလိုက်ပါတယ်။ ဧရာဝတီမှာ သာဖော်ပြပေးမယ်ဆိုရင် ကျနော့်မိတ်ဆွေနဲ့ သူညီ အရမ်းဝမ်းသာမှာပါ။ (အီးမေးလ်မှ တဆင့် ပေးပို့သူ)]
ကျွန်တော် မောင်လှကျော်သိန်း (ဘ) ဦးအောင်ကျော်ထွန်း သည် ၁.၁.၂၀၁၀ ရက်နေ့မှစပြီး ရခိုင်ပြည်နယ် မောင်တောမြို့ မိုက္ကရိုဝေ့ (ဖ်) တွင် ညစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ ၄င်းနေရာတွင် တာဝန် မထမ်းဆောင်မီမှာလည်း ရသေ့တောင်၊ မောင်တော တာဝါတိုင် တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ကူညီလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
၂၂.၆.၂၀၁၀ ၀န်ကြီးချုပ်ခရီးစဉ်တွင် ဆက်သွယ်ရေး ပြတ်တောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုက္ကရိုဝေ့ (ဖ်) စက်တာဝန်ခံ (စက်မှု-၃) ဦးမျိုးငြိမ်းအား အရေးမယူဘဲ စက်နှင့်ဘာမှ ပတ်သက်မှုမရှိသော ညစောင့်ဝန်ထမ်း ကျွန်တော့်အား အရေးယူ အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စက်ကြောင်းတာဝန်ခံ AE ဦးသိန်းဆွေမှ ကျွန်တော့်အား စစ်တွေသို့ခေါ်ယူပြီး အင်းပေါက်ဝ စားသောက်ဆိုင်တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သူ့မှ မပြောရန်နှင့် အခုလောလောဆယ်တွင် “မင်းအလုပ်ဖြုတ်ခံရတာ လူကြီးတွေသိသွားရတဲ့အတွက် မင်းကို အခုလောလောဆယ် ငါအလုပ်ပေးလို့ မရသေးဘူး။ မင်းမောင်တောမှာ ဦးစံဦးနဲ့သွားနေလိုက်ပါ။ ဦးစံဦးဆီက တလမှာ ငွေသုံးသောင်း ပေးလိမ့်မယ်။ ရုံးချုပ်ဆီကဖုန်းလာရင် မင်းမကိုင်နဲ့” ဟူ၍ ရခိုင်ပြည်နယ် စက်ကြောင်းတာဝန်ခံ AE ဦးသိန်းဆွေကိုယ်တိုင် မှာကြားခဲ့ပါသည်။
နောက် ကျွန်တော်လေ့လာကြည့်သောအခါ ကျွန်တော်၏ အပြစ်ရှိကြောင်း ၀န်ခံချက်စာရွက်အား ကျွန်တော်၏ လက်မှတ်ကို အတုထိုးပြီး အထက်သို့ တင်ပြခဲ့ကြောင်း သိရှိရပါသည်။ မည်သူထိုးသည်ကိုတော့ ကျွန်တော်မသိပါ။ ကျွန်တော် မောင်တော မိုက္ကရိုဝေ့ (ဖ်) တွင် တာဝန်ထမ်းဆောင်စဉ် တာဝါတိုင်တွင် အသုံးပြုရမည့် မိုးကြိုးလွှဲကြေးပြား ၄ ချပ်အနက် စက်ကြောင်းမဖွင့်ခင် ပထမ ၁ ချပ်အသုံးပြုခဲ့ပါသည်။ ၄င်းနောက် ဦးမျိုးငြိမ်း မြောက်ဦးသို့ပြောင်းခါနီး ဦးစံဦးမရောက်လာခင် ၁ ချပ်အသုံးပြုပြီး ကျန် ၂ ချပ်အား တာဝါတိုင်တွင် အသုံးမပြုဘဲ ဦးမျိုးငြိမ်းမှ ရောင်းစားခဲ့ပါသည်။
Under Ground ကြေးကြိုးခွေ ၂ ခွေအသုံးပြုရန် နိုင်ငံတော်မှ ချပေးသော်လည်း အတို ၁ ခွေလေးသာ အသုံးပြုခဲ့ပြီး ကျန် ၁ ခွေအား ရောင်းစားခဲ့ပါသည်။ မောင်တောတာဝါတိုင်တွင် အသုံးပြုရမည့် ပစ္စည်းများအား အပြည့်အ၀ အသုံးမပြုခဲ့သည့်အတွက် မကြာခဏ စက်ချို့ယွင်းခြင်းနှင့် ယခုလို မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တွေ့ဖူးသော မိုက္ကရိုဝေ့ (ဖ်) စခန်းတွင် ကြေးပြား ၄ ချပ်သာသုံးသည်ကိုတွေ့ရပါသည်။ ကြေးပြား ၂ ပြားသုံးသည်ကို မတွေ့ဖူးပါ။
မောင်တောမိုက္ကရိုဝေ့ (ဖ်) တာဝါတိုင်ဆာက်လုပ်ရာတွင် ပိုသည့်ချုပ်တန်းနှင့် ခါးပတ်များ၊ ရပ်နားစင်များကိုလည်း ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ပါသည်။ မောင်တောတာဝါတိုင် ဆေးသုတ်ရာတွင်လည်း ပါးပါးလေးသာသုတ် ပါသည်။ မသုတ်သည့်နေရာများလည်း ကျန်ရှိနေပါသည်။
တပ်ဆင်ထားသော စစ်တွေမှ ရသေ့တောင်သို့ ပို့ထားသည့် စလောင်းမှာ ခိုင်ခံ့မှုမရှိပါ၍ ပြီးခဲ့သောနှစ်က စစ်တွေ မိုက္ကရိုဝေ့ (ဖ်) တိုင်ပေါ်မှ စလောင်းတစ်လုံး ရုံးရှေ့လမ်းပေါ်သို့ ပြုတ်ကျခဲ့ပါသည်။ ယခုနှစ်တွင်လည်း မောင်တော မိုက္ကရိုဝေ့ (ဖ်)မှာ ၃၁.၅.၂၀၁၁ ညနေ အချိန်တွင် မိုးကြိုးထိ၍ စက်ကြောင်း ပိတ်သွားခဲ့ပါသည်။ မောင်တောမိုက္ကရိုဝေ့တွင် ယနေ့အချိန်အထိ စက်ကြောင်းမပွင့်သေးပါ။ မောင်တောတွင် ယနေ့အချိန်အထိ ဖုန်းခေါ်ဆို၍မရသေးကြောင်း သိရှိရပါသည်။
ကျွန်တော် အလုပ်ပြုတ်ခဲ့သော်လည်း မောင်တော မိုက္ကရိုဝေ့ (ဖ်) တွင် ဦးစံဦးနှင့်အတူ လစာရရှိခြင်းမရှိဘဲ ၈.၅.၂၀၁၁ ရက်နေ့အထိ မောင်တော မိုက္ကရိုဝေ့ (ဖ်) စခန်းတွင် ကူညီတာဝန်ထမ်းဆောင်ခဲ့ပါသည်။ အလုပ်နှင့် ပတ်သက်၍ ဘာမျှ မျှော်လင့်ချက်မရှိတော့သဖြင့် ကျွန်တော်လည်း မိသားစုဝမ်းရေးအတွက် အလုပ်လုပ်ရန် တာချီလိတ်သို့ ထွက်လာရခြင်းဖြစ်ပါသည်။ အလုပ်ဖြုတ်သည့်အမိန့်စာ ယနေ့အချိန်အထိ ကျွန်တော်ရရှိခဲ့ခြင်း၊ လူကြီးမှ ဖတ်ပြခဲ့ခြင်းမရှိသေးပါ။
သို့ဖြစ်ပါ၍ နိုင်ငံတော်ပစ္စည်းများအား ကိုယ်ကျိုးအတွက် အလွဲသုံးခဲ့သော မြောက်ဦးမှ (စက်မှု-၃) ဦးမျိုးငြိမ်းနှင့် စိစစ် စစ်ဆေးမှု မရှိသော ရခိုင်ပြည်နယ် စက်ကြောင်း တာဝန်ခံ AE ဦးသိန်းဆွေ တို့၏ ဖြစ်စဉ်အမှန်ကို စိစစ်ဖော်ထုတ်ပြီး လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။
ဒီတိုင်စာအား ၉.၆.၂၀၁၁ ရက်နေ့ တာချီလိတ် ကြေးနန်းရုံးသို့ ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီး အများပြည်သူ အသုံးပြု၍ရသော ကြေးနန်း (fax) ပို့ရန် သွားရောက်ပြောရာ ၀န်ကြီးဆီသို့ တိုင်ကြားစာဖြစ်၍ ၄င်းရုံးမှ မပေးပို့နိုင်ကြောင်း ကြေးနန်းတာဝန်ခံ ဦးခိုင်ဆွေ ကိုယ်တိုင် ကျွန်တော့်ကို ပြောပါသည်။ ကြေးနန်းပို့ရမည်လိုလိုနှင့် ကျွန်တော် တစ်နေကုန် စောင့်နေရပါသည်။
ဆက်သွယ်ရေးဥပဒေတွင် ၀န်ကြီးဆီ တိုင်ကြားမည့်စာကို မပေးပို့ရဟု ပြဌာန်းထားသလားတော့ ကျွန်တော်မသိပါ။ ကျွန်တော် တစ်နေ့လုံးစောင့်ပြီး (fax) ထိုးရန် ပြောသော်လည်း အဆင်မပြေသဖြင့် Online မှ ၀န်ကြီးသိအောင် တင်ပြရခြင်းဖြစ်ပါသည်။
သူခိုးတွေ သူခိုးတွေ ..