၈ နာရီမှာ ပိတ်
Tuesday, August 16, 2011
-
ဟိန်းဇော်
စည်ပင်နဲ့ ပလက်ဖောင်းဈေးသည်
ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည်များသည် ရောင်းခွင့်ပြုထားသည့် အချိန်တွင်ပင် ဆိုင်ပိတ်ရန် အင်အားသုံး ခိုင်းစေမှုနှင့် ကြုံနေရသည်။
"မနေ့က(တနင်္လာနေ့က) ည ၈ နာရီ မထိုးခင်လောက်ကစပြီး စည်ပင် ၀န်ထမ်းတွေကော၊ စည်ပင်ရဲတွေကော ဈေးသည်တွေကို ဆိုင်တွေ သိမ်းခိုင်းတယ်။ အဲဒါ မသိမ်းတဲ့ဆိုင်တွေဆို အခွေဆိုင်ဆို အခွေသိမ်းသွားတယ်။ အင်အားက ၆၀၊ ၇၀လောက်ရှိမယ်။" ဟု စည်ပင်ဝန်ထမ်းများလမ်းဘေးဈေးသည်များလိုက်လံရှင်းလင်းနေမှုကို မျက်မြင်တွေ့ရှိသူတဦးကဆိုသည်။
ဈေးသည်များ လိုက်နာရမည့် စည်းကမ်းချက်များကို သြဂုတ်လ ၉ ရက်နေ့ညတွင် လမ်းဘေးဈေးသည်များထံ ဖြန့်ဝေပြီးနောက်ပိုင်း ပိုမို တင်းကျပ်လာခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမပေါ် ဈေးရောင်းချနေသူများထံမှ သိရှိရသည်။
အင်အားသုံး လိုက်လံ ရှင်းလင်းနေမှုများကြောင့် ဈေးသည်နှင့် စည်ပင်ဝန်ထမ်းကြား ပဋိပက္ခဖြစ်ပွားမှုများ ရှိကြောင်း ယင်းဈေးသည်က ဆိုသည်။
စည်ပင် အရာရှိ အပြော
သူတို့ကို ဈေးတွင်း ဈေးသည်အဖြစ်သို့ ရောက်ရန် တဆင့်ချင်း ဆောင်ရွက်သွားမည်ဟု စည်ပင် အရာရှိတဦးက ပြောသည်။
ညနေ ၃ နာရီ နောက်ပိုင်း ဆိုင်ဖွင့်သော လမ်းဘေးဈေးသည်များကို သြဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ပလက်ဖောင်းပေါ် ရောင်းချခွင့် မပြုတော့ကြောင်း၊ ရောင်းချပါက ပစ္စည်းသိမ်းခြင်း၊ အရေးယူခြင်းတို့နှင့် ကြုံရမည်ဟု ထိုအရာရှိက ဆိုသည်။
"မြို့တွင်း ၆ မြို့နယ်လုံး ဆောင်ရွက်နေတာပါ။ မြို့တွင်းလမ်းမကြီးများဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းနဲ့ နာမည်တပ် ဖြတ်လမ်းကြီးတွေပေါ်မှာ ရောင်းချခွင့် မပြုတော့ဘူး" ဟု သူက ပြောသည်။
သမ္မတကို တိုင်ပြီ
ဤအတောအတွင်း လမ်းဘေးဈေးသည်များ စုပေါင်း၍ သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာပေးပို့လိုက်သည်။ လမ်းဘေးဈေးသည်များကို စီမံချက်ဖြင့် ရှင်းလင်းနေမှုများသည် သမ္မတကြီး၏ ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံချက်ကို မျက်ကွယ်ပြု လျစ်လျူရှုရာရောက်ကြောင်း စာတွင် ဖော်ပြပါရှိသည်။
စည်ပင်၏ လက်ကမ်းစာစောင်ပါ အပိုဒ်(၆) အရ မနက် ၆ နာရီမှ ည ၈ နာရီ အထိ ရောင်းချနိုင်သည် ဆိုခြင်းမှာ ညနေ ၆နာရီမှ ဆိုင်ခင်းကာမိုးလင်းပေါက်ရောင်းချသော ညဈေးဆိုင်များအတွက် အဆင်မပြေကြောင်း၊ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန် မဟုတ်သည့် အတွက် ည ၈ နာရီအထိသာ ရောင်းချရန် ကန့်သတ်ထားမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတထံ ပေးပို့သော စာတွင် ရေးထားသည်။
စည်ပင်၏ လက်ကမ်းကြော်ငြာ
လက်ကမ်းစာစောင်များတွင် မြို့တွင်းခြောက်မြို့နယ် အတွင်း နာမည်တပ် လမ်းမကြီးများနှင့် လူသွားစင်္ကြံများပေါ်တွင် ဈေးရောင်းချခွင့် မပြု။ ပြည်သူလူထု လက်ခံသော နံပါတ်တပ်လမ်းနှင့် လမ်းသွယ်များတွင် ယာယီ ရောင်းချနိုင်ကြောင်း၊ ဈေးရောင်းချရာတွင် နိုင်ငံသား စိစစ်ရေးကတ်နှင့် ဈေးရောင်းသည့် မြို့နယ်တွင် နေထိုင်ကြောင်း ပုံစံ-၁၀ မိတ္တူ အမြဲ ယူဆောင်ရမည်ဖြစ်ကြောင်း
(အခြား မြို့နယ်များမှ လာရောက်နေထိုင်က စက်တင်ဘာလ ၃၀ ရက်နေ့ အပြီး ပုံစံ-၁၀ မြို့နယ်ပြောင်းပြီး ဖြစ်ရမည်)၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ရောင်းချသည့် လမ်းမှတပါး အခြား လမ်းများ ပြောင်းရွှေ့ရောင်းချခြင်း မပြုရ။ ပြည်သူလက်မခံမှသာ အခြား နံပါတ်တပ်နှင့် လမ်းသွယ်သို့ ပြောင်းရွှေ့ ရောင်းချနိုင်ကြောင်း၊ဆိုင်ရှိလျှင် အမှိုက်ပုံး ရှိရမည်။ ခေါင်းရွက်၊ ဗျက်ထိုး ဖြစ်လျှင် အမှိုက်အိတ် ပါရမည်ဖြစ်ကြောင်း၊ အခါအားလျော်စွာ
ကျန်းမာရေး စစ်ဆေးမှုအား ခံယူရမည်ဖြစ်ကြောင်း၊ နံနက် ၆ နာရီမှ ည ၈ နာရီအထိ ရောင်းချနိုင်ကြောင်း၊ လမ်းမကြီးများနှင့် လူသွားစင်္ကြံများပေါ်တွင် ဈေးရောင်းသူများအား သြဂုတ်လ ၁၂ ရက်နေ့မှစ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း သတ်မှတ်ထားသောနေရာတွင်သာ ဈေးရောင်းခွင့်ပြုမည် ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်နေ့ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
သိမ်းတယ်၊ ပြန်ဖွင့်တယ်
"ကျမတို့ဆိုင်က ညပိုင်းမှဖွင့်တာ။ အခုလိုည ၈ နာရီ နောက်ပိုင်း ရောင်းခွင့်မပေးဘူး ဆိုတော့ ဘယ်လို ဈေးရောင်းစားရမလဲ။ သူတို့က သိမ်းဆိုရင် သိမ်းလိုက်တာပဲ။ သူတို့ နည်းနည်းဝေးတာနဲ့ ဆိုင်ပြန်ခင်းတာပဲ" ဟု ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းပေါ်ရှိ ထမင်းကြော်ဆိုင် ဖွင့်ထားသူတဦးက ဆိုသည်။
နံပါတ်တပ်လမ်းနှင့်လမ်းသွယ်များ၌ ရောင်းချလိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်၊ ဈေးရောင်းသည့်မြို့နယ်တွင် နေထိုင်ကြောင်း ပုံစံ ၁ဝ မိတ္တူ အမြဲ ဆောင်ထားရမည်ဖြစ်ကြောင်း သိရသည်။
"မြို့ထဲမှာရောင်းတဲ့ ဈေးသည်အများစုက အခြားမြို့နယ်မှာ နေတဲ့သူတွေချည်းပဲ။ မြို့ထဲမှာ နေတဲ့သူတွေ လမ်းဘေးဈေးရောင်းတာ ရှားပါတယ်။ အခြားမြို့နယ်က လူတွေ ဈေးရောင်းချင်ရင် ၉ လပိုင်း နောက်ဆုံးထားပြီး ပုံစံ ၁၀ ပြောင်းရမယ်ဆိုတော့ ဖမ်းချင်ဖမ်းတော့ သူတို့ခိုင်းတာ မလုပ်နိုင်ဘူး" ဟု မဟာဗန္ဓုလမ်းပေါ်ရှိ ဈေးသည်တဦးက ဆိုသည်။
ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ဈေးရောင်းချသူ အရေအတွက် ၅၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
-
2 comments :
  1. Anonymous said... :
    ဒီဟာကြီးကတော့ အငြင်းပွားစရာနည်းနည်းတော့ ဖြစ်နေတာ အမှန်ဘဲ..။ ဈေးသည်ဘက်လည်း သူ.စားဝတ်နေရေးလို. ဖြစ်နေတယ်..။ အုပ်ချုပ်ရေးဘက်က ကြည့်ရင်လည်း စည်းကမ်းချမှတ်တာ ကောင်းတာဘဲ..။ စီးပွားရေး ဆိုပေမယ့် စည်းမရှိကမ်းမရှိ၊ သူများကို ထိခိုက်နေရင်တော့ ဘယ်ကောင်းမလဲ..။ ရပ်ကွက်နေပြည်သူနဲ. လမ်းသွားလမ်းလာတွေရဲ့သဘောထားကလည်း ရှိသေးတယ်..။ နှစ်ဖက်စလုံး ကျေနပ်အောင် ကောင်းတာက မြို.လယ်ခေါင် ဗန္ဓုလပန်းခြံလမ်း လိုနေရာမျိုးပေါ်မှာ ကားမဝင်အောင် လမ်းပိတ်ပြီး ညဈေးလိုမျိုး သီးသန်.ဖွင့်လိုက်ပေါ့..။ ယာဉ်အသွားအလာကိုလည်း အနှောင့်အယှက် မဖြစ်တော့ဘူး...။ လူအစည်ကားဆုံးနေရာမှာ ကိုယ်ပိုင်နေရာမရှိဘဲ ပလက်ဖောင်းပေါ်တက်ပြီး အမြဲတမ်း ever ဈေးဆိုင်ဖွင့် ရောင်းချင်လို.တော့ ဘယ်ရမလဲ..။ အဲလိုကြေးဆိုရင်တော့ လူတိုင်း ရောင်းချင်တာပေါ့...။ ဒီလမ်းတွေ၊ ပလက်ဖောင်းတွေက ဈေးဆိုင်ဖွင့်ရောင်းဖို. ဒီဇိုင်းဆွဲထားတာမှ မဟုတ်ဘဲနဲ.။
  1. တွေ့ ဆုံဆွေးနွေးမှု ပို အသက်ဝင်လာစေဖို့ 
    ဆိုတဲ့ဒေါက်တာလွဏ်းဆွေဆောင်းပါးကို
    ဖတ်ပြီး ကွန်မင့်ပေးတော့ ကွန်မင့်အပေး
    မခံဘူးဗျ။ ဒါနဲ့ လက်ညောင်းတော့အဖတ်တင်မခံနိုင်ဘူးဆိုပြီး
    ကြံရာမရတာနဲ့ ကျနော်ရေးလိုက်တဲ့
    ကွန်မင့်ကို ဧရာဝတီကလာတင်ပါတယ်။
    စိတ်တော့မရှိပါနဲ့ ဗျား။
    အောက်မှာကျနော်ရေးလိုက်တဲ့ကွန်မင့်ပါ။
    ဒေါက်တာကြီးခင်ဗျား
    တကယ့်အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲ
    ဖြစ်ဖို့ ဘယ်လိုဝိုင်းကြ၀န်းကြမလဲဆိုတာ
    လေးဆက်ရေးပေးနိုင်ရင်တော့
    အတိုင်းထက်အလွန်ပေါ့။
    နည်းနာလေးတွေပေါ့ဗျာ။
    အာရပ်လှိုင်းအမှီလိုက်စီးကြစို့ 
    လူထုတိုက်ပွဲနည်းနာ
    များတုန်းကလိုပေါ့။
    နည်းနာတွေရေးဖို့ 
    ကိုယ့်ဆရာသတ္တိကောရှိသေးရဲ့ လား။
    အာရပ်လှိုင်းကြီးလိုဖြစ်မှာလည်းစိုးရသေးတယ်။
    အာရပ်လှိုင်းကြီးလိုဖြုတ်ကလဲဖြုတ်ချင်။
    ဖြုတ်ရမှာလဲခက်ခက် ဖြစ်နေဦးမယ်။
    မကြောက်ပါနဲ့ ။ဖြုတ်ချင်ရင်
    ဖြုတ်သာဖြုတ်ပစ်လိုက်ဗျို့ ။
    ငါသာလျင်ငါ့ဘလော့ရဲ့ အရှင်သခင်ပဲ။
    နအဖတောင် ဆောင်ပုဒ်တချို့ ဖြုတ်ပစ်
    လိုက်ပြီ ကိုယ့်ဆရာရဲ့ ။
    နောက်တာပါဗျာ။
    ဒီဆောင်းပါးကိုသဘောကျပါတယ်။
    ခြေဆင်းပဲနည်းနည်းလိုနေတာ။
    ခြေဆင်းက သရော်စာလိုရေးပေမယ့် ဖတ်ရတာသရော်စာမမြောက်
    ဘူးဖြစ်နေတာရယ် ဆရာကြီးအထာနဲ့
    ရေးတာမဟုတ်ဘူးလို့ ဆရာကြီးအထာနဲ့ 
    ရေးထားတာတချို့ ကလွဲလို့ သုံးသပ်ထား
    တာတွေ သဘောကျပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံ ကြဖို့ 
    ကတော့တကယ်ကို လိုအပ်တာပါ။
    ခုလို လူတွေဝိုင်းအုံနေတာထက်ပိုတဲ့ 
    အားပါတဲ့ ၀ိုင်းရံမှုမျိုးပေါ့။
    ဒါပေမယ့် ပြည်တွင်းမှာတော့
    အဲဒီလောက် ဆိုရင်ကိုပဲ
    တော်တော် ကို လေးစားနေရပြီ။
    ကျုပ်တို့ ကတော့ ခုလို
    ဘောပွဲကြည့်သလို ၊ ဇတ်ပွဲကြည့်သလို
    အရသာခံကြတာပေါ့။
    ပြီးတော့ဒေါက်တာကြီးက ဆောင်းပါးရေး
    ကျုပ်ကတော့ကွန်မင့်ပေးပေါ့ဗျာ။
    နောက်တခါဆို လက်ဝှေ့ ပွဲနဲ့ ခိုင်းနှိုင်းပြီး
    ရေးဖို့ လည်းကိုယ့်ဆရာကိုအကြံပေး
    ချင်သေးသဗျ ဟေးဟေး
    (ကျုပ်ကွန်မင့်ကိုနေ့ သစ်ကလည်း
    ဖျက်၊ ဒေါက်တာကြီးလည်း အိုင်ပီတွေကို
    ဘန်းဆိုတော့ )တော်တော်ခက်တဲ့လူတွေ။
    ကျုပ်လည်းခုဆို ကွန် မင့်ပေးပြီးရင်
    ကော်ပီကူးထားရတယ်။
    ငါဘာများအမှားပါလို့ သူတို့ ဖျက်လိုက်ပါလိမ့်
    ဆိုတာပြန်ကြည့်ရအောင်
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved