ခွေးတူ နွားတူ လူဋီကာ

Saturday, August 6, 2011


ဦးအလံမလှဲ

ဦးလေးကြီးနှင့်ကိုတူမောင် စကားကို အတိုင်အဖောက်လုပ်ပြီး ခွေးဋီကာကို ဖွင့်ဆိုခဲ့သည်။ နွားဋီကာကိုလည်း ဖွင့်ဆိုခဲ့သည်။ ယခု ခွေးတူ နွားတူ လူဋီကာကို ဖွင့်ဆိုဖို့ရာ ဦးလေးကြီးကစကား `စ´ လိုက်သည်။

“ကိုတူမောင်..ရေ့..။ ခုစကားဝိုင်းရဲ့ခေါင်းစဉ်က`ခွေးတူနွားတူလူဋီကာ´ တဲ့..”

ကိုတူမောင့်အဖို့ `ခွေးဋီကာ´က ရှင်းသည်။ `နွားဋီကာ´ကလည်း ရှင်းသည်။ သို့သော် ယခု`ခွေးတူ နွားတူ လူဋီကာ´ကမူ မရှင်း မရှင်း..။ ဘာဆိုလိုသည်ကို စဉ်းစားကြည့်ရာ ရယ်ချင်တင်တင် ခံစားမိပြီး နှုတ်က ပွင့်ထွက်သွားသည်။

“ခွေးတူ နွားတူ လူဋီကာ တဲ့.. အဟိ..”

“အဟိ မလုပ်နဲ့ ကိုတူမောင်..။ လမ်းဆုံးရင် ရွာတွေ့လိမ့်မယ်။ စကားဝိုင်းဆုံးရင် အဓိပ္ပာယ် တွေ့လိမ့်မယ်..ဟဲ..ဟဲ..”

ဦးလေးကြီးက လိုရင်းတိုရှင်း တော့မည်။

“ခွေးဋီကာတုန်းက ခွေးစရိုက်ရှိတဲ့လူ ခွေးနဲ့တူတဲ့လူကို ပုံဖေါ်ခဲ့တယ်။ နွားဋီကာမှာတော့ နွားစရိုက်ရှိတဲ့လူ၊ နွားနဲ့တူတဲ့လူကို ပုံဖော်ခဲ့တယ်။ ခု ခွေးတူ နွားတူ လူဋီကာ မှာတော့…

ဦးလေးကြီးက ပြောလက်စကိုတန်းလန်းလုပ်..။ ဟိုးယခင်က သီချင်းတပုဒ်၏ အပိုင်းအစကို ခေတ်နှင့်အညီတမူကွန့်..။
ပြီးတော့မှ သံနေ သံထားဖြင့် ဟဲ လိုက်သည်။

“အိပ်,စား,ကာမ, ဤသုံးဝ ၀ယ်၊
ခွေး ရယ်, နွား ရယ်, လူ ရယ်၊
မခြားပါဘူးကွယ်, အတူတူ ရယ်။
လူ လူ လူ သြော် တစ်မူထူးတာက..ဟဲ..ဟဲ.. ကိုတူမောင် ရေ့ ဒီလောက်ပဲဆိုတတ်တယ်..ဟဲ..ဟဲ”

ဦးလေးကြီးက ရယ်ရွှန်းပတ်ရွှန်းပြောအပြီးမှာတော့ နက်နက်နဲနဲ အသားပါပါ ရှင်းပြသည်။

“လူတွေဟာ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးကို ပြုနေကြတယ်။ လူ့လောကရဲ့ သဘောသဘာဝအရ
နေ့စဉ်ရက်ဆက် ပြုနေကြတာ..”

ဤသို့အစချီပြီး ဦးလေးကြီးက ဆက်လက်၍ အလေးထားရှင်းပြသည်မှာ ကာယကံဟူသည် ကိုယ်ဖြင့်ပြုလုပ်မှုဖြစ်သည်။ ၀စီကံဟူသည် နှုတ်ဖြင့်ပြောဆိုမှုဖြစ်သည်။ မနောကံဟူသည် စိတ်ဖြင့်ကြံစည်မှုဖြစ်သည်။ ထိုသုံးပါးသောကံတို့သည်၊ ကောင်းကျိုးကိုဖြစ်စေလျှင် ကုသိုလ်ကံတည်း။ ဆိုးကျိုးကိုဖြစ်စေလျှင် အကုသိုလ်ကံတည်း။

“ဒီတော့..ကိုတူမောင်။ ကုသိုလ်ဆိုတာဘာလဲ။ အကုသိုလ်ဆိုတာဘာလဲ။ ခွဲခွဲခြားခြား, ကွဲကွဲပြားပြား ဘယ်သူသိသလဲ။
ဘယ်သူက ကောင်းမှုကုသိုလ် လုပ်နေကြသလဲ။ ဘယ်သူက မကောင်းမှုအကုသိုလ် လုပ်နေကြသလဲ။”

ဦးလေးကြီးက သူ့မေးခွန်းကို သူ့ဘာသာသူ ဖြေသည်။

“ခွေးတို့..နွားတို့ ဟာ၊ အကြောင်းနဲ့ အကျိုးနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ..။
ဒါကြောင့်..ခွေးစရိုက်ရှိလို့ ခွေးနဲ့တူတဲ့..လူ။
နွားစရိုက်ရှိလို့ နွားနဲ့တူတဲ့..လူ။
ခွေးစရိုက်ရော,နွားစရိုက်ပါရှိလို့ ခွေးတူနွားတူ လူ..။

“အဲဒီ ခွေးတူနွားတူ လူ..တွေဟာ အမှန်,အမှား၊ အကောင်း,အဆိုး၊ ကုသိုလ်,အကုသိုလ်ကို ဘယ်လိုလုပ်ပြီး ခွဲခွဲခြားခြား
ကွဲကွဲပြားပြာသိနိုင်မှာလဲ။ “မသိတော့ ဗိုလ်နေ၀င်ကစလို့ ငတိသန်းရွှေအထိ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ခါးပိုက်ဆောင်လက်ပါးစေ, ပါးကွက်သားအဖြစ်နဲ့ (၁) ဘုရားသား၊ (၂) ကျောင်းသား၊ (၃) ဗမာမဟုတ်တဲ့ တိုင်းရင်းသား၊ (၄) ဗမာအပါအ၀င် တိုင်းသူပြည်သား၊ (၅) စစ်ဗိုလ်စစ်သားဆိုတဲ့ သား`ငါး´သား ကို စစ်အာဏာရှင်အဆက်ဆက်ရဲ့ အမိန့်အရ သတ်ခဲ့ကြတယ်”

ပထမသား`လေး´သား အသတ်ခံရတာကို များတကာကအရှင်းသား အထင်းသားသိသည်။ စစ်ဗိုလ်စစ်သား အသတ်ခံရတာကိုတော့ လူအတော်တော်များများက သတိမပြုမိကြ။ ထို့ကြောင့်ဦးလေးကြီးက ဒီအကြောင်းကို ညွှန်ပြဖို့လိုအပ်လာသည်ဖြစ်၍ ညွှန်ပြပြီ။

“ရှင်းရှင်းကြီး ထင်သာမြင်သာတာကိုပဲ ညွှန်ပြမယ်။ မဆလခေတ်မှာ ဗိုလ်နေ၀င်နဲ့တကွ ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံဖို့ ကြံစည်တယ်လို့ စွပ်စွဲပြီး ဗိုလ်ကြီးအုန်းကျော်မြင့်ကို အင်းစိန်ထောင်မှာ ကြိုးပေးသတ်ခဲ့တယ်။ ဒါဟာ မဆလခေတ်ကဖြစ်ရပ်မို့ ငါနဲ့မဆိုင်လို့ ငတိသန်းရွှေကငြင်းမလား။ မငြင်းနဲ့ငတိ။ ခုပြောနေတာက စစ်အာဏာရှင်တို့ရဲ့ စရိုက်ကို ပြောနေတာ။ ငတိသန်းရွှေ နဲ့ သူ့လက်ပါးစေ, ပါးကွက်သားတွေ ဟာ အမှန်,အမှား၊ အကောင်း,အဆိုး၊ ကုသိုလ်,အကုသိုလ်ကို အကြောင်းနဲ့, အကျိုးနဲ့ ခွဲခွဲခြားခြား, ကွဲကွဲပြားပြားမသိတဲ့ ခွေးတူနွားတူလူတွေ ဖြစ်နေကြလို့သတ်တာ။ အကျိုးဆက်က.. ငတိသန်းရွှေနဲ့ သူ့လက်ပါးစေ, ပါးကွက်သားတွေ အပါယ်ကိုလားရမယ်။ သုဂတိကိုမလားရဘူး။ ဒါကြောင့် လူဖြစ်ရကျိုးမနပ်ဘူး။”

ဦးလေးကြီးက ရှေ့ကိုဆက်သည်။

“လူ့အရည်အချင်းပြည့်မီတဲ့ လူပီသတဲ့လူကတော့ အကြောင်းနဲ့အကျိုးနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိလို့ အမှန်,အမှား၊
အကောင်း,အဆိုး၊ ကုသိုလ်,အကုသိုလ် ကို ခွဲခွဲခြားခြား, ကွဲကွဲပြားပြား သိတယ်။ အဲဒီလိုသိလို့ ကုသိုလ်ကို ဆောင်နိုင်တယ်။ အကုသိုလ်ကို ရှောင်နိုင်တယ်။ အကျိုးဆက်က သုဂတိကိုလားမယ်။ အပါယ်ကိုမလားဘူး။ ဒါကြောင့် လူဖြစ်ရကျိုးနပ်တယ်”

ကံသုံးပါးကို အခြေခံသော စကားဝိုင်းပြီးဆုံးသွားပြီ။ ကိုတူမောင် သဘောပေါက်လောက်ပြီ။
ခွေးစရိုက်ရှိလို့ ခွေးနဲ့တူတဲ့လူ..။
နွားစရိုက်ရှိလို့ နွားနဲ့တူတဲ့လူ..။
ခွေးစရိုက်ရော နွားစရိုက်ပါရှိလို့ ခွေးနဲ့လည်းတူ, နွားနဲ့လည်းတူ၊ ခွေးတူနွားတူလူ..။
ခွေးတူနွားတူလူတွေ၏ လားရာကား သုဂတိဘုံလား..။ အပါယ်ဘုံဆိုတဲ့ ဒယ်အိုးလား..။
လူတတ်လုပ်ပြီး ဇာချဲ့ဖို့မလို..။ ထို့ကြောင့် `ခွေးတူနွားတူလူဋီကာ´ ဆောင်းပါးခန်း ဤတွင်နိဋ္ဌိတံလေပြီ။ ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved