မြစ်ဆုံအရေး နယ်ပယ်စုံမှ ဟောပြောဆွေးနွေးပွဲ

Sunday, September 25, 2011

ဓာတ်ပုံ - Eleven Media Group


ဧရာဝတီမြစ်ဆုံအရေး နယ်ပယ်အသီးသီးမှ ပါဝင်ဟောပြောတဲ့ သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို မနေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel မှာ ပြုလုပ်ပါတယ်။ သစ်တောပညာရှင် ဦးအုန်းက အဖွင့်အမှာစကား ပြောကြားပြီး ဦးဝင်းမျိုးသူ (Eco Dev)၊ ဒေါက်တာ ထွန်းလွင် (ထွန်းလွင် ဖောင်ဒေးရှင်း)၊ ကချင်တိုင်းရင်းသား ဒူဝါဇောင်ဂမ်၊ Eleven Media Group က ဒေါက်တာ သန်းထွဋ်အောင်တို့က ဟောပြောကြပါတယ်။

ဟောပြောချက် တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ပေးထားတဲ့ လင့်ခ်မှာ ဖတ်နိုင်ကြပါတယ်။

ဆည်ကြောင့် ရေမစီးတော့တဲ့ မြစ်တွေ ရှိတယ်

“ကချင်ပြည်နယ်သည် ဇီဝစုံလင် ကြွယ်ဝသောဒေသဖြစ်ကာ ပြည်ပပညာရှင်များက ယခုအတိုင်းထားလျှက် ထိန်းသိမ်းထားခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ကမ္ဘာတွင် ဆည်များတည်ဆောက်မှုကြောင့် ရေမစီးတော့သည့်မြစ်များ၊ ပင်လယ်တွင်းသို့ စီးဝင်ခွင့်မရတော့သည့်မြစ်များလည်း ရှိနေကြောင်း ...” (ဦးအုန်း၏ အဖွင့်မိန့်ခွန်း အပြည့်အစုံ ဖတ်ရန်)


အငှားကိုယ်ဝန် မဆောင်ပါနဲ့

“ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲတာတွေ ရှိနေတဲ့အတွက် ဆည်တွေရဲ့ တောင့်တင်းခိုင်မာစိတ်ချရမှုက အလွန်အမင်းအန္တရာယ်များ လာပါတယ်၊ သမားရိုးကျတည်ဆောက်ရေး နည်းပညာတွေနဲ့ မလုံလောက်တော့ဘဲ ပြန်စဉ်းစားရမယ့် အခြေအနေရောက်နေပါပြီ။ နောက်တစ်ခုက ဒီဆည်တွေက သဘာဝဘေးခံနိုင်ပါ့ မလားဆိုတာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဒေသဟာ ငလျင်ကြောကြီး တွေရှိတဲ့ဒေသပါ။ .......... တရုတ် Three Gorges ဆည်ကြီး မိုးများလို့ အမြင့်ဆုံးရေမှတ်ရောက်ပြီး ဆည်ရေလွှတ်လိုက်ရလို့ ဆည်အောက်ပိုင်းရေလွှမ်းမိုးမယ့် အန္တရာယ်ကို ၂၀၁၀ မိုးတွင်းတုန်းက ဖြစ်ခဲ့ပါသေးတယ်။ နောက်တစ်ချက်က လျှပ်စစ်လိုချင်တာလား၊ ဆောက်ချင် တာလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီဆည်တွေက လက်သင့်ရာ စားတော်ခေါ်တဲ့ အရင်းရှင် စနစ်ချစားမှုတွေရဲ့ တရားခံပါ။ ထင်ရှားတဲ့ သာဓကကတော့ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ဆောက်ထားတဲ့ Pergam ဆည်ပါ။ ဒီဆည်အတွက် အင်္ဂလန်နိုင်ငံက ထောက်ပံ့အကူအညီတွေ ပေးခဲ့ပါတယ်။ တောင်အမေရိကနိုင်ငံမှာရှိတဲ့ ပါရာနာမြစ်မှာရှိတဲ့ အီတိုင်ဖူ ဆည်ဆိုရင် ကမ္ဘာပေါ်မှာ အကြီမားဆုံး လာဘ်ပေးလဒ်ယူ အရှုပ်အထွေးရှိတဲ့ဆည်လို့ အမည်ပေးခံခဲ့ ရပါတယ်။ နောက်ဆုံးပြောချင် တာကတော့ အငှားကိုယ်ဝန်ဆောင်ဖို့ မလုပ်ကြဖို့ ပြောချင်ပါတယ်” (ဦးဝင်းမျိုးသူ၏ ဟောပြောချက် အပြည့်အစုံ ဖတ်ရန်)


မြစ်ဆုံအနီးတဝိုက် လေ့လာရုံနဲ့ မလုံလောက်ပါ

“တရုတ်ပြည်အတွက်တော့ ရေအားလျှပ်စစ်စီမံကိန်းက မဖြစ်မနေလုပ်ရမယ့် အနေအထားဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် အဲဒါက ထွက်ပေါက်ဖြစ်နေတယ်။ ရေအားလျှပ်စစ်ကို နှစ်ဆတိုးပြီး ထုတ်လုပ်ဖို့ သတ်မှတ်ခဲ့တယ်။ ရေအားလျှပ်စစ်ထုတ်မယ့် ပေါ်လစီကို ကျွန်တော်တို့ ဆီမှာလာပြီး အကောင်အထည် ဖော်တယ်။ သူတို့ဆီမှာ မြစ်ကြီးတွေ ကောလာတဲ့အတွက် လယ်သမားတွေလည်း ဒုက္ခရောက်တယ်။ ငါးတွေသေတယ်။ မြစ်ရေခန်းခြောက်ပြီး မြေတွေလည်း ပက်ကြားအက် ကုန်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြစ်ဆုံဆည် တည်ဆောက်မှုက အနာဂတ်ရေရှိရေးအတွက် အခြေအနေမကောင်းဘူးဆိုတာ တွေ့ရပါတယ်။ ...... ဧရာဝတီမြစ်ဆုံ အနီးနား တစ်ဝိုက်လောက်သာ Environmental Assessment လုပ်ပြီး ဆုံးဖြတ်ပြုလုပ်တာဟာ ဘယ်လို နည်းနဲ့မှ Scientific Conclusion ဖြစ်လာမှာမဟုတ်ဘူး။ အောက်ကြော တစ်လျှောက်အထိ လေ့လာမှုတွေ ပြုလုပ်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ငလျှင်အလှုပ်ဆုံး ဒေသက မြစ်ဆုံဒေသပဲဖြစ်တယ်။ ဒီလိုဒေသမျိုးမှာ ဆောက်ခြင်းက အန္တရာယ် အလွန်ကြီးပါတယ်” (ဒေါက်တာထွန်းလွင်၏ ဟောပြောချက် အပြည့်အစုံ ဖတ်ရန်)


မော်ရိုဖြစ်လာမယ့်ဟာကို ဘယ်သူမှ တွက်ချက်ပြတာ မရှိဘူး

“ကျိန်ခရမ် ရေအားလျှပ်စစ်၊ ဒါလည်း ဒီလိုပဲ တောင်ကုန်းပေါ်က ရေက ခြောက်နေရာလောက် တစ်ခါတည်းပေါက်ကွဲပြီးတော့မှ ရေတွေပြိုကျတယ်။ ရေတွေပြိုကျတဲ့ အခါကျတော့ အဲဒီအောက်မှာ ရှိတဲ့ ရေအားလျပ်စစ်စက်ရုံက ပုဂ္ဂိုလ်တွေလည်း ဘယ်လိုမှ ပြေးဖို့လမ်းကို မရှိတော့ဘူး။ အကုန်လုံးပါသွားတယ်။ အလောင်းတောင်ရှာလို့ မတွေ့တော့ဘူး။ ရွာလည်းပါသွားတယ်။ အဲလိုဖြစ်ပါတယ်။ တန်ဖဲ၊ ရေအားလျှပ်စစ်ရှိတဲ့နားက တန်ဖဲရွာလည်း တခြမ်းပါသွားတယ်။ ဒါလည်း ညဘက်အိပ်နေတဲ့အချိန်မှာ ဖြစ်လာတဲ့အခါ ကျတော့ ဘယ်သူမှလည်း ပြေးမလွတ်တော့ဘူး။ လူတွေရော အိမ်တွေရော အကုန်လုံးပါသွားတာ ရှိတယ်။ ဒါမျိုး ကျွန်တော်တို့ ခဏခဏ တောင်ပြိုကျလို့ ဆင်းလာတဲ့ရေကို ကျွန်တော်တို့က ကချင်လိုတော့ မော်ရိုလို့ ခေါ်ပါတယ်။ ဒီမော်ရိုဖြစ်လာမယ့်ဟာကို ဘယ်သူ၊ ဘယ်ပညာရှိမှ ကနေ့အထိ ဘယ်နေ့ ဘယ်အချိန် ဘယ်ဌာနကမှ ဖြစ်မယ်ဆိုတာကို တွက်ချက်ပြတာ မရှိပါဘူး။ တွက်ချက်လို့လည်း မရနိုင်ပါဘူး။ ဖြစ်လာတဲ့အခါကျတော့ ဖြစ်လာတာကို တားဆီးဖို့ နည်းလမ်းမရှိဘူး ...” (ဒူဝါဇောင်ဂမ်၏ ဟောပြောချက် အပြည့်အစုံ ဖတ်ရန်)


အမျိုးသားရေးတာဝန်အဖြစ် လုပ်မယ်

“နောက်တစ်ချက်က အေးရှားဝေါလ်ကုမ္ပဏီပါ။ ဒီမြစ်ဆုံစီမံကိန်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အေးရှားဝေါလ်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၊ ပတ်သက်ဆက်နွယ်သူများ၊ အကျိုးစီးပွား ရရှိပတ်သက်နေတဲ့သူများကိုလည်း အထူးမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေ ဒီရေ ပေါ်မှာနေတယ်။ ကျွန်တော်တို့ဟာ ဒီမြေဒီရေနေတဲ့ ဒီလူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ ပူးတွဲနေထိုင်ခြင်းပဲ။ နောက်ကိုလည်း ခင်ဗျားတို့နဲ့ ယှဉ်တွဲနေထိုင်ကြဦးမှာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ စီးပွားရေးအကျိုးအမြတ်လေးတစ်ခုနဲ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သွေးကွဲမှုတွေ မဖြစ်ပွားဖို့အတွက် ကျွန်တော်တို့ သူတို့ ဒါရိုက်တာအဖွဲ့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားအောင်အတွက် အေးရှားဝေါလ်ကုမ္ပဏီဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ........ ဒီလိုလှပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အနာဂတ်လမ်းကြောင်းမှာ မြစ်ဆုံပြဿနာဟာ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမယ့် ပြဿနာအဖြစ် ဘယ်လိုမှဖန်တီးလို့ မဖြစ်ပါဘူး။ ဒီပြဿနာဟာ ကျွန်တော်တို့နိုင်ငံရဲ့ မကြာမီဖွံ့ဖြိုးတော့မယ့် ဒီမိုကရေစီစနစ်ရဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ မှတ်ယူပြီးတော့ ကျွန်တော်တို့ဟာ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ဖို့ပဲရှိပါတယ်။ ...... ဟိုတစ်နေ့က ပွဲတစ်ခုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မြစ်ဆုံကနေ ညီညွတ်ရေး အမြတ်ယူရမယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံး အစိုးရအပါအ၀င် ပြည်သူတွေအားလုံး ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ပြည်၊ ပြည်ထောင်စု တစ်ခုဖြစ်အောင် မြစ်ဆုံကနေတစ်ဆင့် အဖြေထုတ်သွားဖို့ လိုပါတယ် ...” (ဒေါက်တာသန်းထွဋ်အောင်၏ ဟောပြောချက် အပြည့်အစုံ ဖတ်ရန်)






5 comments :

  1. Anonymous said... :

    တစ်ချိန်တုန်းက ဧရာဝတီမြစ်ထဲ သင်္ဘောစီးပြီးခရီးသွားခဲ့ဘူးတယ်လို့ နောက်လာနောက်သားတွေကို ပြောပြရမယ် :)

  1. Anonymous said... :

    Than one day there will be no more bridges over dried IRRAWADDY all can cross from dry land they can scrap all bridges

  1. Anonymous said... :

    အခုလဲ --- မြစ်ကြီးနား နဲ့ ကရိန်နော်ရိပ်သာ တလျောက် ကျနော် ကောင်းကောင်းကြီး ငါးဖမ်းခဲ့ ဖူးတာ ပြောတော့ ခေတ်လူငယ်ကလေးတွေက ( ဦးလေး ဧရာဝတီမြစ်ထဲမှာ ငါးဖမ်းလို့ ရသလားတဲ့ ) မယုံ စရာ ဖြစ်နေပါတယ်ဗျာ ။

  1. မောင်ကောင်း said... :

    မောင်ကောင်းတို့ အတိုက်အခံတွေဖက်က အခုမှ ဟောပြောပွဲတွေ၊ လေ့လာသုံးသပ်ပွဲတွေ၊ တွေ့ဆုံညှိနှိုင်းအဖြေရှာပွဲတွေ အားကျိုးမာန်တက်"စ" နေတုန်းရှိသေးတယ် ဟိုဖက်မှာတော့ အင်နဲ့အားနဲ့ ထိုးစစ်ကြီး "စ" နေပြီ ၊ အဓိက SSA တို့ UWSA တို့ ပူးပေါင်းပါဝင်လာမှုတွေကိုပါ ဟန့်တဲ့အနေနဲ့ ကချင်တပ်မဟာ ၄ အဓိကဗျူဟာကျတဲ့နေရာကို "စ" တင်ဆော်ပလော်တီးနေပါပြီ၊ တော်လှန်ရေးမှာလဲ တခါတလေကျပြန်တော့ မေတ္တာတရားနဲ့ငြိမ်းချမ်းစွာ ဆန္ဒပြတာလဲ တပိုင်းပေါ့ဗျာ၊ A/S ကလဲ လုပ်သင့်လုပ်ရမှာပဲ - တခါ သတင်းစားထဲပါသလိုပေါ့ ဒါး ဒါးချင်း၊ တုတ် တုတ်ချင်း ဆိုသလိုပေါ့၊ တနေ့တချိန်တော့ ကျဆုံးသွားပါလိမ့်မယ် အောင်မြင်မှာပါဆိုတာတွေကတော့ဗျာ ဗုဒ္ဓတရားတော်အတိုင်းဆိုရင်တော့ ဖြစ်ပျက်ပါပဲ အဲ့ဒီ ဖြစ်ပျက်အချိန်အထိ စောင့်နေမယ်ဆိုရင်တော့လဲ ဘာမှ မလုပ်တာ အကောင်းဆုံးပါပဲ၊ ခုလိုအချိန်မှာ အတိုက်အခံဖက်က နည်းဗျူဟာအမျိုးမျိုးနဲ့ကို တိုက်ပွဲဝင်နေသင့်တယ်လို့ မောင်ကောင်းမြင်ပါတယ်၊ အာဏာရှင်တော်လှန်ရေးကတော့ ဗျူဟာတခုထဲနဲ့တော့ မလွယ်လောက်ဖူးဗျ၊ အခုပဲကြည့်လေ.. ကချင်ကို ထိုးစစ်ကြီး စ ပါပြီ၊ အာဏာရှင်အစိုးရမှာ " ဘယ်သူမှ သောက်ဂရုစိုက်စရာမလိုဘူး " ဆိုတဲ့ မူရှိနေတယ်ဗျ၊ ဘိုးတော်သိန်းစိန်တို့ဆိုတာလဲ တကယ်တော့ အားစမ်းတဲ့အနေနဲ့ ခဏ ချကျွေးထားကြည့်တာ အမှန်တော့ မောင်ကောင်းအမြင်က ဘိုးတော်သိန်းစိန်လဲ "မော်နီတာတလုံးပါပဲ"

  1. မလေးရှားရောက် မြန်မာများရဲ့ မြစ်ဆုံ ရေကာတာ ဆန္ဒပြပွဲ VIDEO

    (ခေါင်းစဉ်ကို နှိပ်ပြီး ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။)


    အမိ ဧရာဝတီကို ချစ်တဲ့ မလေးရှားရောက် မြန်မာပြည်သူများရဲ့ မြစ်ဆုံ ရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲ


    http://hugawngkachin.blogspot.com/2011/09/blog-post_25.html

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved