ကြည်မောင်သစ်
“မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော် ကာလတလျှောက်လုံးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်သည့် ကာလဖြစ်သည်” ဟု ယူဆပါသည်။
စစ်အာဏာရှင်စနစ် တည်တံ့ပြီး ခိုင်မြဲသည်ထက် ခိုင်မြဲအောင် ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး တည်ဆောက်မှုအားလုံး ပျက်စီးခြင်းငါးပါး မှောက်ခဲ့သည်။
ထို့ကြောင့် တနိုင်ငံလုံး ပြည်သူတရပ်လုံးသည် မွဲပြာကျရသည့်အဖြစ်ဆိုးနှင့် တောက်လျှောက် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။ ယနေ့ကာလသည် အခြေအနေ အဆိုးဝါးဆုံးကာလဖြစ်သည်။
ဤသို့သော အခြေအနေဆိုးကို ဖန်တီးသည့် မြန်မာ့စစ်အာဏာရှင်စနစ်သည် မည်ကဲ့သို့ အမြစ်တွယ် ပေါက်ဖွားလာခဲ့သနည်း။ အဘယ်ကြောင့် မြန်မာ့လူမှုဘ၀တခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပါသနည်း။
မြန်မာ့လွပ်လပ်ရေး တိုက်ပွဲဝင်စဉ်က ဦးဆောင်နိုင်ငံရေးပါတီများသည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီတို့ ဖြစ်ကြသည်။
ယင်းပါတီတို့၏ ဆုံးဖြတ်ချက်အရ ဗမာ့လွတ်လပ်ရေးကို လက်နက်ကိုင်တိုက်ပွဲပုံသဏ္ဍာန်ဖြင့် ဆင်နွှဲခဲ့ကြသည်။ ဘီအိုင်ဘီ၊ ဘီဒီအေ၊ ဘီအန်အေ၊ ဗမာ့တပ်မတော်ဟူ၍ ခေတ်ကာလတိုက်ပွဲနှင့်အညီ ဗမာ့လွတ်လပ်ရေး တပ်မတော်တရပ်ကို အမျိုးမျိုးပြောင်းလဲ ဖွဲ့စည်းခဲ့လေသည်။
ယင်းတပ်မတော်တွင် ဗကပပါတီဝင်၊ ဆိုရှယ်လစ်ပါတီဝင်များ ပါဝင်သကဲ့သို့ ၀ါဒစွဲမရှိသော မျိုးချစ်စိတ် အခြေခံသူများလည်း ပါဝင်ခဲ့သည်။
တပ်မတော်ကို ဦးဆောင်ခဲ့သူကား ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ၊ ဆိုရှယ်လစ်ပါတီဝင်များနှင့် တော်လှန်ရေး လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်ဖြစ်ခဲ့သော်လည်း ကွန်မြူနစ်ပါတီဝင် မဟုတ်သကဲ့သို့ ဆိုရှယ်လစ်ပါတီဝင်လည်း မဟုတ်ခဲ့ချေ။
သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူတို့၏ ထောက်ခံမှုကို ပါတီခေါင်းဆောင်များထက် ပို၍ရရှိခဲ့ပေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်အ၀ါကြီးမှုကတကြောင်း..၊ ပါတီနိုင်ငံရေးသမားတို့ထက် လက်နက်ကိုင်သူတို့ကို ပြည်သူတို့က ပိုမိုအထင်ကြီးတတ်မှုကတကြောင်း..၊ ထိုအကြောင်းနှစ်ကြောင်းကြောင့် ဗမာ့တပ်မတော်သည် ပြည်သူတို့၏ လေးစားကြည်ညိုအားထားမှုကို ရရှိခဲ့သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့သည်။
တပ်မတော်စစ်ခေါင်းဆောင်တို့သည် ဤရေခံမြေခံမှ ပေါက်ပွားဖြစ်ထွန်းလာသည်ဖြစ်၍ စစ်သားတပိုင်း နိုင်ငံရေးသမားတပိုင်း ဖြစ်လာခဲ့ကြသည်။ စစ်တပ်နှင့်နိုင်ငံရေးအကြားတွင် ပြတ်ပြတ်သားသား စည်းတားချက်မရှိ ဖြစ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးလုပ်ရန် စစ်တပ်မှထွက်ပေးခဲ့သည်။ အရပ်သား နိုင်ငံရေးသမားတယောက်အနေဖြင့် ရပ်တည်ပြခဲ့သည်။
သို့သော်လည်း နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင် တပ်တွင်းမှ စစ်ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကို မျက်ကွယ်ပြုခဲ့ကြသည်။ ယူနီဖောင်းမချွတ်ဘဲ အာဏာရပါတီတွင်း၌ သြဇာအာဏာ ထူထောင်ခဲ့ကြသည်။ နိုင်ငံရေးသမားတို့ကလည်း စစ်ခေါင်းဆောင်များကို သူတို့၏နိုင်ငံရေး အကျိုးစီးပွားအတွက် မွေးခဲ့ကြသည်။
သို့ဖြင့်နိုင်ငံရေးသမားတို့သည် အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ပြည်တွင်းစစ်ရပ်စဲရမည့်အရေးတွင် စစ်ခေါင်းဆောင်များ၏ မျက်နှာကို ထောက်ထား၍ နိုင်ငံရေးမူဝါဒ ချမှတ်ခဲ့ရသည်။ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးရေးလမ်းစဉ်ထက် အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ စစ်ခေါင်းဆောင်များအလိုကျ လိုက်လျောခဲ့ကြရသည်။
အပြုတ်တိုက်ရေးလမ်းစဉ်၏ အကျိုးဆက်ဖြစ်သော ပြည်တွင်းစစ်ကြောင့် တိုင်းပြည်စီးပွားရေး မတိုးတက်နိုင်ခဲ့။ စစ်တပ်သည်သာ တနေ့တခြား အင်အားကြီးထွားလာခဲ့သည်။ စီးပွားရေးက မတိုးတက်။ နိုင်ငံရေးကမတည်ငြိမ်။ ထို့ကြောင့် အာဏာရဖဆပလ နှစ်ခြမ်းကွဲရတော့သည်။
ဤကဲ့သို့သော အခြေအနေဆိုးကာလတွင် တပ်မတော်တွင်းမှ စစ်သားတပိုင်း၊ နိုင်ငံရေးသမားတပိုင်း စစ်ခေါင်းဆောင်များက ရိုးရိုးသားသားသဘောဖြင့် လက်ပိုက်ကြည့်မနေနိုင်တော့သည်က တကြောင်း..၊ မရိုးမသားသဘောဖြင့် သူတို့ကိုယ်တိုင် နိုင်ငံရေးအာဏာ ရယူလိုသည်ကတကြောင်း..၊ ထိုထိုသောအကြောင်းတို့ကြောင့် နိုင်ငံရေးသမားတို့၏လက်တွင်းမှ နိုင်ငံရေးအာဏာကို လက်နက်အားကိုးဖြင့် လုယူတော့သည်။
သို့သော် စစ်ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ စစ်ယူနီဖေါင်းချွတ်ပြီး နိုင်ငံရေးသမားဘ၀ဖြင့် နိုင်ငံရေးလောကထဲသို့ ၀င်ခဲ့ကြသူများမဟုတ်ချေ။ စစ်ယူနီဖေါင်းမချွတ်ဘဲ နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ပြီး နိုင်ငံရေးအာဏာ ရယူထားကြသူများသာဖြစ်သည်။
စစ်ခေါင်းဆောင်များသည် သိလျက်နှင့်လည်ကောင်း၊ မသိလျက်နှင့်လည်ကောင်း၊ စစ်အာဏာရှင်စစ်စစ်ကြီးများဘ၀သို့ ကူးပြောင်းသွားလေသည်။
စစ်အာဏာရှင်ပင်ပျိုသည် ၁၉၆၂ ခုနှစ်တွင် ပေါ်ပေါ်လွင်လွင် သီးပွင့်လာခဲ့တော့သည်။
စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးဆိုင်းဘုတ်ဖြင့် ဖုံးအုပ်ထားခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟူသော လက်ဝဲသံပေး၍ ပြည်သူတို့ကို လှည့်ဖြားဆွဲဆောင်ခဲ့သည်။
ဆိုရှယ်လစ်သံကြားရ၍ လက်ဝဲနိုင်ငံရေးသမားတို့ လှုပ်လှုပ်ရွရွဖြစ်လာခဲ့ကြသည်။ အကြိုက်တွေ့လာခဲ့ကြသည်။ ပြည်သူအများကလည်း ၀မ်းသာအားရဖြစ်လာခဲ့ကြသည်။
ယူနီဖောင်းမချွတ်ဘဲ နိုင်ငံရေးအာဏာယူထားသည့် စစ်အာဏာရှင်စနစ်၏ အန္တရာယ်ကို မမြင်နိုင်ခဲ့ကြပေ။
လူတန်းစားအမြင်ပျောက်ပြီး စစ်တပ်နှင့်ပူးပေါင်းလက်တွဲ၍ ဆိုရှယ်လစ်လောကသို့ ချီတက်ရန် ကြိုးပမ်းကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကို မျက်ကွယ်ပြုကြပြန်သည်။
သိပ်မကြာလိုက်ချေ။ စစ်အာဏာရှင်စနစ် အတောင်အလက်စုံ၍ အခြေခိုင်သွားသောအခါ၌ လမ်းစဉ်ပါတီတွင်းမှ လက်ဝဲနိုင်ငံရေးသမားများ တဖြုတ်ဖြုတ် ထုတ်ပစ်ခြင်းခံရတော့သည်။
စစ်တပ်နှင့်နိုင်ငံရေးအကြား ပြတ်ပြတ်သားသား စည်းတားထားရမည့် ဗိုလ်ချုပ်၏လမ်းစဉ်ကို မျက်ကွယ်ပြုခဲ့ကြသောကြောင့် ဖဆပလ နိုင်ငံရေးသမားများ စစ်တပ်၏ အစားခံလိုက်ရသကဲ့သို့ မဆလမှ လက်ဝဲနိုင်ငံရေးသမားများသည်လည်း စစ်တပ်၏ အစားခံလိုက်ရပြန်သည်။
စစ်တပ်နှင့်နိုင်ငံရေး သီးသီးသန့်သန့် စည်းတားရန် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်ကြီးစောမောင်သည်ပင်လျှင် အစားခံသွားရရှာသည်။
စစ်တပ်သည်သာ ကြီးသည်ထက်ကြီး၊ ထွားသည်ထက်ထွားလာခဲ့သည်။ အစွယ်ဖွေးဖွေး အမွှေးဖွားဖွားဖြင့် အာဏာရှင်စစ်ဘီလူးကြီး ဖြစ်လာခဲ့သည်။ နေ၀င်းစစ်အာဏာရှင်လက်မှ သန်းရွှေစစ်အာဏာရှင်လက်သို့ ကူးပြောင်းလာခဲ့သည်။
သန်းရွှေ စစ်အာဏာရှင်လက်ထက်တွင် နေ၀င်းစစ်အာဏာရှင်လက်ထက်မှာကဲ့သို့ စစ်သားတပိုင်း နိုင်ငံရေးသမားတပိုင်း စစ်ခေါင်းဆောင်များ မပါဝင်တော့..။ သန်းရွှေကိုယ်တိုင်သည်ပင်လျှင် လွတ်လပ်ရေးတိုက်ပွဲဝင် သမိုင်းနောက်ခံမရှိ။ သန်းရွှေနှင့်တကွ သူ့နောက်လိုက်စစ်ခေါင်းဆောင် အားလုံးတို့သည် နေ၀င်းစစ်တပ်က မွေးထုတ်လိုက်သည့် စစ်သားသန့်သန့် စစ်ခေါင်းဆောင်များသာဖြစ်သည်။
နေ၀င်း၏ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်သော ရေမရောသည့် စစ်အာဏာရှင်စစ်စစ် သန်းရွှေနှင့် သူ့နောက်လိုက် စစ်ခေါင်းဆောင်တို့သည် တိုင်းရင်းသားပြည်သူတို့အား အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး ဖိနှိပ်သတ်ဖြတ်ရာတွင် မည်သည့်အချိန်ကမှ လက်မတွန့်ခဲ့ချေ။ သို့ဖြင့် သန်းရွှေစစ်အာဏာရှင်သည် သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ခဲ့သည်။
သန်းရွှေ စစ်အာဏာရှင်လက်အောက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှအပ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများသည် စစ်တပ်နှင့်ပူးပေါင်းခဲ့ကြသေးသည်။ နောက်ဆုံးတွင်မူ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေး ပြန်လည်ဆင်နွှဲရသည့် ဒုံရင်းအခြေအနေသို့ပင် ပြန်ရောက်ရပြန်သည်။
သို့ရာတွင် ၈၈ ပြည်သူ့တော်လှန်ရေးနှင့် ၉၀ ပြည်သူ့ရွေးကောက်ပွဲတို့မှ ပေါက်ဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစုတို့က သမိုင်းသင်ခန်းစာယူခဲ့သည်။
ဗိုလ်ချုပ်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြသည်။ ယူနီဖောင်းမချွတ်သော စစ်ခေါင်းဆောင်များ ဦးစီးခေါ်ဆိုသည့် အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့သည်။ ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း နေရာဝင်ယူခွင့်ပြုသည့် ၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်မပြု။ ယင်းဖွဲ့စည်းပုံအရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအခွင့်အရေး တန်းတူရေးတို့ကို စစ်အာဏာရှင်စနစ်ဖြင့် တည်ဆောက်ယူ၍ မရနိုင်သည်မှာရှင်းပါသည်။ ဤအခြေခံ အချက်သုံးချက်မရှိဘဲနှင့်လည်း နိုင်ငံခေတ်မီတိုးတက်ရေးအတွက် ကြိုးပမ်း၍ မရနိုင်ပေ။
ထိုနည်းတူပင် ဗိုလ်ချုပ်လမ်းစဉ်နှင့် ဆန့်ကျင်သော စစ်သားတပိုင်း နိုင်ငံရေးသမားတပိုင်း စစ်ခေါင်းဆောင်များနှင့် ပူးပေါင်း၍လည်း မည်သည့်နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်ကိုမျှ မထူထောင်နိုင်။
ပြည်သူ့ဆန္ဒကို မလွန်ဆန်ရဲ၍ အနည်းဆုံးအားဖြင့် စစ်အာဏာရှင်တို့သည် မင်းသားခေါင်းစွပ်လျက် အယောင်ဆောင် ထွက်ပေါ်လာတတ်သည်ကို သမိုင်းသက်သေရှိထားပြီးဖြစ်သည်။
ထိုမျှသာမက တနေ့တွင် စစ်အာဏာရှင်စနစ်၏ လွှမ်းမိုးခြင်းကိုသာခံရပြီး ပူးပေါင်းခဲ့သူ နိုင်ငံရေးသမားတို့သာ အစားခံဘ၀ဖြင့် ကျဆုံးခဲ့ရသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်များသည် စစ်တပ်နေရာ၌သာ နေသင့်သည်။ နိုင်ငံကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သော စစ်သူရဲကောင်းများသာ ဖြစ်သင့်သည်။
နိုင်ငံရေးလုပ်လိုပါက ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ယူနီဖောင်းချွတ်၍ နိုင်ငံရေးလောကသို့ နိုင်ငံရေးသမားတယောက်အဖြစ်ဖြင့် ခြေစုံပစ်ဝင်သင့်ပါကြောင်း။
2 comments :
ကမ္ဘာတဝှမ်း နယ်ချဲ့အရင်းရှင်စံနစ်၏ခါးသီးမှု ကို မျက်ဝါးထင်ထင်ခံစား နေကြရသော ဒုတိယ ကမ္ဘာစစ်မတိုင်မီကာလများ က ဆိုရှယ်လစ် စံနစ်သည် မြန်မာအပါအဝင် ကိုလိုနီနိုင်ငံ အားလုံးအတွက် ပျိုတိုင်ကြိုက်တဲ့ နှင်းင်္ဆီခိုင် သဘွယ်ဖြစ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံရေး စိတ်ဓါတ် နိုးကြားတက်ကြွသော လူငယ်များအကြား အရှိန်အဟုန်ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ လေသည်။ ဆိုရှယ်လစ်ကြီးတော့ ကွန်မြုနစ် ဖြစ်ဆိုသလို
အောက်တိုဘာ တော်လှန်ရေး ဖြင့် ဆိုဗီယက် ဆိုရှယ်လစ်သမတနိုင်ငံ အောင်မြင်စွာ
တော်လှန်ပြီးချိန်မှစ၍ ကွန်မြူနစ်ဝါဒ တန်ခိုးထွားလာခဲ့ရာ ခေတ်ပညာတတ် မြန်မာလူငယ်
များအတွက် အဖိနှိပ်ခံပြည်သူ အပေါင်းတို့အား ကယ်တင်နိုင်မည့် တခုတည်းသော ထွက်ရပ်လမ်း အဖြစ် ယုံကြည်ခဲ့ကြသည်မှာ သဘာဝကျပေသည်။ ဤသည်ပင်လျှင် ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ပါတီ တည်ထောင်ရာ၌ ဦးဆောင်ပါဝင်ခဲ့ခြင်း၏ အဓိက အကြောင်း ဖြစ်ပေမည်။ အမှန်စင်စစ် ဗိုလ်ချုပ်သည် မြန်မာပြည်သားအားလုံး သူ့ကျွန်အောက်မှ လွတ်မြောက်ရေး ကိုသာ ဦးထိပ်ထားသော အမျိုးသားဝါဒီစစ်စစ် ဖြစ်ပြီး
ကွန်မြူနစ်တို့၏ လုပ်ရပ်အချို့ (ဥပမာ စစ်တွေဆန်လုပွဲ) ကိုမနှစ်မြို့ သည့် အပြင် ဤအယူဝါဒရှိသူတို့ အနာဂါတ်ပါလီမန် တွင် ကြီးစိုးလာမည့် အရေးနှင့် အကျိုးဆက်တို့အား မြော်မြင်မိသည့် အလျောက် သူအတွင်းရေးမှုးလုပ်သည့် ဖဆပလ မှ ကွန်မြူနပါတီ အား ထုတ်ပယ်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆနိုင်လောက်ပေသည်။ ကွန်မြူနစ်ပါတီ ဦးဆောင်ခဲ့သော အထက်ပါဆန်လုပွဲ ကို လူသိရှင်ကြားရှုတ်ချခဲ့ သလို ဆူပူသောင်းကျန်းမှုဟု သတ်မှတ်ကာ ဗမာပြည်ချစ်တဲ့သူတိုင်းက ကာကွယ်တားဆီး ဘို့လိုတယ် ဟူ၍လည်း ပြောကြားခဲ့ပေသည်။
ရေသောက်မြစ်တခုတည်းမှာ အရင်းခံသော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်စံနစ် သက်ဝင်ရုံကြည်သူ အချင်းအချင်း တစောင်းနှင့် မျက်ချေး သဘွယ် လက်နက်ကိုင် ပဋိပက္ခဖြစ် သည်အထိ “ကွဲ“ ခဲ့ကြ သည်မှာလည်း မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့
ဝိသေသထူးများစွာထဲမှ တရပ်ဖြစ်လေသည်။
Post a Comment