ငလျင်ဒဏ်ကြောင့် ဆည်နံရံများအက်ကွဲ

Monday, September 19, 2011


ငလျင်ဒဏ်ကြောင့် ပြိုသွားတဲ့ သူ့အိမ်ကို ကြည့်နေတဲ့သူ (ဓာတ်ပုံ - earthquakereport.com)

အိန္ဒိယ-နီပေါနယ်စပ်က ငလျင်ဒဏ်ကြောင့် ဆစ်ကင်မ်းဒေသမြောက်ပိုင်းက ရေအားလျှပ်စစ် ထုတ်ယူနေတဲ့ ရန်းဂစ်ဆည်နံရံတွေ အက်ကွဲပြီး ရေတွေ စိမ့်ထွက်လာနေလို့ ဆည်ရဲ့အနိမ့်ပိုင်းဒေသတွေက အိမ်ထောင်စု ရာနဲ့ချီပြီး ရေဘေးလွတ်ရာ အမြင့်ပိုင်းတွေကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ပြည်နယ်မြောက်ဖျားပိုင်း က ရန်းဂျစ်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ အဲ့ဒီဆည်နဲ့ ရေအားလျှပ်စစ်ထုတ်ယူမှုဟာ ၂၀၀၀ ပြည့်နှစ်မှာ စတင်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိလာလို့ ပြည်နယ်ထဲက မြစ်တွေပေါ်မှာ ထပ်ပြီးဆောက်ဖို့ စီမံကိန်းရေးဆွဲနေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ဆည်တည်ဆောက်ရေး စီမံကိန်းတွေကို လုပ်သင့်မလုပ်သင့် ပြည်နယ်အစိုးရက ပြန်စဉ်းစားဖို့၊ ပြည်မအစိုးရအနေနဲ့လည်း ဒီအတွက် စဉ်းစားဖို့ အချိန်ရောက်ပြီလို့ အိန္ဒိယပထ၀ီအနေအထားနဲ့ ဘူမိဗေဒစောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ငလျင်လှုပ်ခတ်သွားတဲ့ နေရာဒေသတွေ (centralcronical.com)

မနေ့ညနေခင်းက နီပေါနိုင်ငံနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းက ဆစ်ကင်မ်းပြည်နယ် နယ်စပ်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ ရစ်ချစတာစကေး ၆.၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် အဲ့ဒီဒေသကနေရာ ၁၆ နေရာမှာ တောင်တွေပြို၊ လမ်းတွေပြို၊ မြေတွေအက်ကွဲပြီး ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ ပိတ်ကုန်သလို၊ အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့လို့ ဒေသတွင်း သေဆုံးသူဦးရေ ၁၉ ယောက်အထိ ရှိနေပြီဖြစ်ပြီး ၈၀ ကျော် ဒဏ်ရာရတယ်၊ အပျက်အစီးအောက်မှာ ပိတ်မိသူတွေ ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်ငယ်တွေ အကြိမ် ၂၀ ထက်မနည်း လှုပ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။


နီပေါနိုင်ငံ ၇ ဦး၊ တိဘက်မှာ အနည်းဆုံး ၇ ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရလို့ သိရပါတယ်။

ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းတချို့ ပြန်ရလာပေမယ့် လျှပ်စစ်မီးကတော့ ခုထိ မရသေးဘူးလို့ ဆိုပါတယ်။ ဘီဟားပြည်နယ်က မြို့ရွာတချို့မှာလည်း အိမ်ပြိုကျလို့ သေဆုံးသူ ၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ခံရတဲ့ အိန္ဒိယမြောက်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တချို့မှာတော့ ခုချိန်ထိ လျှပ်စစ်မီးတွေ ပြတ်တောက်နေတုန်းပါပဲ။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved